Thursday 11 August 2011

SSAမြောက်ပိုင်း ငြိမ်သက်မှု မရှိသေး- စစ်တပ်တိုက်လေယာဉ် ၄စင်းပျံဝဲ& တရုတ်ရောက် ကချင်ဒုက္ခသည်များ ဆေးဝါးပြတ်-တရုတ်ရဲက စစ်ဆေးဖမ်းဆီ:


by စူ နာ မီ လှိုင်း on Thursday, August 11, 2011 at 6:40pm

->   Mi-24 P စစ်ရေးလေ့ကျင့်မှုသတင်း
->   မွန်ပြည်သစ်နှင့်တွေ့ရန် အစိုးရ ကမ်းလှမ်း
->   ကချင်ဒုက္ခသည်များကို မူးယစ်မှုဖြင့် တရုတ်ရဲက စစ်ဆေးဖမ်းဆီးနေ
->   နယ်စပ်မှ ရဲသားများ၏ လစာ တ၀က်ငွေကို အထက်အရာရှိများမှ ဖြတ်တောက်ယူ

SSA မြောက်ပိုင်း ငြိမ်သက်မှု မရှိသေး
***************************
ကြာသပတေးနေ့၊ သြဂုတ်လ 11 ရက် 2011 ဇော်ကြီး  - သတင်းနှင့်မီဒီယာကွန်ယက်
ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း ဌာနချုပ် ၀မ့်ဟိုင်းကို တိုက်ခိုက်နေတဲ့ အစိုးရတပ်တွေရုပ်သိမ်း သွားပြီ ဆိုပေမယ့် တပ်ရင်း(၁၀)ရင်းကျော် ကျန်ရှိ နေပြီး နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု SSA ကပြောသည်။
“ဒီနေ့မနက် ၆နာရီ မိနစ် ၂၀ မှာ ကျေးသီးနဲ့ မိုင်းနောင်ကြား ၀မ့်ဖိန်းရွာ အနီးမှာ SSA တောင်ပိုင်းနဲ့ မြောက် ပိုင်းပူးပေါင်းတပ်က အစိုးရတပ်ကိုဖြတ်တိုက်တာ အစိုးရတပ်က ၄ ယောက်ကျပြီး ၆ ယောက် ဒဏ်ရာရတယ်။” ဟု SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ပြောသည်။

<Samsung NV3, Samsung VLUU NV3> COPYRIGHT, 2006
ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း


ထို့အပြင် ယခုလ(၈) ရက်နေ့ မွန်းလွဲပိုင်းကလည်း ၀မ့်ဟိုင်းဌာနချုပ်အနီး တစ်ဖာလုံခန့်ရှိ အစိုးရတပ်ဖွဲ့များထံ ရိက္ခာလာပို့သည့် တပ်ဖွဲ့အား မိုင်းနောင်နှင့် မိုင်းရှူး ကားလမ်းပေါ်တွင် မြောက်ပိုင်း SSA တပ်ရင်း (၈၀၁) က ခြုံခို တိုက်ခိုက်လိုက်ပြီး ရိက္ခာများကို သိမ်းယူလိုက်သည်ဟု ၎င်းက ဆက်ပြောသည်။

“မိုင်းနောင်ကနေ ကျနော်တို့ ဂိတ်နဲ့ တစ်ဖာလုံပဲ ကွာနေတဲ့ သူတို့ တပ်ကိုပေါ့။ အဲဒီလမ်းခွဲမှာ သူတို့ ရိက္ခာပို့ တယ်။ နောက်အဲဒီ မိုင်းရှူးကနေလည်း ပို့တယ်။ ဒါကြောင့် အဲဒီရိက္ခာပို့တဲ့ ယာဉ်တွေကို ကျနော်တို့လူတွေက လမ်းကနေ ဖြတ်တိုက်ပြီးတော့ အဲဒီရိက္ခာတွေကို ကျနော်တို့လူတွေ လုယူ လိုက်တယ်ပေါ့။ ၀မ့်ဆော့ကနေ အရှေ့ဖက်ပေါ့။ စေတီကုန်းဆိုတဲ့နေရာမှာ ခြုံခို တိုက်တာ အစိုးရတပ်က (၁၂) ဦးကျပြီး (၈) ဦးဒဏ်ရာရ တယ်ဗျ။”

အစိုးရ တပ်များက ၀မ့်ဟိုင်းဌာနချုပ်အား ပိတ်ဆို့ထားသည့် အတွက် ရေရှည်တွင် ၎င်းတို့အနေဖြင့် စားရေ ရိက္ခာ အခက်အခဲဖြစ်မည် စိုးသည့်အပြင် အစိုးရတပ်၏ စစ်ရေးပြင်ဆင်မှုများအား နှောင့်ယှက်သည့် အနေဖြင့်ရိက္ခာ ယာဉ်တန်းများအား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆက်လက် ပြောဆိုသည်။ထို့အပြင် အခုလ (၃) ရက်နေ့မှစ၍ SSA တပ်ဖွဲ့ ဌာနချုပ် ၀မ့်ဟိုင်းအနီးတွင် တပ်စွဲထားသည့်အစိုးရတပ်များထံ သို့ ဖက်ပေါင်းစုံမှ ရိက္ခာတင်ပို့နေသည့် အစိုးရတပ်များအား SSA က ခြုံခို တိုက်ခိုက် နေသဖြင့် တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေသည်။

လောလောဆယ်တွင် ၀မ့်ဟိုင်းအနောက်မြောက်ဖက်ရှိ ၀မ့်မိုတ်၊ နမ့်ပုတ် ဒေသတ၀ိုက်တွင် အစိုးရခြေမြန် တပ်ရင်း ခမရ (၅၀၁)မှ (၅၀၅) အထိ တပ်ရင်း(၅)ရင်းနှင့် ခြေလျင်တပ်ရင်း ခလရ (၂၈၆) ပေါင်း တပ်ရင်း(၆)ရင်းက နေရာယူထားပြီး ကျေးသီးနှင့် မိုင်းရယ်ဖက်မှ ရိက္ခာများ တင်ပို့နေသည်။အလားတူ ၀မ့်ဟိုင်းအရှေ့ဖက်တွင် ခြေလျင်တပ်ရင်း ခလရ (၉)၊ (၁၂)နှင့် (၂၈၇) တပ်ရင်း (၃) ရင်းတပ်စွဲထား ပြီး ယင်းတပ်များကို မိုင်းနောင်နှင့် မိုင်းရှူးဖက်မှ ရိက္ခာ တင်ပို့သည်။ ထိုတပ်ရင်းများအား ခြေလျင်တပ်ရင်း ခလရ (၆၇)၊ (၁၃၁)နှင့် (၂၄၃) တပ်ရင်း (၃) ရင်းက ရိက္ခာ သယ်ပို့နေခြင်း ဖြစ်သည်။

တိုက်ပွဲများကြောင့် ဒေသတွင်း ထွက်ပြေးပုန်းရှောင်နေသည့် စစ်ပြေးဒုက္ခသည်များအား အစိုးရတပ်က ဆန်များ ဝေငှပေးနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် “အဲဒီကိစ္စက ဟန်ပြပါ။ ဘုန်ကြီးကျောင်းမှာ သူတို့ သွားထားပြီးတော့ လေးငါးအိတ်လောက်ပဲ ရွာသားတွေ အတွက် ပေးပြီးတော့ ခပ်များများက သူတို့ တပ်ရိက္ခာ သွားဖြည့်တာပါ။” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။
ထို့အပြင် ဌာနချုပ်အနီး တပ်စွဲထားသည့် တပ်ဖွဲ့များက ၀မ့်ဟိုင်းအနီး ပုန်ထွမ်နှင့် နမ့်မော် ကျေးရွာများသို့ဝင် ရောက်၍ ဈေးဆိုင်များမှ စားသောက်ဖွယ်ရာများအား ယူငင်စားသောက် နေကြပြီး ကျေးရွာအနီးပစ်ခတ် တိုက်ခိုက်ခံရပါက ထိုရွာအား မီးရှို့ဖျက်ဆီးမည်ဟု အစိုးရတပ်ကခြိမ်းခြောက်ထားကြောင်းဆက်ပြော သည်။

ယခုအခါ ၀မ့်ဟိုင်းဌာနချုပ်ရှိ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် အစိုးရက ကျောင်းဆရာမများစေလွတ် ခဲ့သော်လည်း အခြေအနေ ငြိမ်သက်မှု မရှိသေးသည့် အတွက် ကျောင်းများ ပြန်မဖွင့်နိုင်သေးပေ။လွန်ခဲ့သည့် ဇူလိုင်လမှ စတင်၍ အစိုးရတပ်က ၀မ့်ဟိုင်းဌာနချုပ်အား ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိရာ စာသင်ကျောင်းများလည်း ပိတ်ထားရပြီး ထောင်နှင့် ချီသည့် အရပ်သားများ ဘေးလွတ်ရာသို့ထွက်ပြေး ခိုလှုံနေကြသည်။လက်ရှိဖြစ်ပွားနေသော တိုင်းရင်းသားဒေသများမှ စစ်ပွဲများ ရပ်ဆိုင်းစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာကြီး ဒဂုန်တာရာအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် များက ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ရန် တိုက်တွန်းနေသည်။

မြန်မာစစ်တပ် တိုက်လေယာဉ် ၄ စင်း SSPP/SSA ထိန်းချုပ်နယ်မြေအထက် ပျံဝဲ
********************************************************
ကြာသပတေးနေ့၊ သြဂုတ်လ 11 ရက် 2011 မွေခေါဝ်  - သျှမ်းသံတော်ဆင့်သတင်း
မြန်မာစစ်တပ်မှ တိုက်လေယာဉ် ၄ စင်းသျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော်(SSPP/ SSA) ထိန်းချုပ် နယ်မြေအထက်သန်းခေါင်ယံကျော် အချိန် လာရောက်ပျံဝဲကြောင်း သိရှိရပါသည်။“ပြီးခဲ့တဲ့လက နမ့်ပုတ်မှာ ပျံဖူးတဲ့ လေယာဉ်လိုဘဲ။ ၄ စင်းစလုံး နိမ့်နိမ့်လေးဘဲ ပျံတယ်။ တစင်းက အရမ်းနိမ့်လို့ သစ်ပင်ဖျား တွေတောင် ထိတော့မယ်။ နှစ်စင်းက မီးထွန်းတယ်။ နှစ်စင်းက မီးမထွန်းဘူး။ ကျနော်တို့ရွာသား တွေလဲ သူတို့ဗုံးလာကြဲမှာ စိုးလို့ ကျင်းတွေထဲမှာ ချက်ချင်း သွားပုန်းနေကြတယ်။ တနေကုန် ကျင်းထဲမှာဘဲ ပုန်းအောင်းနေကြတယ်။ အပြင်မထွက်ရဲ ဘူး” ဟု ကျေးသီးမြို့နယ် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါသည်။


နမ့်ပုတ်တပ်စခန်းအထက် ပျံဝဲလာသော MIG 29 တိုက်လေယာဉ် Photo: S.H.A.N.

သြဂတ်လ ၉ ရက် နံနက် ၁း၁၆ နာရီခန့် မြန်မာစစ်တပ်မှ တိုက်လေယာဉ် ၄ စင်း မိုင်းနောင်မြို့နယ်ကို ဖြတ်ကျော်ကာ SSPP/SSA ထိန်းချုပ်နယ်မြေဖြစ်သော ကျေးသီးမြို့နယ် ဝမ့်ဝ၊ ဝမ့်မိတ်၊ ဝမ့်ဝပ်ကျေးရွာအုပ်စု (မိုင်းရှူး-မိုင်းရယ် ကားလမ်း အနောက်ဘက်)၊ နမ့်ပုတ်တပ်စခန်းနှင့် လွယ်ကုန်-လွယ်ကဲန်း(အနီး) ပျံဝဲကြောင်း၊ တောင်ဘက်စူးစူးမှလာ၍ လာသည့် လမ်းကြောင်းအတိုင်း ပြန်သွားကြောင်း ဆို၏။

“အမှန်တော့ သျှမ်းပြည်တပ်မတော် ကြောက်အောင် လာခြောက်တဲ့ သဘောပါ။ ပြည်သူကတော့ ကြောက်လို့ အိမ်ပြင် မထွက်ရဲကြဘူး။ လယ်ထဲမဆင်းရဲ၊ အလုပ်လဲ သွားမလုပ်ရဲကြဘူးပေါ့” ဟု သျှမ်းပြည်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှ က ပြောပါသည်။
ဂျူလိုင် ၁၃ ရက် ကျေးသီးမြို့နယ်အတွင်းရှိ နမ့်ပုတ်တပ်စခန်း၌ မြန်မာစစ်တပ်နှင့်သျှမ်းပြည်တပ်မတော်တို့ အကြား တိုက် ပွဲပြင်းထန်းနေစဉ် နမ့်ဇန်လေယာဉ်ကွင်းမှ ရှရှားလုပ် MIG 29 တိုက်လေယာဉ်တစ်စင်းနမ့်ပုတ် တပ်စခန်း အထက် ၃ ခေါက်ခန့် ပျံဝဲခဲ့ဖူးသည်။

Mi-24 P စစ်ရေးလေ့ကျင့်မှုသတင်း
*************************

Mi-24 P  ရဟတ်ယာဉ်

ကက(လေ)နဲ့ နီးစပ်သူ အသိုင်းအဝိုင်း ကရုရှားမှ ဝယ်ယူထားတဲ့ Mi-24 P  ရဟတ်ယာဉ်များ စစ်ရေးလေ့ကျင့်မှု လျှို့ဝှက်သတင်းများအား စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ အဲဒီသတင်းကတော့ မိတ္ထီလာမြို့ မြေပြင်အတတ်သင် လေတပ်စခန်းနှင့် နေပြည်တော်တွင် အခြေပြုထားပြီး ရုရှားလုပ်Mi-24 P ရဟတ်ယာဉ်များဖြစ်ကြတဲ့ အမှတ် ၆၈၀၃၊ ၆၈၀၄၊ ၆၈၀၈ နှင့် ၆၈၁၀ စုစုပေါင်း(၄)စီးဟာ ဝေဟင်-မြေပြင်ပစ် တိုက်ခိုက်မှု လေ့ကျင့်ခန်းဆင်နွဲကြတယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ လေ့ကျင့်ခန်းဟာ ၂၀၁၁ ဇူလိုင် ၁၈ ရက်မှ ဇူလိုင် ၂၀ ရက်နေ့အထိ ဇရပ်ကုန်း စက်ပစ်ကွင်း (မိတ္ထီလာ) မှာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်တွေအပေါ်တပ်ဆင်ထားတဲ့ ၃၀ မမ စက်အမြောက်နှင့် ၈၀ မမ ရော့ကက်များဖြင့် ပစ်ခတ် လေ့ကျင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီရဟတ်ယာဉ်တွေရဲ့ အုပ်မှူးမှာ DSA 36 မှ ဒုဗိုလ်မှူးကြီး ဇော်လင်းစိုးဖြစ်ပြီး အဲဒီရဟတ်ယာဉ်တွေဟာ ရုရှားနိုင်ငံမှ
Mi-24 P အမျိုးအစား ရဟတ်ယာဉ် (၄)စီးအဖြစ် ၂၀၁၀ ပြည့်နှစ်အတွင်း ၀ယ်ယူရောက်ရှိခဲ့တာဖြစ်ကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က တင်ပြခဲ့ပြီးဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေး လေ့ကျင်းခန်းဟာ  ပထမဦးဆုံး ဆောင်ရွက်သော စစ်ဆင်ရေးလွှဲပြောင်းသင်တန်း (သို့မဟုတ်) လက်နက်ပစ်ခတ်လေ့ကျင့်မှု ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အခြေအနေတင်းမာနေချိန်တွင် လိုအပ်က ထုတ်သုံးဖို့ ကက(ကြည်း)က ဖိအားပေးလာဟန်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ လက်နက်ဖြင့်ပစ်ခတ် လေ့ကျင့်မှုဟုဆိုသော်လည်း စွမ်းအားပြည့်မဟုတ်ပဲ လေသူရဲတစ်ဦးလျှင် ကျည်အရေအတွက် အနည်းငယ်စီသာ ပစ်ခတ်စေခြင်းဖြစ်ပါတယ်။ လက်နက်ခဲယမ်းများအား တံတားဦးလေဆိပ်သို့ ရုရှား ကုန်တင်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး၊ ၎င်းမှ လေတပ်ရဲ့ Y-8 လေယာဉ်ဖြင့် ထပ်ဆင့်သယ်ယူကာ လမသ နှင့် လကသ(ရှမ်းတဲ)တွင် သိုလှောင်ထားခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။

မွန်ပြည်သစ်နှင့်တွေ့ရန် အစိုးရ ကမ်းလှမ်း
*****************************
သန်းထိုက်ဦး Wednesday, 10 August 2011
အစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံသော မွန်ပြည်သစ်ပါတီနှင့် ဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း သံဃာတော်များမှ တဆင့် ကမ်းလှမ်းခဲ့သည်ဟု ပြီးခဲ့သောရက်ပိုင်းအတွင်း ပြုလုပ်သည့် မွန်ပြည်သစ်ပါတီ အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။ဆွေးနွေးလိုပါက တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း ပါဝင်သင့်သည်ဟု မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်ကို အကြောင်းပြန်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီသို့ ပြောသည်။


ယမန်နှစ်က ဘုရားသုံးဆူဒေသ စစ်ရေးပြအခမ်းအနားတခုတွင် တွေ့ရသော မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
“ပြည်ထောင်စု အစိုးရကသာ လုပ်ရမယ့် ကိစ္စပါ။ မွန် တခုတည်းနဲ့ ငြိမ်းချမ်းရေး လုပ်တာမျိုးက ဒါ မူမမှန်ဘူး။ တပြည်လုံး အတိုင်းအတာနဲ့ လုပ်မှ တိုင်းရင်းသား အားလုံးနဲ့ ဆွေးနွေးမှ ဆိုတဲ့ ပုံစံမျိုးပေါ့ဗျာ၊ အဲဒီလိုပြန်ပြောလိုက်တယ်” ဟု နိုင်ဟံသာက ဆိုသည်။
အစိုးရ၏ အစီအစဉ်ဖြင့် သွားရောက် ကမ်းလှမ်းခဲ့သော သံဃာတော်များသည် မုဒုံမြို့နယ်၊ ကမာဝက် ကျေးရွာမှ  ဖြစ်ကြောင်း သိရသည်။ ထိုကျေးရွာသည် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၏ ဇာတိလည်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) ကို ဖွဲ့စည်းထားသည်။ထိုသို့ မဟာမိတ်ပြုထားသော UNFC အနေဖြင့်သာ အစိုးရနှင့် ဆွေးနွေးသင့်သည်ဟု အစည်းအဝေး တက်ရောက်သူ တဦးက ပြောသည်။

“(ပြည်နယ်ဝန်ကြီးချုပ်) ဦးအုန်းမြင့်က ငြိမ်းချမ်းရေး အတွက် ဆိုပြီး ကမ်းလှမ်းလာရင် လက်မခံဖို့ (နိုင်ထောမွန်ကို) ကျနော် ပြောလိုက်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် ဆိုရင် UNFC ကပဲ ဦးဆောင်ပြီး ဆွေးနွေးရမှာပေါ့” ဟု ထိုင်း အခြေစိုက် Mon Unity League အဖွဲ့ ဥက္ကဋ္ဌ နိုင်စွန်းထွန်းက ပြောသည်။

“မွန်ပြည်သစ်ပါတီ တဖွဲ့တည်း သွားပြီးတော့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးတာမျိုး မလုပ်သင့်ဘူး” ဟု နိုင်စွန်းထွန်းက ဆက်ပြောသည်။ဝန်ကြီးချုပ်ဦးအုန်းမြင့်က မွန်နိုင်ငံရေးသမား တချို့နှင့် တွေ့ဆုံစဉ် လက်နက်ကိုင်အဖွဲ့များ တောတွင်းမှ ထွက်လာသင့်ကြောင်း မှတ်ချက်ပေးလေ့ရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ဧရာဝတီကို ပြောသည်။

“သူတို့ တောထဲမှာ ဘာကြောင့် နေနေကြတာလဲ။ မြို့ပေါ်မှာ လာနေဖို့ ပြောလိုက်စမ်းပါ။ လာရင် သူတို့ကို လိုအပ်တာတွေ ထောက်ပံ့ပါ့မယ်” ဟု ပြောဆိုကြောင်း နိုင်ငွေသိမ်းက ရှင်းပြသည်။မွန်ပြည်သစ် ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မြန်မာ့တပ်မတော် ထိန်းချုပ်မှုအောက်ရှိ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး တင်းမာလျက်ရှိသည်။

ဤအတောအတွင်း အစိုးရတပ်များက ကချင်၊ ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားတပ်ဖွဲ့တချို့ကို ထိုးစစ်ဆင်လျက်ရှိသည်။
ကချင် လွတ်လပ်ရေး အဖွဲ့ နှင့် အစိုးရကြား ပြန်လည်အပစ်အခတ် ရပ်စဲရေးအတွက် စကားပြောဆိုမှုများ ရှိနေသော်လည်း ပြေလည်မည့် အရိပ်အယောင်များ ပေါ်ထွက်မလာသေးပေ။

အနောက်ဘက် နယ်စပ်မှ ရဲသားများ၏ လစာ တ၀က်ငွေကို အထက်အရာရှိများမှ ဖြတ်တောက်ယူ
*******************************************************************
ကြာသပတေးနေ့၊ သြဂုတ်လ 11 ရက် 2011 မောင်အေး - နိရဉ္စရာ သတင်းဌာန
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် တာဝန် ထမ်းဆောင်နေကြသော ရဲတပ်သားများ၏ လစာငွေ တ၀က်ကို အထက်အရာရှိများမှအကြောင်းအမျိုးမျိုး ပြကာ ဖြတ်တောက်ယူနေသဖြင့် အောက်ခြေရဲတပ် သားများမှာ စားဝတ် နေရေး အထူးအခက်အခဲ ဖြစ်ပေါ်လျှက် ရှိနေကြောင်း သတင်း ရရှိသည်။


ထိုသို့ ဖြတ်တောက် ခံနေရကြောင်းကို မောင်တောမြို့နယ် ကြိမ်ချောင်းရဲစခန်းတွင် တွင်တာဝန် ကျနေသည့် ရဲတပ်ဖွဲ့ဝင် တဦးက နိရဉ္စရာသို့ ယခုလို ပြောသည်။"ကျွန်တော်တို့ လစာထုတ်သွားရင် မြို့နယ်ရုံးက ဖြတ်၊ ခရိုင်ရုံးက ဖြတ်နဲ့ လစာ တ၀က်လောက် ကုန်သွား တယ်။ ပြီးတော့ လစာထုတ်ပေးတဲ့ အရာရှိတွေက ပြောပါတယ်။ ခင်ဗျာတို့ အခု လက်ရှိ တာဝန်ထမ်းဆောင် နေတဲ့ စခန်းမှာ ဆက်တာဝန် ထမ်းဆောင် ချင်ရင် လစာ တ၀က်ကို လစဉ် ဖြတ်တောက်တာ ခံရမယ်။ အဲသလို ပြောပြီး လစာငွေ တ၀က်ကို သူတို့ ယူထားလိုက်ပါတယ်"အောက်ခြေ ရဲတပ်သား တစ်ဦး၏ လစာမှာ သုံးသောင်း ငါးထောင်ရှိပြီး ထိုအထဲမှာ တ၀က်ငွေကို လစဉ်ဖြတ်တောက်ခံနေကြရသည်ဟု သူက ဆက်ပြောသည်။

" ကျွန်တော်တို့ ကြိမ်ချောင်းစခန်းက နယ်စပ်နားမှာ ဆိုတော့ အောက်ဆိုက် နည်းနည်း ရပါတယ်။ ဒါ့ပြင် ကျွန်တော်တို့မှာက မိသားစုတွေနဲ့ ဆိုတော့ အပြင်က စီးပွားရေးတွေလည်း နည်းနည်း ရှိတော့ ကြိမ်ချောင်း စခန်းကနေ တခြားနေရာကို ပြောင်းရွှေ့ရရင် ပိုအခက်အခဲ ဖြစ်သွားနိုင်တဲ့ အတွက် အထက်က လစာတွေကို ထက်ဝက် ဖြတ်တောက်ပေမယ့် ဘာမှ စောဒက မတတ်နိုင်ဘဲ ငြိမ်နေကြရ ပါတယ်။ တခြားတနေရာသို့ ပြောင်းရွေသွားရရင် မိသားစုတွေဝေးသွားပီး ပိုဒုက္ခ ရောက်သွား နိုင်ပါတယ်" ဟု ပြောသည်။
ကြိမ်ချောင်းစခန်းမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် တည်ရှိသည်။ အဆိုပါ ဖြတ်တောက်ယူသော ရဲသားများ၏ လစာငွေ တ၀က်ကို ခရိုင်ရဲမှူးကြီး၊ မြို့နယ် ရဲမှူးကြီးများကရုံးစာရေး ကြီးများနှင့် ပူးပေါင်းကာ ခွဲဝေ ယူနေကြသည်ဟု သိရသည်။

လူကြီး ခရီးစဉ် ဧည့်ခံစရိတ် အပါအ၀င် လစဉ် မြို့နယ်မှူးနှင့် ခရိုင်ရဲမှူးကို ပေးရသည့်အတွက် ဖြတ်တောက် ရခြင်းဖြစ်သည်ဟု ရုံးစာရေး များက ရှင်းပြကြောင်း ရဲတပ်သားများကပြောသည်။

