Friday 5 August 2011
လူမှုကွန်ရက်ဝက်ဘ်ဆိုက်များသုံး၍ ကိုယ့်လုပ်ငန်းအတွက် အိုင်ဒီယာများ ရယူခြင်း
တစ်ယောက်အားဖြင့်ယူသော်မရ၊ အများအားဖြင့် ယူသော်ရ၏ ဟူသော စကားပုံတွင်ပါသော အများ“အား”ဟူသည် မည်သို့သော အများအားကို ဆိုလိုပါသနည်း။ လူများတိုင်း အားဖြစ်ရောလား။ အရေအတွက်များတိုင်း အင်အားရှိတယ် ထိရောက်တယ် ခေါ်လို့ ရရောလား။ စဉ်းစားစရာဖြစ်သည်။
            ယနေ့လို အင်တာနက် ဆက်သွယ်ရေးတွေ အလွန်အမင်း မြန်ဆန်လွယ်ကူလာချိန်၊ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ၏ ကူးလူးဆက်သွယ်ပေးနိုင်မှုက အလွန်အမင်း ထိရောက်လာချိန်မှာ ကမ္ဘာ့ဘယ်နေရာကလူနဲ့ဖြစ်ဖြစ် ဆက်သွယ် ပြောဆိုနိုင်လာပြီဖြစ်ရာ လူများများရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရယူဖို့က အလွန်ကို လွယ်ကူလာသည်ကို တွေ့နိုင်သည်။ ဒီတော့ လူများများရှိတိုင်း အားဖြစ်ရဲ့လား။
လုပ်ငန်းတစ်ခု အကောင်အထည် ဖော်ရာမှာ လူများတိုင်း ကောင်းသလား။ အရည်အချင်းရှိတဲ့ လူတွေချည်း ရွေးချယ် စုဖွဲ့ထားသည့် သီးသန့်အဖွဲ့တွေနဲ့ လူတွေ အများကြီး ရောကောသောကော ဖွဲ့ထားတဲ့အဖွဲ့တွေ ဘယ်ဟာက ပိုထိရောက်သလဲ။ လူများတိုင်း အားဖြစ်သလား။ လူနည်းလို့ကော အားမဖြစ်ဘူးတဲ့လား။ လူများများနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေက ပိုထိရောက်လား။ နည်းနည်းနဲ့ ဖွဲ့ထားတဲ့အဖွဲ့တွေက ပိုထိရောက်လား။ ဘယ်ဟာတွေက ဘာကောင်းကျိုးရှိလဲ၊ ဘယ်ဟာတွေက ဘာဆိုးကျိုးရှိလဲ၊ ဆန်းစစ်ကြည့်ရအောင်ပါ။
            ယနေ့လို အပြိုင်အဆိုင်တွေ များလှသော ခေတ်ကြီးမှာ လုပ်ငန်းတစ်ခု သူများရှေ့က ရပ်တည်နေနိုင်ဖို့ဆိုတာ အမြဲ ဆန်းသစ်ကောင်းမွန်သော အိုင်ဒီယာများ ထုတ်ပြီး လက်တွေ့လည်း အကောင်အထည်ဖော်နေနိုင်ဖို့ လိုသည်။ သူများထက် တစ်လှမ်းစာလောက် အိုင်ဒီယာ ရှေ့က ပြေးနေရမည်။ လုပ်ရပ်ကလည်း ရှေ့က ပြေးနေရမည်။ ရှေ့က မပြေးနိုင်လျှင် နောက်က လိုက်ရဖို့သာ ရှိသည်။ ဒီတော့ အိုင်ဒီယာတွေ ဘယ်က ရမလဲ။ အိုင်ဒီယာတွေဆိုတာ လူတွေဆီကပဲ ထွက်ခြင်းဖြစ်သည်။ ဒီတော့ အိုင်ဒီယာမျိုးစုံကို လူများများဆီက ရဖို့လိုသည်။ လူများများဆီက ရထားသော အိုင်ဒီယာမျိုးစုံအနက်ကမှ ကိုယ့်လုပ်ငန်းနဲ့ ပက်သက်ပြီး လက်တွေ့အကောင်အထည်ဖော်လို့ရမည့် အိုင်ဒီယာများကို ရွေးထုတ်ရမည်။ ဒါဆို လူများများဆီက အိုင်ဒီယာ များများရအောင် ဘယ်လိုလုပ်ရမလဲ။ လူများများဆီက အိုင်ဒီယာများများရချင်ရင် အပေါင်းအသင်းများများ ထားပါလို့ ယခင်က အကြံပေးချက်များရှိခဲ့သည်။ သို့သော် ယနေ့လို လူမှုကွန်ရက်ဝက်ဘ်ဆိုက်များဖြစ်သည့် ဖေ့ဘွတ်ခ်တို့၊ တွစ်တာတို့ ခေတ်စားလာချိန်တွင် ပြင်ပမှာ အပေါင်းအသင်း များများမရှိသူတောင် အွန်လိုင်းမှာ အပေါင်းအသင်း အများကြီး ရနိုင်သည်ဖြစ်ရာ ၎င်းဝက်ဘ်ဆိုက်များကို အသုံးချတတ်မည်ဆိုပါက အိုင်ဒီယာပေါင်းများစွာကို ခဏအတွင်း ရနိုင်နေပြီဖြစ်သည်။ လူပေါင်းမဆံ့သူများပင် ၎င်းလူမှုကွန်ရက်ဝက်ဘ်ဆိုက်များကို သုံး၍ အွန်လိုင်းမိတ်ဆွေ ထောင်ပေါင်းများစွာထံမှ အကြံဉာဏ်များကို အခမဲ့ ရနိုင်နေပြီဖြစ်သည်။ ထိုနည်းဖြင့် အိုင်ဒီယာပေါင်းများစွာကို ရလာမည်။ သုံးလို့ရသော အိုင်ဒီယာများပါသလို၊ သုံးလို့ မရနိုင်သော အိုင်ဒီယာများလည်း ပါမည်။ ကိုယ်က ရွေးချယ် အသုံးချတတ်ဖို့တော့ လိုမည်။ ယနေ့ ဒီဇိုင်းကုမ္ပဏီကြီးတွေဆို ထိုသို့သောနည်းဖြင့် အွန်လိုင်းပေါ်တွင် အိုင်ဒီယာများ တောင်းခံခြင်းဖြင့် လူအမျိုးမျိုး အမြင်အမျိုးမျိုးရှိသူများထံမှ တစ်မူထူးခြားသော ဒီဇိုင်းများကို လက်ခံရရှိနေကြသည်။ အခြားကဏ္ဍများက လုပ်ငန်းများသည်လည်း ထိုသို့ အွန်လိုင်းမှတစ်ဆင့် လူအများအပြားထံမှ အိုင်ဒီယာများကို ရယူ အသုံးချလျှက်ရှိသည်။ အမြင်သစ် အတွေးသစ်နဲ့ အသစ်အသစ်များကို ဦးဆောင်လုပ်ကိုင်နိုင်မှ တော်ကာကျသော ခေတ်ကြီးမှာ လူထောင်ပေါင်း သောင်းပေါင်းများစွာထံမှ အိုင်ဒီယာများကို ခဏအတွင်း ရယူ အသုံးချနိုင်သူများကသာ ရှေ့က နေနိုင်မည်ဖြစ်သည်။ လူများလေ အိုင်ဒီယာများလေ ရွေးချယ်လုပ်ကိုင်စရာ ပိုများလေဖြစ်မည်။
            အထက်တွင် ဖော်ပြထားသော လူများများထံမှ အိုင်ဒီယာများများကို တောင်းခံ အသုံးချခြင်းနည်းကို မနှစ်သက်သူများလည်း ရှိသည်။ လူများတိုင်း အားမဖြစ်ဟူသော အယူကို ထိုလူများက လက်ကိုင်ထားကြသည်။ လုပ်ငန်းနှင့်ပက်သက်၍ ကျွမ်းကျင်သော လူတွေနဲ့ချည်းသာ ဖွဲ့ထားသော အဖွဲ့များဆီမှ ရလာသော အချောကိုင်ပြီးသား အိုင်ဒီယာများကိုသာ ထိုလူများက တန်ဖိုးထားချင်ကြသည်။ ကျွမ်းကျင်သူ လူနည်းစုထံမှ ထွက်လာသော အိုင်ဒီယာများသည် လက်တွေ့အသုံးဝင်သည်မှန်သော်လည်း တီထွင်ဆန်းသစ်မှုပိုင်းတွင် အားနည်းတတ်သည့် ချို့ယွင်းချက်တစ်ခုတော့ ရှိသည်။ ထို့နည်းတူ လူများများထံမှ အိုင်ဒီယာကြမ်းများကို တောင်းခံ အသုံးချသော နည်းသည်လည်း လူများပြီး ပွဲမစည်ဆိုတာမျိုး ဖြစ်မည့် ဘေးက ရှိနေသည်။ သို့ဖြစ်သောကြောင့် ထိုနှစ်နည်းကို မည်သည့်နေရာတွင် မည်သို့ ထိရောက်အောင် အသုံးချသင့်သည်ကို ဆက်လက် ဆွေးနွေးချင်ပါသည်။
အိုင်ဒီယာတွေ မွေးထုတ်ဖို့
            လူအများကြီးထံမှ အိုင်ဒီယာ အကြမ်းထည်ပေါင်းများစွာကို တောင်းယူသောနည်းသည် ဆန်းသစ်သော အတွေးအခေါ်များရလာနိုင်သည့် နည်းကောင်းဖြစ်သည်။ မည်မျှပင် ကျွမ်းကျင်သည်ဆိုစေ ကျွမ်းကျင်မှုသည် ကျွမ်းကျင်မှုသာဖြစ်၏။ လုပ်ငန်းတစ်ခုမှာ ကျွမ်းကျင်တိုင်း တီထွင်ဆန်းသစ်တတ်သည် မဟုတ်။ ထိုအချက်ကို သတိပြုရမည်။ ထို့ကြောင့် လူများများထံမှ အိုင်ဒီယာတောင်းခံသောနည်းသည် ကိုယ်ရှေ့ဆက်သွားမည့် လုပ်ငန်းအတွက် ဆန်းသစ်သော အိုင်ဒီယာများကို ရလာစေမည့် ကောင်းမွန်သော နည်းစနစ်ဖြစ်သည်။ ထိုနည်းက အိုင်ဒီယာတွေ မွေးထုတ်ဖို့အတွက် အသုံးဝင်သည်။
လက်တွေ့ အကောင်အထည်ဖော်ဖို့
            လူနည်းနည်းနှင့် အချောကိုင်ပြီးသား အိုင်ဒီယာများ ထုတ်သောနည်းသည် လုပ်ငန်းကို လက်တွေ့အကောင်အထည်ဖော်ဖို့အပိုင်းအတွက် အသုံးဝင်မည်ဖြစ်သည်။ လက်တွေ့အကောင်အထည်ဖော်သည့်နေရာတွင် ဟိုဟာ ကောင်းနိုးနိုး ဒီဟာ ကောင်းနိုးနိုး တွေဝေနေလို့ မရတော့။ ထိုအချိန်တွင် အချောကိုင်ပြီးသား အိုင်ဒီယာကို ကိုင်ပြီး တောက်လျှောက် အကောင်အထည်ဖော်ရမည့်အချိန်ဖြစ်သည်။
            ထို့ကြောင့် အထက်ဖော်ပြပါ နှစ်နည်းလုံးသည် သူ့နေရာနှင့်သူ အသုံးဝင်ကြသည်ကို သတိပြုကြရမည်။ အရည်အတွက်များများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အိုင်ဒီယာသစ်များကို ရစေ၍ ကျွမ်းကျင်သူ အရေအတွက်နည်းနည်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကား လုပ်ငန်းအကောင်အထည်ဖော်ရာတွင် အသုံးဝင်၏။
            လူများများ၏ သဘောထားပေါ် မူတည်နေသော လုပ်ငန်းများက လူများများ၏ ပူးပေါင်းပါဝင်မှုကို ရဖို့ လိုအပ်သည်။ အဝတ်အထည်၊ အစားအသောက် စသော လုပ်ငန်းများသည် စားသုံးသူပေါင်းများစွာပေါ် မှီခိုနေရသည်ဖြစ်ရာ ၎င်းစားသုံးသူများ၏ သဘောထားများ၊ အကြံဉာဏ်ပေးမှုများကို အရေးထား လေးစားဖို့ လိုသည်။ အဝတ်အထည် ကုမ္ပဏီများဆိုလည်း သုံးစွဲသူများ၏ သဘောထားများကို အမြဲမပြတ် တောင်းခံနေသောနည်းဖြင့် အဝတ်အထည်သစ်များကို ဝယ်သူများလိုအပ်ချက်နှင့် ကိုက်ညီအောင် ထုတ်လုပ်နေကြသည်။
            အကယ်၍ ကိုယ်က ပြဿနာတစ်ခု ရှုင်းစရာ ပေါ်လာပြီဆိုသည့်အခါမျိုးတွင်တော့ ထိုအချိန်သည် လူများများကြီးထံမှ အိုင်ဒီယာတွေ အများကြီးတောင်းခံနေလို့ အဆင်မပြေတော့။ လူများပြီး ပွဲမစည်ဆိုတာမျိုး ဖြစ်နေလိမ့်မည်။ ထိုအချိန်မျိုးမှာကျတော့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက တစ်ကယ် ကျွမ်းကျင်သည့်လူတွေ၏ အကြံဉာဏ်များကို တောင်းခံဖို့ လိုသည်။
            ထို့ကြောင့် အိုင်ဒီယာသစ်တွေရဖို့ လူများများထံက အိုင်ဒီယာအကြမ်းထည်တွေ တောင်းခံဖို့ လိုသလို၊ အိုင်ဒီယာကြမ်းတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့၊ ပြဿနာတွေကို ရှင်းဖို့ကျတော့ တစ်ကယ်ကျွမ်းကျင်သည့် လူနည်းစု၏ အိုင်ဒီယာချောတွေ လိုအပ်ကြောင်း ခွဲခြားမြင်ရမည်။
            ထို့ကြောင့် လုပ်ငန်းများအနေဖြင့် ရှေ့ခရီးမှာ သူများရှေ့က သွားနေဖို့ဆို အိုင်ဒီယာသစ်များ မပြတ်ရနေဖို့ လိုသလို၊ ထိုအိုင်ဒီယာများကို လက်တွေ့အကောင်အထည် ဖော်ဖြစ်နေဖို့လည်း လိုသည်။ အိုင်ဒီယာသစ်များ ရဖို့ဆိုတာ လူများများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။ လက်တွေ့အကောင်အထည်ဖော်ဖို့ကျတော့ တစ်ကယ်ကျွမ်းကျင်သူ လူနည်းနည်းနှင့် အိုင်ဒီယာကြမ်းများကို အချောကိုင်ပြီး ပူးပေါင်း အကောင်အထည်ဖော်ဖို့ လိုသည်။
            ထို့ကြောင့် ယနေ့ခေတ် လုပ်ငန်းများ သူများထက် ရှေ့ကသွားနေနိုင်ဖို့ဆို လူများများထံက အိုင်ဒီယာများများ တောင်းခံဖို့လည်း လိုသလို၊ ကျွမ်းကျင်သူ လူနည်းနည်းထံမှ အချောကိုင်ပြီးသား အိုင်ဒီယာများကိုလည်း ရယူဖို့လိုကြောင်း တင်ပြလိုက်ရပါသည်။
Ref: Quantity vs. Quality in Collaborations by Roberto Verganti
No comments: