Monday 8 August 2011

တင်သွင်းသင့်သည့် အဆိုတစ်ခု

by Save Irrawaddy on Monday, August 8, 2011 at 12:30pm

ဒုတိယအကြိမ်ခေါ်ယူမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွက် လွှတ်တော်အမတ်မင်းများ ပြင်ဆင်နေကြသည်ဟု ကြားသိရပါသည်။ ပထမအကြိမ်က ပယ်ချခံခဲ့ရသော အဆိုများကို ပြန်လည်တင်သွင်းရန် အားခဲထားကြသကဲ့သို့ လွှတ်တော်မှ ပထမအကြိမ် ပြန်လာပြီးသည့်နောက်ပိုင်း မိမိ ကိုယ်စားပြုရာ ဒေသများတွင် တွေ့ကြုံနေရသော အခက်အခဲ အသစ်များကိုလည်း စနစ်တကျ သုတေသနပြုကာ ပြန်လည်တင်သွင်းရန် ကြိုးပမ်းနေကြ သည်ဟု သိရရာ များစွာ နှစ်ထောင်းအားရ ဖြစ်မိပါသည်။
အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်တန့် နိုင်ရန် အဆိုများ တင်သွင်းကြမည်ဟု ဆိုကြသဖြင့်လည်း လွှတ်တော်ပေါ်မှ ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးသည့် ပြည်တွင်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအကြောင်းကိုလည်း မကြာမီ ကြားသိရတော့မည်ဖြစ်ပါသည်။


ပထမအကြိမ် လွှတ်တော်ခေါ်ယူစဉ်က ယခင်အစိုးရဟောင်းက အာဏာလွှဲခြင်းဖြစ်၍ အဆိုများ ပယ်ချခံရသည်ဟု ဆိုကြသလို၊ ဝန်ကြီးများက မိမိကိုယ်ကို ကာကွယ်ထွက်ဆိုသွားကြ၍ အဆိုများ မအောင်မြင်ခဲ့ကြဟုလည်း ဆိုကြပါသည်။ ယခု တစ်ကြိမ်သည် ပထမအကြိမ်ကနှင့်စာလျှင် များစွာ မျှော်လင့်ချက်ရှိကြမည်ဟုလည်း ဆိုကြပါသည်။ သို့ရာတွင် အင်အားကြီးပါတီ၏ အကျိုးစီးပွားကို ထိခိုက်နိုင်သော အဆိုများမှာ အောင်မြင်နိုင်ဖွယ် မရှိသည် မှာလည်း သေချာသလောက်ပင် ဖြစ်နေပါသည်။ သို့ရာတွင် တမျိုးသားလုံးအတွက် အကျိုးရှိမည့် ဥပဒေများမှာ အတည်ပြုနိုင်ဖွယ် ရှိကြောင်းလည်း အကောင်းမြင်သူတို့က မြင်ကြပါသည်။ သူ့ဘက် ကိုယ့်ဘက် မခွဲခြားဘဲ တိုင်းပြည်အတွက် အမှန်တကယ် အကျိုး ဖြစ်ထွန်းမည့် ဥပဒေကြမ်းများတင်သွင်း၍ အတည်ပြုနိုင်ပါလျှင် အတိုက်အခံတို့အနေဖြင့် မိမိပါတီက တင်သွင်းသော အဆို အောင်မြင်သဖြင့် ပြည်သူလူထု နှစ်သက်မှု ရနိုင်သလို အတည်ပြုနိုင်ရန် အတွက် အင်ပြည့်အားပြည့် ထောက်ခံမှုပေးသော အင်အားကြီးပါတီအပေါ်လည်း ပြည်သူများ၏ တိမ်းညွတ်မှု ပိုမိုရရှိလာပါလိမ့်မည်။ ထို့ကြောင့် တစ်မျိုး သားလုံး အကျိုးရှိမည့်အနက်မှ အရေးကြီးဆုံးသော ကိစ္စတစ်ရပ်ကို ဥပဒေကြမ်းအဖြစ် တင်သွင်းရန် အကြံပြုလိုပါသည်။ ထိုကိစ္စမှာ မြစ်ဆုံတွင် တရုတ် နိုင်ငံနှင့် ပူးပေါင်း၍ ရေကာတာ တည်ဆောက်မည့် စီမံကိန်းကို ရပ်တန့်ရန်အတွက် အဆိုများ တင်သွင်းကြရန် ဖြစ်ပါသည်။ ဤကိစ္စသည် ကချင်ပြည် နယ်နှင့် သာမက မြန်မာတစ်နိုင်ငံလုံးနှင့် ဆက်စပ်လျက်ရှိပြီး ဧရာဝတီမြစ်ဝှမ်းကို အမှီပြု၍ ယဉ်ကျေးမှုထွန်းကားခဲ့သော မြန်မာဟူသော လူမျိုးပါ ပျောက် ကွယ်သွားနိုင်သည့် အခြေအနေကြောင့်ပင် ဖြစ်ပါသည်။

ယခုတည်ဆောက်မည့် စီမံကိန်းသည် စင်္ကာပူနိုင်ငံထက်ကြီးပြီး နယူးယောက်မြို့ခန့်ကျယ်ဝန်းပါသည်။ ထိုရေကာတာသည် ကမ္ဘာပေါ်တွင် ၁၅ခု မြောက် အကြီးဆုံးရေကာတာလည်း ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဖွယ်ရာ ဖြစ်နေသော်လည်း သေချာစွာ လေ့လာကြည့်လိုက်မည် ဆိုပါက မပေါက်ကွဲသေးသည့် အနုမြူဗုံးတစ်လုံးကို ထမ်းပိုးထားရသည်နှင့် တူနေပါသည်။ ဘေးအန္တရာယ်သက်သက်ကြည့်လျှင် ထိုရေကာတာမှ ရေပမာဏက စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောကြီးကို သွားရောက်လှုံ့ဆော်ပြီး အကယ်၍ ငလျင်လှုပ်ခဲ့ပြီး ရေကာတာပြိုပျက်ခဲ့လျှင် မြစ်ကြီးနားမြို့မှာ စက္ကန့် နှစ်ဆယ်အတွင်း ပျောက်ကွယ်သွားနိုင်သည်ဟု ဆိုပါသည်။ ထို့ပြင် နုန်းပို့ချမှုတန့်သွားပြီး ရေစီးရေလာ ရပ်သွားကာ ဧရာဝတီမြစ်ကြောင်း ကောသွားမည့် အခြေအနေနှင့်ရင်ဆိုရနိုင်ပါသည်။ ဂေဟစနစ်များလည်း ပျက်ယွင်းသွားကာ ဧရာဝတီလင်းပိုင်ကဲ့သို့ ရှားပါးမျိုးစိတ်များလည်း ပျောက်ကွယ် သွားပါလိမ့် မည်။ သို့ဆိုလျှင် ယင်းကမ္ဘာကျော်မြစ်ကြီးကို အမှီပြု၍ လူသားယဉ်ကျေးမှု စခဲ့ရသော မြန်မာလူမျိုးလည်း ပျောက်ကွယ်သွားပါလိမ့်မည်။ မြစ်ဝကျွန်းပေါ် ဘက်တွင် ရေပြတ်တောက်ခြင်းကြောင့် စိုက်ပျိုးမြေဧရိယာ အမြောက်အများ ဆုံးရှုံးပါမည်။ မြစ်ဝကျွန်းပေါ်ဒေသသည် ဧရာဝတီမြစ်ကြီး၏ နုန်းပို့ချမှုကြောင့် ဖြစ်ပေါ်လာသော ဒေသ ဖြစ်ပါသည်။ ရေမစီးသောကြောင့် ပင်လယ်ရေများ မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်လာနိုင်ပြီး တစ်ချိန်ချိန်တွင် ပင်လယ် ရေအောက်မြုပ်သွားဖွယ်ရာ ရှိပါသည်။

စီးပွားရေးအရ ကြည့်လျှင် ရေကာတာမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား၏ ၉၉ % ကို တရုတ်နိုင်ငံကို ရောင်းချပြီး ကျန်သည့်  ၁% ခန့်သာ မြန်မာ ပြည်တွင် သုံးစွဲခွင့်ရရှိမည်ဖြစ်ကာ အဆိုပါလျှပ်စစ်ဓာတ်အားသည်  မြစ်ဝကျွန်းပေါ်၏ စိုက်ပျိုးရေးမှ ရရှိသော ဂျီဒီပီကို ကာမိစေသော စက်မှုလုပ်ငန်းများ ဖန်တီးပေးနိုင်လိမ့်မည် မဟုတ်ဟု ယူဆရနိုင်ပါသည်။ ယင်းအကျိုးအမြတ် ရရှိစေကာမူ ဆန်စပါးကို ပြည်ပမှ တင်သွင်းရမည့် အခြေအနေမျိုး ရောက်သွားနိုင်ပါသည်။ စိုက်ပျိုးရေးနယ်ပယ်မှ လုပ်သားအင် အားစုမှာ ပြည်ပနိုင်ငံများသို့ထွက်ခွာသွားကြပါလိမ့်မည်။ တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားစုကြီး ဆုံးရှုံးခြင်းပင် ဖြစ်ပါလိမ့်မည်။

တရုတ်နိုင်ငံဘက်မှ ပညာရှင်များပါဝင်သည့် အဖွဲ့က အဆင့် ၁၀ ဆင့်ဖြင့် လေ့လာတိုင်းတာရာတွင် ပထမ အဆင့်၌ပင် ဤစီမံကိန်းကို ဆက်လက် တည်ဆောက်ရန် မသင့်ကြောင်း အဆိုပြုခဲ့သော်လည်း တရုတ်နှင့် မြန်မာအစိုးရပိုင်းက မသိကျွိုးကျွံ့ ပြုနေကြကြောင်း ပညာရှင်တို့က ဆိုပါသည်။ ဤစီမံကိန်းသာ ဖြစ်မြောက်ခဲ့ပါက မြန်မာနိုင်ငံအတွက် ဝမ်းနည်ဖွယ် ဖြစ်ရပ်ဆိုးကြီးနှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း သတိပေးထားခဲ့ပြီး ပြည်တွင်းပြည်ပ လေ့လာရေးသမားများ၊ အန်ဂျီအိုများကလည်း အလွန်အန္တရာယ်ကြီးကြောင်း အထောက်အထားများ စုဆောင်းပြသလျက် ရှိနေပါသည်။

ယခုပင်လျှင် စတင်နေသော စီမံကိန်းများကြောင့် လယ်ယာနှင့် ရွာများ ဖျက်သိမ်းခံလိုက်ရသော တိုင်းရင်းသား လူမျိုးစု များသည်  ထိုက်တန်သော လျော်ကြေးမရရှိခြင်း၊ အတင်းအဓမ္မဖယ်ရှားခံရခြင်းတို့ကြောင့် စိတ်ဒုက္ခများ ခံစားရလျက်ရှိပြီး အဆိုပါ ခံစားမှုများသည် ယခင်တည်းက ရှိနှင့်ပြီးဖြစ်သော မြန်မာအစိုးရအပေါ် မုန်းတီးမှုများကို ပိုမိုတိုးပွားစေပါသည်။ ထို့ကြောင့်  အဆိုပါ စီမံကိန်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း အလှမ်းဝေး စေမည့် အကြောင်းအရင်းတစ်ရပ်အဖြစ်လည်း ရှိနေပါသည်။

အစိုးရအနေဖြင့် ဤစီမံကိန်းကို ရပ်တန့်နိုင်ပါက နောင်ရွေးကောက်ပွဲများတွင် မဲမသမာမှု တစ်စုံတစ်ရာမရှိဘဲ ဆက်လက်အနိုင်ရနိုင်ပြီး  ယင်းနယ်မြေမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း အထိုက်အလျောက် ပြေလည်မှုများရရှိကာ အမှန်တကယ် ငြိမ်းချမ်းရေး လုံးဝဥသုံရရှိခဲ့ပါမူ အစိုးရအဖွဲ့ကို ဦးဆောင်သူ သမ္မတကြီးသည် နိုဗယ်ဆုပင် ရနိုင်သည်ဟု အခိုင်အမာဆိုကြသူများလည်းရှိနေပါသည်။ လက်ရှိ အင်အားကြီးပါတီ အနေဖြင့် လည်း အဆိုပါစီမံကိန်းကို ရပ်တန့်ရန် ထောက်ခံခဲ့ပါက မြန်မာပြည်သူလူထု တစ်ရပ်လုံးကို ကယ်တင်ခဲ့သော ပါတီအဖြစ် ချက်ချင်းပြောင်းလဲသွားမည် ဖြစ်ကာ လူထု၏ ယုံကြည်ကိုးစားမှုကို ရရှိစေပါလိမ့်မည်။

အထက်ပါ အချက်အလက်များသည် ပုံနှိပ်နှင့် အင်တာနက်မီဒီယာများပေါ်မှ အခြေခံထားခြင်းဖြစ်ပြီး လွှတ်တော်အမတ်များအနေဖြင့် ပိုမိုတိကျ သော အချက်အလက်များကို ပညာရှင်များထံမှ ရယူစုဆောင်းကာ မြစ်ဆုံတွင် ရေကာတာတည်ဆောက်ရေး စီမံကိန်းပယ်ဖျက်ရန်ဟူသော ဥပဒေကြမ်း တစ်စောင် ရေးသားပြီး တင်သွင်းသင့်ပါကြောင်း အကြံပြု တင်ပြလိုခြင်းဖြစ်ပါသည်။

Transparency Myanmar

No comments: