Tuesday 9 August 2011

နေပြည်တော်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မြေအောက်ရထားလမ်း ဆောက်လုပ်ခွင့် ရရှိ၍ ရုရှားနိုင်ငံက ဂုဏ်ယူလျက်ရှိ

 Pyi Myanmar
မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်၏ ဂုဏ်ဆောင် မြေအောက် ရထားလမ်း စီမံကိန်းကို ရုရှားနိုင်ငံက တာဝန်ယူ ဆောက်လုပ်ခွင့် ရရှိသည့် အတွက် ဂုဏ်ယူနေမိကြောင်း စီမံကိန်း၏ ဗိသုကာ အကြီးအကဲ တစ်ဦးက The Voice of Russia သို့ ပြောကြားကြောင်း ၁-၈-၂၀၁၁ ရက်တွင် သိရသည်။ ရုရှားနိုင်ငံသည် မြေအောက် ရထားလမ်း စီမံကိန်းများအတွက် ဘူမိဗေဒဆိုင်ရာ လေ့လာတိုင်းတာမှု များနှင့် ဒီဇိုင်းပညာတို့တွင် နည်းပညာ မြင့်မား ကျွမ်းကျင်မှု ရှိနေပြီး နေပြည်တော်တွင် ဆောက်လုပ်မည် ဖြစ်သော ကီလိုမီတာ ၅၀ (၃၁ မိုင်ခန့်) ရှိသော
အရှည်ဆုံး ပတ်လမ်းကို နည်းပညာ မြင့်မားစွာ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ရုရှားမှ ဗိသုကာ အကြီးအကဲက ၎င်းတို့ နိုင်ငံတွင်းမှ The Voice of Russia သို့ ပြောကြားရာတွင် အဆိုပါ ရထားလမ်း စီမံကိန်းအတွက် မိမိတို့ ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ တည်ဆောက်ခွင့် ရရှိသည့် အတွက် ဂုဏ်ယူမိကြောင်း ပြောကြားသည်။ ၎င်းအပြင် ယခုနှစ်၏ နှစ်ဆန်းပိုင်းကလည်း အိန္ဒိယနိုင်ငံ၏ လူနေမှု ထူထပ်သော မြို့တစ်မြို့ ဖြစ်သည့် မဒရပ်မြို့တွင် အမေရိကန် ဒေါ်လာ သန်း ၄၃၀ ကုန်ကျနိုင်မည့် မြေအောက်ရထားစနစ် တည်ဆောက်ခွင့်ကို စာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံတွင် ပထမဆုံး မြေအောက် ရထားလမ်းကို ၁၉၃၅ ခုနှစ် မေလ ၁၅ ရက်တွင် ၁၁ ကီလိုမီတာ (၆ ဒသမ ၈ မိုင်) အရှည်ဖြင့် စတင်ခဲ့ပြီး ရထား ဘူတာရုံပေါင်း ၁၃ ခုရှိခဲ့သည်။ မြန်မာနိုင်ငံ၌ ယခုစတင် တည်ဆောက်မည့် မြေအောက် ရထားလမ်း စီမံကိန်းမှာ ၅၀ ကီလိုမီတာ (၃၁ မိုင်ခန့်) မှ စတင်မည် ဖြစ်သဖြင့် စတင်စဉ် ကာလ အပိုင်းအခြားတွင် မြန်မာက ပိုမိုရှည်လျားနေကြောင်း သိရသည်။ လက်ရှိကာလ ရုရှားနိုင်ငံ မော်စကိုမြို့တွင် မြေအောက် ရထားလမ်း စီမံကိန်း၌ ၃၀၁ ဒသမ ၂ ကီလိုမီတာ (၁၈၇ ဒသမ ၂ မိုင်) အတွက် ရုံပေါင်း ၁၈၂ ခုနှင့် ရထားလမ်း ၁၂ ခုရှိကာ မြေအောက်အနက်ဆုံး ဘူတာမှာ ၈၄ မီတာ (၂၇၆ ပေ) ရှိပြီး နေ့စဉ် စီးနင်းသူမှာ ၂၀၀၉ ခုနှစ် မှတ်တမ်းအရ ပျမ်းမျှ ၆ ဒသမ ၅၅ သန်းရှိကြောင်းနှင့် မြေအောက်ရထားလမ်း စနစ် အများဆုံး အသုံးပြုနိုင်မှုတွင် ဂျပန်မှ တိုကျိုပြီးလျှင် ရုရှားမှ မော်စကိုမြို့မှာ ဒုတိယ အကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။ အေဝိုင်အီး

No comments: