Saturday 13 August 2011

ဧရာဝတီ အား အငိုတိတ်စေချင်





၂၀၁၁ ခုနှစ်တစ်ခုလုံး၏ လူမှုဆက်ဆံရေး အင်တာနက်ကွန်ယက်များ၌ ရေပန်းအစားဆုံးနှင့်
မြန်မာလူထုစိတ်အဝင်စားဆုံး အကြောင်းအရာမှာ ဧရာဝတီ သာဖြစ်ပါလိမ့်မည်။ ကုန်ခဲ့သောလများက
အနည်းငယ်ခန့်သာ ပြောကြဆိုကြသော်လည်း ယခုနောက်ဆုံးနှစ်လခန့်တွင် လူတိုင်းပြောဆိုပါဝင်လာသည်ထိ
အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။

ချစ်သောဧရာဝတီ၊ ဧရာဝတီကို ကယ်ကြပါ၊
ဧရာဝတီကို လွှတ်ပေးပါ၊ ဧရာဝတီကို မဖျက်ဆီးပါနဲ့ စသည့် ကြွေးကြော်သံများ ဘဝဂ်ထိတိုင်သည်ဟု
ထင်လောက်စရာရှိသည်။


ထိုကြွေးကြော်သံများကား အချည်းအနှီး မဖြစ်။ နိုင်ငံတော် အစိုးရ အဖွဲ့၏ နားများထံ
ဟိန်းဟိန်းညံသွား စေခဲ့သည်မှာ အားရစရာ ကောင်းလှသည်။ ပြည်သူ့ဟစ်သံသည် ကြက်သီးထဖွယ် ဖြစ်ခဲ့လေ၏။
ထို့ကြောင့်ပါပေ၊ ဧရာဝတီ၏ ရှင်းတန်းအား အစိုးရဌာနများမှ  ဖွင့်ဟထုတ်ဖော်ရတော့သည့် အဆင့်သို့ပင်
ရောက်ရှိလာခဲ့၏။

ဧရာဝတီကား မြန်မာပြည်၏ အသက်သွေးကြော တစ်ခု။
 မြန်မာ့မြေပုံမှာ ဧရာဝတီလောက် ထင်ရှားသော အရာမရှိ။ နိုင်ငံသားများ ဧရာဝတီအား လက်ဖြင့်မထိခတ်ဖူးသူ
မရှိသလောက် လူကြားထဲ နစ်ဝင်စီးဆင်းသော မြစ်တစ်စင်းပင် ဖြစ်သည်။ ဤမြစ်အား အမှီပြု၍ အသက်မွေးအလုပ်ကို
လုပ်ကြသည်။ စုန်ဆန်ခရီး သွားကြသည်။ ချိုးကြသည်။ သုံးကြသည်။ သောက်ကြသည်ပင်။

 မြစ်ရိုးတောက်လျှောက်နေသူများအဖို့ ဧရာဝတီ မရှိလျှင် သူတို့ဘဝမရှိနိုင်။ ဧရာဝတီ သေလျှင် သူတို့ဘဝတွေ
သေသွားနိုင်သည်။ ထို့အတူ သဘာဝအရင်းအမြစ်၊ လူ့နေထိုင်မှုဝန်းကျင်၊ ရေသတ္တဝါများ၏ ဘဝ မလှပနိုင်ဖြစ်ရမှာ
အမှန်ဖြစ်သကဲ့သို့ တိုင်းပြည်တစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် ရာဇဝင်တစ်ခုလုံး
ပြောင်းပြန်လှန်သွားပေလိမ့်မည်။

 ဤမျှလောက် နိုင်ငံအတွက် အရေးပါ အရာရောက်လှသည့် ရေသောက်မြစ်ကြီးကိုမှ အမြစ်က စလှန်ကာ
အဿပြာအတွက် တစ်ပါးနိုင်ငံသား တရုတ်သဘောင်္များကို တရုတ်အလံတစ်လွင့်လွင့်ဖြင့်
ရွက်လွှင့်ခွင့်ကို ရောင်းစားရက်ပါပေ၏။ မြစ်ဆုံဒေသအား ဆည်များဆောက်ကာ ဖျက်ဆီးရက်ကြပါပေ၏။
မိမိအိတ်ထဲထည့်မည့် အဿပြာငွေကြောင့် အသွေးအသားတို့အား လဲလှယ်ဝံ့ရလေ၏။

အစိုးရ၏ ကောက်ကျစ်စဉ်းလည်း ယုတ်မားရိုင်းစိုင်းမှုကား အံ့မခန်းပင်ဖြစ်သည်။
ယခု ဧရာဝတီ ငိုနေသည်။ ပြည်သူများ ပူဆွေးညှိုးငယ် အသည်းကြွေနေသည်။

တိုင်းပြည်ပျက်ကာနီး တံဘောင်များ ထွက်ပေါ်တတ်သကဲ့သို့ ဧရာဝတီ၏ ပြည်ပျက်တံဘောင် အား
 ပြည်သူပြည်သားများ ညဉ်ဆိုနေကြလေပြီ။

အို ချစ်လှစွာသော သားသမီးတို့ ငါအားကယ်ပါ ဟု ညဉ်းရုံမှတစ်ပါး ဧရာဝတီ မတတ်နိုင်တော့ပြီကား သေချာ၏။

ဤသို့သမယ ဤကာလ၌ သားသမီးများ မည်သို့လုပ်ကြမည်နည်း။
တစ်ယောက်ချင်းစီကချစ်ပါလျှင် ဧရာဝတီ အငိုရပ်ပါလိမ့်မည်။ သို့ပါ၍ စည်းလုံးညီညွတ်စွာဖြင့် ဧရာဝတီကို
အငိုတိတ်စေကြရအောင်ဟု.သာ....


(ဤစာအားရေးနေရင်းပင် ဝမ်းနည်းလာရပါ၍ ဤမျှနဲ့ပင် ရပ်လိုက်ရပါ၏။)လေးစားစွာဖြင့်
မုတ်သုံမိုးဦး
3:00 PM 8/13/2011

No comments: