Wednesday 10 August 2011

လိင်၊ မူးယစ်ဆေးနှင့် မော်စီတုံး

မော်စကိုတွင်တော့ စတာလင်ရဲ့ လူ သတ်မှုတွေကို နှစ်ပေါင်းများစွာ အချိန် ယူ တရားဝင် ဖော်ထုတ်ကြသည်။ ခရူးရှော့မှ ဂေါဘာချော့ဗ် အထိ သူ့နောက် ဆက်ခံတဲ့ ကွန်မြူနစ် ခေါင်းဆောင် အသီးသီးက စတာလင်ရဲ့ အမှားတွေကိုပြန်ပြောကြသည်။

တရုတ် ကွန်မြူနစ်အစိုးရကတော့ ဒီလို နောင်တရ စကား ဘယ်တော့ မှ မပြော။ သမိုင်းဖြစ်ရပ်မှန်အပေါ် ရေငုံနှုတ်ပိတ် နေတတ်ပြီး ဝေဖန် ပြောဆိုမှုကိုလည်း သည်းမခံနိုင်သူများ ဖြစ်သည်။

မကြာခင်က တရုတ်နဲ့ ပတ်သက်တဲ့ စာအုပ်နှစ် ထွက်လာသည်။ Herrison E. Salisbury ရေးတဲ့ ‘မော်နဲ့ တိန့် ခေတ် တရုတ်ပြည်’ (The New Emperors: China in the Era of Mao and Deng) ဆိုတဲ့ စာအုပ်နဲ့ John Byron နဲ့ Robert Pack တို့ ပူးတွဲရေးတဲ့  ‘နဂါး ခြေသည်းလက်သည်းများ’ (The Claws of the Dragon) ဆိုတဲ့ စာအုပ်တို့ ဖြစ်သည်။
စာအုပ် နှစ်အုပ်ရဲ့ အသေးစိတ် ဖော်ပြချက်များအရ မော်စကိုမှာ ဖြစ်ခဲ့တဲ့ ပါတီတွင်း ပွင့်လင်းမြင်သာရေး ‘ဂလက်စ်နော့’ ပေါ်လစီမျိုး ပေကျင်းမှာ မလွှဲမရှောင်သာ ရောက်လာနေပြီဟု ဆိုသည်။ ထိုစာအုပ် နှစ်အုပ်က မော်စီတုန်းခေတ် ၀ရုန်း သုန်းကား အခြေအနေများ၊ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ရက်ရက်စက်စက် သတ်ဖြတ်မှုများ၊ ပါတီနဲ့ အစိုးရအဖွဲ့ရဲ့ အဂတိ လိုက်စားမှုများကို တွေ့ကြုံဖြတ်သန်းခဲ့သူများနဲ့ အသေးစိတ် မေးပြီး ရေးထားသည်။
စာရေးဆရာ Herrison E. Salisbury က နယူးယော့ခ်တိုင်း ပင်တိုင်ဆောင်းပါးရှင် ဖြစ်သလို၊ သမိုင်းဆရာ တစ်ဦးလည်း ဖြစ်သည်။ သူက မော် ကို ကွန်မြူနစ်ခေါင်းဆောင်ထက် ဧကရာဇ်ဘုရင် ဟု  သုံးနှုန်းသည်။ မော် က လယ်ယာမြေ တော်လှန်ရေးကနေ အာဏာရလာသူ။ တောင်သူ တော်လှန်ရေးသမား တစ်ယောက်မှာ တရုတ်ပြည်ကို အုပ်ချုပ်ဖို့ ခေတ်မှီ တိုးတက်အောင် လုပ်ဖို့ ပြင်ဆင်ထားတာမရှိခဲ့ဟု ဆိုသည်။

မော်က စာရင်းဇယားတွေ၊ အစိုးရ ဘတ်ဂျက်တွေကို ငြီးငွေ့တဲ့ အတုအယောင် မက်စ်ဝါဒီ (psudo-Marxist)။ မက်စ်ဝါဒကို အလုပ်သမား လယ်သမား နားလည်အောင် အလွယ်အပေါ့ (oversimplification) ပြောပြီး သူ့အမြင်တွေထည့် ပုံဖျက်ခဲ့သည်ဟု ဆိုသည်။ မော် တကယ်စိတ်ဝင်စားတာက လူတန်းစား စစ်ရေး (class warfare) နဲ့ လူထုတွေကို သူ့ဩဇာအောက်မှာ စုစည်းထားရေး ဖြစ်သည်။ အဲဒီ အတွက်လည်း ဘာဖြစ်ဖြစ် အကုန် လုပ်မည့်သူ ဖြစ်သည်။
The New Emperors စာအုပ်က သက်ဆိုင်ရာ လူများကို တွေ့ဆုံမေးမြန်း ထားချက်များနဲ့ မှတ်တမ်း အထောက်အထား များစွာကို အခြေခံ ရေးထားသည်။ ထူးဆန်းတာက စာအုပ်ထဲမှာ မော် ရဲ့ တော်လှန်းရေးသမား ဘ၀ သာမက၊ မော်က ညစ်ညမ်းအပြာစာအုပ်တွေ စွဲစွဲလန်းလန်း စုဆောင်းတာ၊ မူးယစ်ဆေး သုံးတာတွေပါ အထောက်အထား မှတ်တမ်းတွေနဲ့ ဖော်ပြထားသည်။
၁၉၆၆ ကနေ ၁၉၇၀ ပြည့်လွန် အစောပိုင်းအထိ ယဉ်ကျေးမှုတော်လှန်ရေးနဲ့အတူ သွေးထွက်သံယို သတ်ဖြတ်မှုတွေ ဖြစ်နေချိန်မှာ မော်က မိန်းကလေးတွေ တပြုံကြီးနဲ့ အမြဲ ရေကူးနေတတ်သည်။ သူသွားလေရာ အကဖျော်ဖြေရေးအဖွဲ့တွေ တကောက်ကောက် ပါတတ်သည်။ မော် ရဲ့ ဆရာဝန်တွေထဲမှ တစ်ယောက်က မော် ကို မိန်းကလေးတွေ အနားမရှိရင် မနေတတ်တဲ့ ‘လိင် စိတ်ကြွရောဂါ’ (sex-maniac) ရှိနေသူဟု ၀န်ခံ ပြောဆိုထားသည်။
ကဗျာဆရာ ပြောက်ကျားခေါင်းဆောင်ကြီး အဖြစ် ချီးမွမ်းခံရတဲ့ မော်က ၁၉၅၈ ခုနှစ်မှာ လယ်သမားတွေနဲ့ ပညာတတ် တွေကို စုပေါင်းလယ်ယာထဲ မောင်းပို့ပြီး ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် မှန်သမျှ ဖျက်သိမ်းခဲ့သည်။ အကျိုးဆက်အဖြစ် ၁၉၆၀ မှာ အငတ်ဘေးကျရောက်ပြီး သန်းပေါင်းများစွာ သေဆုံးခဲ့ရသည်။
သမ္မတ လျူလျောက်ချီ နဲ့ ပါတီ အထွေထွေ အတွင်းရေးမှုး တိန့်ရှောင်ပိန် တို့ကို ၁၉၆၅ ခုနှစ်မှာ ယဉ်ကျေးမှု တော်လှန်ရေး ခေါင်းစဉ်နဲ့ ဖြုတ်ပစ်ခဲ့သည်။ မော့် ဇနီးဆိုး ကျန်ရှင်း ဦးဆောင်တဲ့ လေးဦးဂိုဏ်းက တပ်နီလူငယ်တွေကို မြှောက်ပေးပြီး လျူရဲ့ အစိုးရ အဖွဲ့ဝင်တွေနဲ့ တိန့်ရဲ့ ပါတီဦးဆောင်မှုနေရာကို ဖယ်ရှား ပစ်ခဲ့သည်။ ၀န်ကြီးချုပ် ချူအင်လိုင်း ကိုတော့ သူ့ရာထူးမှာပဲ ချန်ထားပေမယ့် မော် ရဲ့ ဇနီး ထိန်းချုပ်မှုအောက်မှာပဲ ထားခဲ့သည်။
ယဉ်ကျေးမှု တော်လှန်ရေးအတွင်း  တိန့်ရှောင်ပိန် နှစ်ကြိမ်ကြိမ် ရာထူးက ဖယ်ရှားခံရပေမဲ့၊ ပါတီနဲ့ စစ်တပ်တွင်း ဩဇာနဲ့ လုပ်ရည်ကိုင်ရည်ရှိမှုကြောင့် နောက်ဆုံး ရာထူး ပြန်ရလာခဲ့သည်။ ၁၉၇၆ စက်တင်ဘာမှာ အသက် ၈၂ နှစ် အရွယ်နဲ့ မော် ကွယ်လွန်ခဲ့သည်။ မော် ကွယ်လွန်ပြီးနောက် တိန့်ရှောင်ပိန် ရဲ့ သစ္စာခံ ဗိုလ်ချုပ် ရီကျန်ယင်း က မော့်ဇနီး ကို အကျယ်ချုပ်ထားလိုက်ပြီး ကျေးလက်မှာ ပြည်ပြေးဖြစ်နေတဲ့ တိန့် ကို ပြန်ခေါ် အာဏာအပ်ခဲ့သည်။ ထိုအခင်းအကျင်းကို စာရေးသူ Salisbury က တိန့် ရဲ့ စစ်တပ် က အာဏာ သိမ်းခဲ့တယ်ဟု ဖော်ပြသည်။
နောက် Byron နဲ့ Pack တို့ နှစ်ဦး ပူးတွဲရေးတဲ့ ‘နဂါး ခြေသည်းလက်သည်းများ’ စာအုပ်မှာတော့ လေးဦးဂိုဏ်းမှာ ပါဝင်ပြီး မော် ရဲ့ လက်ရုံးတစ်ယောက်ဖြစ်တဲ့ ခန်းရှန် အကြောင်း အတ္ထုပ္ပတ္တိ ရေးထားသည်။ စာရေးသူ Byron နဲ့ Pack တို့ နှစ်ဦးစလုံးက အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်းတွေ ဖြစ်သည်။

ခန်းရှန် က ပါတီပေါ်လစ်ဗျူရို အဖွဲ့ဝင်ဖြစ်ပြီး မော်ရဲ့ အယုံကြည်ရဆုံးနဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦး ဖြစ်သည်။ စာရေးသူနှစ်ဦးက ခန်းရှန်ကို အခွင့်ရေးသမား၊ လူသတ် သမား၊ တရုတ် စုပေါင်းလယ်ယာ စခန်းတွေ ဖန်တီးသူ၊ ဘိန်း ပုံမှန်သုံးစွဲသူ အဖြစ် ဖေါ်ပြကြသည်။ ခန်းရှန် လျှို့ဝှက် ရဲထောက်လှမ်းရေး အကြီးအကဲ ဖြစ်လာပြီး နောက် သန်းချီသတ်ဖြတ်မှုမှာ ကိုယ်တိုင် ဦးဆောင်ခဲ့သူမို့  သူ့ကို ‘တရုတ် ငရဲမင်း’ လို့ ခေါ်ဆိုလာကြရသည်။ စာရေးသူ နှစ်ဦးက ခန်းရှန် ကို ဆိုဗီယက် ပြည်ထောင်စု စတာလင် ခေတ်ရဲ့ လျှို့ဝှက် ရဲအရာရှိ လူသတ်သမား ဘဲရီးယား နဲ့ နှိုင်းယှဉ် ရေးပြထားသည်။
ဂလက်စ်နော့ လို ကွန်မြူနစ်ပါတီတွင်း တံခါးဖွင့်ရေး လှုပ်ရှားမှုက ရောက်လာမှာပဲဖြစ်သည်။ သို့သော် ဂလက်စ်နော့ ပေကျင်းကို ရောက်လာရင်တောင်မှ တရုတ်တွင် ဒီမိုကရေစီ မဖြစ်နိုင်သေးဟု စာရေးသူ Salisbury က သုံးသပ်ထားသည်။
သူ့အမြင်အရ တိန့်ရှောင်ပိန်က သဘောထားပျော့ပြောင်းသူ၊ လက်တွေ့ကျသူ ဖြစ်ပေမဲ့ ၁၉၈၉ တီယန်မင် ရင်ပြင် ဒီမိုကရေစီလှုပ်ရှားမှုကို သွေးချောင်းစီးစေခဲ့သူ ဖြစ်သည်။ တိန့် ကလည်း မော် လို ဧကရာဇ်ဘုရင် မျိုးသာ ဖြစ်ပြီး၊ သူ့လမ်းကြောင်းမှာ စိန်ခေါ်သူရှိလာရင် ရှင်းပစ်ခဲ့သည်။ တိန့် နောက်မှာ ဆက်ခံတဲ့ လက်ရှိ တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များဟာလည်း ဘယ်လောက်ပဲ တိုင်းပြည် တိုးတက် ခေတ်မှီရေးတွေ လုပ်နေနေ သူတို့အာဏာကို စိန်ခေါ်သူ ပေါ်လာတာ တွေ့ရင်တော့ အပြတ်ရှင်းပစ်ဖို့ အသင့်ပဲဟု စာရေးသူများက သုံးသပ်ထားသည်။
ဝင့်ထန်း
ရည်ညွှန်း။ The New Emperors: China in the Era of Mao and Deng by John Byron နဲ့ Robert Pack
The Claws of the Dragon by John Byron နဲ့ Robert Pack
မောက္ခ

Source:>>>http://tiny.cc/bbqu0

No comments: