Thursday 11 August 2011

ကျောက်တုံးကို ငွေကြေးအဖြစ်အသုံးပြုကြသူများ

အနောက်ဖက် ပစ္စိဖိတ် သမုဒ္ဒရာ ထဲက ကာရိုလင်း ကျွန်းစုတွေထဲက တခုဖြစ်တဲ့ Yap (ယာ့ပ်) ဆိုတဲ့ကျွန်းလေး တကျွန်းရှိပါတယ်။ လူဦးရေကတော့ သိပ်မများ ၂၀၀၃ ခုနှစ် သန်းခေါင်စာရင်းအရ ၆၃၀၀ သာရှိပြီး အကျယ်အ၀န်းက ၃၈.၇ စတုရန်းမိုင်သာရှိပါတယ်။










ရာစုနှစ်ပေါင်းများစွာက ယာ့ပ် ကျွန်းသားတွေဟာ ထုံးကျောက်တုံးတွေကို ကုန်စည်ဖလှယ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ သူတို့ဟာ အလွန်ဝေးလံတဲ့ အခြားကျွန်းတွေဆီက ထုံးကျောက်တွေကို ယနေ့ခေတ် CD ချပ်တွေလို အပြားတွေ ဖန်တီးပြီး အလည်မှာလည်း အပေါက်ဖောက်ထားပါတယ်။ သေးငယ်တဲ့ အပြားတွေဆိုရွှေ.ပြောင်း၊ သယ်ယူဖို့ လွယ်ကူအောင် ဖောက်ထားဟန် တူပါတယ်။
ဒီကျောက်ပြားဝိုင်းတွေကို  ငွေကြေးကဲ့သို့ အသုံးပြုခဲ့ကြတယ် ။ ကုန်စည်ဖလှယ်ရာမှာ ကြားခံအရာအဖြစ် အသုံးပြုခဲ့ကြတယ်။
အရွယ်အစားမှာ ၁၂ ပေ ထိကြီးမားပြီး ၊ အသေးငယ်ဆုံးမှာ ၁.၄ လက္မ ထိရှိပါတယ်။ ကျောက်ပြားဝိုင်းရဲ့ တန်ဘိုးကို သတ်မှတ်ရာမှာ အရွယ်အစား ၊ သူ့ရဲ့ လုပ်အား အပေါ်မှာ တန်ဘိုးသတ်မှတ်ပါတယ်။ ကျောက်တုံးကြီးလေ ကျောက်ပြားဝိုင်း အဖြစ်ဖန်တီးရန် အချိန်ကြာလေ၊ ပိုခက်ခဲလေ ဖြစ်တာကြောင့် ပိုတန်ဘိုးရှိပါတယ်။ သယ်ယူရာ ခရီး အကွာအဝေးပေါ်မူတည်ပြီးတော့လည်း တန်ဘိုးပိုကြီမားတယ်။ သူတို့ နေထိုင်ရာ ကျွန်းမှာ ထုံးကျောက်မရှိတာကြောင့် အခြားကျွန်းတွေဆီ ခရီးသွား ၊ ကျောက်ပြားဝိုင်းဖန်တီး ၊ လှေ ၊ ဖေါင်တွေနဲ့ သယ်ယူပြီး ယာ့ပ် ကျွန်းဆီကို ခက်ခက်ခဲခဲသယ်ယူကြရတယ်။ ဒါကြောင့် သူတို့ ရဲ့ ကျောက်ပြားဝိုင်းပြုလုပ်ရာ ခက်ခဲမှုနဲ့လုပ်အားဟာ ကျောက်ပြားဝိုင်း တန်ဘိုးနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ ကျောက်ပြားဝိုင်းတွေကို မိုင်ပေါင်း ၂၅၀ လောက်ထိ ဝေးလံတဲ့ ပလေားကျွန်းမှာ ပြုလုပ်ပြီး ခက်ခက်ခဲခဲသယ်ယူ ရတာဖြစ်လို့ တန်ဘိုးကြီးမားကြပါတယ်။
အရေးကြီးတဲ့ သော့ချက်တခုလည်း ရှိပါသေးတယ်။ အချို.ကျောက်တုံးတွေဟာ ကားတစ်စီး ထက်ပင် လေးလံတာကြောင့် သယ်ယူရွှေ.ပြောင်းဖို့ မလွယ်ပါဘူး။ တယောက်မှ အခြားတယောက်အား အိမ်ဝယ်ရန် သို့မဟုတ် မြေ၀ယ်ရန် အတွက် ကြီးမားတဲ့ ကျောက် ပြားဝိုင်းကို ပေးချေ ရန်ရှိတဲ့အခါ ၊ ကျောက်ပြားဝိုင်းကို ရွှေ.ပြောင်းရန် မလိုပဲ ရွာထဲမှာ ကြေငြာလိုက်ရုံပါပဲ။ ဒါဆို တရွာလုံးက ထိုကျောက်တုံးရဲ့ ပိုင်ရှင် အသစ်ဟာ ဘယ်သူဆိုတာ အသိအမှတ်ပြုလိုက်ကြပါတယ်။ ခိုးမှာ လုယူမှာ စိုးရိမ်စရာပင်မလိုတော့ပေ။
 တခါတုန်းဆီက ရွာသားတဦးဟာ ကျောက်ပြားဝိုင်းကြီးတခုကို ဖန်တီးပြီး အိမ်ကို လှေနဲ့ သယ်ယူပြီး ပြန်အလာ လမ်းခရီးမှာ လေပြင်းတိုက်တာကြောင့် ကျောက်ပြားဝိုင်းကြီးဟာ ပင်လယ် ရေအောက်ကျသွားခဲ့ရတယ်။
ထိုရွာသား ရွာပြန်ရောက်တဲ့ အခါ သူ့ရဲ့ ကျောက်ပြားဝိုင်းကြီး ရေအောက်ကျသွားကြောင်းပြောပြတော့ အားလုံးသော ကျန်ရွာသားတွေက ထိုကျောက်တုံးကို ပင်လယ်ရေမျက်နှာပြင်အောက်တွင် အကောင်းပကတိ ရှိနေသေးသည်ဟု ဆုံးဖြတ်ကြပြီး ယနေ့အထိ ထိုမမြင်ရသော ကျောက်ပြားဝိုင်းအား လက်ဆင့်ကမ်းပိုင်ရှင် ရှိနေပြီး ကုန်စည် ဖလှယ်ရာတွင် သုံးစွဲနေဆဲပင် ။
ယနေ့ခေတ်တွင် ယာ့ပ်ကျွန်းရဲ့ ငွေကြေးဟာ ဒေါ်လာဖြစ်ပြီး ထိုကျောက်ပြားဝိုင်းများ ဆက်လက် ဖန်တီးခြင်းမရှိတော့ပေ။ သို့သော် ရှိပြီးသား ကျောက်ပြားဝိုင်းများကိုမူ မင်္ဂလာဆောင်လက်ဖွဲ့၊ မြေ၀ယ်ယူခြင်းများ ငွေပေးချေရာတွင် အသုံးပြုနေကြဆဲဖြစ်သည်။
ကျောက်ပြားဝိုင်းတွေကို ယခုခေတ် ငွေကြေးများနဲ့ တန်ဘိုးသတ်မှတ်ခြင်းမရှိပေ။
ဒီကျောက်ပြားဝိုင်းငွေကြေး တွေဟာ ယာ့ပ် ကျွန်းသားတွေရဲ့ ရိုးရာ အမွေအနှစ် ၊ ယဉ်ကျေးမှု နဲ့ ၄င်းတို့ရဲ့ အမှတ်အသား အဖြစ် ယနေ့ထိ ထိမ်းသိမ်းထားဆဲပင်။
ယာ့ပ် ကျွန်းသည် ဂျာမန် ဂျပန် အမေရိကန်တို့ ၏ စစ်စခန်းများ အဖြစ် အသုံးပြုခံခဲ့ရပြီး ။ ထိုအချိန်က ၄င်းအရာရှိများက ၄င်းတို့၏ ငွေကြေးများကို သုံစွဲရန် အမိန့်ပေးခဲ့သော်လည်း ယာ့ပ် ကျွန်းသားတို့ကမူ လက်မခံပဲ ၄င်းတို့ပိုင် ကျောက်ပြားဝိုင်းများကို သာ ငွေကြေးကဲ့သို့ အသုံးပြုခဲ့ကြသည်ဟူ၏ ။
Yap's airport




ရဲသူရိန်မင်း
12.08.2011
GMT 03:36

1 comment:

မုတ်သုံမိုးဦး said...

အလွန်ဗဟုသုတရစေတဲ့ စာပါ။ ကြိုက်တယ်။