Tuesday 9 August 2011

ရနံ့။ပြန်မလာအတိတ်။ခေတ်သစ်ယုတ္တိဗေဒ။ရွာအကြောင်း။နွေဦးပေါက်လို့ ဒီမိုကရေစီရရင်။သူနဲ့ငါ။တို့တောက ပြဇာတ် ။အိုဝင် ဂိုးတွေသွင်းတဲ့လ ။

by Sai Naw Saing on Tuesday, August 9, 2011 at 4:39am

ရနံ့ တစ်နေ့တစ်နေ့ ကျွန်တော်တို့ မမေ့မလျော့ပြောဆိုမိကြတာက ဘ၀ကို ဆေးလုံးတွေလို မျိုမချမိဖို့ရယ် အချိန်ကို ပေကြိုးနဲ့ မတိုင်းမိဖို့ရယ်ပါပဲ။ ကဲ  ....  လာ ဟောဒီမှာကြည့်ကြ ခပ်တိုးတိုးလည်း အာမေဍိတ်ပြုကြ သူများထက်နောက်မကျခင် အဦးအဖျား ကတ္တီပါအနားကွပ် ဘုရင့်ဝတ်ရုံတော် မှော်အတတ်နဲ့ အသက်သွင်းလိုက်ပြီ။ လျှောက်တော့မေးရမှာပဲ ပြိုင်ပွဲဆိုတာ အရှုံးတစ်မျိုးတည်းလားလို့ သစ်ရွက်တွေကြွေသလို စကားတွေတဖွဲဖွဲ တစ်ယောက်ပြီးတစ်ယောက် လဲကျကျန်ရစ်ခဲ့ကြ။ အပေါ်ကငုံ့ကြည့်သလိုမျိုး အကြည့်ရမဆိုးလှပါဘူး နူးနူးညံ့ညံ့အိပ်မက်မျိုးတွေလည်း တစ်ခါတလေတော့ မက်ကြည့်ရဦးမယ်။ ပွဲမပြီးခင် ခရီးရဲ့ အတိုအရှည် “မိတ်ဆွေ” လေထဲမှာ ဘာနံ့ရလိုက်သလဲ။      ။ ခင်အောင်အေး (ရနံ့သစ်၊ ၁၉၉၅၊ သြဂုတ်လ) မှတ်ချက်။         ။ ချစ်သော ကိုခင်အောင်အေးအား ကျွန်တော်က “ဘဲမကြီး”ဟု အညွှန်းပြုပါသည်။ ဆိုလိုသည်မှာ ဘဲမများသည် ဥဥပြီးသောအခါ သူတို့ဥချထားသောနေရာမှာသာ သည်အတိုင်းထားခဲ့ကြသည်။ ရေးရေးယူသိမ်းသိမ်းဆည်းဆည်းမလုပ်ကြ။ ကိုခင်အောင်အေးသည်လည်း သူ့အနုပညာ အနှစ်အသားဥများကို သည်အတိုင်းပစ်ချထားခဲ့သည်။ သူ့တွင်လက်ခံမရှိတော့၊ ထိုအခါ ကျွန်တော့်ကို ပူဆာသည်၊ ကျွန်တော်က သူ့အနုပညာအတုံးအခဲအနှစ်အသားအား လိုက်လံရှာဖွေကာ သူ့ထံ လက်ဆောင်ကမ်းလိုက်သည်ဟု ဆိုလိုခြင်းသာဖြစ်သည်။ သူ့လို သူငယ်ချင်းမျိုး တစ်ယောက်ရှိခဲ့ဖူးသည်။ ယခု တိမ်းပါးသွားရှာပြီ။ ကဗျာနှင့်သီချင်းကို စက်ရုံတစ်ခုမှထုတ်လုပ်သလိုမျိုး ရေးဖွဲ့စပ်ဆိုနိုင်သူဖြစ်သည်။ (၈)လေးလုံးကာလက ဒေါ်မာမာအေးသီဆိုပြီး ထင်ရှားခဲ့သော သီချင်းတစ်ပုဒ်မှာ သူ့လက်ရာဖြစ်သည်။ သူ့လည်း ဘဲမတစ်ကောင်ပင်ဖြစ်သည်။ သူ့ရေးသားပစ်ထားခဲ့သော လက်ရာများကို ကျွန်တော် အကြိမ်ကြိမ် သိမ်းဆည်းပြန်ပေးခဲ့ရဖူးသည်။ သူ့အမည်ကား” မောင်မောင်သာမြတ်”။ ကဗျာဆရာ၊ နာမည်ကျော် စေတနာအပြည့်ထည့်သိုထားသော ကျူရှင်ဆရာ။ ထိုသို့သော သူငယ်ချင်းများကို ပိုင်ဆိုင်ထားသော ကျွန်တော်သည်ကား ဘဲမ များထက်ဆိုးသည်ထင်၏။ သူတို့အနုပညာပစ္စည်းများကို ရှာဖွေသိမ်းဆည်းပေးတတ်သော်လည်း ကိုယ်ပိုင်ပစ္စည်းများစွာမူ မမှတ်မိ/မေ့လျော့/ပျောက်ဆုံးခြင်းဖြင့် ယနေ့တိုင်ရပ်တည်နေပေ၏။ ချစ်သောသူငယ်ချင်းများ ချမ်းမြေ့ပျော်ရွှင်စွာ သူတို့ဥများကို သူတို့ကိုယ်တိုင် မှတ်မှတ်သားသား သိမ်းပြုနိုင်ပါစေ။း) ********************************************************************************************** ပြန်မလာအတိတ် အားလုံးကို လုံခြုံစွာ ထုပ်ပိုးထားခဲ့ပြီးပါပြီ သူ  ......  သွားတော့မှာဖြစ်တယ်။ ပြန်မလာခင်အထိတော့ သိချင်ဇောတွေနဲ့ အထုပ်အပိုးကြီးကို စိတ်ဝင်စားကြပွတ်သပ်ကြ ဟောကိန်းတွေ ထုတ်နေကြဦးမှာ -- “သူပြန်လာလို့ အပေါ်ယံလွှာကို ဖြေပြတဲ့အခါ  .....” အဲဒီလို  ... အဲဒီလို မျှော်လင့်ခြင်းကြီးစွာနဲ့ ကျွန်တော်တို့မှာ အထုပ်အပိုးပေါင်း  .........  