Friday 12 August 2011

လေလွင့်ခြင်းလူ


 by Melven Than on Tuesday, April 5, 2011

ပြူတင်းတခါးကိုဖွင့်လိုက်တော့ နုညံ့တဲ့လေညှင်းလေး တိုးဝှေ့ကျီစယ်တယ် ။ခြံဝင်းလေးရဲ့ခေါင်းရင်းဘက်မှာ အရိပ်ကောင်းလှတဲ့ သရက်ပင်ကြီရှိတယ်။ သူ့အရိပ်အောက်မှာ ဝါးနဲ့လုပ်ထားတဲ့ပက်လက်ကုလားထိုင်တစ်ခု ရှိတယ်။ အဖေက မနက်တိုင်းမှာ
အဲဒီ ပက်လက်ကုလားထိုင်ပေါ်မှာ ရှိနေတတ်တယ်။ အဖေ့လက်မှာ ဖတ်စရာစရာစာအုပ်တစ်အုပ် အမြဲရှိနေတတ်တယ်။

ပုံမှန်မြင်ကွင်းလေး။ အပူထုသိပ်မများသေးတဲ့ပင်ရိပ်အောက်မှာ အဖေရှိနှင့်နေပြီ။ ဒါက အလုပ်ကအနားယူထားပြီးဖြစ်တဲ့အဖေ့ရဲ့ ပုံမှန်အလုပ်ပဲလို့မေမေကပြောပြတယ်။ သားဖြစ်သူ ကျွန်တော်ရောက်လာလို့ ထင်ပါတယ်။ အဖေ့မျက်နှာမှာ သာမန်ထက်ထူးခြား တဲ့ကျေနပ်မှုတွေပြည့်နေ ခဲ့တယ်။ ဒီအတွက်ပိုပြီးဝမ်းသာရတယ်။ အဖေက စာအုပ်ကိုဖတ်နေရင်းက ကျွန်တော်ရှိရာပြူတင်းဖက်လှမ်းကြည့်တယ် ။ပြုံးတယ်၊ ကျွန်တော်ပြန်ပြုံးပြတယ်။ ပြီတော့မျက်လွှာချသွားတယ်။

ကျွန်တော် အိပ်နဲ့ အကြိမ်ပေါင်းများစွာ ခွဲခွာခဲ့ဖူးပါတယ်။ ဒီခွဲခွာခြင်းရဲ့ ဒဏ်ရာတွေကို ကျွန်တော်နဲ့မိသားစုတစ်ခုလုံး ခံစားဖူးပါတယ်။ အထူးသဖြင့် အိပ်မှာကျန်ခရတဲ့သူတွေက ပိုပြီဲး့ခံစားရလိမ့်မယ်ဆိုတာ ကျွန်တော်ပြောရဲတယ်။ နိုင်ငံခြားတိုင်းပြည်ကို အသက်ထက်ဝက်လောက်ထိ သွားလိုက်လာလိုက်လုပ်နေခဲ့တဲ့ ကျွန်တော်ရဲ့ လွမ်းဆွတ်မှုတွေက မိသားစုလောက် မပိုတာသေချာတယ်။

ဒီတစ်ခေါက်ကတော့ အဖေနဲ့အမေတို့ရဲ့ဇရာဟာ အတော်လေးကို အိုမင်းနေလေပြီ။ ဇရာရဲ့အရေးကြောင်းတွေက ရင်ထဲကို တစ်စုံတစ်ရာ အတိုင်းအတာထိခံစားမှုကိုပေးတယ် ။ သို့ပေမယ့် ဇရာဆိုတာ တားဆီးလို့ ရနိုင်တာမျိုး မဟုတ်လေတော့ မတတ်နိုင်။

မေမေရဲ့နုညံ့တဲ့အပြံုးဟာ အလွန်အေးချမ်းတယ်။ အဖေ့ရဲ့ လှိုက်လှဲပြုံးတွေဟာ ပျော်ရွှင်ပီတိ ဂွမ်းဆီထိဖြစ်ရပါတယ်။ အဲသလိုအေးချမ်းတဲ့ အဖြစ်မျိုးက အပြင်လောကမှာ ဘယ်တုန်းက၊ ဘယ်နေရာမှာမှ မရဖူးခဲ့တာသေချာတယ်။

ဒီကနေ့ဟာ ချစ်ခင်ရတဲ့ မိသားစုကို ထပ်မံပစ်ထား ခွဲခွာ ရတော့မယ့်နေ့ရက် အချိန်လေးဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ဆုတောင်းပေမယ့် မပြည့်နိုင်ခဲ့ဘူး။ မိသားစုတစ်ခုလုံးရဲ့စိတ်မှာ ညှိုးငယ်ပူပန်မှုတွေကို တိုင်းဆလို့ရနိုင်မယ် မထင်လေဘူး။

ပြူတင်းတံခါးဆီကခွာပြီး အမေ့ကိုလိုက်ကြည့်မိတယ်။ မေမေ ချက်ပြုတ်ဖို့ပြင်ဆင်နေလေရဲ့။ မီသွေးမီးဖိုလေးကို ယပ်တောင်လေးနဲ့ သုတ်သုတ်ခတ်ယမ်းနေတယ်။ တစ်ခါတစ်ခါ ဖျတ်ခနဲ့ မှိုင်သွားတတ်တယ် ၊ပြီးတော့လက်ဖမိုးလေးနဲ့ မျက်လုံးစုံကို ပွတ်နေလေတယ်။ မေမေငိုနေလေပြီတကား။ ရင်ထဲ နင့်ခနဲ့ဖြစ်သွားတယ်။ ပုခုံးစွန်းဘယ်ညာကို မျက်ရည်စတွေ လှည့်သုတ်ရင်း ကျွန်တော့်ဆီကြည့်တယ်။ ကျွန်တော်ကမေ့မေ့ကိုပွေ့ဖက်လိုက်တော့၊ "မျက်လုံးထဲ မီးခိုးဝင်သွားလို့သားရယ်' လို့ တိုးတိုးလေးဆိုလေတယ်။ ကျွန်တော် ဘာမှပြန်မပြောဖြစ်ပါ။

အဖေ့ဆီလျှေက်သွားပေမယ့် ဘာပြောရမယ် မသိတော့။ ဖတ်လက်စ စာအုပ်ကိုပေါင်ပေါ်တင်ပြီး ကျွန်တော်ရှိရာဆီ တွေတွေလေးကြည့်နေတယ်။ ထွက်ခွာသွားဦးမယ့်သားကို ရီဝေဝေလေးစောင့်ကြည့်နေ ရှာတယ်။ အိမ်နဲ့အ ကြိမ်ကြိမ် ခွဲခွာဖူးပြီဖြစ်ပေမယ့် ဒီတခါတော့ အလွန်ပဲ ခံစားရတယ်။ အဖေ့ကို ဘယ်လိုစကားလုံးတွေပြောနိုင်မလဲ၊

ကျွန်တော်မသိတော့ပါ။ သေချာတာကတော အမျိုးမမည်မသိ ခံစားမှုနဲ့ အဖေရှိရာဆီ လှမ်းတဲ့ခြေလှမ်းတွေ ရပ်တန့်နေခဲ့တယ် ဆိုတာပါပဲ။ ဘယ်အချိန်မှ ဒီခြံဝင်းလေးထဲကိုပြန်ရောက်နိုင်မယ်ဆိုတာ မသိနိုင်။ နောက်ဆုံး မဖြစ်ပါစေနဲ့ဟုသာ.....ဆုတောင်းနေမိတော့တယ်။

အဖေ ၊မေမေ ညီလေး ညီမလေးတွေနဲ့ အရီး ကျန်းမာရွှင် လန်းနိုင်ကြပါ။
ပြန်လည် ထွက်ခွာခြင်း အမှတ်တရ။ 4:13 PM 1/4/2011 melventhan

No comments: