Sunday 5 April 2015
မာရီလင် မွန်ရိုး ဘ၀နိဂုံးမှ ရွှေရတုတိုင် ...........အပိုင်း ( ၂ )
 ရေးသူ (Spring Flowers)
  •               အမေရိကန်အစိုးက ယခင် ထိမ်ချန်လျို့ဝှက်ထားတဲ့သတင်းအချက်အလက်တွေကို ထုတ်ပေးရတဲ့ သတင်းလွတ်လပ်ခွင့် ဥပဒေ  Freedom of Information Act ဆိုတာ ၁၉၉၇ မှာ ပေါ်လာပါတယ် ။ ဒါကြောင့် FBI က ဟိုးအရင်က လျို့ဝှက် အမှုတွဲတွေကို ၂၀၀၆  မှာ ထုတ်ပေးခဲ့ရာမှာ မာရီလင်မွန်ရိုးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေလည်း ပါခဲ့တယ် ။ အဲဒီစာတွေမှာ သမ္မတရဲ့ ညီ Robert Kennedy နဲ့ မွန်ရိုးတို့ ဆက်ဆံရေးကို အသေးစိတ်ဖော်ပြထားတယ် ။ အဓိက လိုရင်းကို ပြောရရင် ရောဘတ်က သူ့မိန်းမကို ကွာရှင်းပြီး မွန်ရိုးကို ယူပါမယ်လို့ ကတိပေးခဲ့ဖူးသတဲ့ ။
မှတ်ချက် ။  ။  FBI = Federal Bureau of Investigation အမေရိကန် '' နိုင်ငံတွင်း '' ထောက်လှမ်းရေး
                     CIA =Central Intelligence Agency   အမေရိကန် '' နိုင်ငံအပြင်ဘက် '' ထောက်လှမ်းရေး
Robert Kennedy မင်္ဂလာပွဲRobert Kennedy မင်္ဂလာပွဲ
ရောဘတ်နဲ့ သူ့မိန်းမ Ethel Kennedyရောဘတ်နဲ့ သူ့မိန်းမ Ethel Kennedy
  •                           ဒါပေမယ့် အဲဒီကတိကို ရောဘတ်တစ်ယောက် ဘယ်တော့မှ အကောင်အထည်ဖော်မှာ မဟုတ်ဆိုတာ သဘောပေါက်သွားတဲ့ မွန်ရိုးဟာ သူတို့ရဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းကို မီဒီယာမှာ ထုတ်ပြောပစ်လိုက်မယ်လို့ ချိန်းခြောက်သတဲ့ ။ ဒီတော့ ဆီးနိတ်လွှတ်တော်အမတ်လည်း ဖြစ် ၊ အသားအရောင် မခွဲခြားရေး တက်ကြွစွာဆောင်ရွက်သူ civil rights activist လည်း ဖြစ်တဲ့ ရောဘတ်အတွက် မွန်ရိုးဟာ အနှောက်အယှက် ဖြစ်လာတယ်လို့ ဆိုတယ် ။  လုပ်ကြံသူများရဲ့ အကြံက '' မွန်ရိုးဟာ ခဏခဏ ဟန်ဆောင် သေကြောင်းကြံရင်း နာမည်ကြီးအောင် လုပ်တတ်တယ် ၊ ဒီတော့ ဒီတခါ အဲလို သေကြောင်းကြံအောင် အားပေးအားမြှောက် ပြုမယ် ၊ ဒါပေမယ့် အရင်ကလို ပြန်သတိရလာတာမျိုး ၊ အချိန်မီ ဆေးရုံရောက်တာမျိုး မရှိစေရ '' ။
  •                             အဲဒီ FBI စာရွက်စာတမ်း ( အစီရင်ခံစာတွေ  )  အရ မွန်ရိုးသေမှု မှာ ပါဝင်ပတ်သက်တဲ့ ကြံရာပါတွေကတော့  Robert Kennedy ( သမ္မတရဲ့ ညီ ) ၊ Peter Lawford ( ဟောလိဝုဒ် ရုပ်ရှင်မင်းသားလည်း ဖြစ် ၊ ကနေဒီညီအစ်ကိုရဲ့ ယောက်ဖလည်းဖြစ်သူ ) ၊ မွန်ရိုးရဲ့ စိတ်ကုဆရာဝန် Dr. Greenson ၊ မွန်ရိုးရဲ့ အိမ်ဖော် Eunice Murray ၊ မွန်ရိုးရဲ့ အတွင်းရေးမှုး  Pat Newcomb  တို့ ပါကြတယ် လို့ ဆိုတယ် ။  ဒါပေမယ့် ဒီ FBI အစီရင်ခံစာတွေ ရဲ့ အစမှာ '' ဒီသတင်းတွေရဲ့ အရင်းအမြစ်ကို သတင်းရေးတဲ့သူက မသိပါ ၊ ဒါကြောင့် မှန်၊ မမှန် အတည်မပြုနိုင်ပါ ''  လို့လည်း ပါတယ် ။ ( ရေးတုန်းက ရေးပြီး ....ဟွန်း )
ကနေဒီ ညီအစ်ကို သုံးယောက်ကနေဒီ ညီအစ်ကို သုံးယောက်
  •                         ဒီအစီရင်ခံစာမှာ ရေးထားတာနဲ့  မွန်ရိုးသေမှုမှာ စစ်ဆေးခြင်းခံရတဲ့ မျက်မြင်သက်သေတချို့ရဲ့ ထွက်ဆိုမှုနဲ့ ကိုက်ညီမှု ရှိပါတယ် ။ သေတဲ့နေ့မှာ ရောဘတ်ဟာ လူစိမ်းနှစ်ယောက်နဲ့ မွန်ရိုးအိမ်ကိုရောက်လာပြီး  လူစိမ်းတစ်ယောက်ရဲ့ လက်ထဲမှာ ဆေးသေတ္တာနက်ပုံစံတစ်ခုလည်း ပါတယ်လို့ ဆိုတယ် ။  မသေခင်တစ်ရက်အလိုမှာ မွန်ရိုးဆီကို  ရောဘတ်နဲ့ မပတ်သက်ဖို့ ဆဲရေးပြောဆိုတဲ့ ခြိမ်းခြောက်ဖုန်းတွေ ၀င်လာတယ် လို့လည်း နီးစပ်သူတစ်ယောက်က ထွက်ဆိုတယ် ။
  •                     နောက်ခန့်မှန်းချက်တစ်ခုကတော့ မာဖီးယားဂိုဏ်းက  သမ္မတနဲ့ သူ့ညီကို မကျေနပ်လို့ သူတို့ အချစ်တော် မွန်ရိုးကို ရှင်းပစ်ခြင်းအားဖြင့် လက်စားချေတာလို့ ဆိုတယ် ။
  •                   မွန်ရိုးဘယ်လိုပင်သေသေ သေချာတာတစ်ခုကတော့ သူနဲ့ ကနေဒီ ညီနောင်တို့ ပတ်သက်မှုဟာ တဖြည်းဖြည်းနဲ့ အန္တရာယ်ကို လက်ယပ်ခေါ်သလို ဖြစ်နေတာပါဘဲ ။ သာမန်မိန်းကလေးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်တာထက် ဟောလိဝုဒ်က အဖော်အချွတ်မင်းသမီးနဲ့ ဖောက်ပြန်မှုဟာ လူထုအမြင်စောင်းနိုင်ပြီး သမ္မတရဲ့ နောက်ထပ်ရွေးကောက်ပွဲကို ထိခိုက်နိုင်တယ်လို့  သမ္မတနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ထင်မြင်လာကြတယ်လို့ ဆိုပါတယ် ။
  •                     ဒီထက်မက ပြသာနာကတော့ မွန်ရိုးဟာ နိုင်ငံရေးကို အရမ်းစိတ်ဝင်စားပြီး အမေရိကန်ကွန်မြူနစ် ၊ ရုရှားကွန်မြူနစ်တွေနဲ့ မကြာခဏ  ဆွေးနွေးစကားပြောနေတာကို တွေ့ရတတ်တယ် ။ ဒီတော့ FBI ဟာ မွန်ရိုးကို မျက်စိဒေါက်ထောက်ကြည့်လာတာ မဆန်းပါဘူး ။ အချိန်ကလည်း အမေရိကန်နဲ့ သူနဲ့ ရန်သူတော် ဆိုဗီယက်တို့ စစ်မဖြစ်ရုံတမယ် တင်းမာတဲ့ စစ်အေးကာလ Cold War ရဲ့  အထွတ်အထိပ် အချိန် ဖြစ်ပါတယ်  ။
ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ်   Khrushchevဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ် Khrushchevခရူးရှက်ဗ် အတွက် ကျင်းပတဲ့ ပွဲတခုမှ မာရီလင်မွန်ရိုးခရူးရှက်ဗ် အတွက် ကျင်းပတဲ့ ပွဲတခုမှ မာရီလင်မွန်ရိုး
  •                  စစ်အေးကာလမှာ အမေရိကန်နဲ့ ဆိုဗီယက်အကြား တခြားတင်းမာမှုတွေရှိပေမယ့် မွန်ရိုးနဲ့ ကနေဒီညီအစ်ကိုတို့ တွဲနေတဲ့ ၁၉၆၂ ရဲ့ တင်းမာမှုကတော့ အဆိုးဆုံး ဖြစ်ပြီး   တတိယကမ္ဘာစစ် ဖြစ်ဖို့ တဲတဲလေးသာ လိုတဲ့ ကာလ လို့ ဆိုကြတယ်   ။ မွန်ရိုးကလည်း သေမယ့်နှစ်ကျမှ စစ်ထဲဝင် ဆိုသလို  အန္တရာယ်များတဲ့ အချိန်မှာ အန္တရာယ်များတဲ့ နိုင်ငံရေးသမားတွေနဲ့တွဲမိပြီး အန္တရာယ်များတဲ့ အကြောင်းတွေကိုမှ သွားပြောမိသတဲ့ ။ အဲဒီအကြောင်းကို တိုတိုနဲ့ လိုရင်း  ပြောပြချင်ပါတယ်  ။  
  •                 ကနေဒီ John F.Kennedy ဟာ ၁၉၆၁ မှာ သမ္မတရာထူးကို ရခဲ့တယ် ။ သမ္မတဖြစ်ပြီး သုံးလတောင်မကြာခင် အမေရိကန်အောက်နား ပင်လယ်ထဲက  ကျူးဘား ( Cuba ) ဆိုတဲ့  ကျွန်းနိုင်ငံသေးသေးလေးမှာရှိတဲ့ ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့ စစ်ဆင်ရေး ( ၂ ) ခု လုပ်ခဲ့တယ် ။ အဲဒီအချိန်မှာ ကျူးဘား ၀န်ကြီးချုပ်က ဖီဒယ်ကက်စထရို Fidel Castro ( ယနေ့ထိ အသက်ရှင်ဆဲ ) ပါ ။
ယခင်က ကျူးဘားခေါင်းဆောင် Fidel Castroယခင်က ကျူးဘားခေါင်းဆောင် Fidel Castroယခု Fidel Castro (  ကျူးဘားရဲ့ အခုလက်ရှိခေါင်းဆောင်ကလည်း Fidel Castro ရဲ့ ညီ Raul Castro ဖြစ်ပါတယ် ။ )ယခု Fidel Castro ( ကျူးဘားရဲ့ အခုလက်ရှိခေါင်းဆောင်ကလည်း Fidel Castro ရဲ့ ညီ Raul Castro ဖြစ်ပါတယ် ။ )
  •                   အဲဒီ ကက်စထရို  Fidel Castro   နဲ့ ဆိုဗီယက် ၀န်ကြီးချုပ် ခရူးရှက်ဗ်   Khrushchev  နဲ့ က ကွန်မြူနစ်အချင်းချင်းမို့  အလွမ်းသင့်တယ် တဲ့ ။ အမေရိကန်က ကျူးဘားမှာကျင့်သုံးနေတဲ့ ကွန်မြူနစ်ဝါဒဟာ တောင်အမေရိကတစ်ခုလုံးကို ပြန့်သွားမှာ အရမ်းစိုးရိမ်တယ် ။ ဒါကြောင့် ဖီဒယ် ကက်စထရိုကို ဖြုတ်ချပြီး သူတို့နဲ့ အလွမ်းသင့်မယ့် အစိုးရကို တင်ချင်တယ် ။ ဒါကြောင့်ဘဲ ကနေဒီ မတိုင်မီ သမ္မတ အိုင်ဆင်ဟောင်ဝါ လက်ထက်ကတည်းက အမေရိကန်ထောက်လှမ်းရေး CIA က ကျူးဘားအစိုးရကို ဖြုတ်ချဖို့ ကြိုးစားခဲ့တယ် ။ ကနေဒီလက်ထက်မှာ ဆက်ပြီး စစ်ဆင်ရေး ( ၂ ) ခု လုပ်တယ် ။ တစ်ခုက ကျူးဘားနိုင်ငံသား ပြည်ပြေးတွေကို CIA က လေ့ကျင့်ပေးပြီး ကျူးဘားနိုင်ငံတောင်ပိုင်းကို သိမ်းဖို့ အကူအညီပေးခဲ့တယ် ။ ဒါပေမယ့် ကျူးဘားကလည်း မခေပါဘူး တဲ့ ။  ဆိုဗီယက်အပါအ၀င် တခြား ကွန်မြူနစ်နိုင်ငံတွေက လက်နက်တပ်ဆင်ပေးပြီး လေ့ကျင့်ပေးထားတဲ့ ကျူးဘားစစ်တပ်က ကျူးကျော်သူတွေကို သုံးရက်နဲ့ အပြတ်ချေမှုန်းလိုက်နိုင်သတဲ့ ။  အဲဒီ အမေရိကန် ရှုံးတဲ့ စစ်ဆင်ရေးကို Bay of Pigs ဆိုတဲ့ ပင်လယ်အော်နားမှာ ဖြစ်လို့ Bay of Pigs Invasion လို့ ခေါ်ပြီး ၁၉၆၁  ဧပြီလမှာ ဖြစ်ခဲ့တာပါ ။
  •                        နောက် ( ၇ ) လအကြာ ၁၉၆၁ နိုဝင်ဘာမှာ တစ်ခါ  Mongoose Operation  ဆိုပြီး စစ်ဆင်ရေးတစ်ခု အမေရိကန်က လုပ်ပြန်တယ် ။ ဒီတခါတော့ ၀ါဒဖြန့်တာရော ၊ ရန်သူရဲ့ စိတ်ကို လွှမ်မိုးပြီးကိုယ်လိုချင်တာကို အကောင်အထည်ဖော်တဲ့ စိတ်ဓါတ်စစ်ဆင်ရေးတွေရော ၊ ရန်သူကို အင်အားနည်းလာအောင်လုပ်တဲ့ ဖောက်ခွဲဖျက်ဆီးနည်းတွေရော နည်းမျိုးစုံသုံးပါတယ် ။  ဒါပေမယ့် ဒီတခါလည်း မအောင်မြင် ။
  •                     အဲဒါတွေလည်း ပြီးရော  ကျူးဘားက စိတ်ဆိုးပြီး  ကွန်မြူနစ်ဘိုးအေ ဆိုဗီယက် အကူအညီနဲ့ ကျူးဘား နိုင်ငံတွင်းမှာ ဒုံးကျည်တွေ တည်ဆောက်ပါလေရော ။ CIA  ထောက်လှမ်းရေးသတင်းတွေအရ အဲဒီဒုံးကျည်တွေဟာ အမေရိကန်နိုင်ငံတစ်ခုလုံးနီးပါးကို ဖျက်ဆီးနိုင်လောက်အောင် အားကောင်းတယ်ဆိုတာ သိရတော့ အမေရိကန် မျက်လုံးပြူးသွားသတဲ့ ။ သူတို့ အလှည့်ကျ ပြူးတယ်နော် ။ အဲဒီမတိုင်ခင် အမေရိကန်က ဆိုဗီယက် ရန်ကို ကာကွယ်ဖို့ ဆိုပြီး ဒုံးချည် ၁၀၀ လောက်ဆောက်ပြီး အီတလီ ၊ အင်္ဂလန်နဲ့ တူရကီတွေမှာ ဖြန့်ကျက်တပ်ထားတာတော့ မပြောဘူး ။
  •                       တိုတိုပြောရရင် အခု ကျူးဘားမှာ လာတပ်တဲ့ ဆိုဗီယက် ဒုံးကျည်တွေကြောင့် အမေရိကန်နဲ့ ဆိုဗီယက်တို့ ကြား အခြေအနေအရမ်းအရမ်းကို တင်းမာလာပြီး အကိုင်အတွယ် မတတ်ရင်  နူးကလီးယားစစ် သို့မဟုတ် တတိယကမ္ဘာစစ်ထိ ဖြစ်သွားနိုင်တဲ့ အထိ ကြီးကျယ်သွားနိုင်တယ် ။ ဒီအရေးအခင်းကို ဖြေရှင်းဖို့ အစပိုင်းမှာ အမေရိကန်က လေကြောင်း ၊ ရေကြောင်းတွေနဲ့ ချမယ် ဆိုပြီး လုပ်ပါတယ် ။ ဒါပေမယ့် နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် ကျူးဘားကို စစ်ရေးအရ ပိတ်ဆို့ဖို့သာ ဆုံးဖြတ်လိုက်တယ် ။ ကျူးဘားထဲဝင်သမျ လမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး ကျူးဘားမှာ ဆောက်နေဆဲ နဲ့  ဆောက်ပြီး ဒုံးကျည်တွေကို ဖျက်သိမ်းပေးပါလို့ ဆိုဗီယက်ကို တောင်းဆိုပါတယ် ။
ကနေဒီ ( ဘယ်  ) နဲ့ ဦးသန့်ကနေဒီ ( ဘယ် ) နဲ့ ဦးသန့်
  •                      အဲဒီအချိန်က ကုလသမ္မက အထွေထွေအတွင်းရေးမှုးချုပ် က မြန်မာနိုင်ငံသား ဦးသန့် ပါ ။ ဒီအန္တရာယ်များလွန်းတဲ့ တင်းမာမှုကြီး လျော့ကျအောင် ကြိုးပမ်းရာမှာ ဦးသန့်ရဲ့ စွမ်းဆောင်ချက်တွေ အများကြီးပါခဲ့တယ် ။
                          ကုလသမ္မဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တောင်းဆိုမှုအရ ဦးသန့်ဟာ အမေရိကန်ကိုရော
ဆိုဗီယက်ကိုပါ အစွန်းရောက်တဲ့ ဆုံးဖြတ်ချက်တွေ မချမိအောင်
ဖြောင်းဖျတိုက်တွန်းနိုင်ခဲ့တယ် ။ တကယ်တော့ နှစ်ဖက်စလုံးဟာ သူတို့ ရောက်နေတဲ့
အခြေအနေ ဘယ်လောက် အန္တရာယ်ကြီးမှန်း သိပေမယ့် အလျှော့ပေးမယ့် အရေးကို ခက်နေကြတယ်
။ ဦးသန့်သာ ကြားထဲက လိမ္မာပါးနပ်စွာ ပါဝင်မှု မရှိခဲ့ရင်  နှစ်ဖက်စလုံးဟာ
ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေကနေ ဘယ်လို ဖြစ်ကြမယ် မသိ ။
ဦးသန့် ( တတိယမြောက် ကုလသမ္မဂ အထွေထွေ အတွင်းရေးမှုးချုပ် .... ၁၉၆၁ ကနေ ၁၉၇၁ ထိ ရာထူးသက်တမ်း နှစ်ကြိမ် တာဝန်ထမ်းခဲ့တယ် ။ဦးသန့် ( တတိယမြောက် ကုလသမ္မဂ အထွေထွေ အတွင်းရေးမှုးချုပ် .... ၁၉၆၁ ကနေ ၁၉၇၁ ထိ ရာထူးသက်တမ်း နှစ်ကြိမ် တာဝန်ထမ်းခဲ့တယ် ။
  •                     ဦးသန့် ဟာ ကနေဒီနဲ့ ပေါင်းပြီး ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ်ဆီက  သဘောတူညီချက်တွေ ရခဲ့တယ် ။ သဘောတူညီချက်က  လူသိရှင်ကြားနဲ့ လျို့ဝှက် ဆိုပြီး ပုံစံ နှစ်မျိုးနဲ့ ပါ ။ လူသိရှင်ကြား သဘောတူညီချက်အရ ဆိုဗီယက်က ကျူးဘားမှာ တပ်ထားတဲ့   ဒုံးကျည်တွကို ပြန်ဖြုတ်ပြီး ဆိုဗီယက်ကို ပြန်သယ်သွားခဲ့တယ် ၊ အဲဒီအတွက် အမေရိကန်က ကျူးဘားကို ဘယ်တော့မှ မကျူးကျော်ပါဘူး လို့ ကတိပေးရတယ် ။  လျှို့ဝှက်သဘောတူညီချက်ကတော့ အမေရိကန်က တူရကီနဲ့ အီတလီမှာ သွားတပ်ထားတဲ့ ဒုံးကျည်တွေကို ဖြုတ်ပေးရပါတယ် ။ ( အမေရိကန်က အထက်ကချည်း နေချင်ပုံဘဲနော် ....သူ့ကျတော့ လျှို့ဝှက်၊ သူများကျတော့ ပေါ်တင် )
  •                          အရေးအခင်းပြီးတော့ ကနေဒီ က ဆိုတယ် .....''  ဦးသန့်ရဲ့ ကျေးဇူးကြွေးတွေဟာ
ကမ္ဘာကြီးအပေါ် များစွာ တင်သွားပါပြီ  U Thant has put the world deeply in his
debt . ''   တဲ့ ။
ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ်နဲ့ အမေရိကန်သမ္မတ ကနေဒီဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ်နဲ့ အမေရိကန်သမ္မတ ကနေဒီ
ဦးသန့်နဲ့ ဆိုဗီယက်ခေါင်းဆောင် ခရူးယှက်င်္ဗ ( ယာ )ဦးသန့်နဲ့ ဆိုဗီယက်ခေါင်းဆောင် ခရူးယှက်င်္ဗ ( ယာ )
  •                 ဒီကျူးဘားအရေးအခင်းမှာ အဲဒီလို အမေရိကန်က လူပုံအလယ် မျက်နှာမပျက်ရဘဲ ရှင်းလိုက်နိုင်တာကြောင့် တဖက်မှာတော့ ဆိုဗီယက်က သူခင်းတဲ့ ဇာတ်ကို မနိုင်သူ အဖြစ် ကမ္ဘာ့အလယ်မှာ မျက်နှာပျက်ရတယ် ။ ၀န်ကြီးချုပ် ခရူးရှက်ဗ်လည်း ဒီကိစ္စကြောင့် သိက္ခာတွေ အကြီအကျယ်ကျရပြီး  နောက် ( ၂ )  နှစ်အကြာမှာ ၀န်ကြီးချုပ်ရာထူးက ပြုတ်ပါတယ် ။
  •                 ဒီအတိုချုပ်ကလေးကို ဖတ်ကြည့်ရင် သမ္မတကနေဒီဟာ မွန်ရိုးနဲ့ ဇာတ်လမ်းဖြစ်နေတဲ့ ၁၉၆၂ မှာ ဘယ်လောက်ခေါင်းစားနေမလဲ ဆိုတာ မှန်းလို့ ရပါပြီ ။ ဘာကြောင့် FBI က ကွန်မြူနစ်တွေနဲ့ တွဲနေတဲ့ မွန်ရိုး ၊ ကနေဒီနဲ့ အကျွမ်းဝင်နေတဲ့ မွန်ရိုးကို မျက်စိဒေါက်ထောက်ကြည့်နေရသလဲ ဆိုတာ မှန်းလို့ရပြီ ထင်ပါတယ် ။ FBI အစီရင်ခံစာတစ်ခုမှာ မွန်ရိုးဟာ ကနေဒီနဲ့ တွေ့စဉ် နူးကလီးယားစမ်းသပ်မှုရဲ့ ကောင်းကျိုး ဆိုးကျိုး တွေကို ဆွေးနွေးတယ် လို ဆိုတယ် ။  သမ္မတက မွန်ရိုး  သူ့ဆီကို လွတ်လွတ်လပ်လပ် ဆက်သွယ်လို့ ရအောင် အမေရိကန်တရားရေး ဌာန ကတဆင့် ခေါ်လို့ရတဲ့ ဖုန်းနံပါတ် အထိပါ  မွန်ရိုးကို  ပေးထားတယ်ဆိုတာကလည်း မွန်ရိုးနဲ့ ကနေဒီ ရင်းနှီးမှုအတိုင်းအတာကို ဖော်ပြနေပါတယ် ။  ဒီလိုနဲ့ မွန်ရိုးဟာ သမ္မတရဲ့ security risk  ဖြစ်လာတာကြောင့် နှုတ်ပိတ်ခံရတာ ၊ သို့မဟုတ် သမ္မတနဲ့ ရင်းနှီးရာက မသိသင့်တာတွေ သိလာတယ် ၊ သိလွန်းတာကြောင့်  နှုတ်ပိတ်ခံရတယ်ဆိုတဲ့ ကောက်ချက်ဟာ ယနေ့ထိ တိုင်ရှိနေတာလည်း ဖြစ်ပါတယ် ။
မွန်ရိုးနဲ့ ကနေဒီ ညီအစ်ကိုမွန်ရိုးနဲ့ ကနေဒီ ညီအစ်ကို
မွန်ရိုးရဲ့ နောက်ဆုံးခရီးမွန်ရိုးရဲ့ နောက်ဆုံးခရီး
မွန်ရိုးသေတဲ့ အိပ်ခန်းမွန်ရိုးသေတဲ့ အိပ်ခန်း
  •                   နိဂုံးချုပ်ရရင်တော့  (  သူနဲ့ ရင်းနှီးသူ တစ်ယောက် ပြောသလို )  မှားယွင်းစွာ မွေးလာတဲ့ မွန်ရိုး ၊ ငယ်စဉ်က မွေးစားအိမ်တွေ လှည့်နေခဲ့ရတဲ့ မွန်ရိုး ၊ အမြဲ အထီးကျန်ဆန်ခံစားနေရတတ်တဲ့ မွန်ရိုးဟာ ဘ၀အဓိပါယ်ကို မှားယွင်းတဲ့ နေရာတွေမှာ ရှာရင်း သေခဲ့တယ် ၊ လှပစွာ ၊ အထီးကျန်စွာ နဲ့ ပဟေဠိဆန်စွာ သေခဲ့ပါတယ် ။ အခု သြဂုတ်လ ၅ ရက်နေ့ ဆို မွန်ရိုး လောကကြီးထဲက ထွက်ခွာသွားတာ အနှစ် ( ၅၀ ) ပြည့်ခဲ့ပါပြီ ။ ဒါပေမယ့် ယနေ့တိုင် အမေရိကန်ရဲ့ Pop Culture မှာ မာရီလင်မွန်ရိုးဟာ ထိပ်ဆုံးက နေရာယူဆဲ ၊ အမေရိကန်ရဲ့ ရုပ်ရှင်သမိုင်းက အအောင်မြင်ဆုံးများထဲမှာ ပါဆဲပါ ။
ကနေဒီရဲ့ ၄၅ နှစ်မြောက်မွေးနေ့မှာ မွန်ရိုးက  Happy Birthday, Mr.President သီချင်းကို ဆိုစဉ် ။ ဒီအင်္ကျီကို ၁၉၉၉ မှာ လေလံပစ်တော့ ဒေါ်လာ  ၁.၂၆  သန်းရခဲ့တယ် ။ကနေဒီရဲ့ ၄၅ နှစ်မြောက်မွေးနေ့မှာ မွန်ရိုးက Happy Birthday, Mr.President သီချင်းကို ဆိုစဉ် ။ ဒီအင်္ကျီကို ၁၉၉၉ မှာ လေလံပစ်တော့ ဒေါ်လာ ၁.၂၆ သန်းရခဲ့တယ် ။
စံပြမိသားစုဆိုတာ ဂလိုကိုး ( ကနေဒီနဲ့ သူ့ First Lady ...)စံပြမိသားစုဆိုတာ ဂလိုကိုး ( ကနေဒီနဲ့ သူ့ First Lady ...)
ကနေဒီနဲ့ မွန်ရိုး အိမ်ဖြူတော်ထဲက Oval Office မှာ ( ရှားပါးပုံမို့ အပိုင်း  ၁ မှာ ရော  ၂ မှာရော ထည့်ထားတာပါ )ကနေဒီနဲ့ မွန်ရိုး အိမ်ဖြူတော်ထဲက Oval Office မှာ ( ရှားပါးပုံမို့ အပိုင်း ၁ မှာ ရော ၂ မှာရော ထည့်ထားတာပါ )
သမ္မတကနေဒီနဲ့ သူ့အမျိုးသမီး ဂျက်ကလင်း ကနေဒီ  Jacqueline Kennedyသမ္မတကနေဒီနဲ့ သူ့အမျိုးသမီး ဂျက်ကလင်း ကနေဒီ Jacqueline Kennedy
  •                     ချီဂါကိုမှ မာရီလင်မွန်ရိုး ရုပ်ထုကြီးတည်ဆောက်ပုံကို ဖော်ပြလိုက်ပါတယ် ။ ၂၆ ပေမြင့်ပြီး Stainless Steel နဲ့ ၂၀၁၁ မှာ ဆောက်ခဲ့တာပါ ။
http://www.cbsnews.com/stories/2006/04/20/48hours/main1524970.shtml
http://www.trutv.com/library/crime/notorious_murders/celebrity/marilyn_monroe/7.html
http://www.walterdorn.org/pub/8
http://en.wikipedia.org/wiki/Marilyn_monroe
http://en.wikipedia.org/wiki/Death_of_Marilyn_Monroe
http://en.wikipedia.org/wiki/Cuban_Missile_Crisis
http://en.wikipedia.org/wiki/Operation_Mongoose
http://en.wikipedia.org/wiki/Bay_of_Pigs_Invasion
http://en.wikipedia.org/wiki/James_Dougherty_%28police_officer%29
http://en.wikipedia.org/wiki/Joe_DiMaggio
 August 4, 2012 at 11:05pm
 https://www.facebook.com/notes/spring-flowers/%E1%80%99%E1%80%AC%E1%80%9B%E1%80%AE%E1%80%9C%E1%80%84%E1%80%B9-%E1%80%99%E1%80%BC%E1%80%94%E1%80%B9%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8-%E1%80%98%E1%81%80%E1%80%94%E1%80%AD%E1%80%82%E1%80%B6%E1%80%AF%E1%80%B8%E1%80%99%E1%80%BD-%E1%80%B1%E1%80%9B%E1%82%8A%E1%80%9B%E1%80%90%E1%80%AF%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%82-/371879152883995
မူရင်း
မာရီလင် မွန်ရိုး ဘ၀နိဂုံးမှ ရွှေရတုတိုင် .............. အပိုင်း ( ၁ )
မှတ်ချက် ။    ။ မြန်မာ စာလုံးပေါင်းတချို့ မှားနေသည် ။ နောက်မှ ပြင်ပါမည် ။ အင်တာနက်ဆိုင်မှ ကီးဘုတ်ကြောင့် ပါ ။(Spring Flowers)
  •                   မာရီလင် မွန်ရိုးဟာ မိတ်ဆက်စရာမလိုတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ရုပ်ရှင်ပညာရှင်တွေ ၊ ဝေဖန်သူတွေများစွာပါဝင် ဆုံးဖြတ်တဲ့  American Film Institute ရဲ့ ရွေးချယ်မှုအရ မွန်ရိုးဟာ   အမေရိကန်ရုပ်ရှင်သမိုင်း မှာ အအောင်မြင် အကျော်ကြားဆုံး အမျိုးသမီး သရုပ်ဆောင် အယောက် ( ၅၀ )  မှာ နံပါတ် ( ၆ )  နေရာမှာ ပါဝင်ပါတယ် ။ ထင်ပေါ်ကျော်ကြားသလောက် သူ့ရဲ့ တိုတောင်းတဲ့ ဘ၀ဟာ အဖုအထစ်များပြီး ပြသာနာပေါင်းစုံခဲ့တယ်။ အသက် ( ၃၆ )  နှစ်မှာ စောစောစီးစီးကြွေလွင့်ခဲ့တဲ့ ဟောလိဝုဒ်က ကမ္ဘာကျော်မင်းသမီး မွန်းရိုးဟာ ငယ်ဘ၀က သေတဲ့အထိ ၀ိရောဒိတွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀တစ်ခုကို နေခဲ့သူပါ ။  အခု  ၂၀၁၂  သြဂုတ်လ ( ၅ )  ရက်နေ့ဆို မာရီလင် မွန်ရိုးသေတာ အနှစ် ( ၅၀ ) ပြည့်ခဲ့ပါပြီ ။ ဒါပေမယ့်  အချိန်မတိုင်မီ ကြွေလွင့်ခဲ့တဲ့ အဲဒီ မင်းသမီးချောဟာ ခုချိန်ထိ သူ့အနုပညာနဲ့ရော ၊  အံသြမှင်သက်စရာဇာတ်လမ်းတွေပြည့်နေတဲ့ သူ့ရဲ့ ဘ၀နဲ့ပါ ပရိသတ်ကို ဆွဲဆောင်နေဆဲပါ ။
အမည်ရင်း                       ...................Norma Jeane Mortenson
အနုပညာနာမည်              ...................Marilyn Monroe
မွေးရပ်မြေ                       ............. .....Los Angeles, California , U.S.A
မွေးနေ့                            ..................June 1 , 1926
အလုပ်အကိုင်                   ...................Actress, model, singer, film producer
ထင်ရှားတဲ့ ရုပ်ရှင်များထဲမှတချို့       .......Niagara, Gentlemen Prefer Blondes, River of No Return, The Seven Year Itch,  
                                           Some Like It Hot, The Misfits  
အိမ်ထောင်ဖက်များ           .................James Dougherty (married in 1942 – divorced in 1946)
                                                              Joe DiMaggio (married in  1954 – divorced in 1954)
                                                              Arthur Miller (married in  1956 – divorced in 1961)
မွန်ရိုးရဲ့ အမေ Gladys Monroeမွန်ရိုးရဲ့ အမေ Gladys Monroe
  •                     မွန်ရိုးရဲ့ ဘ၀ဇာတ်ကြောင်းကို တစေ့တစောင်း လေ့လာဖို့ဆိုရင် သူ့အမေ    Gladys    အကြောင်းကို ချန်ထားလို့မရပါဘူး ။ Gladys  ရဲ့ မျိုးရိုးမှာ   Schizophrenia  လို့ခေါ်တဲ့ မျိုးရိုးလိုက်တတ်တဲ့စိတ်ရောဂါပါပြီး Gladys   ရဲ့ အမေရော အဖွားပါ အဲဒီစိတ်ရောဂါကို ခံစားခဲ့ရတယ်လို့ ဆိုတယ် ။ Gladys ဟာ မွန်ရိုးကို ကိုယ်ဝန်ရှိချိန်မှာ ယောက်ျား  ( ၂ )  ယောက်နဲ့ တရားဝင်ကွာရှင်းပြီးသွားပြီး ကလေး  ( ၂ )  ယောက် ရနေခဲ့ပြီးပါပြီ ။ တတိယကိုယ်ဝန်ဖြစ်တဲ့ မွန်ရိုးရဲ့ အဖေဟာ ဘယ်သူဆိုတာတော့ ခုထိ ၀ိုးတိုးဝါးတာ ပါဘဲ ။ မွန်ရိုးရဲ့ မွေးစာရင်းပေါ်က အဖေနာမည်က Gladys ရဲ့ ကွာရှင်းပြီးသား ဒုတိယယောက်ျားနာမည်ပေမယ့် မွန်ရိုးကတော့ အဲဒါကို တသက်လုံး လက်မခံသွားပါဘူး ။ သူ့အဖေဟာ Gladys နဲ့ အလုပ်တွဲလုပ်ဖူးတဲ့ Stanley Gifford  ဆိုသူပါတဲ့ ။ အမေက သူ့ကို ပြခဲ့တဲ့ အဖေရဲ့ ပုံဟာ  Gifford  ပုံလို့သာ တွင်တွင်ပြောခဲ့တယ် ။ ဒီလို စကတည်းက ယဉ်သကိုး ဆိုတဲ့ ဇာတ်လမ်းမှာ ဘုမသိဘမသိ မွေးဖွားလာရသူ မွန်ရိုးဟာ လူ့လောကထဲ ရောက်ပြီး သိပ်မကြာခင်မှာဘဲ ယာယီမွေးစားမိဘ  foster parents  တွေဆီကို ရောက်သွားပါတော့တယ် ။
မွန်ရိုးက အဖေလို့ ပြောပြောနေတဲ့ Stanley Gifford ရဲ့ ပုံ ။ မွေးစာရင်းပေါ်မှာတော့ သူ့အဖေက နောက်တစ်ယောက်  ( Edward Mortenson ဆိုသူ ပါ ။ ဒါကြောင့်ဘဲ မာရီလင်မွန်ရိုးရဲ့ ငယ်နာမည်က Norma Jeane Mortenson ဖြစ်ပါတယ် )   ။မွန်ရိုးက အဖေလို့ ပြောပြောနေတဲ့ Stanley Gifford ရဲ့ ပုံ ။ မွေးစာရင်းပေါ်မှာတော့ သူ့အဖေက နောက်တစ်ယောက် ( Edward Mortenson ဆိုသူ ပါ ။ ဒါကြောင့်ဘဲ မာရီလင်မွန်ရိုးရဲ့ ငယ်နာမည်က Norma Jeane Mortenson ဖြစ်ပါတယ် ) ။
  •                       foster parents ဆိုတာက အမေရိကန်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေ သို့မဟုတ် ကိုယ်အင်္ဂါချွတ်ယွင်းပြီး စောင့်ရှောက်မယ့်သူမရှိတဲ့ လူတွေကို စောင့်ရှောက်ပေးတဲ့ အစိုးရလက်မှတ်ရထားတဲ့ စောင့်ရှောက်သူ  caregiver  တွေပါ ။ foster parents တွေကို အစိုးရက လစာပေးပြီး အဲဒီလို စောင့်ရှောက်မှုကိုတော့ foster care လို့ ခေါ်တယ် ။  စောင့်ရှောက်ခံရသူကိုတော့ ward of the state လို့ ခေါ်ပါသတဲ့ ။ တကယ်တော့ အဲဒီ  foster care နဲ့ စောင့်ရှောက်ခံရတဲ့ ကလေးတွေမှာ သူများထက်ပိုပြီး ကိုယ့်ကိုယ်ကို သတ်သေမှု များတယ် ၊ ပညာရေး မျှော်လင့်ချက်နည်းတယ် ၊ အဓိက ပြသာနာတွေထဲက တခုကတော့ ကလေးတွေကို မတရား အခွင့်အရေးယူ ခိုင်းစားတဲ့ child abuse ပါဘဲ ။  John Hopkins University က လုပ်တဲ့ စစ်တမ်းတခုအရ လိင်ပိုင်းဆိုင်ရာ   sexual abuse  လုပ်ခြင်းခံရတဲ့ foster children  တွေဟာ သာမန်ထက် လေးဆ များသတဲ့ ။ ဆက်ပြောရရင်  စိတ်မမှန်တဲ့ အမေရဲ့ သမီး မွန်ရိုးဟာ မွေးပြီး သိပ်မကြာခင်မှာဘဲ  ward of the state အဖြစ်သတ်မှတ်ခြင်းခံရပြီး ဆယ်ကျော်သက်ဘ၀ထိ နေခဲ့ရတဲ့  foster home  ပေါင်း ( ၁၁ )  အိမ်တိတိ ရှိပါသတဲ့ ။
အမေရင်း Gladys က ယာယီမွေးစားခံထားရတဲ့ မွန်ရိုးကို လာတွေ့စဉ်အမေရင်း Gladys က ယာယီမွေးစားခံထားရတဲ့ မွန်ရိုးကို လာတွေ့စဉ်
မွန်ရိုးငယ်စဉ်ကမွန်ရိုးငယ်စဉ်က
  •                       အဲဒီမွေးစားအိမ်တွေမှာ ကြုံဆုံခဲ့ရတဲ့ စိတ်မချမ်းမြေ့ဖွယ် အဖြစ်တွေဟာ မွန်ရိုးရဲ့ ကြီးစဉ်ဘ၀ကို များစွာ လွှမ်းမိုးမှု ရှိတယ် လို့ စိတ်ပညာရှင်တွေက ဆိုပါတယ် ။ လှပပြီး ချစ်စရာကောင်းတဲ့ သူ့ကို တရားဝင်အပြီးအပိုင် မွေးစားချင်သူတွေရှိပေမယ့် အမေရင်း  Gladys  က လက်မှတ်မထိုးတာကြောင့် foster home တွေမှာဘဲ အဆင်ပြေသလို သောင်တင်ခဲ့တယ် ။ အဲဒီအိမ်တွေက  ''မွေး''  ပြီး '' စား'' ချင်တဲ့  foster father  တွေ  foster brother  တွေရဲ့ sexually assault လုပ်မှုတွေကလည်း အလယ်တန်းကျောင်းသူ မွန်ရိုးကို စိတ်ဒဏ်ရာပေးခဲ့တဲ့ အဓိက အကြောင်းရင်းတစ်ခုလို့ ဆိုတယ် ။  Gladys ရဲ့ မထင်ရင် မထင်သလို လာလာပြီး အတင်းခေါ်ယူနှောက်ယှက်ခြင်းတွေကလည်း  သူနဲ့ မွေးစားအိမ်များကြားမှာ အဆင်မပြေမှုတစ်ခု ဖြစ်ခဲ့တယ် ။   
  •                    မွန်ရိုး အသက် ( ၁၅ ) နှစ်မှာဘဲ ( ၂၁ )  နှစ် အရွယ်  Jim ဆိုသူနဲ့ အိမ်ထောင်ကျပါတယ် ။ တကယ်တော့ ပေးစားလို့ ယူလိုက်တဲ့သဘောပါဘဲ ။ သူ့ရဲ့ မွေးစားအမေတစ်ယောက်က မွန်ရိုး ဘ၀တည်တည်ငြိမ်ငြိမ် ဖြစ်သွားအောင် အိမ်နီးနားချင်းတစ်ယောက်ရဲ့ သားဖြစ်သူ နဲ့ နားဖောက်ခဲ့တာပါ ။
မွန်ရိုးနဲ့ Jim တို့ မင်္ဂလာပွဲမွန်ရိုးနဲ့ Jim တို့ မင်္ဂလာပွဲ
  •                   ဒါပေမယ့် မွန်ရိုးနဲ့ Jim တို့ အိမ်ထောင်သက်တမ်း ( ၁ )  နှစ်လောက်မှာ Jim  ဟာ ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းဖို့ လိုက်သွားခဲ့တယ် ။  မွန်ရိုးဟာ တစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်မှာ လေယာဉ်စက်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့တယ် ။ လေယာဉ်အစိတ်အပိုင်းတွေကို မီးလောင်မှု ခံနိုင်စေတဲ့ ဆေးတွေ ဖျန်းရပြီး စစ်သားတွေဆီကို ပို့မယ့် လေထီးတွေကို စစ်ဆေးရတဲ့ အလုပ်ပါ ။ ဒီအလုပ်ဟာ သူ့ရဲ့ အထီးကျန်ဆန်မှုကို  မသက်သာစေဘဲ မွန်ရိုးဟာ အဲဒီအချိန်တွေကတည်းက အရက်ကို မကြာခဏ အဖော်ပြုခဲ့တယ် လို့ ဆိုတယ် ။ ဒါပေမယ့် အဲဒီအလုပ်ကဘဲ သူ့ကို ကမ္ဘာကျော်မင်းသမီးဖြစ်မယ့် လမ်းစပေါ်တင်ပေးခဲ့ပါတယ် ။ အကြောင်းကတော့ '' စစ်ကြီးကို တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ အမျိုးသမီးများ '' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓါတ်ပုံရိုက်ဖို့ ဆိုပြီး အမေရိကန်လေတပ်က ဓါတ်ပုံဆရာ Conover ဟာ မွန်ရိုးတို့ စက်ရုံကို ရောက်လာခဲ့တယ် ။ အမေရိကန်စစ်သားတွေ စိတ်ဓါတ်တက်ကြွစေဖို့၊ အမျိုးသမီးများကလည်း စစ်ကို ကူညီနေကြောင်း သိအောင် ရည်ရွယ်ပြီး ရိုက်တာပါ ။  တိုတိုပြောရရင်တော့ သူဟာ မွန်ရိုးရဲ့ အလှကို မျက်စိကျသွားပြီး တစ်ပတ် ၅ ဒေါ်လာနှုန်းနဲ့ မော်ဒယ်လုပ်ခိုင်းခဲ့တယ် ။ အဲဒိကနေတဆင့်  Blue Book ဆိုတဲ့ မော်ဒယ် အေဂျင်စီနဲ့ မွန်ရိုးကို ဆက်သွယ်ပေးခဲ့တယ် ။
ပထမအိမ်ထောင်  Jim စစ်မှုထမ်းသွားနေတုန်း  လေယာဉ်စက်ရုံ Radio Munition Factory မှာ အလုပ်လုပ်စဉ် ။ပထမအိမ်ထောင် Jim စစ်မှုထမ်းသွားနေတုန်း လေယာဉ်စက်ရုံ Radio Munition Factory မှာ အလုပ်လုပ်စဉ် ။
  •                    တစ်နှစ်အတွင်းမှာ မွန်ရိုးဟာ Blue Book ရဲ့ အအောင်မြင်ဆုံး မော်ဒယ်များထဲက တစ်ယောက်ဖြစ်လာပြီး မဂ္ဂဇင်း ၃၃ ခုမှာ မျက်နှာဖုံး ဖြစ်လာခဲ့တယ် ။ ဒီအတောအတွင်းမှာတော့ သူနဲ့ Jim တို့ရဲ့ အိမ်ထောင်ရေး ယိုယွင်းလာပြီး မော်ဒယ်မွန်ရိုးတစ်ယောက် ကိုကိုမောင်မောင်အသစ်တွေနဲ့ တွေ့ခဲ့တယ် ဆိုတယ် ။ ၁၉၄၆ မှာတော့ မွန်ရိုးနဲ့ Jim တို့ အိမ်ထောင်ရေး နိဂုံးချုပ်သွားခဲ့ပါတော့တယ် ။
  •                 ဒါပေမယ့် သူဟာ ရုပ်ရှင်ဘက်မှာ ရုတ်ချည်း အောင်မြင်ခဲ့တာတော့ မဟုတ်ပါဘူး ။ ( ၁၉၄၈ )  ကနေ  ( ၁၉၅၁ )  ထိ သုံးနှစ်တာကာလဟာ ရုပ်ရှင်လောကထဲ ၀င်စ မွန်ရိုးအဖို့ ရုန်ကန်ခဲ့ရတဲ့ နှစ်များပါဘဲ ။ ရုပ်ရှင်ကုပဏီတွေနဲ့ လပိုင်းလောက်ချုပ်တဲ့ စာချုပ်တွေပြည့်တိုင်း မွန်ရိုးဟာ အလုပ်လက်မဲ့နဲ့ ဘိုင်ပြတ်နေတတ်တယ် ။ သူဟာ 20 th Century Fox  ဆိုတဲ့ နာမည်ကြီး ရုပ်ရှင်ကုပဏီ တစ်ခုနဲ့ ( ၆) လစာချုပ် ချုပ်ရင်  ကုပဏီက သူ့နာမည်ရင်း    Norma Jeane Mortenson  ဆိုတာ တုံးလွန်းတယ် ဆိုရာက  Marilyn Monroe   ဆိုတဲ့ နာမည်ရခဲ့တာပါ  ။  သူ့ကို ကူညီတဲ့ ကုပဏီလူကြီးက သူဟာ ( ၁၉၂၀ )   နဲ့  ( ၁၉၃၀ )   ကြားကာလမှာ အရမ်းနာမည်ကြီးခဲ့တဲ့ မင်းသမီး   Marilyn Miller  နဲ့ တူတယ် ဆိုပြီး Marilyn ဆိုတဲ့ နာမည်ကို အကြံပြုခဲ့တယ် ၊ ဒါကို မွန်ရိုးက သူ့အမေ  Gladys Monroe ရဲ့ နာမည်   Monroe  ဆိုတာကို နောက်ကထည့်လိုက်တာကြောင့်   Marilyn Monroe  ဆိုပြီး ဖြစ်လာတာပါ ။ ဒီ နာမည်က ခေါ်ရတာ အဆင်ချောပြီး ဆွဲဆောင်မှုရှိတဲ့ အပြင်  M  နှစ်လုံးနဲ့ မို့ ကံကောင်းခြင်းသဘောဆောင်တယ် ဆိုပြီး ကုပဏီလူကြီးက ကျေနပ်သွားပါသတဲ့ ။ ( ငါတို့ဘဲ အယူသည်းသလား အောက်မေ့တယ် ၊ ထူးမခြားနားပါလား  )
မွန်ရိုးနဲ့ တူတယ်ဆိုကြတဲ့ ရုပ်ရှင်မင်းသမီး Marilyn Miller (   1898- 1936  )မွန်ရိုးနဲ့ တူတယ်ဆိုကြတဲ့ ရုပ်ရှင်မင်းသမီး Marilyn Miller ( 1898- 1936 )
  •                       တစ်ခါတော့ သူဟာ ဘိုင်ပြတ်လွန်းလို့ မော်ဒယ်အလုပ်ကို ပြန်လုပ်ရင်း ဓါတ်ပုံဆရာတစ်ယောက်အတွက် အ၀တ်မပါ ဗလာကျင်းပြီး မော်ဒယ်လုပ်ပေးမိခဲ့သတဲ့  ။ နီရဲနေတဲ့ ပိုးသားပေါ်မှာ ၀တ်လစ်စလစ်နဲ့ လဲလျောင်းပြီး ဓါတ်ပုံပေါင်းများစွာ အရိုက်ခံလို့ ရခဲ့တဲ့ ပိုက်ဆံက ဒေါ်လာ ( ၅၀ )  ပါ  ။  အဲဒီ တစ်ခါကလေး ဗလာကျင်းပြီး ရိုက်မိတဲ့ ဓါတ်ပုံတွေဟာ နောက် ( ၃ ) နှစ်အကြာ သူအောင်မြင်ချိန်မှာ ဒုက္ခပေးဖို့ ထွက်လာခဲ့တယ် ။ အကြောင်းကတော့  အဲဒီ ပုံတွေနဲ့ ကလင်ဒါတစ်ခု ထွက်လာပြီး မီဒီယာက အဲဒီ ကလင်ဒါပေါ်က ဗလာကျင်းနေတဲ့ မိန်းကလေးဟာ မာရီလင် မွန်ရိုးနဲ့ တူတယ် ဆိုပြီး ဇစ်မြစ်ကို လိုက်ပါတော့တယ် ။ ဒီတော့ မွန်ရိုးဟာ မထူးတဲ့အဆုံး အင်တာဗျူးတစ်ခု အမြန်ပေးပြီး အဲဒီမိန်းကလေးဟာ သူပါဘဲ ဆိုပြီး ဖြောင့်ချက်ပေးလိုက်သတဲ့ ။ ဘိုင်ကျလွန်းလို့ ဘ၀ရပ်တည်ရေးအတွက် အဲဒီတစ်ကြိမ်ဘဲ အဲဒီလို ရိုက်မိတာပါ လို့ သနားစဖွယ် ပြောတော့ ပိတ်သတ်ကြီးလည်း ဟတ်ထိကုန်ပြီး မကဲ့ရဲ့ မရှုံ့ချတဲ့ အပြင် အသနားတောင် ပိုသွားပါသတဲ့ ။ ဘယ်လိုဘဲ ကြော်ငြာကြော်ငြာ (  မကြော်ငြာတာထက်စာရင် ) ကောင်းတယ်  Any publicity is good publicity ဆိုတဲ့ စကားပုံဆိုးကြီးက မွန်ရိုးနဲ့ကျမှ ကွင်းခနဲ ဖြစ်သွားသတဲ့ ..........အဓိပါယ်ကို ပြောပါတယ်   ။
  •                  မွန်ရိုးကြိုးစားစဉ်ကာလ ၁၉၄၈ က ၅၁ အတွင်း ရိုက်ခဲ့တဲ့ ကားတွေထဲက တစ်ချို့ကို ပြောရရင် Love Happy  ၊  The Asphalt Jungle ၊  All about Eve ၊   Home Town Story   စတာတွေပါဘဲ ။ ဒီကားတွေကို ရိုက်ရင် နာမည်ကြီးလာတဲ့ မွန်ရိုးဟာ အထင်ကရ  ရုပ်ရှင်ထုတ်လုပ်ရေး  20 th Century Fox နဲ့ ( ၇ ) နှစ်စာချုပ် ချုပ်နိုင်ခဲ့တယ် ။ 1952 နောက်ပိုင်းမှာတော့ သူဟာ အမေရိကန်မှာ လူတိုင်းသိတဲ့ မင်းသမီးဖြစ်နေပါပြီ ။ အဲဒီနောက်ပိုင်း  သူရိုက်ခဲ့တဲ့ ကားတွေထဲမှာ ထင်ရှားတာတွေက  We're not married ၊  Don't bother to knock  ၊  Monkey Business ၊  Niagara  ၊  Gentlemen prefer blondes ၊  The Seven Year Itch ၊ River of no return ၊   Bus Stop   ၊  How to marry a Millionaire   ၊  There is no business like Show Business  စတာတွေပါဘဲ ။
Clash by Night (1952) ရုပ်ရှင် ဇာတ်ဝင်ခန်းတစ်ခုမှ မင်းသား  Keith Andes နှင့် ။Clash by Night (1952) ရုပ်ရှင် ဇာတ်ဝင်ခန်းတစ်ခုမှ မင်းသား Keith Andes နှင့် ။
Niagara ရုပ်ရှင်မှာ  Rose  အဖြစ် သရုပ်ဆောင်စဉ်Niagara ရုပ်ရှင်မှာ Rose အဖြစ် သရုပ်ဆောင်စဉ်
Gentlemen Prefer Blondes (1953) ရုပ်ရှင်မှ  Diamonds Are a Girl's Best Friend သီချင်းဆိုခန်းGentlemen Prefer Blondes (1953) ရုပ်ရှင်မှ Diamonds Are a Girl's Best Friend သီချင်းဆိုခန်း
  •                 ဒီရုပ်ရှင်တွေနဲ့ အတူ မွန်ရိုးဟာ ပုရိသတို့ အာရုံကို သိမ်းကျုံးယူနိုင်တဲ့ sex symbol ဖြစ်လာပါတယ် ။ ညှို့အားကောင်းတဲ့ အကြည့် ၊ ဖူးငုံပြီး ပွင့်အာမလို ဖြစ်နေတဲ့ နှုတ်ခမ်းရဲရဲ ၊ ရွှေရောင် ဆံနွယ်ကွေးကွေးတွေဟာ သူ့ရဲ့ trade marks တွေ ဖြစ်လာခဲ့တယ် ။ 1954 နောက်ပိုင်း ၃ နှစ်ဟာ မွန်ရိုးရဲ့ အနုပညာ အအောင်မြင်ဆုံး ကာလ ၊ ကမ္ဘာက သိလာတဲ့ ကာလ ပါဘဲ ။ အမေရိကန်ရဲ့ ကြေးအကြီးဆုံးမင်းသမီးတွေထဲမှာ ပါလာသခဲ့တယ် ။ အကယ်ဒမီဆုမရခဲ့ပေမယ့် ရုပ်ရှင်နဲ့ တီဗီမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူများရတဲ့ Golden Globe ကမ္ဘာလုံးဆုကို ရခဲ့သလို အီတလီနိုင်ငံရဲ့ ရုပ်ရှင်ဆုဖြစ်တဲ့ David di Donatello ဆုကိုလည်း ရခဲ့ပါတယ် ။
Bus Stop ရုပ်ရှင်တွင် ခပ်ပေါပေါလောလော အနုပညာအရည်အချင်း သိပ်မရှိသည့် Saloon singer တစ်ယောက်အဖြစ် သရုပ်ဆောင်စဉ်Bus Stop ရုပ်ရှင်တွင် ခပ်ပေါပေါလောလော အနုပညာအရည်အချင်း သိပ်မရှိသည့် Saloon singer တစ်ယောက်အဖြစ် သရုပ်ဆောင်စဉ်
  •                  တဖက်က အောင်မြင်လာတဲ့ မွန်ရိုးဟာ တခြားတဖက်မှာတော့ အချစ်ရေး အိမ်ထောင်ရေး တည်ငြိမ်တဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး ။ Jim နဲ့ ၁၉၄၆ မှာ ကွာရှင်းပြီးနောက် များစွာသော ပုရိသများနဲ့ တွေ့ခဲ့တယ် ။ တိုးတောင်းတဲ့ ဇာတ်လမ်းကလေးတွေ သာမန်ထက်ပိုတဲ့ ပတ်သက်မှုတွေ ဖြစ်ခဲ့ပေမယ့် ကွာရှင်းပြီး  နောက်ထပ် ( ၈ ) နှစ်လောက် တရားဝင်အိမ်ထောင်ပြုခြင်း မရှိခဲ့ပါဘူး ။ သူဟာ အရည်အချင်းရှိ ၊ ဇွဲကောင်းပြီး ပါရမီပါတဲ့ အနုပညာရှင်တစ်ယောက်လို့ သတ်မှတ်ခြင်းခံရပေမယ့် တဖက်ကလည်း စိတ်မတည်ငြိမ်သူ ၊ အလုပ်ကို သည်းမခံနိုင်လောက်အောင် နောက်ကျတတ်သူ ၊ စိတ်အပြောင်းအလဲ မြန်သူ အဖြစ်လည်း နာမည်ကြီးပါတယ် ။ သူ့ရဲ့ ငယ်ဘ၀ စိတ်ဒဏ်ရာတွေဘဲလား ၊ မျိုးရိုးလိုက်တတ်တဲ့ စိတ်ဂယောက်ဂယက်ရောဂါကဘဲ လက္ခဏာတွေ ပြချင်နေတာလားမသိ ၊ သူနဲ့ ရိုက်တဲ့ ဒါရိုက်တာတွေ ရုပ်ရှင်မင်းသားတွေဟာ မွန်ရိုးကို အတော်လက်လံပါသတဲ့ ၊ ဒါရိုက်တာတစ်ယောက်က ဆိုတယ် ၊ ''  မွန်ရိုးရဲ့ စိတ်ဟာ ခန့်မှန်းရအင်မတန်ခက်ပါတယ် ၊ ကျနော်တို့ဟာ သူနဲ့ မတွေရခင် ဒီနေ့ ဘယ်လို နေ့မျိုး ကြုံရမယ်ဆိုတာ ရင်တထိတ်ထိတ်နဲ့ပါဘဲ ''    တဲ့ ။
  •                    ပရိသတ်ကတော့ မွန်ရိုးရဲ့ အလှ အညု အနုပညာတွေမှာ နစ်မျောရုံမက သူ့ရဲ့ သနားစဖွယ် ငယ်ဘ၀ကိုလည်း ဂရုဏာသက်ကြပါတယ် ။ ၁၉၅၂ ခုနှစ်ထုတ် True Experiences ဆိုတဲ့ မဂ္ဂဇင်းမျက်နှာဖုံးက ပြုံးနေတဲ့ မွန်ရိုးရဲ့ ချစ်စဖွယ်မျက်နှာနဲ့ပါ ။  သူ့မျက်နှာဘေးမှာ ရေးထားတာက  ''  ကျမ ပျော်နေတဲ့ပုံပေါက်ပါသလား ။ အင်းလေ ....ဒီလိုဘဲ ဖြစ်သင့်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ကျမဟာ ငယ်ငယ်တုန်းက ဘယ်သူမှ မလိုချင်တဲ့ ကလေးတစ်ယောက်ပါ ။  ရည်မှန်းချက် အိပ်မက်တစ်ခုနဲ့ မိန်းကလေးတစ်ယောက်ဆိုပါတော့  ။ အဲဒီမိန်းကလေးဟာ သူ့အိပ်မက် အကောင်အထည်ပေါ်တာကို မြင်ခဲ့ရပြီလေ ။ ကျမနာမည် မာရီလင် မွန်ရိုးပါ ။ ကျမရဲ့ စင်ဒရဲလား ဆန်ဆန် ဇာတ်လမ်းလေးကို ဖတ်ကြပါရှင်  ''   တဲ့ ။ ဒီလို ဇာတ်လမ်းလေးတွေနဲ့လည်း မွန်ရိုးဟာ ပရိသတ်ရဲ့ အချစ်ကို ရခဲ့ပါတယ် ။
  •                 အဲဒီ ၁၉၅၂ မှာဘဲ သူဟာ သူ့ရဲ့ ဒုတိယအိမ်ထောင်ဖြစ်လာမယ့် ကမ္ဘာကျော် ဘေ့စ်ဘောသမား Joe diMaggio နဲ့ တွေ့တာပါ ။ Joe နဲ့လည်း တွဲရင်း ဟိုလူနဲ့ဘဲ ယူတော့မလိုလို ဒီလူနဲ့ဘဲ ယူတော့မလိုလို တိုင်ပတ်နေခဲ့ပါသေးတယ် ။ ဒါပေမယ့် ၂ နှစ်လောက်   ဇွဲကောင်းကောင်းနဲ့ ပိုးပန်းပြီနောက်  ( ၁၉၅၄ ) မှာ Joe  ဟာ မွန်ရိုးကို  တရားဝင်လက်ထပ်ခွင့်ရခဲ့တယ် ။ ( ၉ ) လအကြာမှာတော့ တရားဝင် ကွဲပါတယ် ။၊  Joe က စိတ်ပျက်စရာကောင်းအောင် သ၀န်တိုအချစ်ကြီးသလို မွန်ရိုးကလည်း စိတ်ပျက်စရာကောင်းလောက်အောင် စိတ်မတည်ငြိမ်သူ ၊ ဒီလိုနဲ့ ဟန်နီးမွန်းကာလမှာတင် ကွိုင်ကြပါတယ် ။ အကြောင်းကတော့ ဂျပန်ကို ဟန်နီးမွန်းထွက်ရင်း မွန်ရိုးက ကိုးရီးယားကိုသွားပြီး အမေရိကန်စစ်သား ၁၃၀၀၀ ကျော်ကို သုံးရက်တိတိ ဖျော်ဖြေတဲ့အတွက် Joe နဲ့ ရန်ဖြစ်တာတဲ့ ။ ဟွင့် ။ ဒီလိုဆိုလည်း အစကတည်းက မင်းသမီးကို ဘာလို့ယူတာတုန်း Joe ရယ် ။ နင့်အစား လေပါဒယ် ။
ကိုးရီးယားမှာ အမေရိကန် စစ်သားများအား ဖျော်ဖြေစဉ်ကိုးရီးယားမှာ အမေရိကန် စစ်သားများအား ဖျော်ဖြေစဉ်
ဲဒုတိယ တရားဝင် ယောက်ျား Joe နဲ့ မွန်ရိုဲးဒုတိယ တရားဝင် ယောက်ျား Joe နဲ့ မွန်ရိုး
  • (   ဒါပေမယ့်  Joe ဟာ မွန်ရိုးကို အတော် ချစ်ခဲ့သူလို့ ထင်ပါတယ် ။ မွန်ရိုးသေတော့ ဇာပနကို  Joe  က တာဝန်ယူစီမံပေးခဲ့ပြီး သေပြီး နောက်ထပ် အနှစ် ( ၂၀ ) ကြာတဲ့ အထိ  မွန်ရိုး အုတ်ဂူမှာ နှင်းဆီပန်းတွေ မပြတ်အောင် ပို့ပေးတာ  Joe  ပါဘဲ   )
မွန်ရိုးနဲ့  Joe diMaggioမွန်ရိုးနဲ့ Joe diMaggio
  •                ( ၁၉၅၄ ) မှာ မွန်ရိုးဟာ    (၇) နှစ်တာ တမ်းတမွတ်သိပ်ခြင်း  The Seven Year Itch   ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုကို နယူးယော့မှာ ရိုက်ခဲ့တယ် ။ မြေအောက်ရထား ဖြတ်သွားတဲ့ လေအရှိန်နဲ့ စကတ်လေမှာ ၀ဲသွားပုံဟာ နောက်ပိုင်းမှာ Pop Culture ရဲ့ နာမည်ကြီးပုံတစ်ခု ဖြစ်လာခဲ့တယ် ။ ဒါရိုက်တာ Billy Wilder ဟာ အဲဒီအခန်းကို စိတ်တိုင်းကျတဲ့ အထိ အကြိမ်ကြိမ်ကြိမ် ပြန်ရိုက်ခိုင်းခဲ့တယ် ။
တကယ့် ရိုက်ကွင်းတကယ့် ရိုက်ကွင်း
ချီဂါဂို မြို့မှ ၂၆ ပေ အမြင့်ရှိ Stainless Steel ဖြင့် လုပ်ထားသော မာရီလင် မွန်ရိုး၏ ရုပ်ထု ( 2011 မှာ ဆောက်ခဲ့သည် )ချီဂါဂို မြို့မှ ၂၆ ပေ အမြင့်ရှိ Stainless Steel ဖြင့် လုပ်ထားသော မာရီလင် မွန်ရိုး၏ ရုပ်ထု ( 2011 မှာ ဆောက်ခဲ့သည် )
  •                   ဧရာမ လူအုပ်ကြီးက အမေရိကန်ရဲ့  National Sex Symbol လို့ သတ်မှတ်ခြင်းခံရတဲ့ မာရီလင်မွန်ရိုးရဲ့ စကတ်လန်ခန်းကို ရိုးတိုးရွတ ကြည့်နေချိန် ရိုက်ကွင်းမှာ မွန်ရိုးရဲ့ ချစ်လင် Joe လည်း ရှိနေလေရဲ့ ။ အလွန်သ၀န်တိုတဲ့ Joe တစ်ယောက် အဲဒီအခန်းကို တစိမ့်စိမ့်ကြည့်ရင်း မကြည်နူးနိုင်ဘဲ ဒေါသတွေသာ တလိပ်လိပ် ထွက်နေမယ် ဆိုတာ ပြောဖို့တောင် မလို ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လူရှေ့သူရှေ့မှာ လင်မယားနှစ်ယောက် စကားအကြီးအကျယ်များပြီး သိပ်မကြာခင် မွန်ရိုးက Joe နဲ့ သူဇာတ်လမ်းပြတ်ပြီလို့ ကြေငြာခဲ့တယ် ။  ( ၁၉၅၄ )  ဇန်န၀ါရီက လက်ထပ်ခဲ့တဲ့ အိမ်ထောင်ရေးဟာ အဲဒီနှစ် နိုဝင်ဘာမှာဘဲ တရားဝင် တစ်စခန်း ရပ်သွားပါတော့တယ် ။
  •                     The Seven Year Itch  ဟာ အရမ်းအောင်မြင်ပြီး မွန်ရိုးရဲ့ အောင်မြင်မှုဟာ အထွတ်အထိပ်ကို ရောက်လာပါတယ် ။ အဲဒီရုပ်ရှင်ဟာ ဒေါ်လာ ရှစ်သန်းဝင်ငွေရှိခဲ့ပြီး အဲဒီပမာဏဟာ ၁၉၅၅ ခုနှစ် ငွေကြေးတန်ဖိုးနဲ့ဆို မနည်းတဲ့ ရုပ်ရှင်ဝင်ငွေဖြစ်ပါတယ် ။ မွန်ရိုးရဲ့ သရုပ်ဆောင်မှုဟာ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ခံရပြီး ရုပ်ရှင်လောကက သူ့အရှိန်အ၀ါကို ပိုကြီးသွားစေခဲ့တယ် ။ အရင်က အလုပ်နောက်ကျမှု ၊ ပျက်ကွက်မှုတွေကြောင့် 20 th Century Fox ရုပ်ရှင်ကုပဏီက သူ့နဲ့ အလုပ်လုပ်ဖို့ ရွှေ့ဆိုင်းထားခဲ့တာ အခုတော့ သူ့ကို ပြန်ပြီး သုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ မွန်ရိုးဟာ 20 th Century Fox နဲ့ (၇)  နှစ်အတွင်း ရုပ်ရှင်  ( ၄ ) ကား  ရိုက်ဖို့ စာချုပ်ချုပ်ခဲ့ပြီး  တခြားကုမဏီတွေအတွက်လည်း ရိုက်ပေးလို့ရတဲ့ အခွင့်အရေးရခဲ့တယ် ။ ဒါတင်မက သူက သဘောမကျရင် ဇာတ်ညွှန်း ၊ ဒါရိုက်တာ ၊ ရိုက်ကွင်းတာဝန်ခံ တို့ကိုလည်း ငြင်းပိုင်ခွင့်ရခဲ့တယ် ။ သူတည်ထောင်တဲ့ Marilyn Monroe Productions  ဟာလည်း သူ့ရုပ်ရှင်တိုင်းက ဒေါ်လာငွေ တစ်သိန်းစီးရတဲ့အပြင် အဲဒီရုပ်ရှင်တွေရဲ့ အမြတ်ငွေကို အချိုးကျ ခံစားခွင့်ရခဲ့တယ် ။
  •                           ၁၉၅၅ မှာ မွန်ရိုးဟာ သူ့ရဲ့ တတိယယောက်ျားဖြစ်လာမယ့် နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ Arthur Miller နဲ့ ဆုံဆည်းခဲ့တယ် ။ မွန်ရိုးရဲ့ နောက်ဆုံး ( ပြီးဆုံးတဲ့ အထိ ရိုက်ခဲ့တဲ့ နောက်ဆုံး ) ရုပ်ရှင်  The Misfits ကို  Miller  က ဇာတ်ညွှန်းရေးပေးခဲ့တာပါ ။ The Misfits ကို စရိုက်တဲ့ ၁၉၆၀ မှာ မွန်ရိုးရဲ့ ကျန်းမာရေး ပိုယိုယွင်းလာခဲ့တယ် ။ အိပ်မပျော်တဲ့ ရောဂါနဲ့ တပါတည်း စိတ်ကျရောဂါပါ ခံစားလာရတာကြောင့် အိပ်ဆေးအလွန်အကျွံသုံးစွဲလာတာဟာ တဖြည်းဖြည်းနဲ့ ပိုလို့သာ ဆိုးလာခဲ့တယ် ။ ဒါကြောင့် သူဟာ စိတ်ရောဂါကုဆရာဝန်နဲ့ ပြရတဲ့ အဆင့်ကို ရောက်လာပါတော့တယ် ။ ဆရာဝန်က သူ့ရဲ့ ဆေးသုံးမှုအတိုင်းအတာကို ကြည့်ပြီး အတော်လန့်သွားသတဲ့ ။
မွန်ရိုးရဲ့ တတိယ တရားဝင် ယောက်ျား Arther Millerမွန်ရိုးရဲ့ တတိယ တရားဝင် ယောက်ျား Arther Miller
  •                   ဒါပေမယ့် မွန်ရိုးဟာ အဲဒီနောက်မှာလည်း  ဆေးပြတ်ဖို့ ဆရာဝန်ညွှန်ကြားချက်တွေကို အတိအကျ မလိုက်နာလို့ လူမသိသူမသိ ဆေးရုံရောက်ရတဲ့ အကြိမ်တွေလည်း ရှိခဲ့တယ် ။ ရင်းနှီးသူတချို့ကတော့ မွန်ရိုးဟာ သေလောက်အောင် စိတ်ဒဏ်ရာ ရထားသူ ၊ ထင်တာထက် ပိုပြီး စိတ်ဝေဒနာ ခံစားနေရသူ လို့ ဆိုတယ် ။ သူနဲ့ Miller တို့ရဲ့ အိမ်ထောင်ရေး အက်ကြောင်းလည်း ပိုကြီးလာခဲ့တယ် ။ လူရှေ့သူရှေ့ ရန်ပွဲတွေ အကြိမ်စိပ်လာပါတယ် ။ ရုပ်ရှင်လောကသားတွေ အဖို့လည်း မွန်ရိုးနဲ့ ရိုက်မယ့် အစား ကျားမြီးသာ ပြေးဆွဲလိုက်ချင်တော့တယ် ဆိုတဲ့ အထိ စိတ်ပျက်လက်လံကြသတဲ့ ။
  •                  The Misfits မှာ တွဲရိုက်ခဲ့တဲ့ ရုပ်ရှင်မင်းသား Clark Gable ဟာ ရုပ်ရှင်အပြီးမှာ နှလုံးရောဂါနဲ့  ကွယ်လွန်ခဲ့ပါတယ် ။ သူ့မိန်းမက  ''  Gable သေရတာ အဲဒီရုပ်ရှင် ရှူတင်တွေမှာ တနေကုန်တနေခန်း ထိုင်စောင့်ခဲ့ရတာတွေလည်း ပါတယ် '' လို့ ဆိုသတဲ့ ။ ဘယ်သူ့ကို စောင့်ခဲ့ရမှန်း နာမည်ထည့်မပြောပေမယ့်  ဘယ်သူ့ကို ရည်ရွယ်မှန်း လူတိုင်းသိနေတဲ့ စကားပါဘဲ ။ မွန်ရိုးက မီဒီယာမှာ ပွင့်ပွင့်လင်းလင်း မ၀န်ခံပေမယ့် ရင်းနှီးသူတစ်ယောက်ကိုတော့  ''  Gable ကို ကောင်းကောင်းမဆက်ဆံမိတာ နောင်တရမိတယ် ။ ကျမမှာလည်း စိတ်ဆင်းရဲစရာ စိတ်ဓါတ်ကျစရာတွေနဲ့ မို့ပါ  '' လို့ ဆိုသတဲ့ ။
  •                 ရင်းနှီးသူ တစ်ယောက်ကတော့  '' မွန်ရိုးဟာ ဘ၀ အဓိပါယ်ကို လိုက်ရှာနေတယ် ....ဒါပေမယ့်  မှားယွင်းတဲ့ နေရာတွေမှာ လိုက်ရှာနေတာက ပြသာနာပါဘဲ  ''  လို့ ဆိုတယ် ။
  •                ၁၉၆၁ မှာ Miller နဲ့ ကွဲပြန်တယ် ။ မွန်ရိုးအတွက် လောကကြီးမှာ နေဖို့ အချိန်လည်း သိပ်မကျန်တော့ ။
  •                 မွန်ရိုးဟာ သေမယ့်နှစ် ( ၁၉၆၂ )  တလျှောက်လုံး ရှူတင်တွေ ပိုပျက်လာခဲ့တယ် ။ ခဏခဏနေမကောင်းဖြစ်ပြီး သရုပ်မဆောင်နိုင်ဖြစ်ခဲ့တယ် ။ ဒီကြားထဲကမှ သေမယ့် နှစ်ကျမှ စစ်ထဲဝင် ဆိုသလို အမေရိကန်သမ္မတနဲ့မှ သွားပတ်သက်မိပါတယ် ။
အမေရိကန်သမ္မတ John F.Kennedy  နဲ့အမေရိကန်သမ္မတ John F.Kennedy နဲ့
  •                     အကြောင်းကတော့ ဟောလိဝုဒ်မင်းသားတစ်ယောက်ဖြစ်တဲ့ Peter Lawford ဟာ အမေရိကန်သမ္မတ John F. Kennedy ရဲ့ ယောက်ဖပါတဲ့ ။ သူကတဆင့် မွန်ရိုးဟာ သမ္မတနဲ့ သမ္မတရဲ့ ညီ   Robert  Kennedy တို့နဲ့ ( တိုတိုပြောရရင် )  ပြိုင်တူ ဇာတ်လမ်းဖြစ်မိသတဲ့ ။   Robert  ထက် သမ္မတ John F. Kennedy  နဲ့ ဇာတ်လမ်းက ပိုပြီး လူသိများပြီး မွန်ရိုးဟာ တနေ့သမ္မတကတော်ဖြစ်မယ်ဆိုပြီး လေထဲမှာ တိုက်အိမ်ဆောက်ခဲ့တယ် လို့ဆိုကြတယ် ။  မွန်ရိုးရယ် .......နေမကောင်းတဲ့ ကြားထဲက ဒါတွေ လုပ်နိုင်သေးသလားကွယ် .........။ ဟို နှစ်ယောက်ကလည်း အမေရိကန်နိုင်ငံရဲ့ National Sex Symbol ဖြစ်တဲ့ ကမ္ဘာကျော်မင်းသမီးကို ကြိုက်တာတကဏ္ဍ.....။ သူတို့မှာက မယားကြီး ငုတ်တုတ် ၊ သားသမီးတွေနဲ့ ။ နိုင်ငံရေးနယ်ပယ်မှာ နှစ်ယောက်စလုံး သစ္စာရှိတဲ့ လင်ယောက်ျား ၊ စံပြဖခင်တွေအဖြစ် ဂုဏ်သရေ ရှိနေကြတာတဲ့ ............။ ဟင် ......။
အမေရိကန် သမ္မတ  John F.Kennedy  နဲ့ သူ့ဇနီး ဂျက်ကလင်း ကနေဒီအမေရိကန် သမ္မတ John F.Kennedy နဲ့ သူ့ဇနီး ဂျက်ကလင်း ကနေဒီ
ကနေဒီနဲ့ မွန်ရိုး အိမ်ဖြူတော်ထဲက   Oval Office မှာကနေဒီနဲ့ မွန်ရိုး အိမ်ဖြူတော်ထဲက Oval Office မှာ
                                   ************************************************
                                  ၁၉၆၂ သြဂုတ်လ ( ၅ ) ရက်နေ့မနက်မှာ မွန်ရိုးရဲ့ အသက်မဲ့နေတဲ့ ခန္ဒာကိုယ်ကို သူ့အိပ်ခန်းထဲမှာ အိမ်ဖော်လုပ်သူက တွေ့ခဲ့ပါတယ် ။ သက်ဆိုင်ရာက စစ်ဆေးချက်အရ barbiturate လို့ ခေါ်တဲ့ စိတ်ငြိမ်ဆေးတစ်မျိုး အသောက်လွန်ပြီး သေတယ် ၊ မိမိကိုယ်ကိုယ်သတ်သေတာ ဖြစ်နိုင်တယ်လို့ ဆိုပြီး ( တိုတိုပြောရရင် ) ရဲက အမှုကို ပိတ်လိုက်ပါတယ် ။ ဒါပေမယ့် မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုမှု ၊ မှုခင်းရဲတွေရဲ့ စစ်ဆေးချက်တွေနဲ့ မွန်ရိုးသေပြီး အနှစ် ( ၂၀ ) ကျော်အကြာမှာ ပြန်လုပ်တဲ့ စစ်ဆေးချက်တွေအရ အသတ်ခံရတာ ဖြစ်နိုင်တယ် ဆိုတဲ့ သံသယဟာ ဘယ်တော့ မှ ပျောက်မသွားခဲ့ပါ  ။ မွန်ရိုးဘယ်လိုသေတာလဲ ၊ ဘာကြောင့်လဲ စတဲ့ သီအိုရီများစွာဟာ ယနေ့ထိ ရှိနေဆဲ ။  အဲဒီသီအိုရီများစွာမှာ သတ်သေခြင်း ၊ မတော်တဆ ဆေးအသောက်လွန်ခြင်း တွေအပြင်  အမေရိကန်သမ္မတနဲ့ ပတ်သက်မိလို့ နှုတ်ပိတ်ခံရတာ ဆိုတဲ့ ခန့်မှန်းချက်ကတော့ အတော် ဟော့ပါတယ် ။
**** ဆက်သိလိုသူများ အပိုင်း ( ၂ ) ကို ဖတ်ပါရန် ..............။  Note မှာ တင်ထားပြီး ဖြစ်ပါကြောင်း ****
( အပိုင်း ၂ ကို ဖတ်ပါရန် လို့ ရေးထားတဲ့ ကြားထဲက အပိုင်း ၂ ကို မျှော်နေမယ် လို့ လာလာမန့်ကြလွန်းလို့ ကြိုပြောထားတာ......ဟီး .......ရေးတဲ့လူ အမောဆို့အောင်တော့ မလုပ်ပါနဲ့ဟယ် ....Note  ကို Click ပြီး ရှာတာလောက်တော့ လုပ်ကြပါ ....ဟင့်  )
August 4, 2012 at 11:04pm
 https://www.facebook.com/notes/spring-flowers/%E1%80%99%E1%80%AC%E1%80%9B%E1%80%AE%E1%80%9C%E1%80%84%E1%80%B9-%E1%80%99%E1%80%BC%E1%80%94%E1%80%B9%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8-%E1%80%98%E1%81%80%E1%80%94%E1%80%AD%E1%80%82%E1%80%B6%E1%80%AF%E1%80%B8%E1%80%99%E1%80%BD-%E1%80%B1%E1%80%9B%E1%82%8A%E1%80%9B%E1%80%90%E1%80%AF%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%81-/370907329647844 
မူရင်း