မြောက်များစွာ။    ။ စန်းဦး မှတ်ချက်။    ။ ဒီကဗျာက “သရဖူ” အမှတ်(၁၈)၊ ၁၉၉၆ အတွက် စက်တင်ပုံနှိပ်ပြီးပေမယ့် ရောင်းတန်းစာအုပ်မှာ ပါမလာတော့တဲ့ကဗျာပါ။ ကဗျာဆရာ အဲဒီတုန်းက ဘာအတွေးနဲ့ ရေးခဲ့တယ်မသိ။ ခုနေပြန်ဖတ်မိတော့ ဒီနေ့ဇာတ်ခုံကြီးကို စပေါ့လိုက်ထိုးပြထားသလို ခံစားရတာနဲ့ အများကို ဝေမျှလိုက်တာပါ။ ကဗျာဆရာဆီမှာ ခွင့်မတောင်းဖြစ်တဲ့အတွက် ခွင့်မလွှတ်ပါနဲ့၊ ************************************************************************************************ ခေတ်သစ်ယုတ္တိဗေဒ တစ်ညလုံးမိုးရွာသည် မိုးစက်များ၌  ရည်ရွယ်ချက်မရှိ မိုးစက်များ၌ မျှော်လင့်ချက်မရှိ ထို့ကြောင့်၊  နောက်တစ်နေ့  နံနက်၌ ပွင့်သော ပန်းများသည် သန့်စင်ပြီး လှပနေကြသည်။ လက်ခုပ်သံများ  တဖြည်းဖြည်း  တိုးဝင်သွားသည့်အခါ သစ်ကိုင်းခြောက်များ  မီးလောင်သည့်အသံမျိုး ကြားရသည်။ ထို့နောက်၊ ပြာမှုန်များကဲ့သို့  တိတ်ဆိတ် ထို့ကြောင့်၊ အောင်မြင်မှုတချို့သည် ခေတ္တခဏသာ  တောက်ပပြီး မျက်စိရှေ့၌ပင်  ပျောက်ကွယ်သွားကြသည်။ ကြယ်များကို  ရေတွက်ရ  ခက်ခဲသည် ပန်းပွင့်များကို  ရေတွက်ရ  ခက်ခဲသည် သို့သော်  ငွေစက္ကူများကို  ရေတွက်ရ လွယ်ကူသည်။ ထို့ကြောင့်၊ ကျွန်တော်တို့ ရှူရှိုက်သော လေထုထဲ၌ မီးခိုးငွေ့ အညစ်အကြေးများ ပိုများလာသည်။ တူးမြောင်းများကို  ဖောက်လုပ်ရ  ခက်ခဲသည် တံတားများကို   တည်ဆောက်ရ  ခက်ခဲသည် သို့သော်  နံရံများကို  တည်ဆောက်ရ  လွယ်ကူသည်။ ထို့ကြောင့်  ကျွန်တော်တို့  တစ်ယောက်နှင့်တစ်ယောက် ယခုကဲ့သို့  ဝေးကွာကြသည်။ မြင့်မိုးအောင် သရဖူ၊ အမှတ်(၁၈)၊ ၁၉၉၆ ************************************************************************************************* အနာဂတ်အတွက်ကဗျာ ၁။ တကယ်တော့  ငါ့ခေတ်ဟာ  အမှောင်ခေတ်ကြီးပါ ရိုးရိုးမှန်မှန်ပြောလို့  မဖြစ်ဖူး၊  မျက်မှောင်မကြုတ်တဲ့ လူဟာ  ခေတ်ရဲ့ဒုက္ခတွေကို  မခံစားတတ်လို့ဘဲ ရီမောနေတဲ့လူဟာလဲ     ကြောက်စရာကောင်းတဲ့ ခေတ်ရေစီးရဲ့   ၀ါးမျိုမလိုတတက်လာတဲ့   အသံကို မကြားဖူးသေးသူသာပဲဖြစ်တယ်။ ကွယ်  .  .  .  ၊ ဘယ်လိုခေတ်ဆိုးကြီးပါလိမ့် သစ်ပင်တွေရဲ့   သဘာဝအလှအကြောင်း စကားပြောတယ်ဆိုတာ လူ့လောကကြီးကို   လျစ်လျူပြု   ရက်စက်ရာ ရောက်ပါတယ်။ မတရားတဲ့ အဖြစ်သနစ်တွေကိုနှုတ်ပိတ်ရေငုံနေခြင်းလဲြုဖစ်ပါတယ်။ လမ်းကိုဖြတ်သွားတဲ့အခါ   အေးအေးဆေးဆေး လမ်းလျှောက်သူဟာ ဒုက္ခရောက်နေတဲ့မိတ်ဆွေတွေနဲ့  ကင်းကွာနေတဲ့သူဘဲ ဖြစတယ်။ ငါ့အနေနဲ့တော့  အလုပ်လက်ရှိ  စားနိုင်သောက်နိုင် မှန်ပါတယ် သို့ပေမယ့် ဒါက  ကံကောင်းလို့ကွ၊ ငါတကယ်ပြောတာ ငါကြားရသလောက်ဟာ  ငါလုပ်တာနဲ့  တန်ကို မတန်ဘူး။ ကဲအကြောင်းတရားဘဲ  (ကံဆိုးတဲ့အလှဲ့ မှာတော့  ငါလဲ   ငတ်မှာပဲ)။ ငါ ပညာရှိတဦး  ဖြစ်ချင်ပါတယ် ကျန်းဂန်ဟောင်းကြီးတွေက  ပညာရှိခြင်းဟူသည်မှာ ဒီလိုဆိုတယ် ပင်ပင်ပန်းပန်း  ဘယ်တော့မှ မလုပ်နဲ့၊   ရှေင်နေ၊ အေးအေးဆေးဆေးနေ ဘယ်သူ့ကိုမှ   ကြောက်စရာ   အကောင်ကြီးလို့ ထဲ့ မတွေးနဲ့ အကြမ်းဖက်မှု   မပြုနဲ့ သူကဆိုးပေမယ့်၊  မှားပေမယ့်  ကိုယ်က ကောင်းတာ မှန်တာနဲ့   တုံ့ပြန် စိတ်အလိုဆန္ဒကို   ချုပ်တီးပါ၊ မေ့ထားစမ်းပါ ပညာအကြောင်းပဲ  အာရုံစူးစိုက်ပါ ငါ  ဒါတွေ တခုမှ မလုပ်နိုင်ဘူး တကယ်တော့  ငါဟာ   အမှောင်ခေတ်ကြီးထဲမှာ နေရတာကိုး။ ၂။ ကစဉ့်ကရဲ  ခေတ်ပျက်ထဲမှာ  မြို့တော်ကြီးကို ငါ   ရောက်လာတယ်။ လူတွေ   အကုန်   အငတ်ငတ်  အပြတ်ပြတ် ဖြစ်နေကြတယ် လူတွေ  ဆူပူအုံကြွတော့  ငါ  လူအုပ်ကြီးနဲ့ ရောပါသွားတယ် ငါလဲ  သူတို့နဲ့အတူ  ဆူပူတော်လှန်တာဘဲ ဒီလိုနဲ့ဘဲ  အချိန်တွေ  ကုန်ခဲ့တာပေါ့ကွာ ငါတို့လုပ်နိုင်တာ  ဒါပဲ  ရှိတော့တာကိုး။ ထမင်းစားလည်း  ဘေးပတ်လည်မှာ   အလောင်းတွေ ပြန့်ပြန့်ကြဲလို့ အိပ်နေရင်လဲအိပ်မက်ထဲမှာသတ်တာဖြတ်တာတွေဘဲ မြင်တယ် ချစ်သူနဲ့ချစ်တဲ့အခါလဲ   ဥပေက္ခာစိတ်နဲ့  တ၀က်ဖဲ ချစ်နိုင်ခဲ့တယ် သဘာဝလောကကြီးတစ်ခုလုံးကို ငါစိတ်တိုနေမိတယ် ဒီလိုနဲ့ဘဲ  အချိန်တွေ  ကုန်ခဲ့တာပေါ့ကွာ ငါတို့လုပ်နိုင်တာ  ဒါဘဲရှိတော့တာကိုး။ ငါတို့ခေတ်မှာ ဘယ်လမ်းကို  ဆုံးအောင်လိုက်လိုက် နွံဗွက်အိုင်ကြီးတွေက  ပိတ်ဆီးပြီး  ရောက်လာသူကို မျိုပစ်နေတာဘဲ စကားပြောရင်လဲ   အသတ်ခံရမှာ  ကြောက်နေရတယ် ငါ  မဖြစ်စလောက်ပဲ  လုပ်နိုင်တတ်နိုင်တယ် ဒါပေမယ့်ငါမရှိခဲ့ရင် ငါတို့ခေတ်အစိုးရဟာ   ခုလောက်  ပြုတ်အကျ  မြန်မှာ မဟုတ်ဖူး ငါကတော့   ပြုတ်ကျစေမယ့်   ရည်မှန်းချက်နဲ့ လုပ်ခဲ့ပါတယ် ဒီလိုနဲ့ဘဲ   အချိန်တွေ   ကုန်ခဲ့တာပေါ့ကြွ ငါတို့လုပ်နိုင်တာ   ဒါဘဲရှိတော့တာကိုး။ လူဆိုတာ  အားပျော့ပါတယ် ပန်းတိုင်က  ဟိုး . . . .  အဝေးကြီးမှာ   ရှိတယ်လေ မြင်သာပေမယ့်   ငါတို့အဖို့  ရောက်အောင်သွားဘို့ ခက်လှပါတော့တယ် ဒီလိုနဲ့ဘဲ  အချိန်တွေ   ကုန်ခဲ့တာပေါ့ကွာ ငါတို့လုပ်နိုင်တာ   ဒါဘဲရှိတော့တာကိုး။   ။ ၃။ မင်းတို့ကတော့   လွတ်ပြီလေ၊    ကျွတ်ပြီလေ ဒို့ကိုဖုံးလွှမ်းနှစ်မြှုပ်ခဲ့တဲ့ ဥဒကတောဝါကနေပြီး  မင်းတို့လွတ်လာပြီပေါ့ မင်းတွေးကြည့်လေ ဒို့  ပျော့ညံ့  မှားယွင်း   ချို့တဲ့   အားနည်းတဲ့ အကြောင်းရယ် အဲဒီလိုဖြစ်စေခဲ့တဲ့  မှောင်ကျနေတဲ့ ဒို့ခေတ်ကြီးအကြောင်းရယ် မင်းပြောတဲ့အခါတိုင်း   ဒို့ဟာ   ဖိနပ်သစ်တွေ အလဲလဲ စီးဖို့ထကိ တိုင်းပြည်အခြေအနေကို  ပြောင်းလဲအောင်ဘဲ အဖိနှိပ်ခံလူတန်းစားတွေ  လွတ်မြောက်ရေးအတွက် ရုန်းကန်ရင်း  စိပျက်လက်ပျက်နဲ့ မတရားမှုတွေချည်းသာ    တွေ့ရှိ    အရှုံးပေးခဲ့ရတယ် ဆိုတာ   မမေ့နဲ့လေ ခါးသီးရွံမုံးစရာတွေချည်း  တွေ့ပြီး ဒို့ တနေ့ထက် တနေ့ငိုပြီး မျက်မှောင်ကြုတ်နေခဲ့ရတယ် ဒို့ခေတ်ကို  အသေးစိတ်   သိနေမြင်နေရတာကိုး မတရားမှုကို ဒေသဖြစ်လွန်းလို့မို့ စကားပြောရင်တောင်  ထန်ပြင်းမာကြော ရိုင်းစိုင်းနေတယ် အိုကွာ   ဒို့ကိုယ်တိုင်ကတော့  အကြင်နာတရား မပွားနိုင်တော့ဘူးလေ အကြင်နာတရား   အခြေခံတဲ့   လောကသစ်ကြီးကို တည်ဆောက်လိုတဲ့   ဆန္ဒကတော့ ဒို့ရင်ထဲ အပြည့်အသိပ်ပါပဲ။ ဒီတော့   မင်းတို့ခေတ်မှာမှ   လူသားအချင်းချင်း ကြင်နာတရားထားလို့ဖြစ်နိုင်တယ်ဆိုတာ စဉ်းစားမိလေတိုင်း ဒို့ကို  ထန်ပြင်းရိုင်းစိုင်းသူတွေလို့ မပြောတော့ဘူး   မယူဆတော့ဘူးမဟုတ်လားကွယ် ။     ။ “ဗားတော့ဗရက်” စာလုံးခွဲပုံ စာလုံးစီပုံ သတ်ပုံတို့ကို “ဆရာတင်မောင်အေး” ၏ ဘာသာပြန်မူ  မူရင်းအတိုင်းတင်ပြထားပါတသည်။ ************************************************************************************************ စောဝေက “ရွာအကြောင်း”ပြောတယ်။ ကျွန်တော်ကတော့ “ရွာ”ဟာ ထစ်ချုန်းပြီးးမရွာပဲ၊ တစိမ့်စိမ့်တသိမ့်သိမ့်ရွာခဲ့တယ်ထင်တာပဲ။ မစဲတဲ့မျက်ရည်လိုမျိုးပေါ့။ ရွာအကြောင်း တစ်ရံရောအခါကဆို  ဘောင်ဝင်ပါလိမ့်မယ် ယ္ခုမှမဟုတ်တာ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်  မဟုတ်ပါဘူး ကျွန်တော်တို့ရွာကြီးရဲ့  မရှိလည်းမဖြစ်   ရှိလည်းဖြစ်တဲ့ ရွာရဲ့ သူငယ်ချင်းလို့ ပြောရင်ရတယ် “မသူယောင်”   နဲ့ “ ဇေးသက်ထော် ” တဲ့။ မသူယောင်က   မမှားနဲ့  မှားလိမ့်မယ်ထင်တာနဲ့ ရယ်စရာ မောစရာနဲ့ လှောင်ပြောင်ပြီးပြီ ရွာလူထုကတော့   ကြိုက်တာပေါ့ သူကြီးနဲ့  သူကြီးအသိုင်းအ၀ိုင်းရဲ့  မတရားမှုတွေ မဟုတ်လား သူကြီးအဆက်ဆက်ကတော့ မသူယောင်ကို   ရွာအပြင်ထုတ်  အကြောင်းအမျိုးမျိုးနဲ့  ချုပ်စေပေါ့။ ဇေးသက်ထောက်  ကျတော့ တစ်မျိုး ကဗျာစစ   စာ စစ နဲ့ သိပ်ဝိရိယကောင်းလွန်းတယ် ရွာမှာ မီးလောင်ပြီဟေ့ဆို အရံမီးသတ်က ယူနီဖေါင်းရှာနေတုန်း ဇေးသက်ထော်က ဂုံနီအိပ်ရေဆွတ် ကိုယ်ပတ်ပြီး မီးလောင်နေတဲ့ အိမ်ကိုဝင်ဖျက် မီးငြိမ်းပြီးပြီ ရွာမှာ ရေကြီးပြီဟေ့ဆိုရင်လည်း ကြက်ခြေနီ ဆေးအိပ်ရှာနေတုန်း ရေနစ်သူကို ဒိုင်ဗင်ဒိုး ဆယ်ပြီးပြီ တာဝန်ရှိတဲ့သူတွေ လုပ်ဖို့ပြင်နေတုန်း သူက ၀င်ဝင်ပြီးလုပ်လုပ်သွားတော့ ဇေးသက်ထော်လည်း  ရွာပြင်ထုတ် ချုပ်စေပေါ့။ ရွာကလူတွေလည်း သူတို့နှစ်ယောက်ကြောင့် ဘယ်တော့မှ အလွမ်းနဲ့ကင်းရတယ်မရှိပါဘူး သူကြီးတွေကလည်း သူကြီးမဟုတ်လား သူကြီးအလုပ် သူကြီးလုပ်ကြတာပေါ့ ဟိုတုန်းကပြောပါတယ် ယခုမဟုတ်ပါဘူး။ ကဗျာဆိုရင် အမှန်ဘက်ကနေရမယ် လူထုကို ကိုယ်စားပြုရမယ်  ဘာညာဆိုတယ်မဟုတ်လား ရွာက သူငယ်ချင်းနှစ်ယောက်အကြောင်းရေးမိတယ် အယ်ပီထဲ ထည့်မလား  ခေးအော့ထဲ ထည့်မလား ထည့်ချင်ရာထည့် ထည့်ချင်သလိုထည့် ဒီနေ့ ကျွန်တော်ရေးဖြစ်တဲ့ကဗျာ။ စောဝေ ၂၀၁၁ မတ်လ ၁၁ ကမ္ဘာ့ကဗျာနေ့ ************************************************************************************************* နွေဦးပေါက်ရင် (ကဗျာဆရာစိတ်ကူး) နေမျိုး နွေဦးပေါက်ရင် ကြက်တူရွေးတစ်ကောင်မွေးမယ် သူ့ကို စကားတစ်ခွန်းတည်းသင်ပေးမယ် ““ဆာတယ်  ဆာတယ်””လို့။ နွေဦးပေါက်ရင် အော်စတင်ကားလေးမောင်းမယ် ဟစ်တလာမိန့်ခွန်းပြောသံကို ကားဟွန်းသံအဖြစ်တပ်ဆင်ထားမယ် တောင်ဘက်ပင်လယ်တွေဆီ ခရီးထွက်မယ်။ နွေဦးပေါက်ရင် သစ်ရွက်ကြွေတွေလိုက်ကောက်မယ် သစ်ရွက်ကြွေတွေပေါ်မှာ အင်္ဂလိပ်ဘာသာနဲ့ မင်းနာမည်ကို ငါရေးမယ်။ နွေဦးပေါက်ရင် ပြတင်းပေါက်တွေ အကုန်ဖွင့်မယ် ပုံပြင်တွေ အော်ဖတ်မယ် စိတ်ကောင်းလည်း ၀င်မယ်။ နွေဦးပေါက်ရင် ပြဇာတ်တစ်ပုဒ်ရေးမယ် စုဘူးလေးကိုခွဲမယ် ပြားစေ့လေးတွေ ရေတွက်မယ်။ တကယ်လို့ တော်တော်နဲ့နွေဦးမပေါက်သေးရင်လည်း ကိစ္စမရှိပါဘူး ဒီကဗျာကို လမ်းထိပ်က အပေါင်ဆိုင်မှာသွားပေါင်မယ် ပြီးတော့ ခပ်ဟောင်းဟောင်းစောင်တစ်ထည် ၀ယ်ခြုံနေမယ်ကွယ်။     ။ ကဗျာဆရာရဲ့ ဒီကဗျာဟာ သူ့အသွားတိုင်းဖတ်သွားတိုင်း သိပ်ချစ်စရာကောင်းတဲ့ ခံစားမှုတစ်မျိုးကိုရစေခဲ့တာအကြိမ်ပေါင်းများစွာ။ ဒီရက်တွေမှာတော့ ဒီကဗျာကို ပြန်ဖတ်မိပြီး ဒီမိုကရေစီဆိုတာ ရချင်သလိုလိုဖြစ်မိတယ်။ ကျွန်တော်လား။ နွေဦးပေါက်လို့ ဒီမိုကရေစီရရင် ကြက်တူရွေးတစ်ကောင်ကို ““ဆာတယ်ဆာတယ်”လို့ စကားတစ်ခွန်းအထပ်ထပ်သင်ပေးမယ်။ မရမချင်း။ အသံမကျယ်မချင်း။ ကျွန်တော့်ကားလေးမှာ ဟစ်တလာ့မိန့်ခွန်းကို အကောင်းဆုံးအသံချဲ့စက်နဲ့တွဲဘက်ထားတဲ့ ဟွန်းအဖြစ် တပ်ဆင်မယ်။ မြို့တကာနယ်အနှံ့မောင်းပစ်မယ်။ တကယ်လို့ တော်တော်နဲ့ဒီမိုကရေစီမရသေးရင်လည်း ကိစ္စမရှိပါဘူး အပေါင်ဆုံးနေတဲ့ တိုင်းပြည်ကြီးကို ပြန်ရွေးဖို့ နည်းလမ်းရှာကြံနေမှာပေါ့။ ************************************************************************************************* သူနဲ့ငါ နေမျိုး ငါက သစ်ပင်အကြောင်းပြောတော့ သူက လွှအကြောင်းပြောတယ် ငါက ပင်လယ်ငါးတွေအကြောင်းပြောတော့ သူက ပိုက်ကွန်ကြီးတွေအကြောင်းပြောတယ် ငါက မိုးတိမ်အကြောင်းပြောတော့ သူက စီးကရက်မီးခိုးတွေအကြောင်းပြောတယ် ငါက ဂွတ်ဒ်ဟုပ်အငူအကြောင်းပြောတော့ သူက ဆိုက်ဗေးရီးယားအကြောင်းပြောတယ် တော်ပြီ ငါ ဘာမျှမပြောတော့ဘူး သူက ပြောပြနေပြန်ရဲ့ သော့တွေအကြောင်း။   ။ မိတ်ဆွေများခင်ဗျား အဲ့ဒီလူကိုလမ်းမှာတွေ့ရင် သော့အကြောင်းဆက်ပြောချင်ရင်ဖြင့် သော့ပြင်ကုလားဆီသွားပြောဖို့လမ်းညွှန်ပေးလိုက်ကြစမ်းပါဗျာ။ ဒီလိုစွမ်းဆောင်ရည်မျိုး၊  ဒီလို ကိုယ်ရည်ကိုယ်သွေးမျိုးနဲ့လူတွေကို ကျွန်တော်တို့က ဘာကိုယုံကြည်ပြီး  ကျွန်တော်တို့ကိုယ်စား ခင်ဗျားက တိုင်းပြည်အုပ်ချုပ်မင်းလုပ်ပါဗျာလို့  ထိုးအပ်ရမတဲ့တုန်း။ လူတွေကိုများ အချဉ်မှတ်လို့။ ************************************************************************************************ တို့တောက ပြဇာတ် တို့တောမှာ ကတဲ့ ပြဇာတ်ထဲမတော့ ရှုတ်ထွေးမှုတွေက ဇက်ကိုသတ်လို့မရဘူးပါ့ညယ်။ ရဲက လူဆိုးယောင်ဆောင် တိမ်တောင်သဖွယ် ကျင့်ကြံလို့ ဟန်ပါပါ မူးယစ်ခြောက်ရမ်း ဘာကြမ်းသလဲတော့ မမေးလေနဲ့ ဗျောက်ယမ်းငွေ့တွေ တထောင်းထောင်းထ သူ့လုပ်ပုံက ခုပဲ ပွဲတစ်ခင်းလုံးထပြေးကြရတော့မယောင်ယောင်။ ဓားမြတွေကလည်းရဲပုံဖမ်း တွေ့သမျှလူကို ငေါက်ငမ်းပြီးဟောက်စား ခြောက်စား ကော်ပီဆွဲထားတဲ့ သက်သေခံကဒ်ပြားအတုနဲ့ ခပ်တည်တည်။ ပွဲကြည့်တဲ့ရွာသားတွေမှာ ကြည့်သာ ကြည့်နေရ ဘယ်သူက ဘယ်သူမှန်းလည်းမသိ တို့ပွဲကြည့်ငတိ အားလုံးလိုလိုဟာ နဂိုကတည်းကမှ ခတ်အူအူရယ်မဟုတ်လားညယ်။ အစာတစ်လုပ်  အူတစ်ဆုပ်စာအတွက်မှာ အဲသလောက်ထိ မူယာမာယာများဖို့လိုသလား ငါတော့ဖြင့် ပြောတတ်တော့ဘူးကွယ် တို့ တောပြဇာတ်တွေမှာဖြင့် အဲသလို အစပ်အဟပ်နဲ့ ခုထိ ဇာတ်စီးတုန်းရယ်။ ငြိမ်းအေးအိမ် ၂ဝ ဒီဇင်ဘာ၊ ၂ဝဝ၆၊ မြစ်ကြီးနား၊ နဂါးနှစ်ကောင်ဟိုတယ်(၁၁း၃ဝ)နာရီ။ ************************************************************************************************* အိုဝင် ဂိုးတွေသွင်းတဲ့လ တစ်ခါတရံမှာ ကံကြမ္မာဆိုတာ ရယ်ဖို့ပင် အကောင်းသား အသက်ထွက်လု အပီအပြင်ကြိုးစားပြလဲ တစ်ဂိုးမျှမဝင်။ မထင်တဲ့အခါများ ပြေးရင်းလွှားရင်း ခေါင်းနဲ့တိုးမိမှ ဂိုးသဗျ မတော်တဆ ဒူးနဲ့တိုက်မိရင်လည်း  ဂိုးဝင်လိုဝင် ချော်လဲရုံနဲ့တင် ပယ်နတီကန်ခွင့်ရလိုရ ဝီစီသံတညံညံနဲ့ ဘာရယ်မဟုတ် လုပ်သမျှတင့်တယ် ဒီလထဲမယ် 'အိုဝင်' ဂိုးတွေသိပ်သွင်းတယ်ဆိုပဲ မီဒီယာတွေက သဲသဲလှုပ်ရေးကြပေါ့။ တကယ်တော့ဗျာ အသေအကြေလုပ်တုန်းကတော့မဖြစ်လာ အချိန်အခါတစ်ခုမှာမထင်တာတွေက သူ့သဘောသူဆောင် လင်းပျက်ပြ ဒွန္နရာဆိုတာကိုကလည်း ခပ်ဂေါက်ဂေါက် ငနဲပဲထင်ပ။    ။ ငြိမ်းအေးအိမ် ************************************************************************************************** နှစ်ဆယ့်တစ်ရာစုအမွေတောင်းခန်း ငြင်းမယ်မေမေ ခွင့်လွှတ်ပါ အဲဒီ ကော်လံမပါတဲ့အကျီင်္ဖြူကို သားမဝတ်ချင်ဘူး။ ကိုယ့်ဖာသာ တစ်သက်လုံးစောင့်ထိမ်းပြုစုလာတဲ့ သားရင်ထဲက ရိုးသားမှုကို တံဆိပ်အမှတ်အသားလိုလို အဝတ်တစ်ခုနဲ့ အဖုံးဖိမခံနိုင်ဘူး။ မေမေ သားဆံပင်တွေရှည်ချင်ရှည်ပါစေ သံသယ၊ ကျဉ်းကြပ်ခြင်းနဲ့ သဘောမမျှမှုတွေတော့ တောမထ ပါရစေနဲ့။ မလုပ်ဖူးဖေဖေ၊ သားငြင်းမယ်။ ငြင်းတယ်။ ဟောဒီသေနတ်တွေကို၊ သား ..ကျည်မထိုးနိုင်ဘူး၊ မောင်းမတင်နိုင်ဘူး ပြီးတော့ ..ပစ်မှတ်ရှိရာကိုချိန်ပြီး ခလုပ်မညှစ်နိုင်ဘူး ရှေ့မှာရန်သူ ဟုတ်လားဖေဖေ သားလက်ထက်မှာတော့ ရန်သူမရှိစေမယ့် နည်းလမ်းသစ်တစ်ခု မဖြစ်မနေစဉ်းစားဖေါ်ထုတ်ရပါလိမ့်မယ် ကျွန်တော်ဟာ ရှရွန်မဟုတ်ဘူး၊ ဘုရှ်မဟုတ်ဘူး၊ ဘင်လာဒင်မဟုတ်ဘူး၊ ဘဂ္ဂဒက်မဟုတ်ဘူး၊ ဓါတုလက်နက်နဲ့ အဏုမြူဗုံးမဟုတ်ဘူး၊ချေချင်းညာမဟုတ်ဘူး။ လေညင်း၊ ပန်းပွင့်၊ ရေကြည်စီးရာမြစ်၊ လူသားစင်စစ်သာဖြစ်တယ်။ လေပြည်လည်းအေး ပန်းလည်းမွှေးတဲ့ ဟော့ဒီ့မြေပြင်မှာ အော်သံထွက်နေတဲ့ သွေးကွက်တွေ သားမမြင်ချင်ပါဘူးဖေဖေရာ အာဃာတတွေ လက်ဆင့်မကမ်းခဲ့ပါနဲ့။ သား .. လက်မခံချင်လည်း ယူခဲ့ရမှာ အဖေ .. ပေးမထားချင်လည်း ချန်ရစ်ခဲ့ရမှာက ဒီမြေကမ္ဘာ ဒါ့အပြင် အခြားလဲလှယ်စရာ ဘာများရှိနေသေးလို့တုန်း။ တိမ်တွေနေတဲ့ကောင်းကင်အောက်မှာသာ ရေရှိတာပါ။ ကျွန်တော်တို့ခေါင်းပေါ်မှာ မေတ္တာရိပ်တွေလွင့်စင်မသွားပါစေနဲ့။ အဖေနဲ့အမေ့ဆီက ကျွန်တော်ဆက်ခံခဲ့ချင်တာ ဒီတစ်ခုတည်းပါ။ ငြိမ်းအေးအိမ်၂ဝဝ၄၊ ဆောင်းရာသီ၊ ရန်ကုန် ***********************************************************************************************  ဖစ်စဉ်များ ဘေးထိုင်ဘုပြောတတ်တဲ့ ပါးစပ်ကြီးတွေဆီက ဗျူးဗျူးဗြဲဗြဲ ထွက်ကျလာတဲ့လေတွေ ရှေ့ဆက်သွားမယ့် သူတို့လှေကို တဝုန်းဝုန်းဆောင့်တိုးနေကြတယ်လို့ အနာဂတ်ကိုသွယ်တန်းဆဲ ဖန်မျှင်ကျောရိုးတွေကညည်းတွား။ ကမ္ဘာဆန်ခြင်းမိုးတိမ်ဆိုတဲ့ ငတိ အားအားရှိသူ့ဗိုက်တစ်လုံးနဲ့မဆန့်မပြဲသောက်ထားသမျှရေတွေ ငါတို့ခေါင်းတွေပေါ်ကိုပဲ ညှစ်ညှစ်ချ မွန်းလှပြီကွ .. လို့ အိပ်ရေးမဝတဲ့ တတိယကမ္ဘာက ထထအော်။ 'ဖူးခက်'ဟာ 'ဂလိုဘယ်လိုက်ဇေးရှင်း'ဆိုတဲ့အကောင်ကြီးကြောင့် ပျက်စီးသွားရတာတဲ့ ဆရာကျော်ဝင်းဘာသာပြန်တဲ့ ''ပန်းတရာကမ်းခြေ''ဆောင်းပါးမှာ ဖတ်ဖူးခဲ့။ ကျုပ်သိသလောက်ကတော့ 'အီမောဘွမ်း'တောင်ထိပ်မှာလည်း ဘယ်တော့မှမဆွေးမယ့် ကျွတ်ကျွတ်အိပ်တွေ ဖွေးဖွေးကိုလှုပ်နေတာပါပဲ။ ခင်ဗျားက ဆင်ဖမ်းမယ် ကျားဖမ်းမယ်ကျုံးဝါးရင်း အဲဒီနေရာမှာများ သဘာဝဥယျဉ်တွေ ထူထောင်နိုင်မလား ..၊ ကွင်းဆင်းလေ့လာနေတုန်း ဟိမဝန္တာမှာ တစ်ဒီဂရီဆဲလ်ဆီးယပ် ပိုပူလာရုံနဲ့ ကမ္ဘာဟာ ..သူ့ဖာသူအရည်ပျော်ကျ မြစ်ကြောတစ်လျှောက်က မြင်မြင်သမျှကိုတိုက်ချ စားသောက်သွား ဘူဒိုဇာသိန်းသန်းအားရေစီးနဲ့။ ခေတ်မီလိုသူများရဲ့ လောဘကလည်း သစ်လွင်လိုက်သမှ သဘာဝက နှစ်ကောင်စားကင်းဝင်ချင်လို့ ကိုယ့်ကို တစ်ကောင်ထိုးကျွေးထားတာတောင် သူမမြင် အရေးပေါ်လူရာဝင်နေချင်သေး။ ကမ္ဘာရွာဖြစ်ခြင်းဟာ နည်းးပညာကို လက်ကတင်းတင်းဆွဲ ခေးအော့စ် သားရဲတွင်းထဲ ခုန်ဆင်းတော့မယောင် ဆပ်ကပ်ပြကွက်များနဲ့ လူတွေကိုအသည်းယားစေခဲ့တာ ကြာ ကြာလှပေါ့။ ဒီဖြစ်စဉ်များထဲမှာ ပျော်ရွှင်စွာ နေသားကျခဲ့သူတွေက စစ်ပွဲနဲ့ အမုန်းကိုသာ အားပါးတရ ထပ်ခါထပ်ခါ မွေးဖွားပြနေကြပြန်တော့ သေလောက်တယ်။   ။                                     ငြိမ်းအေးအိမ် ၂ဝဝ၄၊ စက်တင်ဘာ **********************************************************************************************  မြို့ည ပုရိသတွေကို စက္ခုနဲ့ သံဝါသပြုဖြစ်အောင် ဆွဲဆောင်နေတဲ့အရက်ကြော်ငြာ၊ဝေါလ်ရှိ၊ ပိုစတာများ ဝတ်ဆင်၊ တစ်ခါတရံတွင် (ရူးချင်ယောင်ဆောင်ပြီး) ကြယ်ရောင် လရောင်ကို သူ့ကိုယ်ပေါ် ဆလိုက်ထိုးခိုင်းထား၊ ကိုယ့်ကိုယ်ကိုတောင် ပြန်ရောင်းချချင်စိတ်ပေါက်လာအောင် နားနှစ်ဖက်ထဲ အကြားအလပ်မရှိ ရိုက်သွင်းနေတဲ့ပလက်ဖေါင်းပေါ်ကဈေးခေါ်သံ၊ 'ဟန်'ကို 'အဆံ'အဖြစ်ထည့်သိုထားတဲ့ ဆူပါမားကက်တွေပေါ်က ရှိုးကေစ့်၊ အိပ်မွေ့အချခံ ရိုးသားခြင်း၊ ကဖီင်္းအေရိုးမားက 'ကပါချီနို'တစ်ခွက်၊ လူကူးမျဉ်းကြားစည်းအပြင်ဘက်က အလျင်စလိုခြေလှမ်းများ၊ ကိုယ်ပိုင်ကားတွေရဲ့ အဆောတလျင် ဘရိတ်အုပ်သံတကျွိကျွိ တစ်နေ့စာအနွမ်းတွေ မဆန့်မပြဲတင်ဆောင် တအိအိထွက်သွားတဲ့ မြို့ပြင်သို့ဘတ်စ်ကား၊ မီးခွက်ဈေးဆိုလား၊ ညစာမျှော်အစာအိမ်တွေကများ၊ ကိုးရီးယားကားနဲ့ ညဉ့်ဦးယံရေဒီယိုအသံလွှင့်ချိန်အတွက် အိမ်ပြန်ချိန်ခြေလှမ်းသွက်သူမရှား၊ ဘားတွေမှာ.. ကား/လူ စည်ပင်လျက်၊ ပလက်ဖေါင်းနှုတ်ခမ်းသားမှာတော့ မိတ်ကပ်လူးအချိုရည်တွေဟာ ဆူပွက်၊ လာဗျို့ ကျွန်တော့်အိမ်မှာ (အလင်းရောင်ခပ်နည်းနည်းနဲ့ပဲ) တစ်ညလိုက်အိပ်လှဲ့။ အစိုးမရပါဘူးလို့ခင်ဗျားပြောပြောနေတဲ့ လေတိုက်ခံတိမ်တွေကို ညဘက်မှာ(ဘယ်သူတွေမြင်ဖူးခဲ့လည်းလို့) ချောင်းမြောင်းကြည့်ရှုကြရအောင်။ ပျော်လား။ ငြိမ်းအေးအိမ်၂ဝဝ၄၊ စက်တင်ဘာ ********************************************************************************************* ကဇာတ် သိပ်တော့ ကိစ္စမရှိလှပါဘူး လိုက်ဖ်ရှိုးဆိုတာတွေကိုက ပြင်ဆင်မွန်းမံပြီးကာမှ လူရှေ့ထွက်ထွက်ပြတတ်တဲ့ဟာတွေ။ အသားမပါတဲ့ ပေါက်ဆီတစ်လုံးကို ဘယ်လိုအလှဆုံး ပေါင်းရမယ်ဆိုတာကလည်း အတတ်ပညာယောင်ဆောင်ထားတဲ့ အနုပညာ ဒါမှမဟုတ် အနုပညာနဲ့ အရောင်တင်ထားတဲ့ အတတ်ပညာပဲ။ (တစ်သံသရာလုံးလုံး) ရန်ဖြစ်ပြလိုက် ပြန်ချစ်ကြလိုက်နဲ့ နှစ်ချို့ ပဋိပက္ခ  ကိုးမောင်းသောက် မှောက်လုမှောက်ခင် မြေပြင်ကိုယ်တိုင် သိုင်းကွက်နင်းနေရတဲ့ ခပ်ထွေထွေနေ့တစ်ခုမှာမှ ကျုပ်တို့ ဒီပွဲကို လာကြည့်မိကြတာပါမောင်ရာ။ အစစ်ကလည်း အတုယောင်ဆောင်နေ အတုတွေကလည်း အစစ်တွေလိုလို ဂိုက်ပေးကောင်းလေသမို့ (တစ်ယောက်နဲ့တစ်ယောက်) ဘယ်သူဘယ်ဝါရယ်လို့မှ ဝေခွဲလို့မရ နေသာသလိုနေကြရင်း မျက်လုံးထဲဝင်လာတဲ့ မြင်ကွင်းတွေကိုပဲ ငေးနေမိ စင်ပေါ်မှာတော့  လင်းလိုက်မှိန်လိုက်  မျက်စပစ် မာယာဆလိုက်မီးတွေရှိ။ သိပ်တော့လည်း မဆန်းပါဘူး လာကြည့်သူတွေ ကိုယ်နှိုက်ကလည်း (စိတ်နဲ့ကိုယ် ကွဲနေတဲ့) အတု စင်မြင့်ဖျော်ဖြေပွဲကိုယ်တိုင်ကလည်း အတု (ဒီနေရာမှာ ပြောဖို့ကျန်ခဲ့တာကတော့) ကမ္ဘာဟာ ဂျုံအတုနဲ့ ဖုတ်ထားတဲ့ မုန့်အတုတွေကို ဆေးအတုချယ် လင်ဗန်းအတုမှာ ထည့်ပြီး တဟ်ခုချင်းစီ ကျွေးမွေးဧည့်ခံနေတယ်ဆိုတာ ဘယ်သူမှ သိမသွားတာလေး တစ်ခုပါပဲ။ နားလည်ပေးပါ ပရိတ်သတ်ကြီးရယ် ခုနေခါမှာ အရာအားလုံးဟာ ဒီလိုပဲရှိနေခဲ့ပါတယ်။  ။ ငြိမ်းအေးအိမ် 2004 စက်တင်ဘာလ ******************************************************************************************** မနက်ခင်းကလည်း ချက်နို့ဆီနဲ့ အရောတဝင်ဖြစ်လို့ အီကြာကွေးသေးသေးလေးနဲ့ စစ်ပြေငြိမ်းလို့ သတင်းစာတွေက လက်မထပ်ပဲ အတူနေကြလို့။  နေ့ခင်းကျတော့   .   .   . ရေလိုက်ငါးလိုက်ဝါဒကို မျက်မှန်တပ်လို့             အစာအိမ်ကို ဗျူတီဆလွန်းပို့ရ            မျှော်လင့်ချက်နဲ့ စစ်တုရင်ထိုးရနဲ့            (သူပဲ ပွဲတိုင်းရှုံးလေ့ရှိတယ်)။             လူဆိုတာ   .   .   .            စနစ်တကျ ပျက်စီးတတ်ဖို့လိုတယ်             ညကျရင်             ဂျနီဖာလိုပက်ကို             အိပ်မက် မက်ပစ်မယ်။     သစ္စာနီရဲ့ကဗျာ၂ဝဝ၂ ********************************************************************************************* ဆင်ခြင်ခြင်းအဓိကဝါဒီတစ်ဦး၏ ဆေးမြီးတို သစ္စာနီ ရတီ၊ အတွဲ(၁)အမှတ်(၇)စက်တင်ဘာလ၊၂၀ဝ၄ ခြောက်ဆယ်နားနီးပြီဆိုတော့ ကျွန်တော် ... ဒီလိုစဉ်းစားမိပါတယ်။ အခုအချိန်မှာ ငါဟာ ... တင့်တင့်ထွန်းနဲ့တွဲကဖို့ မသင့်တော်တော့ဘူး။ သွေးတက်စာတွေစားဖို့ မသင့်တော်တော့ဘူး။ ပင်လယ်ကမ်းခြေက ဂဠုန်နဲ့ အတူတူဆားချက်ဖို့ မသင့်တော်တော့ဘူးလို့။ အခုအချိန်မှာ ငါဟာ ... ဒေးဗစ်ဘက်ဟမ်းလိုနားပေါက်ဖေါက်ဖို့ မသင့်တော်တော့ဘူး။ ငတေမာရင်ပြီးရောတွေနဲ့ ရန်ဆက်ဖြစ်နေဖို့ မသင့်တော်တော့ဘူး။ နဂါးခေါင်းလှည့်တဲ့အရပ်ကို ခရီးထွက်ဖို့ မသင့်တော်တော့ဘူး။ ပေါက္ခရဝဿမိုးသံကို နာခံနေဖို့မသင့်တော်တော့ဘူးလို့။ ခြောက်ဆယ်ဆိုတာ ငါးကင်လည်းကြောင်ချီ ထီးတင်ပွဲလည်းမမီတဲ့အရွယ်။ ဒါပေမယ့် အသက်ခြောက်ဆယ်ကျကာမှ ပိုက်သာဂိုးရပ်စ်က မိန်းမရတယ်တဲ့ တဂိုးက ပန်းချီစဆွဲတယ်တဲ့။ ကျွန်တော် ... စဉ်းစားမိပါတယ်။ သူတို့က .. ငါမှ မဟုတ်ပဲကိုးလို့။ ***********************************************************************************************

No comments: