Saturday 13 August 2011

အက္ခရာစီတိုင်း စာမဖြစ်



(အမိမြေ)
 လူသားမျိုးဆက်တစ်ခုမှ တစ်ခုသို့ အတွေ့အကြုံ၊ ဗဟုသုတ၊ အတွေးအခေါ်၊ စိတ်ကူးစိတ်သန်း စသည့် ဘ၀နှင့် ရင်းပြီး ရရှိခဲ့သည့်အရာများကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် လက်ဆင့်ကမ်း အမွေပေးလာခဲ့ကြသည်။ ထိုသို့ အမွေပေးရာတွင် အခါခပ်သိမ်း အဆင်ချောခဲ့သည် မဟုတ်။
အက္ခရာစာလုံး မတီထွင်နိုင်မီ ကာလများက မိမိတို့လေ့လာသင်ယူခဲ့ရသော အရာများကို နှုတ်တက်အာဂုံဆောင်စေခြင်းဖြင့် လည်းကောင်း၊ အရုပ်သင်္ကေတများ ရေးဆွဲခဲ့ခြင်းဖြင့်လည်းကောင်း၊ အက္ခရာစာလုံးတီထွင်နိုင်ပြီး စာရွက်ကို မတီထွင်နိုင်သေးချိန်တွင် ထုထည်ကြီးမားသော အုတ်၊ ကျောက်တုံး၊ ကျောက်စိုင်များပေါ်တွင် ရေးထွင်းစေခြင်းဖြင့်လည်းကောင်း၊ ၀ါး၊ ပေ၊ ပိတ်သား စသည့် ရေးထိုးရ လွယ်ကူနိုင်သော အရာများပေါ်တွင် ရေးမှတ်စေခြင်းဖြင့်လည်းကောင်း၊ ထိုမှတစ်ဖန် စာရွက်ကို တီထွင်လာနိုင်ပြီး လက်နှိပ်စက်ကို မတီထွင်နိုင်သေးမီ ကာလများတွင် လက်ရေးအလှရေးသူများက စာရွက်များပေါ်တွင် ကူးရေးကာ ဆင့်ကဲ ဆင့်ကဲ ပင်ပန်းကြီးစွာ လုပ်ဆောင်လာခဲ့ကြသည်။

ဆိုခဲ့ပါ အခက်အခဲများသည် ဂူတင်ဘတ် (Gutenberg) မှ ပုံနှိပ်စက်ကို တီထွင်နိုင်သောအခါ ပြီးငြိမ်းသွားသည်ဟု ဆိုနိုင်သည်။ လူသားတို့၏ အတွေးအမြင်၊ ဗဟုသုတ၊ ရှာဖွေတွေ့ရှိချက်များကို ပုံနှိပ်စက်၏ အကူအညီဖြင့် စာအုပ် မိတ္တူပေါင်းများစွာကို ပုံနှိပ်ထုတ်ဝေနိုင်ကာ၊ ယခင်ကထက် အဖိုးများစွာ လျော့နည်းသော ဈေးနှုန်းဖြင့် ကမ္ဘာ့နေရာအသီးသီးသို့ ပို့ဆောင်ဖြန့်ဝေ ပေးနိုင်သောကြောင့် ပုံနှိပ်စက်တွေ့ရှိချက်ကို လူသားသမိုင်း၏ အကြီးမားဆုံး တွေ့ရှိချက်တစ်ခုဟု သတ်မှတ်ခဲ့ကြသည်။ ထိုစာအုပ်စာတမ်းများမှတဆင့် နေရာဒေသအသီးသီးရှိ မတူညီသော လူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာ၊ သမိုင်း၊ ကိုးကွယ်ယုံကြည်မှု၊ အတွေးအခေါ်များကို ရှေးယခင်ကထက် ပိုမိုလျင်မြန်စွာ သိရှိလာနိုင်သည်။ တွေ့ရှိချက်များကိုလည်း စာအုပ်စာတမ်းများဖြင့် သိမ်းဆည်းသိုမှီးထားနိုင်လာသောကြောင့် နှုတ်တက်အာဂုံဆောင်ရာတွင် မေ့ကျန်နိုင်သော၊ အငြင်းပွားဖွယ် ဖြစ်စေနိုင်သော အရာများကို ရင်ဆိုင်စရာမလိုတော့။ မိတ္တူပေါင်းများစွာ ကူးယူထားနိုင်သောကြောင့် တစ်အုပ်ပျက်စီးသွားတောင် အခြားနေရာတွင် အလားတူ စာအုပ်မျိုးကို ပြန်ရှာတွေ့နိုင်သည်။ ထိုမှ စာအုပ်တစ်အုပ်ကို အကြိမ်ပေါင်းများစွာ ပြန်လည် ရိုက်နှိပ်သောကြောင့် လည်းကောင်း၊ ကမ္ဘာ့နိုင်ငံများ၊ တက္ကသိုလ်များမှလည်း စာကြည့်တိုက်များ တည်ထောင်ကာ ထိန်းသိမ်းစောင့်ရှောက်လာသောကြောင့် လည်းကောင်း နောင်မျိုးဆက်များအနေဖြင့် ရှေးပညာရှိများ၊ ပညာရှင်များ၏ အမွေအနှစ်များကို ရှေးကထက် ပိုမိုလွယ်ကူ၊ စုံလင်စွာ လေ့လာနိုင်လာသည်။

တစ်ဆင့်တက်ကာ အင်တာနက်ခေတ် ရောက်လာသည်။ ပညာရပ်ပေါင်းများစွာ၊ စာအုပ်စာတမ်းပေါင်းများစွာကို အင်တာနက်မှတစ်ဆင့် ပိုမိုလွယ်ကူ အဆင်ပြေစွာ ရှာဖွေဖတ်ရှုနိုင်သည်။ စာကြည့်တိုက်သို့ သွားရသော ကရိကထ အတန်ငယ် နည်းသွားပြီဟု ဆိုနိုင်သည်။ မိမိသိလို၊ ဆည်းပူးလိုသော ပညာရပ်များကို အင်တာနက်၏ အကူအညီဖြင့် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ရှာဖွေနိုင်သည်။ အချို့ပညာရပ်များကို အင်တာနက်တွင် ဗီဒီယိုများ တင်ရှိပေးထားသောကြောင့် ဆရာမှတစ်ဆင့် လေ့လာသင်ယူနေသကဲ့သို့ ဖြစ်နေသည်ဟု ထင်ရသည်အထိ အင်တာနက်၏ တန်ခိုးကြီးမားလာသည်။

ထိုသို့ ပညာရပ်များ၊ စာအုပ်စာတမ်းများကို ဤမျှလွယ်ကူ၊ လွတ်လပ်စွာ ရရှိနိုင်လာသောအခါ နှောင်ကြိုးမဲ့ လွတ်လပ်မှုနှင့်အတူ ကျွဲကူးရေပါဆိုသလို မလိုလားအပ်သော စာများ၊ ယုံကြည်နိုင်ဖွယ် မရှိသော ပညာရပ်များကို တာဝန်မဲ့ပြုမူနေသူများမှ လုပ်ဆောင်လာနိုင်သည်။ ထို့ပြင် ဤမျှများပြားသော စာအုပ်စာတမ်း ပညာရပ်များကို မည်သို့မှ ကုန်အောင်ဖတ်ရှုလေ့လာနိုင်မည် မဟုတ်။ အလွန်စာဖတ်သည်ဟု နာမည်ကြီးသော ဂလက်စတုံး (Gladstone) ပင်လျှင် သူ၏ (၈၉) နှစ်သက်တမ်းအတွင်း စာအုပ်ပေါင်း နှစ်သောင်းကျော်သာ ဖတ်သွားနိုင်ခဲ့သည်။ နှစ်သောင်းကျော်သာဆို၍ နည်းသည်ဟု မထင်ပါနှင့်။ တစ်နေ့ ပျမ်းမျှတစ်အုပ်နှုန်းကို နှစ်ပေါင်း (၈၉) နှစ် ဆက်တိုက်ဖတ်မှသာ ဆိုခဲ့ပါ ပမာဏကို ရောက်နိုင်မည်။ ကျနော်တို့ ယနေ့လူများအဖို့ ဘ၀တစ်သက်တာတွင် စာအုပ်ပေါင်း နှစ်သောင်း ဖတ်ဖို့ဆိုသာ အလွန်ခက်ခဲသော ကိစ္စတစ်ခုပါ။ ထိုအထဲကမှ လမ်းပြပေးမည့်သူမရှိပါက ဖတ်သမျှစာသည်လည်း အကျိုးရှိသောစာ ဖြစ်ရန်မှာ သာ၍ မလွယ်ကူပါ။

သည်လိုဆို ကျနော်တို့ ဘယ်လိုစာမျိုးကို ဖတ်သင့်သလဲ။ ဘယ်စာမျိုးက ကိုယ်နှင့်သင့်လျော်မလဲ။ ဘယ်လိုစာမျိုးဟာ ယုံကြည်ထိုက်သော စာလို့ ခန့်မှန်းမလဲ။ စာဖတ်သူ၏ အားသန်ရာ၊ ကျင်လည်ရာ ၀န်းကျင်ကို လိုက်၍ အကျိုးပြုနိုင်သော စာအမျိုးမျိုး ကွဲပြားနိုင်သည်ဖြစ်ရာ မည်သည့်စာက အကောင်းဆုံးလည်းဆိုတာ ပြောဖို့ ခက်ပါသည်။ ယုံကြည်ရမှုနှင့် ပတ်သက်၍ ကျနော် တစ်ဦးတည်းအနေနှင့် ဦးစွာ စာရေးသူကို ကြည့်ပါသည်။ သူ၏ ယခင့်ယခင်စာများကို ဖတ်ဖူးထားပြီး ကောင်းသည်၊ စိတ်ချရသည်ဟု သိပြီးဖြစ်ပါက ယခုစာပါ အကြောင်းအရာများကို အများအားဖြင့် ယုံကြည်နိုင်သည်ဟု ယူဆသည်။ ထို့ပြင် စာရေးသူ၏ ကလောင်သည် အများလေးစားခံရပြီး ဖြစ်ပါက သာ၍ စိတ်ချရသည်။ ကျနော်ယခင်က မဖတ်ဖူးသူများ၏ စာဖြစ်ပါက အခြားစာဖတ်သူများ၏ မှတ်ချက်ကို အရင်ကြည့်ပါသည်။ မှတ်ချက်အများစု၏ သဘောမှာ တိုက်ရိုက်ကျပြီး၊ လိုရင်းတိုရှင်း ရေးထားသည်ဖြစ်၍ အချိန်ကုန်သက်သာပါသည်။ နောက်တစ်ချက် ကျနော် အလေးထားသောအချက်မှာ စာတွင် ပုဂ္ဂိုလ်စွဲ ကင်း၊ မကင်း ဖြစ်သည်။ စာရေးသူသည် မိမိဝေမျှလိုသော အကြောင်းအရာကို ပုဂ္ဂိုလ်စွဲ အလွန်ပြင်းထန်စွာဖြင့် ဝေဖန်တိုက်ခိုက် ထိုးနှက်ထားသော စာမျိုးဖြစ်ပါက ထိုစာမျိုးကို ကျနော် မဖတ်ပါ။ စာရေးသူသည်လည်း လူပင်ဖြစ်သောကြောင့် သူ၏ အတ္တကို လုံးဝပယ်ပစ်ရန်မှာ မဖြစ်နိုင်။ သို့သော် စာထက် အက္ခရာတင်မည်ဆိုလျှင် ထိုအတ္တကို အတတ်နိုင်ဆုံးလျော့ရန် တာဝန်ရှိသည်ဟု ယူဆပါသည်။

နောက်တစ်ချက်က စာလုံးပေါင်း သတ်ပုံကိစ္စ။ ယနေ့ခေတ် စာအတော်များများသည် စာလုံးပေါင်းသတ်ပုံကို အလေးမထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း စာလုံးပေါင်းသတ်ပုံနှင့် ပတ်သက်သော ကျမ်းဟူ၍ မဆလခေတ်က ထုတ်ဝေသော အစိမ်းရောင်စာအုပ် တစ်အုပ်သာ ရှိသည်။ ထိုစာအုပ်ပါ စာလုံးပေါင်းအချို့ကို ပညာရှင်အချို့က သဘောမတွေ့ဟု ဆိုသည်။ ကျနော့်အနေဖြင့်မူ သဘောတွေ့ခြင်း၊ မတွေ့ခြင်းက အကြောင်းမဟုတ်။ ဦးစွာ အရေးကြီးသည်က အားလုံး ဘုံတူညီချက်ရှိသော စာလုံးပေါင်းကို သုံးစေလိုခြင်းက ပဓာန။ ထို့ကြောင့် လတ်တလော စာလုံးပေါင်းကိစ္စနှင့် ပတ်သက်လာလျှင် ထိုစာအုပ်ကိုသာ ကိုးကားသည်။ မကြိုက်သော စာလုံးပေါင်းများကို နောင်အခါ ပညာရှင်တို့ ပြင်ဆင်တည်းဖြတ်ပြီး ပြန်လည်ထုတ်ဝေနိုင်ပါသည်။ ကမ္ဘာပေါ်ရှိ အဘိဓာန်များသည်လျှင် ထိုနည်းပင် ခရီးနှင်လာခဲ့ကြသည်။ ထို့အပြင် အားလုံးတစ်ပြေးညီ စာလုံးပေါင်း တစ်ခုတည်း ဖြစ်ရန်မှာလည်း လူတိုင်းလက်ထဲတွင် စာလုံးပေါင်းသတ်ပုံကျမ်း အလွယ်တကူ ရှိနိုင်ရမည်။ ထိုသို့ ရှိနိုင်ရန်မှာလည်း အစိုးရအနေဖြင့် ထိုစာအုပ်မျိုးကို အလကားဖြစ်စေ၊ တစ်နည်း ငါးပြားဖြင့် ဖြစ်စေ ရောင်းချဖြန့်ဝေရန် တာဝန်ရှိသည်ဟု ထင်ပါသည်။ ဤသဘောမျိုးကို ဆရာဇေယျ၏ ငါးပြားတန် အဘိဓာန်တွင် အသေးစိတ် သိနိုင်ပါသည်။

နောက်ဆုံးတစ်ချက် အနေဖြင့် ယနေ့လို ကိုယ်ရေးချင်ရာ ရေးပြီး၊ ဘယ်အယ်ဒီတာ စားပွဲမှ ဖြတ်စရာ မလိုဘဲ၊ ချက်ချင်း အင်တာနက်ပေါ် တင်ထုတ်နိုင်သောခေတ်တွင် စာရေးသူအများအပြား ပေါ်ထွက်လာသည်မှာ ၀မ်းမြောက်စရာ ဖြစ်ပါသည်။ သို့သော် အက္ခရာစီတိုင်း စာမဖြစ်ပါ။ စာတစ်ပုဒ်၏ ကောင်းခြင်းကို အချိန်ကာလ ဘယ်လောက်ကြာကြာ တည်မြဲ၊ မှန်ကန်သလဲဆိုသော အချက်က အဆုံးအဖြတ်ပေးသည်ဟု လေးနက်စွာ ယုံကြည်မိပါသည်။

ဒါတွေကတော့ ယနေ့ခေတ်စာများနှင့် ပတ်သက်သော ကျနော့်ထင်မြင်ချက် အချို့ပါ။ စာပေနှင့် ပတ်သက်သော ပညာရှင်တို့၏ သဘောထားများမှ ကျနော်အလွန်နှစ်သက်သော ဆရာမြသန်းတင့်၏ စာတစ်ပုဒ်ကို အောက်တွင် မျှဝေပေးလိုက်ပါသည်။ ဆရာက သူ့စာပါအကြောင်းအရာများကို မှီငြမ်းများဟု ရိုးရိုးသားသားဆိုထားသော်ငြား၊ ဆရာသာ ဖတ်မထားဘဲနေပါက ကျနော်တို့လည်း သည်သဘောတရားများကို တော်ရုံသိမည်မဟုတ်သောကြောင့် ဆရာ့ကိုယ်ပိုင်ရေး အတွေးအခေါ်များနှင့် ထပ်တူ တန်ဖိုးထားမိပါသည်။

No comments: