Monday 15 August 2011

လက်ယက်တွင်း

PDF Print E-mail
Written by မောင်သစ်လှိုင်း   
Saturday, 28 November 2009

မနက်လင်းလို့ အလင်း ဖျော့ဖျော့ ကျလာတာနဲ့ ဟိုအိမ် ဒီအိမ်ရဲ့ နိုးထပုံက ဖရုဿဝါစာ ကလေးတွေနဲ့။ မြို့စွန် မြို့ဖျား ရပ်ကွက်ပီပီ အများစုက လက်လုပ် လက်စားများသာ။ အိမ်ဆိုတာကလည်း မိသားစု ကျောတစ်ခင်းစာရှိရင် အမိုးအကာလေး ဖွဲ့လိုက်ရုံပဲ။ သူ့အိမ်ကိုယ့်အိမ် စည်းခြား သတ်မှတ်ထားတဲ့ အရာဆိုလို့ ၀ါးလုံးတန်း တစ်ချောင်းပဲ။ တစ်ဖက်အိမ်က ဘာလုပ်လုပ်၊ ဘာပြောပြော ပတ်ဝန်းကျင်အိမ်တွေက အမြင်အာရုံ အတိုင်းသား၊ အကြားအာရုံ အတိုင်းသား။ သူတို့မှာ ဟန်ဆောင်စရာ ဘာမှမရှိ။ ဟန်လုပ်စရာ ဘာမှ မရှိ။ ပကတိအရှိ အတိုင်းသာ။ လူမမြင်အောင်
သိပ်သိပ်သည်းသည်း ထားသိုစရာ ဘာမှမရှိ။

မနက် မိုးလင်းတာနဲ့ လင်ယောက်ျားတွေက ပခုံးသားတွေ အသင့်ပြင်ရင်း ပွဲရုံ ကုန်ထမ်းသွားမယ့်သူ၊ ဘူတာမှာ ကုန်တင်ကုန်ချ သွားမယ့်သူ၊ ဆန်ဆိုင်မှာ ဆန်အိတ် ထမ်းမယ့်သူ အသီးသီး ထွက်ခွာ သွားကြတယ်။ အဲသလို အလုပ်လုပ်ဖို့ ထွက်ခွာသွားတဲ့ နေရာ ဌာနတွေ ကွဲပြား ခြားနားကြပေမယ့် အလုပ်ပြန်ချိန်မှာ အားလုံး တူညီတဲ့ တစ်ချက်ကတော့ ယစ်ရွှေရည် ရနံ့လေးတွေ တွဲလဲခိုလို့။ အိမ်မှာ ကျန်ရစ်သူ သုံးတောင်ဝတ်များကတော့ ညမနက် ထမင်းအိုးတစ်လုံး ချက်ပြီးရင် ဂျူတီ ထွက်ပြီ။ ပိုလျှံနေတဲ့ အချိန်တွေကို သုံးတောင်ဝတ် အသိုက်အအုံကလေး ဖွဲ့ရင်း အငြင်းသန်လိုက်၊ အတင်းနှံလိုက် ဆိုတဲ့ သဘာဝ တရားကို ပွေ့ဖက်နေကြ။ ရင်ခွင်ထဲမှာ ကလေးတစ်ယောက်၊ မဟာ ပထ၀ီမြေကြီး ပေါ်မှာ လေးဖက်တွား သွားရင်း စူးစမ်း ရှာဖွေမှုတွေ လုပ်နေတဲ့ ကလေးက တစ်ယောက်။ ဒါဟာ ဒီရပ်ကွက် ကလေးရဲ့ စုတ်ချက်ကြမ်းကြမ်း ပန်းချီကား တစ်ချပ်ပါပဲ။ အခါခါမော့၊ လာပါတော့၊ မာလာဖော့ မျှော်ပေါ့ လေးနာရီ ဆိုတဲ့ သီချင်းလို လင်တော်မောင်ကို အမျှော် မစိုက်တတ်ပေမယ့် “မောင် ရောက်ချိန်နီးပါပြီ” ဆိုရင်တော့ ခရာ မတုတ်ဘဲ တန်းဖြုတ်တတ်ကြတယ်။ ဟုတ်တယ်လေ။ မောင်မရောက် ခင်ခင်ရောက်မှ၊ မောင်ရောက် ပြီး ခင်မရောက်ရင် ယစ်ရွှေ ရည်တန်ခိုးနဲ့ လင်တော်မောင် မျက်မာန်ငြိုးရင် ကျိုးမလား၊ ကန်းမလား၊ မသေချာ။ ဟိုက ရှာကျွေး နေရသူ မဟုတ်လား။

ဒီအချိန်လေးမှာတော့ မိန်းမသား အားလုံး ဂရုတစိုက် ဟန် ဆောင်နေကျအချိန်ကလေးပါ ပဲ။ လင်တော်မောင် အလုပ် ကလေး ရာသီဥတုကောင်းရင် အမဲရွတ်ငရုတ်သီးချက်ကလေး နဲ့ ညစာအခင်းမှာ လတစ်ရာ လင်းလို့။ အလုပ်ကလေး မလန်းဆန်းတဲ့ နေ့မျိုးဆိုရင် တော့ ပဲလှော်၊ လက်ဖက်နဲ့ ပွဲတော် ဆက်ရတာလည်း ခေါက်ရိုးကျိုးနေပါပြီ။ မနက် ဖြန်ဆိုတဲ့ ကိုယ်ထည်အလွတ် ကြီးထဲကို ငါတို့ဘာတွေဖြည့် စွက်ရမလဲဆိုတာ မစဉ်းစားမိ ကြဘူး။ နောက်တစ်နေ့ အိပ်ရာနိုး ထချိန်မှာ ရောက်ရှိလာ မယ့် နေ့သစ်ကို “ဟဲလို မနက်ဖြန်” ဆိုပြီး လက်ဆွဲ နှုတ်ဆက်လိုက်ရုံပဲ။ ဒီ့ထက် ပိုပြီး မနက်ဖြန်ဆိုတာ သူတို့ အတွက် ဘာမှ ထူးခြားမှု မရှိတဲ့ ရက်စွဲ တစ်ခုပါ။

“ကိုသိန်းမောင်၊ ဆန်ပြတ်ပြီတော့်”

“ဒါများကွာ၊ ဒန်အိုး တစ်လုံး ဒေါ်သိန်းရှင်ဆီသွား ပေါင်လိုက်။ နောက်ပြီး အဲဒီ ပိုက်ဆံနဲ့ ဆန်ပြန်ဝယ်ပေါ့ကွ။ ငါ လုပ်ခ ရှင်းတဲ့နေ့ ပြန်ရွေး တာပေါ့”

တင်ပြသူနဲ့ အကြံ ပေးသူ အားလုံး ပေါ့ပေါ့ပါးပါး ကလေးပါပဲ။ သူတို့အတွက် သောကတို့၊ ပရိဒေ၀တို့ ခရီး လွန်နေပုံရပါတယ်။ ခုနက သူတို့ပြောတဲ့“ဒေါ်သိန်းရှင်” ဆိုတာ ဒီလို ကန္တာရထဲမှာ ရေဖြစ်အောင် လုပ်နိုင်သူ တစ်ယောက်။ ဒေါ်သိန်းရှင်ဟာ မရှိတဲ့ နေရာမှာ ရှိအောင် လုပ်နေသူ ဆိုရင် ပိုမှန်တယ်။ ဘယ်သူ ရှိတာလဲလို့ မေးရင် ဒေါ်သိန်းရှင် ရှိသွားတာပါ။ ဘာပဲဖြစ်ဖြစ် သူတို့ရပ်ကွက် ကလေး အတွက်တော့ မရှိ မဖြစ် ဒေါ်သိန်းရှင်ပေါ့။ သူတို့ အားကိုးသလို ဒေါ်သိန်းရှင်ကလည်း ရှိပြီးရင်း ရှိရင်းပါပဲ။ မဟတ္တမ ဂန္ဒီကြီးလို၊ မာသာထရေဇာလို မေတ္တာ စေတနာနဲ့ ကူညီတာမျိုးတော့ မဟုတ်လေဘူး။

“ဒီမယ် နှင်းဝေ၊ ညည်း ခြင်ထောင်က အပေါက်ကလေး တစ်ပေါက်ပါနေတယ်။ တစ်ထောင်တော့ မပေးနိုင်ဘူး။ ငါးရာပဲရမယ်။ ပေါင်မယ်ဆို ထားခဲ့။ မပေါင်ချင်ဘူးဆိုလည်း ညည်းသဘော”

ခက်တာက ဒီအရိပ်ကို ခိုရင် ပူလောင်မှန်းတော့ သိတယ်။ ဒီအရိပ်ဟာ သူတို့ ရင်တွေကို မအေးမြနိုင်မှန်း သိတယ်။ ဒါပေမယ့် ဒီအပင်က တစ်ပင် တည်းဆိုတော့ အရိုး များသလေး၊ ချေးခါးသလေး ဆိုရင် လောလောဆယ် ကိုယ်ပဲ ဆွေးရမှာ။ မချစ်ပေမယ့် နမ်းခဲ့ ပေါင်းများခဲ့ပြီ ဆိုတော့ ဒီ ခြင်ထောင်လေး ထားခဲ့ပေါ့။

“ဟဲ့ကောင်မ နှင်းဝေ၊ ဆယ့်ငါးရက်ကျော်ရင် အဆုံးနော်”

ဒေါ်သိန်းရှင်ဆီက ထွက်လာတဲ့ စကားလုံးဟာ သူတို့အတွက် အပ်ချက်နာ နေပြီဖြစ်တဲ့ ဓာတ်ပြားဟောင်း တစ်ချပ်မို့ မဆန်းတော့ပါဘူး။
“ငါက ညည်းတို့ ရပ်ကွက်ထဲက လူတွေကို သနားလို့ ကူညီနေတာနော်။ မှန်မှန် ကန်ကန် ဆက်ဆံမယ် ဆိုရင်တော့ အရှည်သဖြင့်ပေါ့၊ ကြားလား နှင်းဝေ”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့” ဒေါ်သိန်းရှင်ရဲ့ နောက်ကျောမှာ ရှိတဲ့ ဘုရားစင်ဘေးမှာ စာတန်းတစ်ခု တပ်ထားတယ်။ “ဤအိမ်သည် ဗုဒ္ဓ ဘုရားရှင်၏ မေတ္တာရိပ် အောက်တွင် တည်ရှိပါသောကြောင့် ရောက်လာကြသူ အပေါင်း ကျန်းမာ ချမ်းသာကြပါစေ”တဲ့။ တကယ်တော့ ဗုဒ္ဓရှင်တော်မြတ်ဘုရား ရဲ့ မေတ္တာရိပ်ဟာ ဒေါ်သိန်းရှင် တစ်အိမ်တည်းမှ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးကို မေတ္တာရိပ် လွှမ်းခြုံပြီးသားပါ။ ဒါပေမယ့် ဒေါ်သိန်းရှင်ရဲ့ အိမ်ကို ရောက်လာကြသူ အပေါင်း ကျန်းမာ ချမ်းသာသလား ဆိုတာကိုတော့ ဒေါ်သိန်းရှင် ကိုယ်တိုင် အသိဆုံးပါ။

“ကိုလှခင်”

“ဘာလဲဟ၊ မိန်းမရ”

“ဘာရမှာလဲ။ ဟိုဘက် အိမ်က သန်းဆောင် မိန်းမရဲ့ နားကို တော်မြင်မိလား”

မိန်းမသားပီပီ တစ်ယောက်ကို တစ်ယောက် ခြေဆုံးခေါင်းဆုံး အကဲခတ်တဲ့ နေရာ၊ သဲလွန်စ ရှာတဲ့နေရာမှာ စကော့တလန်ယာခ်အေး ဂျင့်လောက်တော့ ပျင်းတောင် ပျင်းသေးတယ်ဆိုတဲ့ အကြည့်မျိုး၊ မိန်းမရဲ့ အပြောကြောင့် လှခင် မျက်လုံးတွေက ၀ါးလုံး တန်းပေါ်ကနေ ကျော်ကြည့်လိုက်တယ်။ သန်းဆောင် မိန်းမရဲ့နားမှာ ခြယ်နားကပ် သေးသေးလေး တစ်ရန်။

“အိုကွာ၊ ဒါများမင်းက အထင်ကြီး နေပြန်ပြီ။ ငါအလုပ်က အပြန်မှာ ဈေးထဲက ဗန်းရွက်သည် ကျူလီရာ ဆိုင်က ၀ယ်တာ မြင်ပါတယ်ကွ။ အတုကြီးပါကွာ”

လင်တော်မောင် လှခင်ဆီက သက်သေ ခိုင်လုံတဲ့ စကားကို ကြားရတော့မှ မိန်းမ လုပ်သူ မျက်နှာဟာ ကြည်ကြည်လင်လင ဖြစ်လာပြီး
“အမလေး၊ တော်ပါ သေးရဲ့။ ကျုပ်က အစစ်မှတ်လို့။ ဟီးဟီး”

တကယ်လို့သာ ဟိုဘက်အိမ်က သန်းဆောင် မိန်းမရဲ့ နားက ခြယ်နားကပ်သာ အစစ်ဆိုရင် လှခင်ရဲ့ပခုံးသား တွေ မုန်တိုင်းထန်မှာ သေချာတယ်။ မိန်းမကို နားကပ် တစ်ရန် ၀ယ်နိုင်ဖို့ လှခင်ပခုံး သားတွေ ရုန်းရကန်ရဦးမှာ မဟုတ်လား။ မယ်မင်းကြီးမ နားကပ်အတု ၀တ်တာကိုပင် ကြံဖန် ကျေးဇူးတင်ရသေးတယ်။ ဒါပေမယ့် ဟိုဘက် အိမ်က သန်းဆောင်ရယ်လေ။ လှစ်ခနဲ သူ့အိမ်ကလေးထဲ ၀င်သွားတယ်။ ဒါကို ၀ါးလုံးတန်းရဲ့ ဒီဘက်က လှခင်တို့လည်း မြင်လိုက်တယ်။ ခဏ ကြာတော့ သန်းဆောင် ပြန်ထွက်လာတယ်။ လက်တစ်ဖက်က နေရှင်နယ် ကက်ဆက် လေးတစ်လုံး ဆွဲလာပြီး ကျန်တဲ့ လက်က ခြောက်ဗို့ ဘက်ထရီ အိုးလေးတစ်လုံး၊ လက်လုပ် လက်စားချင်း အတူတူ သန်းဆောင် လက်ထဲက ကက်ဆက် ကလေးမြင်တော့ လှခင်ရော၊ သူ့မိန်းမပါ မနာလို ၀န်တိုစိတ် ကလေးတွေ ၀င်လာတယ်။ ၀ါးလုံးတန်း တစ်ချောင်းသာ ခြားထားပြီး အရင်ကတည်းက ကျောင်းတော်က ရန်စ မရှိ။ ပြဿနာ တစ်စုံတစ်ရာ မဖြစ်ခဲ့ပါဘဲ နှစ်အိမ်စလုံး မခေါ် မပြော ဖြစ်တာ ကြာပြီ။

အကြောင်းပြချက် ဆိုတာမျိုးလည်း ရှာမရ။ လူကုံထံ မာနထက်တောင် မြင့်နေသေးတယ်။ သန်းဆောင်ကလည်း ဒီကက်ဆက်ကလေးကို ကြွားချင်တာလား။ ရိုးရိုးသားသား ထုတ်လာတာလား။ သန်းဆောင် ကိုယ်တိုင်ပဲ သိနိုင်ပေမယ့် ဒီဘက်က လှခင်တို့ လင်မယား အမြင်မှာတော့ ဒါ သူတို့ကို သက်သက် လုပ်တာပဲလို့ ယူဆတယ်။ ခြယ်နားကပ် အစစ်မဟုတ်လို့ ၀မ်းသာမယ့် နိဒါန်း ပျိုးခါစ လှခင် မိန်းမ မျက်နှာဟာ အခုတော့ “တောင်ကညို ပြိုတော့မယ့် မှိုင်းမှိုင်းမှုန်ဝေ”ဆိုသလို ဖြစ်သွားတယ်။ သန်းဆောင်က နေရှင်နယ် ကက်ဆက် ကလေးကို ဘက်ထရီပလပ်တွေ၊ ဘာတွေ ဂျွိုင်းပြီးတော့ တိတ်ခွေ တစ်ခွေ ထည့်ပြီး ဖွင့်လိုက်တယ်။

သီချင်းကလည်း တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို
“မည်သူမဆို ကူညီ သည်ဖြစ်စေ___မည်သူမဆို မကူညီသည်ဖြစ်စေ___ကိုယ်ထူကိုယ်ထ___ကိုယ့်ဘ၀ အခြေအနေ___ကိုယ့်အား ကိုယ်ကိုးမှ___ကိုယ်သာ သခင်ဖြစ်ပေ”

လုလင်ငယ်သွေး ဆိုတဲ့ သီချင်းသံက ၀ါးလုံးတန်းပေါ်ကို ကျော်ဖြတ်ပြီး လှခင်တို့ နားစည်တွေကို ရိုက်ခတ်သွားတယ်။
“တောက်”

ဒီဘက်အိမ်က လှခင်ရဲ့ တက်ခေါက်သံ ပြင်းပြင်း တစ်ချက်က သီချင်းသံကို ထုတ်ချင်းခတ်သွားတယ်။ ဘာကို ဒေါသဖြစ်မှန်းလည်း မသိ။ ဘာပြောရမှန်းလည်း မသိ။ အဖြေ မရှိတဲ့ မကျေနပ်မှုတွေ အပြိုင်းအရိုင်းနဲ့ လှခင်ဟာ သူ့ခန္ဓာကိုယ်ကို ဆတ်ခနဲ မတ်တတ် ရပ်လိုက်တယ်။ ပြီးတော့ သူ့အနားကို ရစ်သီရစ်သီ လုပ်နေတဲ့ ခွေးပိန်မကို အားရ ပါးရ ပစ်ကန်ရင်း အိမ်ဘက်ကို ခြေဦးတည်လိုက်တယ်။

အိမ်ထဲ ၀င်မလို့ လုပ်နေပေမယ့် ငူငူကြီး ကျန်နေတဲ့ မိန်းမနဲ့ ကလေးကို အာဠာဝက အကြည့်ကြည့်ပြီး...
“ဟိုကောင်မ၊ နင်က ဘာလို့ အိမ်ထဲ မ၀င်သေးတာတုံး။ ငါကျင်းပစ်လိုက်ရင် သေတော့မယ်...ဟင်း”
အိမ်ဦးနတ် လှခင်ရဲ့ ဒေါသကိုတော့ မိန်းမက ကြောက်တယ်။ ပျာပျာသလဲ ထရင်း ကလေးကို လက်ဆွဲပြီး လှခင်နောက်က လိုက်ဝင် သွားလေရဲ့။ ပတ်ဝန်းကျင်ကို အမှောင်ပါးပါး လွှမ်းခြုံလာတဲ့ အထိ သီချင်းသံက မပြီး ဆုံးနိုင်သေးဘူး။

ပြောရရင် လှခင်အိမ်နဲ့ သန်းဆောင်အိမ် နှစ်အိမ်ကြားမှာ စည်းခြားထားတဲ့ ၀ါးလုံးတန်းဟာ လှခင်တန်းထားတာ။ သန်းဆောင်တို့ မရောက်ခင် ကတည်းက လှခင်ရဲ့ ဧရိယာ သတ်မှတ်ထားတဲ့ ၀ါးလုံးတန်းပေါ့။ လှခင်တို့ ဒီမှာ နေတာ ၅ လလောက်ရှိမှ ၀ါးလုံးတန်း ဟိုဘက်ကကွက် လပ်မှာ သန်းဆောင်တို့ ရောက်လာတာ။ သန်းဆောင်တို့ အသိုက်အအုံလေး ဖွဲ့လိုက်တော့ ဒီဝါးလုံးတန်းဟာ အလိုလိုနေရင်း အိမ်နှစ် အိမ်ကြားမှာ စည်းအဖြစ် ဖြစ်သွားတာ။ သန်းဆောင်တို့ ကလည်း သူတို့ ရောက်တဲ့ အချိန်က စပြီး အခုချိန်ထိ ဒီဝါးလုံးတန်းပေါ်မှာ လက်နှီးစုတ် တစ်ထည်တောင် မလှန်း ဖူးဘူး။ အ၀တ်အထည် ဆိုတာတော့ ဝေးပေါ့။ သန်းဆောင်တို့ ရောက်ကတည်းက ဒီဘက်က လှခင်တို့ကလည်း ဘာအ၀တ်မှ မလှန်းဘူး။

အိမ်နှစ်အိမ်ကြားက ၀ါးလုံးတန်းဟာ ဘယ်သူမှ စည်းကမ်း မသတ်မှတ်ဘဲ အလိုလိုနေရင်း အုတ်တံတိုင်းကြီး ဖြစ်လို့။ နှစ်အိမ်စလုံး ပိုက်ဆံ မချမ်းသာ ပေမယ့် ကင်းကင်းရှင်းရှင်း နေချင်တဲ့ စိတ်ကြောင့် ဒါမှမဟုတ် မာန တစ်ခုခုကြောင့် ၀ါးလုံးတန်းရဲ့ အရှိန်အ၀ါဟာ ကြီးသွားပုံရတယ်။ ထုံးစံ အတိုင်း ညနေခင်း အလုပ်ပြန်ချိန်မှာ လှခင်တို့ မိသားစုက အိမ်ဝိုင်းကလေးထဲမှာ ထိုင်လို့၊ ဟိုဘက်အိမ်ကလည်း ထို့အတူ မိသားစု စုံစုံညီညီ ၀ိုင်းဖွဲ့လို့။ ညနေခင်းရဲ့ ကောင်းကင်မှာ ပုစွန်ဆီရောင် တိမ်ရုပ်တွေ ရွေ့လျားနေတယ်။ ဒီအချိန်မှာ မမျှော်လင့်တဲ့ အရပ်က ခွေးတစ်ကောင်ဟာ သူတို့ရှိရာ ဘက်ကို ပြေးလာတယ်။ ခွေးပြေးလာတာကိုလည်း လှခင်တို့ရော၊ သန်းဆောင်တို့ပါ သတိ ထားမိကြတယ်။

ခွေးတစ်ကောင် သာမန်ပြေးလာတာ ဘာမှ ထူးဆန်းတဲ့ မြင်ကွင်း မဟုတ်ဘူး။ ဒါပေမယ့် ထူးဆန်းနေတာက ခွေးပါးစပ်ထဲ ကိုက်ချီလာတဲ့ အရာပဲ။ လှခင်တို့၊ သန်းဆောင်တို့ အနေအထားနဲ့ အတော်အလှမ်းဝေးတဲ့ပစ္စည်း တစ်ခု။ ခွေးပါးစပ်ထဲက အရာဟာ တစ်ပိဿာလောက် ရှိမယ့် ငါးခြောက်ပြား နီနီ ရဲရဲကြီး တစ်ခု။ ဘယ်က ချီလာမှန်းတော့ မသိဘူး။ ခွေးကလည်း သူတို့ ရှိရာဘက်ကို ပြေးလာတာ။ ၀ါးလုံးတန်း အောက်ရောက်တော့ လူတွေ မြင်သွားတဲ့ ခွေးဟာ အလန့်တကြား ငါးခြောက်ပြားကြီး ကို လွှတ်ချခဲ့လေရဲ့။ ငါးခြောက်ပြားရဲ့တန်ဖိုးဟာ ကာလ တန်ကြေးနဲ့ဆို မနည်းဘူး။ ခွေးက အလန့်တကြား လွှတ်ချလိုက်တဲ့ ငါးခြောက်jပားဟာ ကြံကြံဖန်ဖန် ဆိုသလို ၀ါးလုံးတန်းအောက် တည့်တည့်မှာ။

“အမေ၊ ငါးခြောက်ပြား ကြီးတော့်”

ဒီဘက်အိမ်က လှခင်ရဲ့ သမီးလေးက ငါးခြောက်ပြားကြီး ရှိရာကို ရုတ်တရက် ထပြေးတယ်။ ငါးခြောက်ပြားကြီးကို ပြေးကောက်တာ။ ဒါပေမယ့် ဖအေလုပ်တဲ့ လှခင်က သူ့သမီးကို ဆောင့်ဆွဲလိုက်ပြီး “ကောင်မလေး၊ နင် ဘာလို့ ဒီလောက် ငတ်ကြီးကျရတာလဲ။ ငါလုပ်လိုက်ရ သေ တော့မယ်...ဟင်း”

လှခင်ရဲ့ သမီးကလေး ဟာ ငါးခြောက်ပြားဆီ မရောက်နိုင်ဘဲ လမ်းခုလတ် မှာ ရပ်သွားတယ်။ သမီးကို ကျယ်ကျယ်လောင်လောင် အော်ပြီးတားလိုက်တဲ့ လှခင် ရဲ့ အသံကို သန်းဆောင်တို့ မိသားစုလည်း ကြားလိုက်တယ်။ လှခင် စိတ်ထဲမှာ သူ့ သမီးကို ငါးခြောက်ပြားကြီး ဆီ မရောက်အောင် တားဆီး လိုက်ပေမယ့် ဘာကြောင့် တားဆီးမိမှန်းလည်း သူ့ကိုယ်သူ မသိဘူး။ မသိစိတ်ကြောင့်လည်း ဖြစ်နိုင်တယ်။ ၀ါးလုံး တန်းရဲ့ ဟိုဘက်အိမ်က သန်းဆောင်ကလည်း သူ့သား သမီးတွေကို မျက်မာန် တ၀င့်ဝင့်နဲ့ အသံတိတ် ဟန့်တားထားတယ်။ တစ်ဖက်ဖက် ကများ ဒီငါးခြောက်ပြားကြီးကို ကောက်မိရင် အတော့်ကို အောက်တန်းကျ သွားမယ်လို့ ယူဆထားသလား မပြောတတ်။ တကယ်တမ်းကျတော့ ၀ါးလုံးတန်း အောက်တည့်တည့်က ငါးခြောက်ပြားကြီးဟာ သူတို့ရဲ့ လက်တစ်ကမ်းမှာ ထုနဲ့ထည်နဲ့ ရောက်ရှိနေတဲ့ အိပ်မက် တစ်ခုပါ။

ညနေခင်း ရဲ့အရေပြားတွေသာ ရင့်ရော် အိုစာလာတယ်။ သန်းဆောင်ရော လှခင်ပါ ကိုယ့်အိမ်ကိုယ့် ၀ိုင်းထဲမှာ ငုတ်တုတ်။ ကြာတော့ ငါးခြောက်ပြားကြီးသာ မိုးချုပ်သွားပေမယ့် မိုးမချုပ် နိုင်သေးတဲ့ လူနှစ်ယောက်ကတော့ လှခင်နဲ့ သန်းဆောင်ပဲ။ မိန်းမနဲ့ ကလေးတွေတောင် အိပ်ကုန်ကြပြီ။ ၀ါးလုံးတန်း ဟိုဘက်မှာလည်း အမှောင်ထု ကြီးစိုးနေပေမယ့် သန်းဆောင် ဖွာနေတဲ့ ဆေးလိပ်မီးက တရဲရဲ။ ဒီဘက် အမှောင်ထုမှာလည်း လှခင်ရဲ့ချောင်းဟန့်သံကလည်း ၅ မိနစ်ခြား တစ်ခါ ဆိုသလို။ တစ်ယောက်ယောက်ကများ လှခင်နဲ့ သန်းဆောင်ကို “ငါး ခြောက်ပြားကြီး တစ်ယောက် ယောက်ယူမှာ စိုးလို့ စောင့်နေ ကြတာလားလို့”မေးခဲ့ရင် နှစ်ယောက်စလုံးက ခေါင်းယမ်း လိမ့်မယ် ထင်ပါတယ်။ ဒါပေ မယ့် အဲဒီညကတော့ ကောင်းကင်မှာ ခုနှစ်စင်ကြယ်ပြောင် အမြီးထောင်တဲ့ အထိ နှစ်ယောက်စလုံး မအိပ်စက် နိုင်ခဲ့တာ သေချာပါတယ်။

မနက်လင်းတော့ နေက အတော်မြင့်နေပြီ။ လှခင် အိပ်ရာက ထထချင်းမျက်နှာတောင် မသစ်နိုင်သေးဘဲ အကြည့်တွေက ၀ါးလုံးတန်းအောက် မှာ။ သန်းဆောင်ရော ဘာာထူးလဲ။ အိမ်ဝိုင်းထဲမှာ ဆေးလိပ်တောင် ဖွာနေပြီ။ ၀ါးလုံးတန်း အောက်က ရဲရဲနီနေတဲ့ ငါးခြောက်ပြားကြီးကတော့ အန္တရာယ်ကင်းဘေးရှင်းစွာ ရှိနေဆဲပေါ့။ လှခင်က စဥ့်အိုးထဲက ရေကိုလက်နဲ့ယူပြီး မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သပ်ပြီး ၀တ်လက်စ ပုဆိုးနဲ့ မျက်နှာကို ဆွဲသုတ်လိုက်တယ်။ ဒီအချိန်မှာ သူတို့ မမျှော်လင့်တဲ့ အသံတစ်သံ တိုးဝင်လာတယ်။

“လှခင်တို့ သန်းဆောင်တို့၊ ဒီနေ့ အတိုးပြည့်တဲ့ နေ့နော်။ ညနေကျရင် ငါတစ်ခေါက် လာတောင်းမှာ။ ခုဟာက နင်တို့ သတိမေ့နေမှာ စိုးလို့ တမင်သက်သက် တစ်ခေါက် လာပြောတာ။ ညနေကျရင်တော့ သေချာပစေနော”

အသံရှင်ကတော့ တခြားလူ မဟုတ်ပါဘူး။ သူတို့ ရပ်ကွက်ကလေးရဲ့ မရှိမဖြစ် ဒေါ်သိန်းရှင်ပါ။ အတ္တ မီးညွန့် မီးလျှံတွေ တဖွားဖွား တောက်လောင်နေတဲ့ ဒေါ်သိန်း ရှင်ဟာ သန်းဆောင်နဲ့ လှခင် တို့ရှိရာ ဘက်ကို လျှောက်လာတယ်။ ဒေါ်သိန်းရှင်ရဲ့ ခြေလှမ်းတိုင်းမှာ ငွေသံကြေးသံ တွေ မြည်နေတယ်။

“ရှေ့လျှောက် ငါနဲ့ဆက် ဆံချင်ရင် အတိုးမှန်မှန်ပေးက”

ဒေါ်သိန်းရှင်ဟာ သူပြောနေကျ ဓာတ်ပြားဟောင်းကို ဖွင့်ရင်း လှခင်တို့ အနားကို ရောက်လာတယ်။ ၀ါးလုံးတန်း ဟိုဘက်အိမ်က သန်းဆောင်ရော၊ ဒီဘက်အိမ်က လှခင်ပါ ကျောက်ရုပ်တွေလို မတ်တတ်ရပ်လို့။ ဒီနေ့ အလုပ်တစ်ရက် ပျက်ပြီလေ။ ညဥ့်နက်မှ အိပ်ခဲ့ကြတဲ့သူတွေ ဆိုတော့ အိပ်ရာထ နောက်ကျ ကုန်တာ။ ဒီအချိန်မှာ အလုပ် သွားဝင်လို့ကတော့ အလုပ်ရှင်ရဲ့ မာန်မဲမှုသာ အဖတ်တင် မှာ။ ငွေမ၀င်တဲ့နေ့နဲ့ အတိုး စေ့တဲ့ နေ့တည့်တည့် တိုးနေပြီ။ မတုန်မလှုပ် ကျောက်ဆစ်ရုပ် ဖြစ်နေတဲ့ လှခင်နဲ့သန်းဆောင် ကို ဒေါ်သိန်းရှင်က...
“ဟဲ့ ငါပြောတာကြား ကြရဲ့လား။ ဒီနေ့ အတိုးစေ့တယ် ဆိုတာလေ”

အသံက အတော်ကျယ်ကျယ် လောင်လောင် ပြောတော့မှ အိပ်ရာက နိုးလာတဲ့ လူတွေလို....
“သြော်၊ ဟုတ်...ဟုတ် ကဲ့၊ ကြားပါတယ် ဒေါ်သိန်းရှင်”

“အေး ကြားရင်ပြီး ရော”

ဒေါ်သိန်းရှင်က သူ့ကိစ္စ ပြောလို့ဆိုလို့ အပြီးမှာ လှည့် ပြန်မယ်အလုပ်၊ မျက်လုံးတွေ က ၀ါးလုံးတန်းအောက်က ငါးခြောက်ပြားကြီးကို မြင် သွားတယ်။ မျက်ဝန်းတွေ အရောင် တဖိတ်ဖိတ်လက်လာ ပြီး....
“ဟယ်....ကြည့်စမ်း၊ ကြည့်စမ်း၊ ငါ့မှာဖြင့် မီးဖိုချောင်ထဲမှာ ဒေါင်းတောက် နေအောင် ရှာလိုက်ရတယ်။ လက်စသတ်တော့ ငါ့ငါးခြောက်ပြားက ဒီကိုရောက် နေတာကိုး။ ဘယ်သူခိုး၊ သူဝှက်ကများ ခိုးသွားတယ် မသိဘူး”

“ဘယ်သူခိုးမှ ခိုးလာတာ မဟုတ်ဘူးဗျာ။ ခွေးချီ လာပြီး ဒီမှာ လွှတ်ချသွားတာ”

သန်းဆောင်က သူခိုးလို့ အစွပ်စွဲခံရမှာ စိုးလို့ အမှန်တရားကို ပြောလိုက်တယ်။ ဒေါ်သိန်းရှင်ဟာ ၀ါးလုံးတန်းအောက် မြေကြီးပေါ်က ငါးခြောက်ပြားကြီးကိုကောက် ပြီး ဖုန်ခါရင်း...
“ဟင်းဟင်း သူတော် ကောင်း နတ်ကောင်းမဆိုတာ သိပ်မှန်တယ်။ ကြည့်လေ။ ဒါဥစ္စာရင်း မှန်လို့ ပြန်ရတာ။ အမလေး ဈေးကကြီးပါဘိသ နဲ့ မလွယ်လိုက်တာ”

အဲသလို ပြောပြီး ဒေါ်သိန်းရှင်ဟာ ငါးခြောက် ပြားကြီးကို ဆွဲပြီး ထွက်သွားတယ်။ ထွက်သွားတာတောင် ရိုးရိုး မဟုတ်ဘူး။ သူ့ပါးစပ် က...
“ညနေ အတိုးပေးဖို့ မမေ့ကြနဲ့နော်။ ဒါပဲ...”

ဒီတစ်ခါတော့ ဒေါ်သိန်းရှင်ရဲ့ သတိပေးသွားတဲ့ စကားသံကို လှခင်ရော သန်းဆောင်ပါ မကြားမိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်သိန်းရှင် အသံထက် လက်ထဲက ငါးခြောက်ပြားကြီး ဆီကိုသာ အာရုံ ရောက်နေကြလို့ပါ။ ဒီ ငါးခြောက်ပြားကြီးကြောင့် နှစ်ယောက်စလုံး အိပ်ရေးပျက်ပြီး မျက်ချေး ထွက်ခဲ့ကြတယ် မဟုတ်လား။ သန်းဆောင်နဲ့ လှခင်ရဲ့မျက်လုံးတွေဟာ ခပ်ဝေးဝေးကို ရောက်သွားတဲ့ ငါးခြောက်ပြားကြီးဆီကို ကပ်ပါသွားတယ်။ ဒေါ်သိန်းရှင်ရဲ့လက်ထဲကို ပါသွားတော့မှ ကိုယ့်ရင်ထဲက တစ်ခုခု နုတ်ယူ ခံလိုက်ရသလို ခံစားရတယ်။ ပိုက်ဆံ မရှိတဲ့သူ တွေက ငါးခြောက်ပြားကို မကောက်ယူပေမယ့် ပိုက်ဆံရှိတဲ့ ဒေါ်သိန်းရှင်က “သူ့ ပစ္စည်း”ဆိုပြီး ကောက်ယူသွားတာ အမှန်တရား ဟုတ်မဟုတ် သူတို့ မစဉ်းစားမိပါ။ ဒေါ်သိန်းရှင်ကတော့ မရှိမဖြစ် ဒေါ်သိန်းရှင် ဆိုသလို ဒီရပ်ကွက်ကလေးမှာ မသေမချင်း ရှိနေမှာပါ။ ဒေါ်သိန်းရှင် ဇီဝ မချုပ်ငြိမ်းသေး သရွေ့ ငွေခန်းကြေးခန်းကလည်း ဘယ်တော့မှ ပြည်ဖုံးကားချလိမ့် မဟုတ်ဘူး။ ရပ်ကွက် ကလေးထဲက လူတွေလည်း ဇာတ်ရုပ်အသေ၊ စရိုက်တယ်။

မောင်သစ်လှိုင်း အသေနဲ့ ဆက်လက် ကခုန်နေကြ ရဦးမှာ ဖြစ်တယ်။ ဒေါ်သိန်းရှင် အတွက်တော့ ဒီရပ်ကွက် ကလေးဟာ လက်ယက်တွင်း လေးတစ်ခုပါပဲ။ သဲသောင် ပြင်ပေါ်မှာ လက်နဲ့ယက်ပြီး တူးထားတဲ့ လက်ယက်တွင်း (သို့မဟုတ်) ရေတွင်းအသေး စားလေးပေါ့။ လက်ယက် တွင်းထဲက နည်းနည်းချင်း တစိမ့်စိမ့် ထွက်လာတဲ့ ရေကို စိတ်ရှည်လက်ရှည် စောင့်ပြီး ခပ်နေရင် ကိုယ်လိုချင်တဲ့ အတိုင်းအတာ ပြည့်ပါတယ်။ဒေါ်သိန်းရှင်ကတော့ ဒီတွင်းကလေးထဲက ရေကို ခပ်ယူရင်း စိတ်ရှည်ခဲ့တဲ့ နှစ်ပေါင်း မနည်းတော့ပါဘူး။ စည်းခြားထားတဲ့ မဟာရံ တံတိုင်းကြီး ဖြစ်တဲ့ ၀ါးလုံးတန်းရဲ့ဟိုဘက်နဲ့ ဒီဘက်မှာ လှခင်နဲ့ သန်းဆောင် ခုချိန်ထိ ငူငူကြီး ရပ်လို့။

မျက်လုံးတွေက ရပ်ကွက်ကလေးကို ကျော်ပြီး မိုးကုပ် စက်ဝိုင်းဆီ ရောက်နေတယ်။ အသိစိတ် ပြန်လည် ပူးကပ်ချိန် ကျမှ နှမြောတသ စိတ်တွေ ပင်လုံး ညွှတ်လာတယ်။ ဟုတ်ပါတယ်။ ငါးခြောက်ပြားကြီးကို နှမြော နေကြတာပါ။ ဒါပေမယ့် သူတို့ရဲ့ လက်တစ်ကမ်း အိပ်မက် တစ်ခုက အငွေ့ ပြန်သွားပါပြီ။ ငါးခြောက်ပြားကြီးကတော့ သူတို့ မြင်ကွင်းမှာ မရှိတော့ပါဘူး။ တကယ်ဆိုရင် ဒီငါးခြောက်ပြားဟာ ဒေါ်သိန်းရှင် ပစ္စည်း ဟုတ်မဟုတ်၊ သေချာမသေချာ ဆိုတဲ့ သံသယ တစ်မှုန်စာလေးတောင် ဖြစ်ခွင့် မရှိတဲ့ နှလုံးရည် အားနည်း ရပ်ဝန်းလေး တစ်ခု(ဒါမှမဟုတ်) ဒေါ်သိန်းရှင် ခပ်ယူနေတဲ့ လက်ယက်တွင်းကလေးပေါ့။

မောင်သစ်လှိုင်း


No comments: