Tuesday 11 October 2011

ဧရာဝတီ, PIA ( EIA Vs SIA ) နှင့် PRI မည်သို့ဆက်စပ်မှုရှိသနည်းနှင့် အခြားဆက်မိစပ်ရာ အတွေးစများ.....အပိုင်း (၁)

PIA = Political Impact Assessment ( နိုင်ငံရေး သဘောတရားဆိုင်ရာ အကျိုးသက်ရောက်မှု အပေါ်လေ့လာသုံးသပ်ချက်)
EIA = Environmental Impact Assessment (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုအပေါ် လေ့လာသုံးသပ်ချက်)
SIA = Social Impact Assessment (လူမှု ဘဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု အပေါ် လေ့လာ သုံးသပ်ချက်)
PRI = Political Risk Insurance ( နိုင်ငံတနိုင်ငံမှ အခြားနိုင်ငံသို့ ကြီးမားသော စီမံကိန်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများတွင် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများအားလုံးအတွက် ကာကွယ်ပေးနိုင်သော အာမခံမှု )

ကျမစာကောင်းကောင်း မရေးတတ်ပါ။ စာရေးရမှာလဲ အလွန်ပျင်းသည်။ ငယ်စဉ်ကတော့ ရည်းစားစာလိုလို ၊ ဒိုင်ယာရီလိုလို ဟိုရေးဒီရေးတော့ လျှောက်ရေးခဲ့သေးသည်။

သို့ပေမဲ့ ကျမကပဲ အသိမ်းအဆည်း အလွန်တော်၍လား..ကျမ၏ မောင်နှမများကပဲ Observation Power ကောင်းလွန်းလို့လားမသိ.. စာလေးတစောင်လောက် ရေးလိုက်မိတိုင်း အတိုအလျှိုလုပ်ခံရသည်။ ထိုသို့လုပ်ရုံနှင့်မပီး.. အိမ်ရှိလူများစုံလင်ပီဟေ့ ဆိုလျှင် တိုထားသောစာကို အော်ကြီးဟစ်ကျယ် ဖတ်ကြ ၊ ရီကြ ၊ လှောင်ကြပေတော့သည်။ ခံရဖန်များလာသော အခါ ကျမ ဆရာကြီးဖြစ်သွားသည်(ကွမ်းယာထဲ ထည့်စားသည့် ဆရာကြီးမဟုတ်ပါ)။ နောက်ပိုင်းတွင် ခံစားချက်များ ၊ အမြင်များကို စာရွက်ပေါ်ရေးသားခြင်းကို မိသားစုနှင့်နေခဲ့စဉ်အတောအတွင်း အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့တော့သည်။

ဒီလိုနှင့် ကာလအတော်ကြာကြာထိန်းချုပ်ထားခဲ့သော စာရေးခြင်းကို မကြာသော အချိန်ကမှသာ ပြန်လည် အသက်သွင်းမိခဲ့သည်။ ထိုသို့ပြန်လည်အသက်သွင်းရအောင် အကြောင်းဖန်လာခြင်းကလဲ တခြားကြောင့်မဟုတ်။ ကျမလူ့ဘဝတွင် လူသားတယောက်အဖြစ် အသက်ရှင်နေထိုင်ခဲ့စဉ်ကာလများအတွင်း ( သတိ-ဆက်ဖတ်ပါ။ သေတမ်းစာ မဟုတ်ပါ..) ယခုအသက်အရွယ်အထိ ကြုံတွေ့ ခဲ့ရသော နေ့စဉ်ဘဝအတွေ့အကြုံများမှ တချို့သော သတိထားဖွယ်ရာများ ၊ ကြုံတွေ့ခဲ့ရသော အခက်အခဲများမှ ကောက်နှုတ်ချက်များကို လူသားတယောက်၏ တာဝန်တရပ်အနေဖြင့် အခြားသူများ ကြိုတင်သိရှိစေခြင်း အလို့ငှာ ဝေမျှချင်လာမိသည်။ ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီဆိုတာကလဲ ရှိထားတာကိုး (တရားပေါက်နေတယ်လို့မထင်လိုက်ပါနဲ့..အင်း . တစ်ရာတော့ ဘဏ်ထဲမှာရှိမယ်ထင်တယ်.)။

စပါဘီ..ပထမဦးဆုံး ဆောင်းပါးလေး စထွက်လာပါပီ။ ကျမနှင့် စင်ကပူအင်တာဗျူးဘာညာဆိုသော ဆောင်းပါး။ ထိုဆောင်းပါးကို Publish လုပ်တုန်းကဆိုလျှင် ရင်တောင် တုန်သည်(ဘာမှမဆိုင်)။ တကယ်ပဲ ဟုတ်သည်။ ကျမ စာရေးလျှင် အလွန်ကြောက်သော ၊ သတိထားသော အခြေအနေနှစ်ရပ်ရှိသည်။ ကိုယ့်ကိုကိုယ် ဘာကြီးပါ၊ ညာကြီးပါဟူသည့် အဆင့်တဆင့်ဆင့်တွင် စာဖတ်သူများအထင်ကြီးခံလိုသောရည်ရွယ်ချက်နှင့် ရေးသားသော အရေးအသားမျိုး နှင့် သူများရေးထားသောစာများကူးချပီး ကျက်ထားပီးသားစာကို ပြန်အံသလိုရေးသားထားမှုမျိုးပင်ဖြစ်သည်။ ပထမအရေးအသားမျိုးသည် တခါတရံ စာဖတ်သူကို အဆိပ်အတောက်ဖြစ်စေသည်ဟုထင်သည်။ ဒုတိယအရေးအသားမှာ စာဖတ်သည့်အခါ ပျင်းစရာကောင်းသည်။ သို့အတွက်ကြောင့် စာရေးပီးလျှင်ပီးခြင်း သူငယ်ချင်းများကို စာထဲမှာ ရှိသော အမှားများ၊ ယူဆချက်အမှားများကို ထောက်ပြပေးရန် တောင်းဆိုမှုလုပ်ရသည်။ တော်ပါသေးရဲ့..အဲ့ဒီတုန်းက ခဲနဲ့အပေါက်မခံခဲ့ရလို့ ( အမှားထောက်ပြပါဆိုလို့ စာလုံးပေါင်းအမှားများကို ပြူးပြဲရှာပီး မထောက်ပြရန် မေတ္တာရပ်ခံပါသည်။ ပြန်ပြင်ရမှာ ကျင်းယို့ )။

အမလေး လုပ်ကြပါဦး။ ဘာတွေပြောမိမှန်းမသိဘဲ လျှာတွေရှည်ကုန်ပီ။ ပြောနေသော စကားများကလဲ ပေးထားသော ခေါင်းစဉ်နှင့်ဘယ်လိုမှ မသက်ဆိုင်။ ဟော..နေအုံးနော်.အစနဲနဲလောက် ပြန်ဆွဲလိုက်အုံးမယ်.ခေါင်းစဉ်နဲ့ဆက်သွားအောင်။ ရပီ။ ဒုတိယဆောင်းပါးရေးသားရသော အစပေါ်လာပီ။

" ကြံကြံဖန်ဖန် ပူပန်စိုးရိမ်မှုတွေ ရှိနေရင် ဒီနေ့ကစပြီး စိတ်ချလက်ချ အတွေးထဲက ထုတ်ပစ်လိုက်ပါတော့ " ဟူသော သြဂုတ်လ ၁၀ ရက်နေ့ထုတ် သတင်းစာထဲမှ စာသားတခု။ အဲ့ဒီစာသားက ဧရာဝတီရေကာတာစီမံကိန်းများနှင့် ပတ်သတ်ပီးထွက်ပေါ်လာသော စာသား။ ဘယ့်နှယ့် ဘယ့်နှယ့် ဒီစာသားက ကျမကိုနောက်ထပ် ဆောင်းပါးတစောင်ရေးဘို့ဖြစ်သွားပါလိမ့်ဆိုတော့ကာ စဉ်းစားကြည့်လိုက်တော့.......

စိုးရိမ်ပူပန်မှုဆိုတာ လူတယောက်ရဲ့စိတ်မှာ ဖြစ်ချင်တိုင်းဖြစ်တတ်တာမှမဟုတ်တာနော်။ နဂိုတည်းကမှ မြန်မာလူမျိုးက သွေးကအေးအေး စိတ်ကိုပူတတ်တဲ့ လူမျိုးမဟုတ်ဘူး။ တင်းတိမ်ရောင့်ရဲစွာနေနိုင်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာတပါးဖြစ်သည်ဆိုပီး လောဘတွေကို အတောသတ်စေဘို့ ဘုရားကဆုံးမစကားချန်ထားခဲ့တယ်မို့လား။ ဒါ့ကြောင့် မြန်မာလူမျိုးတွေမယ် ထမင်းကြမ်းယက်ခပ်စားမယ်ဆိုတဲ့ စကားပုံတောင်ရှိနေသေးတာပဲ။ ဒါပေမဲ့ အခုလိုဧရာဝတီကိစ္စမှာဖြစ်လာပီ အဲ့ဒီ စိုးရိမ်မှု ခံစားချက်။ ဝမ်းနည်းကြေကွဲမှု။ ထိတ်လန့်မှု။ ဧရာဝတီကတော့ ရေတွေအခုထိရှိနေတဲ့ မြစ်ကြီးပဲ။ ဒါပေမဲ့ ဘယ့်နှယ့်ကြောင့် ဒီဟာကြီးပျောက်ဆုံးပျက်ဆီးသွားမှာကို လူတွေစိုးရိမ်နေပါလိမ့်။ ကိုယ်တိုင်ကအစ ဘယ်လိုဖြစ်လို့ နေ့စဉ်ရက်စက် ငိုနေရမှန်းမသိဘူး။

ကိုယ်ကလဲ လောလောဆယ် ဘယ်မှာနေတာလဲဆိုတော့ တခြားနိုင်ငံတခုမှာ။ အန္တရာယ်ရှိလို့ ရှောင်ရှားရမယ်ဆိုလဲ မြန်မာမှာ ကိုယ့်ညီအမတွေပဲ ရှိတယ်။ သူတို့လှမ်းခေါ်ထားလိုက်ရုံပဲ။ ဒါပေမဲ့ ဘယ့်နှယ့်ကြောင့် ရည်းစားနဲ့ကွဲပီးဝမ်းနည်းတာထက် ပိုပီးကြေကွဲမှန်းမသိဘူး။ အမေဆုံးတုန်းကလဲ မီးသဂြိုလ်မှ တချက်လောက်ရှိုက်မိတယ်။ အဖေ့ကျပြတော့လဲ အခေါင်းပုံးလှပ်မိတော့မှ မျက်ရည်တပေါက်ပဲဖတ်ကနဲကျမိတယ်။ အခုတော့ နေ့စဉ်ရက်စက် မျက်ရည်က တပေါက်ပေါက်ကျနေတော့ အင်း..ဒုက္ခပဲ Something ကတော့ Wrong နေပီ။ ငါလို တခြားနိုင်ငံမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပီး အန္တရာယ်ကင်းကင်းနဲ့ အသက်ရှင်နေတဲ့သူတယောက်တောင် အဲ့ဒီလောက် ဝမ်းနည်းကြေကွဲနေမယ်ဆိုရင် ငါ့နိုင်ငံမှာနေတဲ့ ငါ့နိုင်ငံသားတွေကတော့ တော်တော်စိုးရိမ်ထိတ်လန့်နေမှာပဲ။ ငါတောင် ဒီလောက် မျက်ရည်ကျနေရင် သူတို့မျက်ရည်တွေတောင် ကျန်ပါတော့မလား တခုခု လုပ်အုံးမှ ဆိုပီး သတင်းစာလေးထဲက ဧရာဝတီနဲ့ ပတ်သတ်တာများ အင်တာနက်ပေါ် တင်နိုးတင်နိုးနဲ့ အဲ့ဒီတုန်းက ရှာရတာ။

စိုးရိမ်မှု ထိတ်လန့်မှုကနေစတဲ့ ဝမ်းနည်းကြေကွဲမှု ဆိုတာ ယုံကြည်မှုကင်းမဲ့ခြင်းနဲ့ တာဝန်ယူအာမခံထားတဲ့ ကာကွယ်မှုမရှိခြင်း/မသိခြင်းဆိုတဲ့ အရာတွေကနေ ဆင်းသက်လာတာလေ။ ဒီဧရာဝတီမြစ်ကြီး ပျက်ဆီးရင် ငါတို့အသက်အိုးအိမ်စည်းစိမ်ကို ဘယ်သူကာကွယ်ပေးမလဲ။ ငါတို့ရဲ့ အသက်မွေးဝမ်းကြောင်းမှုကို ဘယ်လိုကာကွယ်ပေးမလဲ။ ငါတို့နိုင်ငံရဲ့ မြောက်မှ တောင်ကို စီးလာတဲ့ တခုတည်းသော မြန်မာပိုင် အထင်ကရ အမျိုးသားရေးလက္ခဏာကြီး တခြားသူလက်ထဲ လုပ်ချင်သလို လုပ်ခံရရင် ငါတို့လူမျိုးရော တချိန်မှာ ကျန်ပါအုံးမလား။ တချိန်မှာ အကြောင်းမညီညွတ်လို့ ရေကာတာ ဖွင့်ချလိုက်ရင် အစုလိုက် အပြုံလိုက် သေကြေကြရတော့မယ်။

ငါတို့နိုင်ငံရဲ့ လှပလွန်းတဲ့ မြစ်ဆုံနဲ့ ကမ္ဘာ့နာမည်အကြီးဆုံး ကျောက်စိမ်းထွက်တဲ့ နေရာတခုပျက်ဆီးတော့မယ်။ ကမ္ဘာမှာ သဘာဝတွင်းထွက် သယံဇာတ အလွန်ပေါများကြောင်းနာမည်ကြီးပီး စိုက်ပျိုးရေးနိုင်ငံလို့လဲ ခေါ်တွင်တဲ့ ငါတို့နိုင်ငံဟာ ဒီရေဒီမြေနဲ့မှ မစိုက်ပျိုးရရင် ၊ ဒီမြေဒီရေကိုမှ ဖျက်ဆီးရင်......စတဲ့ လဲ ၊ လား ပေါင်းများစွာ နဲ့ အဆုံးသတ်တဲ့ စိုးရိမ်ထိတ်လန့်မှုကြောင့် ဖြစ်လာတဲ့ မေးခွန်းတွေအကုန်လုံးဟာ တာဝန်ယူ အာမခံခြင်းနဲ့ ကာကွယ်မှု ဆိုတဲ့ အချက်နှစ်ချက် မရှိရာကနေ စလာပီ။ ဒါတောင် သစ္စာတရားနဲ့ တန်ဖိုးထားမှုကနေ ဆင်းသက်လာတဲ့ စိုးရိမ်မှုမေးခွန်းတွေတော့ ဆက်ရေးမနေတော့ပါဘူး။ နားလည်ရင်တော့ တော်သေး။ နားမလည်ရင် ရောဂါတတ်နေတယ်လို့ စွပ်စွဲခံရတဲ့ အထဲပါသွားမယ်။ သစ္စာနဲ့ တန်ဖိုးထားမှုဆိုတာကလဲ လက်တွေ့ ကိုင်ဆောင်ကျင့်သုံးနေတဲ့ လူမျိုးမှ သိရှိနားလည်မှာကိုး။

တခုခုကတော့ လုပ်ရတော့မယ်။ မဟုတ်ရင် ငါတို့နိုင်ငံသားလေးတွေ လမ်းပေါ်ထွက်ကြရအုံးမယ်။ "ဆည်မဆောက်ပါနဲ့ ၊ ဆည်မဆောက်ပါနဲ့ " လို့ အော်ကြရအုံးမယ်။ မြန်မာလူမျိုးများမလဲ မတရားလွန်းတာ တခုခု ခံစားလာရပီဆိုရင် မလုပ်ပါနဲ့ ။ ပေးပါ ။ Yes နဲ့ No လေးတွေပဲ ပြောတတ်ကြတာကိုး။ ရေရေရာရာမသိကြဘူးလေ။ မတရားတာပဲ သိတယ်။ တခုခု လိုချင်တာပဲ သိတယ်။ ဘာ့ကြောင့်ဆိုတဲ့ အဖြေမသိဘူး။ ဒီလိုနဲ့ လမ်းပေါ်ထွက်ကြရင် ဝမ်းနည်းကြေကွဲနေတဲ့ အထဲ အစုလိုက် အပြုံလိုက် ဖမ်းတာဆီးတာ ခံကြရအုံးမယ်။ ဘာ့ကြောင့် ဧရာဝတီမှာ ဆည်မဆောက်စေချင်တာလဲလို့ တကယ်တန်းမေးခံရပီဟေ့ဆိုရင် တိတိကျကျ ဖြေနိုင်မဲ့သူမရှိလို့ နိုင်ငံပုန်ကန်မှု ၊ ဆူပူအုံကြွအောင် လုပ်မှုဆိုတဲ့ ပုဒ်မကြီး ပုဒ်မငယ်တွေနဲ့ လူငယ်တွေထောင်တွေတန်းတွေကျကြအုံးမယ်။ အဖြေကတော့ ဘယ်ရှိလိမ့်မလဲ။ ဒီလို အဖြေထွက်မလာအာင်လဲ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အသိဥာဏ်ပိတ်ဆို့မှုတွေရှိခဲ့တယ်မို့လား။ နိုင်ငံနလန်ပြန်ထူရအုံးမယ်လို့ ဟိုတလောကတင် သမ္မတကြီး ဦးသိန်းစိန်ပြောသွားတာ လူတိုင်းကြားခဲ့ကြတာပဲလေ။ ကဲ အဲ့ဒီတော့ ငါ့နိုင်ငံနဲ့ ငါ့နိုင်ငံသားတွေ သွေးထွက်သံယိုတွေ မဖြစ်အောင် ငါတတ်နိုင်တဲ့ ဘက်က တခုခု လုပ်အုံးမှ ။ နိုင်ငံရေးကိုဘယ်တုန်းကမှ မလုပ်ခဲ့ပေမဲ့ ၊ ဘယ်ပါတီဝင်မှလဲ မဖြစ်ခဲ့ပေမဲ့ နိုင်ငံ့အရေးလုပ်ရမဲ့ အချိန်တခုကိုရောက်နေလို့ တခုခု လုပ်ကိုလုပ်မှရတော့မယ်ဆိုပီး ဆုံးဖြတ်ချက်ချလိုက်ရတယ်။

နိုင်ငံတကာမှာတော့ သေးငယ်တဲ့ စီမံကိန်းလေးတွေတောင်မှ ကာကွယ်မှုတွေ ၊ တာဝန်ယူမှု (အစားထိုးပေးလျှော်နိုင်မှု) နဲ့အတူတကွရှိတဲ့ အာမခံချက်တွေ ဆိုတာ ရှိနေတာကို လုပ်ငန်းအတွေ့အကြုံအရ သိနေတော့ ဒီလောက် ကြီးမားတဲ့ နိုင်ငံသားများ အားလုံး ပိုင်ဆိုင်တဲ့ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းတွေကအစပြုတဲ့ ရေကာတာစီမံကိန်းတွေမှာတော့ ကာကွယ်မှုကို တာဝန်ခံ ( ပေးလျှော်နိုင်မှု) နဲ့ တကွ မဖြစ်မနေရှိနေရမှာပဲလေ.နော်။ ဒီကာကွယ်မှုတွေ အာမခံမှုတွေ ကို သက်သေ အထောက်အထားနဲ့တကွ ပြည်သူကို ချပြနိုင်ရင် ပြည်သူလူထုရင်ထဲက အပူမီးကိုတော့ အတတ်နိုင်ဆုံး ငြိမ်းသတ်စေမယ်ဟဲ့ ဆိုတဲ့ စိတ်နဲ့ ကာကွယ်မှုအတိုင်းအတာတွေကို ရှာဖွေရပါဘီ။ ကဲ ဘယ်မှာလဲ မှန်ဘီလူး..ဧရာဝတီနဲ့ပတ်သတ်တဲ့ သတင်းတွေ၊ ဂျာနယ်တွေ ၊ အင်တာနက်မှာ ပိုစ့်တွေတတ်ရင် သေသေချာချာ လုံးစိပတ်စိ ဖတ်နိုင်ဘို့ ။

တွေ့ပါပီ သြဂုတ်လ ၁၀ ရက်နေ့မှာ။ ကျော်မင်းလူ(ရွှေပြည်သာ)ရဲ့ ဆောင်းပါး " ကျနော်တို့လဲ ဧရာဝတီကိုချစ်ပါသည်" တဲ့။ အင်း ချစ်တယ်တဲ့ ။ မဆိုးပါဘူး ချစ်ရင်တော့ ဒီလိုစီမံကိန်းမျိုးကို ဗရမ်းဗဒါ မလုပ်လောက်ပါဘူးဆိုပီး သတင်းစာပါ အကြောင်းအရာ အပြည့်အစုံကို ဖတ်ကြည့်တော့ အရင်ဆုံးတွေ့လိုက်ရတဲ့ စာပိုဒ်တပိုဒ်....

" အခုတလော ကျွန်တော်တို့ရဲ့ မြစ်မင်း ဧရာဝတီနဲ့ ပတ်သက်ပြီး ပြောကြဆိုကြ၊ ဆွေးနွေး နေကြတာတွေ ဟိုတစ်စ ဒီတစ်စ ကြားသိနေရ ပါတယ်။ အထူးသဖြင့် အင်တာနက် သတင်း ဆောင်းပါးတွေမှာ ဧရာဝတီနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး၊ ရှုထောင့်အဖုံဖုံနဲ့ ပြောကြဆိုကြ၊ ရေးနေကြတာတွေကို ဖတ်ဖြစ်ပါတယ်။ တချို့တွေ တော်တော်လေး အထင်မှား၊ အမြင်မှား ဖြစ်နေပုံပါပဲ။ အချို့ ကျတော့လည်း သိသိကြီးနဲ့ အစိုးရကို မကောင်းမြင်စိတ်နဲ့ ပြစ်တင် ရှုတ်ချ ဝေဖန်ရာမှာ ဧရာဝတီကို ခုတုံးလုပ် အသုံးချ နေပါတယ်။ တစ်ဖက်စွန်းရောက် ရေးသားမှုတွေနဲ့ ဧရာဝတီဟာ အသက်ငင်နေပြီး သေဆုံးတော့ မယောင်ယောင် လုပ်ကြံဖန်တီး နေတာတွေလည်း တွေ့ရပါတယ်။ အင်တာနက်မှာ ကိုယ်ရေးချင်ရာ ရေးခွင့်ရှိတယ် ဆိုပေမယ့်  ကိုယ်ပြောတဲ့ စကားတစ်ခွန်း၊ ကိုယ်ရေးခဲ့တဲ့ စာတစ်ကြောင်းအတွက် တာဝန်ယူကြရ မှာပါ။

အဲဒီလို ဧရာဝတီနဲ့ ပတ်သက်ပြီး ခုတုံးလုပ် အသုံးချ ရေးသားနေကြ သူတွေထဲမှာ မြန်မာ့မြေပေါ်မှာ နေပြီး ဧရာဝတီ ရေကို သောက်နေကြ သူတွေထက် အမေရိကန်လို အနောက်နိုင်ငံတွေမှာ နေထိုင်ပြီး တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားဖို့ ကြိုးစားနေတဲ့ မျိုးမစစ် ပုဂ္ဂိုလ်တွေက ပိုပြီးကဲနေတာကို တွေ့ရပါတယ်။ အဲဒီမျိုးမစစ် ပုဂ္ဂိုလ်တွေ ဧရာဝတီ ချစ်တယ် ဆိုတာထက် ဧရာဝတီ ရင်ခွင်မှာ တကယ် မှီတင်း နေထိုင်နေတဲ့ ကျွန်တော်တို့က အဆ ရာထောင်မက ပိုချစ်ပါတယ်။ "

ဟိုက်ရှ်..ပတ္တနာပဲ။ သူပြောထားတဲ့ အထဲမှာ ကျမနဲ့ကိုက်ညီတာ ဘာရှိပါလိမ့်။ အစိုးရကို မကောင်းမြင်တဲ့ စိတ်တဲ့ ၊ တဖက်စွန်းရောက်ရေးသားမှုတဲ့ ၊ အင်တာနက်မှာ ရေးချင်တာ ရေးပီး တာဝန်ယူရမယ်တဲ့ ၊ အမေရိကန်လိုနေရာမျိုးများ တိုင်းပြည်ကိုလက်ညှိုးထိုးရောင်းစားဘို့ကြိုးစားနေတဲ့ မျိုးမစစ်တွေတဲ့ ..တဲ့..တဲ့..တဲ့.။ အဲ့ဒီ တဲ့ ပေါင်းများစွာထဲမှာ ငါနဲ့ ကိုက်ညီတဲ့ တဲ့ တလုံး ၊ နှစ်လုံးတော့ ပြန်ရှာအုံးမှ။ နို့မို့ စွပ်စွဲချက်ထဲပါသွားနိုင်တယ်။

ငါကတော့ တခါမှ ထောင်တန်းမကျဘူးတဲ့ အစိုးရဘက်တော်သားဖအေမြန်မာ နဲ့ မအေမြန်မာ က တလင်တမယားအချစ်နဲ့ မြန်မာမိန်းကလေး ငါ့ကို မြန်မာ့မြေ၊ မြန်မာ့ရေပေါ်မှာ မွေးလာပီး အရွယ်ရောက်လာတော့ ကိုယ့်နိုင်ငံမှာ ကိုယ့်ဘာကိုယ်တောင် မလောက်ငှတဲ့ လစာ၊ အလုပ်တဖက်နဲ့ ပင်ပင်ပန်းပန်း သင်ကြားထားခဲ့တဲ့ ပညာနဲ့ မကိုက်ညီတဲ့ Marketing အလုပ်တခုကို လုပ်ကိုင်နေရင်းကနေ အမေက အင်း ဒီအတိုင်းဆိုရင် ငါ့သမီးရဲ့ အသိဥာဏ်လေးတွေ၊ အတတ်ပညာလေးတွေ မှိုတက်ကုန်တော့မှာပဲ ၊ ဝမ်းစာအတွက် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းအလုပ်လုပ်ရပီး မလောက်ငှတဲ့ ဝင်ငွေနဲ့ အသက်ရှင်နေရတော့မယ်ဆိုပီး သူ့ကျောက်ကပ်ရောဂါ ဆေးစရိတ်သာ ရှိတဲ့ ပိုက်ဆံထဲက တချို့တလေလေးခွဲပီး နိုင်ငံခြားဆိုတဲ့ နေရာလေးကို ရောက်လာလို့ ကျရာတာဝန်ကို အလုပ်လုပ်ရင်း ကျောင်းတက်ရင်းနဲ့ မိသားစုတာဝန်တွေ ထမ်းဆောင်လာခဲ့တာ မိဘနှစ်ပါး စိတ်ချလက်ချ မျက်ကွယ်ပြုသွားနိုင်တဲ့ ယခုအချိန်အထိ..ဆိုတော့ ငါ့မှာ သူပြောထားတဲ့ တဲ့ တလုံးနဲ့မှ မကိုက်ညီပါလား ။ အဲ့ဒါဆိုရင်တော့ ငါလဲ ဒီစာကို ရေးတဲ့သူလိုမျိုး မျိုးစစ် ဆွေစစ်တယောက်ပဲ။

ဒါနဲ့ သူတောင် ဘာမှမဖြစ်ပဲ ငါက ဘာ့ကြောင့်များ ဧရာဝတီနဲ့ ပတ်သတ်ပီး မျက်ရည်က စူပါ့ရှယ်၊ ရှယ်တကာ့ရှယ်ထွက်နေပါလိမ့်။ ငါ့မျိုးမစစ်ဆိုရင် ငါသိနေတဲ့ အဲ့ဒီစာရေးတဲ့ လူပုဂ္ဂိုလ်တွေရဲ့ သားသမီးတွေကရော ဘာလို့နိုင်ငံခြားမှာ ဟန်ပန်အပြည့်နဲ့ အလုပ်လုပ်စရာမလိုဘဲ ပညာတွေလာသင်ကြားနေနိုင်တာပါလိမ့်။ ဒီလိုပုဂ္ဂိုလ်တွေဆိုတာ နိုင်ငံရဲ့ အရေးအရာမှန်သမျှကို အစစအရာရာ အဆင်ပြေအောင် ထမ်းဆောင်ပါ့မယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ နိုင်ငံတော်မှာရှိတဲ့ ပြည်သူတွေရဲ့ အခွန်အတုတ်ကနေ လစာယူနေကြတာမို့လား။ ဒါပေမဲ့ ဘာလို့များ ငါတို့ဘဝတွေ အလွန့်အလွန်ကွာခြားနေပါလိမ့်။ ဧရာဝတီရေကာတာ စီမံကိန်းကို ဆန့်ကျင်သူများအားလုံးဟာ မျိုးမစစ်တွေဆိုရင်တော့ ငါတို့လို ရှိစုမဲ့စုကိုယ့်ပိုက်ဆံနဲ့ ကိုယ်နိုင်ငံခြားမှာအလုပ်လုပ်နေရသေး၊ ရတဲ့ပိုက်ဆံလေးနဲ့ ခြစ်ခြုပ်ပီး ကျောင်းကိုလဲ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တတ်ရသေးဆိုတဲ့ လူတွေ ၊ စာရေးဆရာတွေ၊ ပညာရှင်တွေ ၊ နိုင်ငံထဲမှာ ရှိနေတဲ့ စီမံကိန်းဆန့်ကျင်သူတွေ အကုန်မျိုးမစစ်ဆွေမစစ်တွေပဲပေါ့နော်။ အဲ့ဒါဆိုရင် အဲ့ဒီမျိုးမစစ်ဆွေမစစ်တွေကပေးတဲ့ အခွန်အတုတ်တွေကနေ လစာယူနေတဲ့ အသိုင်းအဝိုင်းကရော၊ နိုင်ငံခြားမှာ ဟန်နဲ့ပန်နဲ့ ကျောင်းလာတက်နေတဲ့ သူတို့ အသိုင်းအဝိုင်းရဲ့ သားသမီးတွေကရော.....အင်း....ပြောတော့ဘူး။

ကာကွယ်မှုအပိုင်းကို တွေ့အောင် ဆက်ဖတ်လိုက်အုံးမှ။ ဟော တွေ့ပါဘီ တွေ့ပါဘီ။ ကာကွယ်မှုလို့ ခေါ်ဆိုနိုင်တဲ့ စာပိုဒ်။

" တမံ အမျိုးအစားဟာ ကျောက်ဖြည့် တမံ (Concrete Face Rock Fill Dam - CFRD) ဖြစ်လို့ ပြင်းအား ၈ ဒသမ ၃ ရှိတဲ့ ငလျင်ကြီးဒဏ်တောင်ခံနိုင်ကြောင်း နဲ့ ကျွမ်းကျင်တဲ့ ပညာရှင်များက အဆင့်ဆင့် တွက်ချက်ပြီး စိတ်ချရတဲ့ အဆင့်ရှိအောင် တည်ဆောက်ထားခြင်း ရေပိုလွှဲ (Spill-way) နဲ့ ရေထုတ်ပြွန်(ှQutlet) များကိုပါ တွက်ချက် ထားပြီး Monitoring System ကိုပါ တပ်ဆင်အသုံးပြုမှာ ဖြစ်တဲ့အတွက် တမံကျိုးတဲ့ အဆင့်၊ ရေတွေ ဖွင့်ချရတဲ့ အဆင့် ရောက်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါကြောင်းနဲ့ Food Control အနေနဲ့ စီမံကိန်းများမှ ရေလှောင်ပမာဏ 0.85 Billion m3 ဝန်းကျင် သိုလှောင်နိုင်မှာ ဖြစ်တဲ့အတွက် မြစ်ကြီးနားမြို့ဟာ ရေမကြီးနိုင်ပါ " တဲ့။

သွားပီ နဲနဲ ကြောင်သွားပီ။ ပြန်ဖတ်တယ် ပြန်ကြောင်သွားတယ်။ ဒီပစ္စည်းတွေကို ဘယ်နိုင်ငံကမှာသွင်းလို့ / ထုတ်လို့ စာရေးသူက ဒီလောက်တောင် အာမခံနေတာတုန်း။ ဘယ်ကျွမ်းကျင်တဲ့ ပညာရှင်က တွက်တာတုန်း။

သေချာ ပြန်ဖတ်တော့ လာ လာ စီမံကိန်းဆောင်ရွက်တဲ့ နိုင်ငံကပဲ ထုတ်ပီး ကိုယ့်ပစ္စည်းကိုယ်အာမခံ ၊ ကိုယ်လုပ်တာ ကိုယ်ပြန်အာမခံထားတာပါလား ဆိုတာ သဘောပေါက်သွားတယ်။ ကဲ..ဒါဆို တာဝန်ယူမှုဆိုတဲ့ အပိုင်း ဘယ်မှာလဲ။ အာမခံမှုရှိရင် တာဝန်ယူပေးလျော်ပေးရမဲ့ အပိုင်းကိုလဲ ပြောရတယ်လေ။ အာမခံမှုမှာ တာဝန်ယူမှုအပိုင်းပါလာရတဲ့ ကိစ္စက " If In Case " ဆိုတဲ့ သဘောတရားပေါ်မှာ အခြေခံလာတာပဲ။ "If In Case = အကယ်၍ ဖြစ်လာခဲ့ရင် " ဆိုတဲ့ သဘောတရားမှာ "ဆိုးကျိုးတွေဖြစ်ကိုဖြစ်မှာမဟုတ်ဘူး" ဆိုတာနဲ့ " ဖြစ်ကိုဖြစ်လာမှာ " ဆိုတဲ့ အစွန်းရောက်တဲ့ တွက်ချက်မှုတွေမရှိဘူး။

ဆိုးကျိုးတွေ ဖြစ်ကိုဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ သုံးသပ်ချက်ကိုသာ အရာရာတိုင်းပေါ်မှာ အခြေခံရင်

" အမေရိကားမှာရှိခဲ့တဲ့ အထပ်တရာ World Trade Center ကြီး ခါးလည်ခေါင်က ဖြတ်အချိုးမခံရဘူး "
" ကမ္ဘာ့အကြီးဆုံး Titanic သဘောင်္ကြီး ရေထဲ မြုပ်မသွားခဲ့ဘူး "

ဆိုးကျိုးတွေ ဖြစ်ကို ဖြစ်မှာ ဆိုတဲ့ သုံးသပ်ချက်ကိုသာ အရာရာတိုင်းပေါ်မှာ အခြေခံရင်တော့ လူတွေ ဘယ်တီထွင်မှုမှ မရှိခဲ့ဘဲ ကမ္ဘာဦးထဲက ရှိခဲ့တဲ့ နေထိုင်မှုပုံစံအတိုင်း Naked Body တွေနဲ့ သားစိမ်းငါးစိမ်းတွေစားတဲ့ ဘဝကနေ တက်လာမှာ မဟုတ်ခဲ့ဘူး။

ဒီတော့ ဒီသုံးသပ်ချက်နှစ်ခုဖြစ်တဲ့ ဆိုးကျိုးတွေ ဖြစ်ကိုဖြစ်လာမှာမဟုတ်ဘူးဆိုတာနဲ့ ဖြစ်ကို ဖြစ်လာမှာဆိုတဲ့ စကား နှစ်ခု ကြားမှာ အာမခံမှုဆိုတာ ပေါ်ပေါက်လာခဲ့ရတယ်။ ဆိုလိုတဲ့ သဘောက အဲ့ဒီ သုံးသပ်ချက်နှစ်ခု ကြားမှာရှိနေတဲ့ ခန့်မှန်းရခက်ခဲတဲ့ အခြေအနေတခုပေါ်မှာရှိနေတဲ့ စွန့်စားမှု= Risk ကို တာဝန်ယူပေးထားတာမျိုးဖြစ်တယ်။ စွန့်စားမှုယူတယ်ဆိုတာနဲ့ပတ်သတ်လို့ ဘယ်လိုဖြစ်ပီး ကိုယ်လုပ်လို့ ဖြစ်လာမဲ့ ကိစ္စ သူများက တာဝန်လာယူပေးမှာတုန်း ဆိုတဲ့ မေးခွန်း ၊ နောက်ဆက်တွဲအနေနဲ့ အဲ့ဒီလို တာဝန်ယူမှုမျိုးသာ ရှိလို့ကတော့ လာထား အကုန်လုံးကို တာဝန်ယူခိုင်းလိုက်မယ်ဆိုပီး ဝမ်းသာလုံးတွေ ဆို့မသွားကြနဲ့အုံးနော်။ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးများအားလုံးကို အာမခံ တာဝန်ယူပါမည် ဆိုတဲ့ သဘောတူညီမှုကို ဘယ်သူက အသက်အတိုခံပီး အလကားနေအလကား ယူမတုန်း။ ပိုက်ဆံပေးရတယ်။ ပိုက်ဆံနဲ့ ဝယ်ရတယ်။ မတူညီတဲ့ တာဝန်ယူမှုတွေမှာ မတူညီတဲ့ လျှော်ကြေး နှုန်းတားတွေရှိသလို မတူညီတဲ့ အာမခံမှုကို ဝယ်ယူတဲ့ဈေးနှုန်း (Insurance Premium) ဆိုတာရှိတယ်။ တာဝန်ယူရမဲ့ ဖြစ်ရပ်တခုအတွက် တာဝန်ယူအာမခံပေးမဲ့ သူရဲ့ ကိစ္စ/ဖြစ်ရပ်တခုချင်းဆီအပေါ်မှာ " အာမခံပေးနိုင်တဲ့ ဖြစ်ရပ်မျိုးလား ၊ လက်မခံနိုင်တဲ့ ဖြစ်ရပ်မျိုးလား" ဆိုတာ ဆုံးဖြတ်ဘို့ ပြဌာန်းထားတဲ့ အချက်တွေ (Terms & Conditions or Insurance Policy )ဆိုတာတွေလဲ ရှိတယ်။
ကဲ ဟုတ်ပါဘီ.အာမခံမှုကိုလဲ ဝယ်ထားပီးဘီ။ မတော်တဆ ဖြစ်ရပ်တခုကလဲ ဖြစ်လာပီ ဒါပေမဲ့ အာမခံကုမ္မဏီ က ထွက်ပြေးနေပါရောလား ဆိုတဲ့ မေးခွန်းမျိုး မေးလာတော့မယ်။ ဒါမျိုးမှာ တရားချက်ချင်းစွဲလို့ရတဲ့ ဥပဒေတွေ အတိအကျရှိထားသလို ဒီကုမ္မဏီကလဲ သူ့ရဲ့ ဒီလိုအာမခံမှုတွေပေါ်မှာ အကျိုးဖြစ်ထွန်းနေတဲ့ သူ့လုပ်ငန်းအပေါ်မှာ ကိစ္စရပ်လေးတခုနဲ့ အပျက်အဆီးမခံပါဘူး။ ကုမ္မဏီအပျက်ခံပီး ထောင်ထဲ ဝင်မှာမဟုတ်ဘူးနော်လို့ ကျမအတိအကျ မပြောဘူးနော်။ ဒါ့ကြောင့် ကျမရေးသားခဲ့တဲ့/ပြောခဲ့တဲ့ အထဲမှာ စီးပွားရေးတောင့်တင်းသော ၊ နာမည်ပျက်မရှိသော (ဝါ) နာမည်ရနေသော အာမခံသူ ( Reputable Insurance Broker ) ဆိုတာမျိုး အမြဲတန်းပါဝင်နေခဲ့တာပေါ့။

ကဲ.ဘယ်လို မသေချာတဲ့ စွန့်စားမှုမျိုးတွေမှာ အာမခံမှုတွေရှိတတ်သလဲ ဆိုတာ ဥပမာလေးတွေ ကြည့်ရအောင်..

- အကယ်၍ ကျွုန်ုပ်ကားမောင်းလို့ လူသော်လည်းကောင်း ကားသော်လည်းကောင်း Accidence တစုံတရာဖြစ်ခဲ့ရင် လျှော်ပေးဘို့တာဝန်ကို အာမခံပေးနိုင်မလား ( Car/Vehicle insurance )
- အကယ်၍ ကျွန်ုပ်ပိုင်ဆိုင်သော အိမ်/ကုမ္မဏီမီးလောင်ခြင်းဖြစ်ပေါ်လျှင် သင်လျော်ပေးဘို့အာမခံနိုင်မလား...( Fire insurance for home/office)
- အကယ်၍ ကျွန်ုပ်၏ ကျန်းမာရေး ချွတ်ယွင်းခဲ့လျှင် သင်လျော်ပေးဘို့ အာမခံနိုင်မလား ( Health Insurance )
- အကယ်၍ ကျွန်ုပ် ဆေးရုံဆေးခန်းတက်ရောက် ကုသရလောက်အောင် အကြောင်းတစုံတရာဖြစ်ခဲ့ပါလျှင် ထိုကုန်ကျစရိတ်ကို သင်တာဝန်ယူနိုင်မလား ( Medical Insurance)

ဒီဥပမာတွေက ကား/အိမ် ပိုင်ရှင်ကိုယ်တိုင် အာမခံပေးနိုင်တဲ့ ကုမ္မဏီတွေကို တိုက်ရိုက် ဆက်သွယ်ပီး အာမခံမှုကို ဝယ်ယူထားရတာတွေပါ။ တဦးတည်းပိုင်နဲ့ပတ်သတ်တဲ့ ကိစ္စရပ်တွေမှာ ပြုလုပ်ထားတဲ့ အာမခံမှုပေါ့။ ကိုယ့်ကိုယ်ပိုင်ပစ္စည်းကိုယ်ကာကွယ်တာ၊ ကိုယ့်ကြောင့် တခုခု ဖြစ်ခဲ့ရင် လျှော်ပေးနိုင်ဘို့ တခြားသူရဲ့ တာဝန်ယူပေးနိုင်အောင် ကာကွယ်ထားတာပေါ့။ သို့သော် တဦးတည်းပိုင်ဆိုလို့ အာမခံမှု ဝယ်ယူမထားလဲရတယ်။ မလုပ်ချင်လဲ ရတယ်ဆိုပီး ယူဆရင်တော့ မှားသွားနိုင်တယ်။ ဖွံ့ ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာ ကားရှိနေတာတောင်မှ Insurance မဝယ်ထားရင် ကားမောင်းလို့မရဘူး။ ခိုးမောင်းလို့မိရင် လိုင်စင်သိမ်းခံရဘီဘဲ။

အဲ့..နှစ်ဦးနှစ်ဘက်ပါဝင်သက်ဆိုင်တဲ့ ကိစ္စမျိုးတွေကျတော့ ဥပမာ စီမံကိန်း (Project) နဲ့ ပတ်သတ်တာမျိုးတွေပေါ့. အဲ့ အဲ့ဒီလို ကိစ္စရပ်မျိုးတွေကျတော့ ရင်းနှီးမြုပ်နှံသူ ၊ ဒါမှမဟုတ် စီမံကိန်းကို လုပ်ကိုင်ပေးရန် အပ်နှင်းခံရသူက အာမခံမှုကို တခြားနာမည်ရ ကုမ္မဏီတွေက ဝယ်ယူပီး စီမံကိန်း ပိုင်ရှင်ကို စီမံကိန်း မလုပ်ဆောင်ခင်မှာ အပ်နှင်းပေးရတယ်။
ဥပမာ - ဆောက်လုပ်ရေးကုမ္မဏီတခုကို အဆောက်အအုံပိုင်ရှင်က အဆောက်အအုံ ဆောက်လုပ်ဘို့ အပ်နှင်းတဲ့ အခါ ဆောက်လုပ်သူက အဆောက်အအုံပိုင်ရှင်ရေးဆွဲပေးထားတဲ့ ဆောက်လုပ်ရေး သဘောတူညီမှု စာချုပ်ထဲမှာ ပါဝင်တဲ့ မည်သည့်အချက်များကို အာမခံပေးထားသော အာမခံမှုစာချုပ်အား ဆောက်လုပ်ရေး မပြုလုပ်မှီ ဝယ်ယူပေးရန်ဆိုတဲ့ အချက်ကို အတိအကျ လုပ်ဆောင်ပေးအပ်ရတယ်။ အာမခံမှု လုပ်ပေးထားတဲ့ စာချုပ်ကို နာမည်ရှိ အာမခံ ကုမ္မဏီက ဝယ်မပေးနိုင်ဘူးဆိုရင် အဆောက်အအုံကို စတင်ဆောက်လုပ်ခွင့်မရှိဘူး။

ကဲ.သာမာန်အားဖြင့် ဆောက်လုပ်ရေး ကုမ္မဏီဝယ်ယူပေးတဲ့ အာမခံစာချုပ်ထဲမှာ ယေဘုယျ ပါဝင်ရမဲ့ အချက်လေးတွေကြည့်ရအောင်..

- နယ်မြေအနေအထားဆိုင်ရာ ထိခိုက်မှုများအားလုံး ကို အာမခံကာကွယ်ပေးပါမည်ဆိုတဲ့ အချက် ( Contractor's All Risk Insurance )
- ဆောက်လုပ်ရေးလုပ်ဆောင်နေစဉ်အတွင်း အခြားအဆောက်အအုံများကို ထိခိုက်မိခြင်းအား ကာကွယ်အာမခံပေးပါသည် ဆိုသည့် အချက် ( Public Liabilities' Insurance )
- ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ပါဝင်သော လုပ်သားများ တစုံတရာ ထိခိုက်မှုရှိမှုများကို ကာကွယ်ပေးပါသည် ဆိုသည့် အချက် ( Work Injuries Insurance )

စတဲ့ အာမခံချက်များဟာ တာဝန်ယူမှု ပမာဏ( Insurance Coverage ) နှင့်တကွ ပါရှိရပါတယ်။
အဲ့ဒီလို အာမခံမှုတွေမှာ အာမခံမှုဝယ်ယူပေးအပ်ထားတာပဲဆိုပီး ဆောက်လုပ်ရေး ကုမ္မဏီက ပရမ်းပဒါ ဆောက်လုပ်လို့ မရသလို အာမခံသူ ကုမ္မဏီကလဲ တစုံတရာ ဖြစ်လာလျှင် ပြေးရှောင်လို့ မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဖွံဖြိုးတဲ့နိုင်ငံတွေမှာ ကုမ္မဏီများထူထောင်ခွင့်ရရှိသူတွေဟာ သူတို့ရဲ့ ရေရှည်စီးပွားရေးရပ်တည်မှုအတွက် ပြဌာန်းထားတဲ့ ဥပဒေတွေ အတိအကျလိုက်နာမှုရှိသလို အဲ့ဒီ ဥပဒေများတွေထဲက တခုခုကို ချိုးဖောက်လျှင်လဲ ကုမ္မဏီပိုင်ဆိုင်ရှင်တွေဟာ နောက်ထပ်ဘယ်စီးပွားရေးမှ လုပ်ပိုင်ခွင့် မရှိတော့ဘူး။ ဥပဒေနှင့်မငြိစွန်းဘူးဆိုရင်တောင် တာဝန်ယူအာမခံပေးလျော်မှုများပြားတယ်လို့ နာမည်ဆိုးထွက်ခဲ့တဲ့ လုပ်ငန်းရှင်တွေကိုလဲ ဘယ်အာမခံ ကုမ္မဏီမှ အာမခံမှု မပြုလုပ်ပေးဘူး။ အာမခံမှုစာချုပ် ဝယ်ယူအပ်နှင်းပီး အဆောက်အအုံပိုင်ရှင်ကို မပေးအပ်နိုင်လျှင်လဲ အဆောက်အအုံဆောက်လုပ်ခွင့်မရရှိနိုင်ဘူး။ ဆောက်လုပ်ရေးကုမ္မဏီ၊ အာမခံကုမ္မဏီများ နာမည်ပျက်ရှိမရှိ၊ ပေးလျှော်ရမှုများပြားခြင်း ရှိမရှိကို ဘယ်လို သိနိုင်မလဲဟု မေးလာလျှင်လည်း အဖြေကလဲ လွယ်လွယ်လေးပါ။ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ကုမ္မဏီတခု မဆိုထားနှင့် လူတယောက်အကြောင်း သိချင်လျှင်တောင် ဂဏန်းတလုံး အင်တာနက်ပေါ်ရိုက်ထည့်လိုက်တာနဲ့ အဲ့ဒီလူနှင့်ပတ်သတ်တဲ့ သတင်းတွေ ၊ နောက်ခံ အကြောင်းတွေကို ချက်ချင်းသိရှိလာနိုင်တဲ့ ဝန်ဆောင်မှု/စနစ်တွေ ရှိတယ်။ အလားတူ အဆောက်အအုံဆောက်လုပ်ပီးစီးလို့ အဲ့ဒီအဆောက်အအုံထဲကို အသုံးအဆောင် စားပွဲ ကုလားထိုင်များ တပ်ဆင်ခြင်း ၊ အဆင်တန်စာများ တပ်ဆင်ခြင်းအတွက် နောက်ထပ် ကုမ္မဏီတခုကို ချိတ်ဆက်လျှင်လဲ အာမခံမှု ဆက်လက်ထားရှိရသေးတယ်။ အာမခံမှု သက်တမ်းကာလတွေဟာလဲ လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ အသီးသီးကွဲပြားကြပါသေးတယ်။

ဆိုတော့ကာ....အပေါ်က ဖော်ပြခဲ့တဲ့ တဦးတည်းနှင့်သာ သက်ဆိုင်တဲ့ အာမခံမှုမှစတင်ပီး အများပတ်ဝန်းကျင်နှင့် သက်ဆိုင်ပီးလုပ်ဆောင်ရတဲ့ လုပ်ငန်းခွင်အဆင့်ဆင့်များမှာလည်း အာမခံမှုဟာ အဲ့ဒီလောက် အရေးကြီးမယ်ဆိုလျှင် လူသန်းပေါင်း ၆၀ ကျော်၏ အသက်မွေးဝမ်းကျောင်းမှုနှင့်သက်ဆိုင်တဲ့ ၊ လူသန်းပေါင်း ၆၀ ကျော်၏ ပတ်ဝန်းကျင်မှာရှိနေတဲ့ ၊ လူသန်းပေါင်း ၆၀ ကျော်ပိုင်ဆိုင်တဲ့ နိုင်ငံ့ရေမြေပေါ်မှာ အခြားနိုင်ငံတခုကနေပီး စီမံကိန်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုလာရောက်လုပ်ကိုင်ရာမှာ အာမခံမှုဟာ ဘယ်လောက်ထိအောင် အရေးကြီးတယ်ဆိုတာကို ဆက်လက်ခန့်မှန်းကြပေတော့။

ဒါပေမဲ့ စောဒက တက်စရာ အခြေအနေတခုရှိတယ်။ ဖွံဖြိုးပီး ဒေသများမှာသာ ပြုလုပ်လေ့ ပြုလုပ်ထရှိတဲ့ တာဝန်ယူအာမခံမှု လုပ်ငန်းတွေကို မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံလေးမှာ ဘာ့ကြောင့် လာရောက်ပြောဆိုနေပါသလဲလို့ မေးလာလျှင်တော့ ယခုအခြေအနေက မြန်မာနိုင်ငံလို နည်းပညာလဲမရှိ၊ ဆင်းလဲဆင်းရဲတဲ့ နိုင်ငံရဲ့ မြေရေကို လာပီး ရင်းနှီးမြုပ်နှံမှု ပြုတဲ့သူဟာ ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း မဟုတ်ကြဘူး။ စီမံကိန်းမှာ အသုံးပြုမဲ့ ပစ္စည်းတွေဟာ နှစ်ပေါင်း ၁၀၀၀ ကြာသည့်အထိအောင် ခံနိုင်ရည်ရှိတဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်ထားပါတယ်လို့ဆိုပီး ကိုယ့်ပစ္စည်းကိုယ်အာမခံပြန်ခံသည့် အင်အားကြီးပါတယ်ဆိုတဲ့ တရုတ်နိုင်ငံဖြစ်နေတာကို သတိချပ်ပါဦး။ ကိုယ်ဆောက်လုပ် ဆောင်ရွက်တဲ့စီမံကိန်းကို ကိုယ့်ဘာကိုယ် ပြန်ပီးအာမခံတဲ့ အခြေအနေလောက် ရီစရာကောင်းတာ နောက်ထပ် ထပ်မရှိတော့ဘူး။ နိုင်ငံအချင်းချင်း ဆက်စပ် ဆောင်ရွက်နေတဲ့ စီမံကိန်းအခြေအနေများမှာ ကမ္ဘာမှာ နာမည်ရနေတဲ့ အာမခံပေးမှု ပြုလုပ်ပေးသည့် တခြား စီးပွားရေး တောင့်တင်းတဲ့ နိုင်ငံရဲ့ အာမခံမှုကို မဖြစ်မနေလိုအပ်တယ်ဆိုတာကို ယခုလောက်ဆိုလျှင် ရှင်းလင်းမယ်လို့ ထင်ပါတယ်။


မရှင်းလင်းလျှင် နောက်ထပ် တချက်ဖြင့် ကြိုးစားရှင်းလင်းပါဦးမယ်။ အထက်ပါ ကျော်မင်းလူ (ရွှေပြည်သာ)ရဲ့ အာမခံမှု စာပိုဒ်မှာ တွေ့ရတဲ့ အာမခံမှုတွေဟာ အာမခံမှု အစစ်မဟုတ်ပါဘူး။ အဲ့ဒီအချက်တွေဟာ ကုန်ပစ္စည်း/ဆောက်လုပ်ရေးသုံးပစ္စည်းများရဲ့ ကြာရှည်ခံသက်တမ်းကို အာမခံခြင်းသာ ဖြစ်ပါတယ်။ Insurance မဟုတ်ပါ Warranty သက်သက်သာဖြစ်ပါတယ်။

ဥပမာအနေနဲ့ သင်ဟာ လှပသေသပ်စွာ ပြုလုပ်ထားသော စတီးထိုင်ခုံတလုံးကို ဈေးကြီးကြီးနှင့် ဝယ်ယူလိုက်မယ် ဆိုကြပါစို့။ အဲ့ဒိထိုင်ခုံကို ရောင်းသူဟာ သင့်ကို ထိုင်ခုံရဲ့ စတီးအရေအသွေးကိုပြသပီး ထိုင်ခုံသက်တမ်း ၁၀နှစ် အာမခံလို့လဲ ရသလို ၁၅နှစ်လို့လဲ အာမခံလို့ရပါတယ်။ ဒါပေမဲ့ ထိုင်ခုံတလုံးဟာ စတီးတမျိုးတည်းပေါ်မှာပဲ အခြေခံမနေတာကို သင် သတိချပ်စေလိုပါတယ်။ သင်ထိုင်ခုံဝယ်ပီး သိပ်မကြာခင်ကာလမှာပဲ မူလီပြုတ်ပီး ထိုင်ခုံပေါ်မှ လိမ့်ကျ၊ ခါးရိုးကျိုးသွားသည်ဆိုပါဦးစို့။ အဲ့ဒီကိစ္စမျိုးမှာ သင်ထိုင်ခုံဝယ်ခဲ့တဲ့ ဆိုင်ပိုင်ရှင်က သင့်ကို ထိုင်ခုံအသစ်သာ ပြန်လည်အစားထိုးပေးပါလိမ့်မယ်။ အဲ့ဒါ Warranty အတွက် ပြန်လည်အစားထိုးပေးလျော်မှုပဲ။ ဒါပေမဲ့ အဲ့ဒီ Warranty ဆိုတာဟာ သူတို့ဆိုင်ရဲ့ ကုန်ပစ္စည်းသက်တမ်းပေါ်မှာပဲ ထားရှိနေလို့ သင့်ရဲ့ ခါးရိုးကျိုးသွားတဲ့ ကိစ္စကိုတော့ ကာကွယ်တာဝန်ယူမှု ပေးမှာ မဟုတ်ပါဘူး။ အဲ့.ဝါသနာပါလျှင်တော့ သင်သူ့ကို တရားစွဲလို့ရပါတယ်။ တရားခွင်မှာ နိုင်မယ်/မနိုင်ဘူးဆိုတာကတော့ သင့်ရဲ့အပေါ်မှာသာ မူတည်ပါတယ်။
ဒါပေမဲ့ သင်ဟာ အမခံကုမ္မဏီတခုမှ Medical Insurance Or Health Insurance ဝယ်ယူထားသောသူ ဖြစ်ခဲ့လျင် သင့်ရဲ့ ဆေးစရိတ်ကုန်ကျမှုများကို အဲ့ဒီအာမခံကုမ္မဏီကနေ အကုန်အကျခံရပါလိမ့်မယ်။ အဲ့ဒါဟာ Insurance ပဲဖြစ်ပါတယ်။

အခုလောက်ဆိုလျင်တော့ စီမံကိန်းသုံးပစ္စည်းတွေရဲ့ ကာလကြာရှည်မှု သက်တမ်းအား အာမခံမှု ( Warranty ) နဲ့ စီမံကိန်းတခုလုံး၏ ဘေးထွက်ဆိုးကျိုးများအား အာမခံမှု ( Insurance ) ဆိုတဲ့ ဝေါဟာရနှစ်ခုကြားမှာရှိနေတဲ့ ကြီးမားတဲ့ ကွာခြားချက်ကို နားလည်လောက်မည်ထင်ပါတယ်။

စီမံကိန်းမှာ အသုံးပြုထားသည့် အရေးကြီးသည့် မည်သည့်အရာသည် သက်တန်းကာလအားဖြင့် မည်၍ မည်မျှ အာမခံပါသည်ဆိုသော်လည်း စီမံကိန်းတွင် အသုံးပြုထားသော ထိုအရေးကြီးသည့် အစိတ်အပိုင်းများအား ဆက်ထားသည့် မူလီတလုံးပြုတ်ရုံမျှဖြင့် စီမံကိန်းကြီးတခုလုံး ပျက်ဆီးနိုင်သည်ကို သင်သတိထားစေလိုသည်။ စီမံကိန်းသုံး ပစ္စည်းများမှာ ရင်းနှီးမြုပ်နှံသူ(Contractor)မှ တစုံတရာချွတ်ယွင်းလျှင် ပြန်လည် လဲလှယ်ပေးပါမည် ဆိုသော အာမခံမှု Warranty ကို ပြုလုပ်ပေးရသော်လည်း ရင်းနှီးမြုပ်နှံသူ နှင့် စီမံကိန်းပိုင်ရှင် နှစ်ဦးကြားတွင် စီမံကိန်းနှင့်ပတ်သတ်သော ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများအားလုံးအတွက် တာဝန်ယူကာကွယ်ပေးနိုင်ပါသည်ဟု အာမခံမှု ပြုပေးနိုင်သည့် လွတ်လပ်သူ နောက်တဦး ( Independent Third Party) ဖြစ်သော အာမခံသူ Insurance Broker ရှိနေရပေမည်။


ဆိုတော့ .. ဆိုတော့ .. ဆိုတော့ကာ ဘယ်ကဘယ်လို တာဝန်ယူအာမခံမှုနှင့် EIA , SIA နှင့် ဆက်စပ်နေသလဲ ဆိုသည့် မေးခွန်းအတွက် အဖြေစထွက်လာပါတော့မယ်။

အပိုင်း (၂)တွင် ဆက်လက် ဖတ်ရှုကြပါကုန်။

No comments: