Friday, 12 August 2011

မမေ့သေးဘူး

 

ဘယ်နေရာကိုကြည့်ကြည့်

ကြည့်လေ ရာမြင်လေရာ အားလုံးဟာ

သတိရစရာဖြစ်စေဖို့ အကြောင်းတွေ ချည်းပါပဲ။




နေ့တွေညတွေ ဘယ်လိုပဲဖြတ်သန်း ကုန်လွန်စေပေမယ့်

စိတ်နှလုံးဟာ မင်းဆီမှာ မင်းထံသို့သာ ရောက်နေမြဲ

ကာလ ရှည်ကြာခဲ့ ပေမယ့် မင်းပါးသာ ခစားနေမြဲ

အတိတ်တစ်ခုအဖြစ် ကျန်ခဲ့ပေမယ့်

မမေ့သေးဘူး အချစ်ရေ.... ငါမမေ့သေးဘူး။



ညလေးဟာ တိတ်ဆိတ်နေလေတယ်

ပိုးပုရစ်သံတွေ လေတိုးသံတွေက လွဲပြီး

ငါ့ နားနဲ့ကြားနိုင်ဖွယ်ရာ ကတော့ ငါ့ နှလုံးခုန်သံ ပါပဲ။

ရက်စက်ညတွေ ထဲက ရုန်းထွက်ဖို့တော့

 မျက်လုံးတစ်စုံကို ဖွင့်ထားလိုက်ရုံကလွဲပြီး ဘာရှိဦးမှာလည်း...

ပြူတင်းတံခါးပေါ်မှာ လက်ထောက်ငေးမှိုင်ချရင်း

 ညဥ့်လေအတိုးမှာ ရင်ထဲလှပ်ခနဲ့ ခံစားရရဲ့။



အပြင်ကမ္ဘာမှာ မည်းမှေင်နေဆဲ

ဟို့လမ်းတစ်ဘက်ကို လှမ်းမျှော်ကြည့်တတ်တဲ့

အကျင့်လေးကလည်း ဖျောက်ရခက်ပါ့။

သစ်ရွက် လှုပ်သံသဲ့သဲ့လေးနဲ့ အတူ

သူမ အရိပ်ကိုများ တွေ့လေမလား တဲ့ ဒီတွေးစိတ်ကြီးကို မုန်းလှပါပြီလေ။



နေ့စဉ်အိပ်မက်တွေနဲ့ အတွေးစက္ကန့်တွေမှာ ခဏလေးဖြစ်ဖြစ်ပေါ့

မျက်တောင်တခတ်မှာ ပျောက်ပျက်သွားမယ့် ခေတ္တလေး

ဒီခဏလေးလောက် မြင်ချင်တယ် တွေ့ချင်တယ်

မျက်ဝန်းချင်း ဆုံခွင့် ရချင်ပါတယ်။



စမ်းတဝါးဝါး မန်းဆတမ်းတခြင်း နှင့် ထင်ယောင်မြင်မှား ရူးသွပ်မှုတွေအတွက်

နားခိုမှေးစက်ရာဆိုတာ တွေးမရနိုင်ခဲ့ဘူး။

မဖြစ်နိုင်တော့မှန်း သိပါတယ်လေ။

လုပ်မြဲ လုပ်စဉ် တခုကို လုပ်နေဖို့ ဝသီပါသွားတယ် ထင်ပါရဲ့။



စိတ္တဇညတွေ ရေတွက်နေရဆဲ၊ ဆုပ်ကိုင်မရအိပ်မက်တွေ နပန်းလုံနေရဆဲ၊

ခြောက်လှန့်မြင်မက်ရခြင်းတွေကို လက်တွန့်လှပြီ။

မဟူရာညမှာ ရီသံလွလွလေး ၊

ပြုစားလေဦးမယ့် အိပ်စက်ခြင်းကိုကြောက်နေတယ်။



အတောင့်တဆုံး အရာလေးတစ်ခု

ခေတ္တလေး တကယ့်ခဏလေးပဲဖြစ်ဖြစ် ဆုံခွင့်ရချင်တယ်။



နေ့စဉ်အိပ်မက်တွေနဲ့ အတွေးစက္ကန့်တွေမှာ ခဏလေးဖြစ်ဖြစ်ပေါ့

မျက်တောင်တခတ်မှာ ပျောက်ပျက်သွားမယ့် ခေတ္တလေး

ဒီခဏလေးလောက် မြင်ချင်တယ် တွေ့ချင်တယ်

မျက်ဝန်းချင်းဆုံခွင့်ရချင်ပါတယ်။.....

 melven than

No comments: