Friday 19 April 2013

ဆက်စပ်ရာ အတွေးများ မှ အိကေ သို့



Boston မှာ ဗုံးပေါက်တော့ တကမ္ဘာလုံး လန့်သွားကြတယ်။ မြောက်ကိုးရီးယားက ချပြီလားပေါ့။ အခုတော့ မနက်စောစောမှာတင် ဗုံးခွဲခဲ့တဲ့ ညီနောင်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်သူကို FBI က ပစ်သတ်ခွင့်ရခဲ့တယ်။ အငယ်ကောင်ကတော့ လွတ်နေဆဲလို့ဆိုတယ်။ သဲထိတ်ရင်ဖိုပါပဲ။ 
သင်္ကြန်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို Time Magazine မှာ ဆယ်စုနှစ်သြဇာအရှိဆုံးဆုအတွက်ကို မြန်မာပြည်သူတွေ ကျွန်တော်အပါအ၀င် အွန်လိုင်းမဲတွေ ပေးလိုက်ကြတာ နောက်ဆုံး လေဒီဂါးဂါး ကို အနိုင်ပိုင်းပြီး လိုချင်ကြတဲ့ဆုကို ရခဲ့ပြန်တယ်။ ဒေါ်စုသာ ကမ္ဘာမှာ အခရာပေါ့။ ၀မ်းသာတယ်။ 
ဒီကနေ့တော့ သမ္မတကြီးဦးသိန်းစိန်ရဲ့ ၆၈ နှစ်မြောက်မွေးနေ့ ဖြစ်တယ်လို့ ဆိုပြန်တယ်။ ဆိုင်ရာဆိုင်ရာတွေက မွေးနေ့ဆုတောင်းတွေ ပို့သနေကြပြန်တယ်။ တစ်ဆက်တည်းမှာ ပူပူနွေးနွေးဆုရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်တယ်လို့ ဂျပန်ရောက်တုန်းပြောသွားပြန်တယ်တဲ့။ ဆုတောင်းသူ ကျွန်တော်တို့က လက်ရှိသမ္မတကြီးကို သက်တော်ရှည်စွာနဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းရမလား ဒေါ်စု သမ္မတ မြန်မြန်ဖြစ်ပါစေလို့ ဆုတောင်းရမလား ဒွိဟတွေ ဖြစ်ကြပြန်ရော။ ဘာပဲဖြစ်ဖြစ် မွေးနေ့ရော သမ္မတဖြစ်ချင်တာရော မင်္ဂလာသတင်းပါ။ 
သူများအကြောင်းတွေပြောနေရင်း အိကအကြောင်း သွားသတိရမိပါရဲ့။ သူမကတော့ မြန်မာပြည်မှာ။ စာရေးနေချိန်မှာတော့ သတင်းမွှေးတဲ့ မန္တလေးမှာ ရှိနေလိမ့်မယ်။ သူမကို သတိရနေခဲ့တယ်။ ထူးခြားတာက မိုး ဆိုတဲ့ သွန်းဖြိုးရွာတတ်တဲ့ မိုးကြောင့်ဆိုရင် ပိုမှန်မယ်။ 
ရေရှားတဲ့ အညာသူအိကေက နှစ်ဆယ့်လေးနာရီကွာတဲ့ အမေရိကားကို မိုးရွာစေသလား ဆိုပြီး မဆီမဆိုင်တွေးမိတာကို ပြောချင်တယ်။ သူသိရင် ရီလိမ့်မယ်။ မတတ်နိုင်ဘူးလေ။ ပြောလက်စ ဆုံးအောင်ပြောဦးမယ်။ 
အိကေ ဆိုတဲ့ ကျနော့်H2O တစ်ယောက်ရှိတယ်။ သူနဲ့ဖုန်းပြောတိုင်း မိုးရွာတတ်တယ်။ USA က spring မှာ မိုးရွာတာ မဆန်းဘူးဆိုရင်တောင် ဒီနယ်မှာတော့ မိုးသဲတာဆန်းပါတယ်။ ကားသွားလို့မရအောင် မိုးသည်းတယ်ဆိုတာ့ ပိုဆန်းပြီလို့လည်း ကိုယ့်ဘာကိုကိုယ် ယူဆလိုက်ပါတယ်။ 
အိကေ နှင့်ပြောတိုင်း မိုးသည်းခြင်းမှာ ဘာတွေ သိရလည်း သို့မဟုတ် ဘာတွေက ကျွန်တော့်ကို ခံစားစေလည်း ဆိုရင်တော့ 
ပထမဆုံး အပျက်ဘက်ကနေပြောကြည့်မယ်ဗျာ။ စကားပုံ တစ်ခု၊ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ   တဲ့။
ဖြစ်ချင်တာ့ ကျွန်တော် ခုထိကံဆိုးတဲ့စာရင်းထဲ မပါသေးတော့ ဘေးဖယ်လိုက်တယ်။ 
တစ်ဆက်တည်း ကိုယ်ကြိုက်တာကို ကိုယ်ယူလိုက်တယ်။ မိုး ဆိုတာ အေးမြတယ်။ မိုးဆိုတာ လူ့လောက အတွက် နွေတွေ ဆောင်းတွေထက် အသုံးဝင်တယ်။ သူမနှင့် ဖုန်းပြောတိုင်း မိုးရွာတတ်တာဟာ ကောင်းကျိုးပဲလို့ တွက်လိုက်ပါတယ်။ 
မိုးသည်းပြီး သွားလာရခက်တာကော လို့ ပြန်မေးရင် မိုးရွာတာပဲဗျာ သည်းချင်သည်းမှာပေါ့လို့ ပြန်ပြောမှာပါ။ 
စောဒက တက်ချင်သူတွေ ကို ပြာလို့ရပါသေးတယ်။ ကျွန်တ်ာက Boston ဖါက်ခွဲရေးသမား မဟုတ်ဘူးလေ။ အဖျက်စိတ်နဲ့ တွေးစရာ မလိုပါဘူးလို့။ 
ထပ်ပြောလာခဲ့ရင် သမ္မတမွေးနေ့လို့ ဟစ်ကြွေးရအောင် နောက်ရွေးကောက်ပွဲအတွက် အိကေ ကို မဲမဆွယ်ထားဘူးလေ။ 
စောဒက ထပ်တက်လာခဲ့ရင် ကျွန်တော့်ရင်ကို ကျွန်တော် တစ်ယောက်တည်း vote နေတာပဲ ဘာကို vote ပေးပေးပေါ့လို့။ 
တစ်ခုရှိတာက ဆယ်စုနှစ် သြဇာအရှိဆုံး ၊ ဆယ်စုနှစ်သာ အချစ်ဆုံး မဖြစ်ချင်ပေမယ့် အိကေ ရင်ထဲ စိတ်ထဲကို သိစွမ်းပိုင်နိုင်ချင်တဲ့ အိကေရဲ့ သမ္မတ သို့မဟုတ် ကျနော့်သမ္မတကို အိကေကို ထာဝရ ဖြစ်ခိုင်းချင်တာကတော့ အမှန်ပါ။ 
အဲတော့ ကျွန်တာ် မလိုချင်တဲ့ မိုး ဘယ်လိုရွာရွာ ဘယ်လို သည်းသည်း အဲဒီမိုးမျိုးစံကို ကျွန်တော်ချစ်တယ်။ အပ်ါက ဗုံးခွဲသူတစ်ယောက် ရှောင် ပြေးနေသလိုမျိုး အိကေ ရှောင်ပြေးရင်လည်း ပြေးပေါ့ဗျာ။ ကျွန်တော်ဆိုတဲ့ FBI ကလည်း ရအောင်လိုက်ဦးမှာပါလို့။ 

ဘလောဲ့မှာ ကိုယ်ရေးကိုယ်တာ မတင်ဖူးပါဘူး။ ခုတော့ စာဖတ်သူ ဘယ်လိုပင် ဖတ်ဖတ် ကိုယ်ရေးကိုယ်တာလို့ မြင်ပေးနိုင်ရင် ကျွန်တာ် ၀မ်းသာနေမှာပါ။ 
ဖေါက်ခွဲ ဖျက်စီးသူ ၊ မွေးနေ့ကျရောက်သူ ၊ ဆယ်စုနှစ်ကို အောင်နိုင်သူ နှင့် မိုးသည်းဘယ်သို့ရွာရွာ စိတ်ကျေနပ်လေသူ ကျွန်တော်ဖြစ်နေတာကို ဆက်စပ်ရာ စပ်မိကြောင်း တွေးရာတွေးမိ တွေးဖြစ်ပါတယ်။