" ရုံးစာရေးက သူတို့အနေနဲ့ လစာ တ၀က်ကို မဖြတ်ရင် သူတို့လည်း အခု နေရာကနေ ပြောင်းရွှေ့ခံရမယ်။ မြို့နယ် ရဲမှူး၊ ခရိုင်ရဲမှူးတွေကို လကုန်တာနဲ့ ပေးနေရတဲ့ အတွက် ခုလို ဖြတ်တောက်ဆိုပြီး ပြောပါတယ်။ အခုလို ဖြတ်တောက်တဲ့ အတွက် ကျွန်တော်တို့မှာ စားဝတ်နေရေး ထိခိုက်နေပါတယ်။ ဒါပေမယ့်ပြောင်းရွှေ့ ခံရမှာကို စိုးရိမ်ပြီး အထက်ကို မတင်ပြရဲဘဲ ဖြစ်နေပါတယ်" ဟုသူက ပြောသည်။ယခုကဲ့သို့ အောက်ခြေ ရဲသားများ၏ လစာငွေများကို ပုံစံအမျိုးမျိုးဖြင့် ဖြတ်တောက်နေသည်မှာ မောင်တော တမြို့နယ်တွင် မဟုတ်ဘဲ ရသေ့တောင်၊ ဘူးသီးတောင်နှင့် စစ်တွေမြို့နယ်တို့တွင်လည်း ဖြစ်ပွားနေသည်ဟု စစ်တွေ အိုးတန်းမှ ရဲအရာရှိဟောင်း တစ်ဦးက ပြောသည်။

" ရဲတပ်ဖွဲ့ ၀င်တွေက အခုလို လစာ ဖြတ်တောက်ခံနေရတာ ကြာပါပြီ။ နယ်ထိန်း တပ်ဖွဲ့ဝင်တွေ ဆိုရင် သူတို့ လစာကို တပြားမှ မရပါဘူး။ အကုန်လုံး အထက်က ဖြတ်ယူပါတယ်။ သူတို့က အရက်ဆိုင်၊ ဗွီဒီယို ပြစက်ရုံ၊ ချဲထီဒိုင်၊ အနှိပ်ခန်းနဲ့ မှောင်ခိုသမားတွေဆီက ပိုက်ဆံတွေ တောင်းပြီး သူတို့ လစာ အဖြစ်ယူရကြရပါတယ်။ ဒါ့ပြင် အထက်အရာရှိ လာလည်တဲ့ စရိတ်စခဆိုပြီး ဖြတ်တောက် တာတွေလည်း ရှိနေပါတယ်။"ယခုအခါ စစ်တွေမြို့ကို ဒုစရိုက် ကင်းရှင်းရေးမြို့အဖြစ် ဆောင်ရွက်ရမည်ဟု အထက်က အမိန့် ထုတ်ထား သဖြင့် နယ်ထိန်းများမှာ ယခင်ကလို ငွေယူ၍ မရဘဲ မှောင်ခို ဒုစရိုက်ဂိုဏ်းများကို နှိမ်နှင်းနေရကြရသဖြင့် ၀င်ငွေ နည်း၍ အခက်ကြုံတွေ့နေကြရသည်ဟု သူက ပြောသည်။

တရုတ်ပြည်ရောက် ကချင်ဒုက္ခသည်များ ကျန်းမာရေးအတွက် ဆေးဝါးပြတ်နေပြီ
*********************************************************

ကချင်ကလေး ၊ သြဂုတ် ၁၁၊ ၂၀၁၁

တရုတ်နိုင်ငံဘက်ခြမ်းတွင် တိမ်းရှောင်နေသည့် ကချင်စစ်ပြေး ဒုက္ခသည်များ အနက် ရာနှင့်ချီကာ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ဆေးဝါး အထူး လိုအပ်နေကြသည်ဟု သိရသည်။မြန်မာ စစ်အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား နှစ်လကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် နေရင်းဒေသများကို စွန့်ခွာပြီး တရုတ်ပြည်ဘက်ခြမ်းသို့ တိမ်းရှောင်နေထိုင်နေသူ ကချင် ဒုက္ခသည် ၂ ထောင်ကျော် ရှိသည်။ ယခုအခါ ၎င်းတို့အနက်မှ ဒုက္ခသည် ၅၀၀ ကျော်မှာ ၀မ်းလျှောရောဂါနှင့် အအေးမိချောင်းဆိုး ရောဂါတို့ကို ခံစားနေကြရသော်လည်း ဆေးဝါးပြတ်လပ်မှုနှင့် ကြုံနေကြရသဖြင့် ဆေးကုသမှု မခံကြရဟု ကချင် စစ်ပြေးဒုက္ခသည်များ ကူညီမူအဖွဲ့ Wunpawng Ninghtoi(WPN) မှ မမိုင်ဂျာက ပြောသည်။

“ရှေ့ဆက်ပြီး ဆေးမရှိတော့ဘူး။ ဖျားနေတဲ့သူတွေကို ဘယ်လို လုပ်ပေးရမှန်တောင်မသိတော့ဘူး လူတစ်ယောက်ဖျားရင် အနည်းဆုံးတစ်ပတ်ကြာတယ်။ ဆေးက ကုန်နေပြီ”ဟု ၎င်းးကပြောသည်။
အဆိုပါ ဒုက္ခသည်များ တရုတ်ပြည်ဘက်တွင် ခိုလှုံနေသော်လည်း ဆေးကုသမှု ခံယူလိုပါက မြန်မာဘက်ခြမ်း မိုင်ဂျာယန်တွင် ရှိသည့် တခုတည်းသော ဆေးခန်းကို လာရောက်ရသည်။ ယင်း ဆေးပေးခန်းကို ကချင် စစ်ပြေးဒုက္ခသည်များ ကူညီမူအဖွဲ့ WPN က ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ကချင်ဒုက္ခသည်တစ်ဦးက “ မနက်က လူကြီး နှစ်ဦး အသဲအသန်းအဖျားကြီးနေတယ်။ ဒုက္ခသည်ကူညီတဲ့အသင်းကို  ဖုန်းဆက်တော့လည်း ဆေးမရှိလို့ထင်တယ်။ ဆေးလာမပေးကြဘူး။ ရိုးရာနည်းနဲ့ပဲ အပူထုတ်ရတယ်” ဟု ဆိုသည်။
တရုတ်နိုင်ငံဘက်ခြမ်းတွင် ဒုက္ခသည်များသည် မူလပိုင်ရှင်များ သုံးစွဲခြင်း မရှိတော့ပဲ ပစ်ထားသည့် ၀က်ခြံ ၊သစ်စက်ဟောင်း ၊ မီးသွေးဖိုများ၌ ဖြစ်သလို နေထိုင်အိပ်စက်ကြရသည်။ ထိုနေရာများမှာ အင်္ဂတေခင်းများ ဖြစ်ပြီး  မိလ္လာစနစ်လည်း မရှိသည့်အတွက် ကျန်မားရေးနှင့် မညီညွတ်ကြောင်း ဒုက္ခသည်များက ပြောကြသည်။

မြန်မာပြည်တွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အခြေစိုက်ရာ လိုင်ဇာမြို့ ရှိ ဒုက္ခသည် စခန်းများမှာ ကူညီိထောက်ပံ့မှုများ ရရှိနေသော်လည်း တရုပ်ပြည်ဘက်ခြမ်းရှိ ဒုက္ခသည်များမှာမူ အကူအညီများ ရရှိခြင်း မရှိဟု ဒေသခံများက ပြောသည်။
အချို့ဒုက္ခသည်များမှာ ငွေမရှိသောကြောင့် တရုတ်ဆေးခန်းများတွင် ဆေးကုသနိုင်ရန် မြန်မာပြည်ဘက်အခြမ်း နေရပ်ရင်းသို့ ခိုးဝင်ပြီး မိမိတို့ပိုင် ကြက်နှင့် ၀က်ပေါက်စလေးများကို သွားရောက်ယူငင်ပြီး ၎င်းတို့ကို ရောင်းကာ ဆေးဘိုး လုပ်ကြရသည်ဟု ကချင်ဒုက္ခသည်တစ်ဦးပြောသည်။

တရုတ်ပြည်ဘက်ခြမ်းတွင် ဆေးတစ်ကြိမ်ထိုးလျင် ၃၅ ယွမ်ပေးရပြီး ၀က်ကလေး တစ်ကောင်ရောင်းလျင် ယွမ် ၁၀၀ ရရှိသည်ဟု အဆိုပါဒုက္ခသည်က ရှင်းပြသည်။တရုတ်ပြည်ဘက်ခြမ်းတွင် ခိုလူံနေသော ဒုက္ခသည်များမှာ ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်နှင့် စိန်လုံး ဒေသများမှ ဖြစ်သည်။

တရုတ်ပြည်ရောက် ကချင်ဒုက္ခသည်များကို မူးယစ်မှုဖြင့် တရုတ်ရဲက စစ်ဆေးဖမ်းဆီးနေ
**************************************************************

ကချင်ကလေး၊ သြဂုတ် ၁၁၊ ၂၀၁၁

တရုတ်ပြည် နယ်စပ် လာယိန်းမြို့တွင် ခိုလှုံနေသည့် ကချင် စစ်ပြေးဒုက္ခသည်များအား တရုတ်ရဲများက မူယစ်ဆေးဝါး သုံးစွဲသူဟု စွပ်စွဲကာ ဖမ်းဆီးမှု များပြားနေကြောင်း သိရသည်။ ကချင်ဒုက္ခသည်များ ခိုလှုံရာ နေရာများ ဖြစ်သည့် လမ်းကြိုလမ်းကြားတွင် အရပ်ဝတ် တရုတ်ရဲများက ယခုတလော ပိုမိုဖမ်းဆီး စစ်ဆေးနေသည်ဟု ကချင်ဒုက္ခသည်များပြောသည်။

“ကချင်ဒုက္ခသည်တွေကိုပဲ ကြည့်ပြီး တောသားပုံပေါက်တဲ့ မွဲမွဲနဲ့လူတွေကို ဖမ်းစစ်ပြီးခေါ်သွားတယ်” ဟု ဒုက္ခသည် အမျိုးသမီးတစ်ဦးပြောသည်။ယမန်နေ့ကလည်း  ကချင်ဒုက္ခသည် အမျိုးသားနှစ်ဦးအား မူယစ်ဆေးဝါး သုံးသူများဟုစွပ်စွဲချက်ဖြင့် တရုတ်ရဲများက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒုက္ခသည်များကပြောသည်။ တရုတ်ရဲများက မူးယစ်ဆေးသုံးစွဲသူဟု မသင်္ကာလျင် ဖမ်းဆီးပြီး ဆီးစစ်ဆေးလေ့ရှိသည်။ သို့ရာတွင် ကချင်ဒုက္ခသည်များ အနေဖြင့် တရုတ်ဘာသာစကား မတတ်သည့်အတွက်ကြောင့်လည်း မူးယစ်ဆေး သုံးမသုံး ဆီးစစ်သည့် အဖြေများကိုနားမလည်ဟု ဒုက္ခသည်များက ပြောသည်။

“ဖမ်းပြီးဆီးစစ်တယ်။ ဒါပေမဲ့ ကျွန်မတို့က တရုတ်စာမတတ်လို့ သူတို့ပြောတဲ့အတိုင် ဖမ်းဆီးခံရတာဘဲ”ဟု ဒုက္ခသည်တစ်ဦးကပြောသည်။တရုတ်ရဲများသည် ကချင်ဒုက္ခသည်များအား မူယစ်ဆေးဝါသောက်သုံးသူများဟု ဆိုပြီးဖမ်းဆီးကာ ငွေကြေးဖြင့် လာရောက် ရွေးခိုင်းသည်ဟုလည်း ဒုက္ခသည်တစ်ဦးက ပြောသည်။

“သူတို့က ဆီးစစ်တယ်။ မူယစ်ဆေးဝါးသောက်သုံးတယ်လိုပြောပြီး ဖမ်းလိုက်တယ။ ဒုက္ခသည်တွေက တစ်ယောက်နဲနဲစီ ပိုက်ဆံကောက်ပြီး တရုတ်ပိုက်ဆံ ၂ထောင်နဲ့ သွားရွေးလိုက်တယ်”ဟု ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောသည်။
တရုတ်ရဲများ အနေဖြင့် တရုတ်နိုင်ငံသားများကို စစ်ဆေးခြင်းမရှိပဲ ကချင်ဒုက္ခသည်များကိုသာ ယခုလို မူးယစ်ဆေးဝါး သုံးစွဲခြင်းရှိမရှိ စစ်ဆေးနေသည်ဟု ယင်းကဆက်ပြောသည်။တရုတ်ရဲများဖမ်းဆီခေါ်ဆောင်သွားသည့် ကချင်အမျိုးသားတစ်ဦးကို တရုတ်ပြည်တွင် မူယစ်ဆေးဝါး သံုးစွဲသူဟု ဖမ်းဆီးထားသည် ဟုဖမ်းဆီးခေါ်ဆောင်ခံရသူ၏ မိခင်တစ်ဦးပြောသည်။

“ကျွန်မသားကို မူယစ်ဆေးဝါး သုံးစွဲတယ်လိုပြောပြီး ဖမ်းသွားတယ်။ ပိုက်ဆံ ၃ ထောင်နဲ့ လာရွေးခိုင်းတယ် ။ သွားရွေးတော့ ၃ထောင်က နည်းတယ် မရဘူးဆိုပြီး ၆ထောင်နဲ့ လာရွေးပါလို့ ပြောတယ်”ဟု ယင်းကဆက်ပြောသည်။ကချင်ဒုက္ခသည်များသည် စားဝတ်နေရေးအတွက် တရုတ်လူမျိုးများထံ နေ့စား အလုပ်လုပ်နေရပြီး၊ ယခုကဲ့သို့ တရုတ်ရဲများ စစ်ဆေးနေခြင်းကြောင့် ဒုက္ခသည်များအနေဖြင့် အခက်အခဲ ကြုံတွေ့နေရသည်ဟု ဟု အဆိုပါ မိခင်ဖြစ်သူကပြောသည်။

“ကျွန်မက စက်ရုံမှာ ဆာလာအိပ်ချုပ်တယ်။ တစ်ရက်ကို  ၃၀ယွမ် ရတယ် အခုတော့ ရဲတွေ အရမ်းစစ်လို့ ရဲလက်ပါသွားရင် ၆ထောင် အထိတောင်းတယ်။ တစ်ရက်ရှာ တစ်ရက်တောင် အနိုင်နိုင်စားနေရတာ သူတို့ကိုပေးဖို့တော့မရှိဘူး။ ဒါကြောင့် ဘယ်မှ မထွက်ရဲတော့ဘူး” ဟုဒုက္ခသည် တစ်ဦးကပြောသည်။

ယင်းကဲ့သို့ဖမ်းဆီးမူများလာလျင် မိုင်ဂျာယန်အခြေစိုက် ကချင်ဒုက္ခသည်ကူညီမှုအသင်းမှ တရုတ်ပြည်နယ်စပ် KIO အခြေစိုက် မိုင်ဂျာယန်တွင် နေထိုင်ရန် စီစဉ်ပေးမည်ဖြစ်သည်ဟု မမိုင်ဂျာကပြောသည်။  သို့သော်လည်းကချင်ဒုက္ခသည်များအနေဖြင့် တရုတ်ပြည်ဘက်တွင် အလုပ်ရှာဖွေ လုပ်ကိုင်နိုင်သောကြောင့် မိုင်ဂျာယန် တွင် လာရောက် မနေထိုင်ကြပေ။“တရုတ်ပြည်ရောက် ကချင်ဒုက္ခသည်တွေကို ဒီကိုလာနေဖို့လုပ်ထားတာပဲ။ သူတို့ကဟိုမှာ အလုပ်ရှိတယ်။ သူတို့နေတိုင်တဲ့ ရွာနဲ့လည်း နီးတယ်ဆိုတော့ ဒီဘက်ကို လာမနေချင်ကြဘူး”ဟု ၎င်းကပြောသည်။

နေပြည်တော်က ငြိမ်းချမ်းရေးအတွက် လွယ်တိုင်းလျဲန်းနှင့် တွေ့ဆုံဆွေးနွေးလို
********************************************************
ကြာသပတေးနေ့၊ သြဂုတ်လ 11 ရက် 2011မွေခေါဝ် - သျှမ်းသံတော်ဆင့်သတင်း
စဝ်ယွတ်စစ် ဦးဆောင်သောသျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်RCSS/ SSA (လွယ်တိုင်းလျဲန်း)နှင့်နေပြည်တော်ကငြိမ်း ချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးလိုသည့်ဆန္ဒရှိ ကြောင်း သိရှိရပါသည်။
“လွယ်တိုင်းလျဲန်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ထိုင်းအာဏာပိုင်တွေ ဝင်ရောက်ကူညီစေချင်တယ်ဆိုတာ မြန်မာ စစ်တပ်က ပြောလာတယ်လို့ ထိုင်းအာဏာပိုင်တွေ ကျနော်တို့ကို ပြန်လာပြောပြတယ်။ ဒါပေမဲ့အခုထက် ထိတော့ အကောင် အထည်ဖော်နိုင်တာ ဘာမှမရှိသေးပါဘူး” ဟု RCSS/SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွတ်စစ် က ပြောပါသည်။


ဒု-ဗိုလ်ချုပ်ကြီးယွတ်စစ် Photo:S.H.A.N

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ လွယ်တိုင်းလျဲန်းမှ အမြဲတမ်း တံခါးဖွင့် လက်ကမ်းကြိုဆိုလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးခြင်းသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသဖြင့် စာဖြင့် တရားဝင်အကြောင်း ကြားသင့်ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

နအဖအစိုးရနှင့် SSA လွယ်တိုင်းလျဲန်းတို့သည် ၂၀၀၇ မေ ၂၃ ရက်နေ့၌ ထိုင်းနယ်စပ် မယ်ဆိုင်မြို့တွင်တွေ့ဆုံ ဆွေး နွေးရန် စီစဉ်ထားခဲ့သော်လည်း စစ်အစိုးရဖက်က တာချီလိတ်သို့ သွားရောက်တွေ့ဆုံရန်ဖိအားပေးခဲ့ သည်။ နေရာ ပြောင်းရွှေ့မှုကို လွယ်တိုင်းလျဲန်းက လက်မခံဘဲ နှစ်ဖက်စလုံးနစ်နာမှု မရှိသောပထမခြေလှမ်း အဖြစ် ယုံကြည်မှု တည် ဆောက်သင့်သည့် တတိယနေရာ မယ်ဆိုင်တွင်သာတွေ့ဆုံနိုင်သည်ဟုအကြောင်း ပြန်ခဲ့သည် ကို နအဖက ပယ်ချလိုက် သောကြောင့် ယနေ့တိုင် တွေ့ဆုံဆွေးနွေးခြင်း တကြိမ်တခါမျှမရှိခဲ့သေး ပေ။

တားမြစ်နယ်မြေများကြောင့် လာမည့်နှစ် ခရီးသွားဧည့် ဝင်နှုန်းနည်းနိုင်

မိုးယံ Wednesday, 10 August 2011
နိုင်ငံခြားသားခရီးသည်များ ၀င်ရောက် လည်ပတ်နိုင်သည့် မြန်မာနိုင်ငံတွင်း ဒေသတချို့နှင့် နယ်စပ်ဝင်ပေါက် များကို တားမြစ်ဒေသအဖြစ် ကန့်သတ်မှု များပြားလာသဖြင့် လာမည့်ခရီးသွားရာသီနှစ်တွင် နိုင်ငံခြားသား ခရီးသည် ၀င်ရောက်မှု နည်းပါးနိုင်ကြောင်း ခရီးသွား အေဂျင်စီများထံမှ သိရသည်။


ယမန်နှစ် နိုဝင်ဘာ လဆန်းက ရန်ကုန်မြို့ ဒလ မြို့နယ်တွင် ဆိုက်ကားစီး၍ လည်ပတ်နေသော နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ - Khin Maung Win / AP)

လက်ရှိ မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ် ဖြစ်ပွားရာ ဒေသများနှင့် နယ်စပ်ဝင်ပေါက် များကို နိုင်ငံခြားခရီးသည် ၀င်ရောက် လည်ပတ်ခွင့်အား မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပိတ်ပင်ထားသဖြင့် ၂၀၁၁ - ၂၀၁၂ ခရီးသွားရာသီ နှစ်အတွက် ကြိုတင်စာရင်း ပေးသွင်းထားသော ခရီးစဉ်များစွာ ဖျက်သိမ်းရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ခရီးသွားအေဂျင်စီ တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

“ခရီးသွားရာသီ မစခင် ၆ လလောက်ကတည်းက ဘွတ်ကင်လုပ်ထားတဲ့ နိုင်ငံခြားသားတွေရဲ့ ခရီးစဉ်တွေမှာ တားမြစ်ထားတဲ့ နေရာတွေပါနေတယ်။ ရှောင်သွားဖို့ပြောတော့ တချို့ကလက်ခံတယ်၊ တချို့က ခရီးစဉ်ဖျက်ပစ်တယ်” ဟု ၎င်းက ဆိုသည်။
နယ်စပ်ဂိတ်များမှ တဆင့် နိုင်ငံခြားသား ခရီးသွားများစွာ ဝင်ရောက်မှု ရှိသော်လည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သတ်မှတ်ချက် အပြောင်းအလဲ မကြာခဏလုပ်သဖြင့် အခက်တွေ့ရကြောင်း ခရီးသွားလာရေး အေဂျင်စီတခုမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အခုသွားလို့ရပြီ၊ ခဏနေ မရတော့ပြန်ဘူး ဆိုတာမျိုး ခဏခဏ လုပ်တယ်။ စီစဉ်ထားပြီးသားတွေ ဖျက်ရတာ၊ ပြင်ရတာ လုပ်ရတယ်” ဟု သူက ဆိုသည်။ပြည်တွင်းစစ် ဖြစ်ပွားရာဒေသနှင့် နယ်စပ်ဝင်ပေါက်တချို့သည် နိုင်ငံခြားသားဧည့်သည်များ သွားလာရန် အခက်အခဲ ရှိသဖြင့် သက်ဆိုင်ရာက လက်တလော သွားလာခွင့် ပိတ်ပင်ထားခဲ့ပြီး နိုင်ငံခြားခရီးသည်များ ၀င်ရောက်လည်ပတ်နိုင်သည့် အခြေ အနေ ပြန်လည်ရောက်ရှိလျှင် ပြန်လည် ခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေးအောင်က ဇူလိုင်လအတွင်း ကျင်းပခဲ့သည့် နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှု တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောခဲ့ သည်။

တာချီလိတ်၊ ကျိုင်းတုံ၊ ကန်ပက်လက်၊ မူဆယ်၊ နမ့်ခမ်း စသော ဒေသများ ဖွံ့ဖြိုးရေးအတွက် ပြုလုပ်နေသဖြင့် လတ်တလော နိုင်ငံခြား ခရီးသည်များအား ခွင့်မပြုနိုင်သေးကြောင်း ဒုဝန်ကြီးက ဆိုသည်။

“လာမယ့်ခရီးသွားရာသီမှာ ကျိုင်းတုံဘက်နဲ့ ကန်ပက်လက်ဘက်ကို နိုင်ငံခြားသားတွေ လည်ပတ်ဖို့ ကြိုတင်ဘွတ်ကင်တွေ ရှိတယ်။ အဲဒီဒေသတွေက တားမြစ်ထားတော့ ကျတော်တို့က ငြင်းရတယ်။ မြန်မာနိုင်ငံကို နိုင်ငံခြားသားဧည့်သည် ၀င်ရောက်တာ များချင်ရင်တော့ တားမြစ်ဒေသတို့၊ စည်းကမ်းတို့ သိပ်များလို့မရဘူး” ဟု မြန်မာခရီးသွား လုပ်ငန်းရှင်များ အသင်းမှ အဖွဲ့ဝင် တဦးက ပြောသည်။

မြစ်ကြီးနား၊ ပူတာအို၊ တောင်ကြီး၊ ဖားကန့်စသော ဒေသများသို့ နိုင်ငံခြားခရီးသည်များ ၀င်ရောက် လည်ပတ်စဉ် အဆိုပါ ဒေသတွင်းရှိ စအဖ များနှင့် လမ်း tour ဂိတ်များမှ ရဲများသည် ကားများပေါ်တက်ကာ မေးမြန်းမှုများ၊ စစ်ဆေးမှုများ ရှိသောကြောင့် နိုင်ငံခြားသားဧည့်သည် မြန်မာနိုင်ငံကို ၀င်ရောက်လည်ပတ်မှု နည်းပါးနေရကြောင်း နိုင်ငံခြားခရီးသည် ၀င်ရောက်မှု တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ခရီးသွားအေဂျင်စီတခုမှ တာဝန်ရှိသူတဦးက ဆိုသည်။

“သက်ဆိုင်ရာတွေက ခွင့်ပြုချက်ရလို့ပဲ ဒီဒေသတွေကို နိုင်ငံခြားသားဧည့်သည်တွေ ၀င်ပြီးလည်ပတ်နေတာကိုဗျာ၊ စအဖ တွေက စောင့်ကြည့်တာတို့၊ အတင်း ကားပေါ်လိုက်လာတာတို့ လုပ်တော့ ခရီးသည်တွေ အနှောင့်အယှက် ဖြစ်တယ်။ နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှုများဖို့ ဒါကလည်း သတိထားရမယ့် အချက်ပဲ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင်း နိုင်ငံခြားခရီးသည်များ ၀င်ရောက်လာပြီး သွားရောက်မည့် ဒေသများကို ယခင် က/က (ကြည်း) က ခွင့်ပြုပေးခဲ့သော်လည်း ယခု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ခွင့်ပြုမှ သွားလာရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဒု - ညွှန်ကြားရေးမှူး ဦးလှိုင်မြင့်က ဆိုသည်။

Read MORE...
http://www.irrawaddymedia.com/bur/index.php/news/7037-2011-08-10-04-59-38

No comments: