Tuesday 4 October 2011

ပင်နယ်တီကို ဂိုးဝင်အောင် သွင်းရမယ့်အချိန် ( မောင်ဝံသ)

True News သစ္စာဂျာနယ် ယခုအပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။

မှန်တာပြောသစ္စာ
ပင်နယ်တီကို ဂိုးဝင်အောင် သွင်းရမယ့်အချိန် မောင်ဝံသ

ကျွန်တော့်ကို ဘောလုံးဝါသနာအိုးတစ်ယောက်မဟုတ်ဘူးလို့ သိထားသူတွေက ဆောင်းပါးခေါင်းစဉ်ကို ကြည့်ပြီး မောင်ဝံသ ဘယ်လို ကြောင်သွားပြီး ဘောလုံး အကြောင်းရေးမလို့လဲလို့ ထင်မိကြမလားမသိ။ ဒါပေမယ့် ကျွန်တော်က ဘောလုံးပွဲတွေကို တစ်ခါတလေတော့ ကြည့်ဖြစ်တယ်ဗျ။ ဘယ်လို ကြည့်ဖြစ်လဲဆိုတော့ ကျွန်တော် ကြည့်ချင်တဲ့ ချန်နယ်မှာ ကျွန်တော် ကြည့်ချင်တဲ့ အကြောင်းအရာ မလာသေးခင် တီဗီရှေ့ထိုင်စောင့်နေရခိုက် ကြုံကြိုက်သလို ကြည့်ဖြစ်တာပါ။ အခု ဒီဆောင်းပါးမှာတော့ တစ်လောက ကြည့်ဖြစ်ခဲ့တဲ့ ဘောလုံးပွဲတစ်ပွဲနဲ့ ဆက်စပ်ပြီး တွေးမိခဲ့တာလေးတွေ ပြောပြချင်ပါတယ်ဗျာ။

မြန်မာနဲ့ ထိုင်းပွဲ
    အဲဒီပွဲက ကျွန်တော်တို့နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဆီယံအားလုံးအဖွဲ့ချုပ် အသက် ၁၉ နှစ်အောက် လူငယ် ပြိုင်ပွဲရဲ့ ပထမအကြိုဗိုလ်လုပွဲဖြစ်တဲ့ မြန်မာနဲ့ထိုင်းပွဲပါ။ အဲဒီပွဲကို ကြည့်ဖြစ်ခဲ့သူအားလုံးကို အဲဒီပွဲရဲ့ အထွတ်အထိပ်က ဘာလဲလို့မေးရင် အဖြေတစ်ခုတည်း
ထွက်လာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်ဗျ။ အဲဒါကတော့ မြန်မာအသင်း ပင်နယ်တီရတဲ့အချိန်ပဲဗျာ။
    မှန်ပါတယ်။ ဒုတိယပိုင်းအချိန်ပြည့်ဖို့ မိနစ်အနည်းငယ်သာ လိုတော့တဲ့အချိန် မြန်မာအသင်း နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနေချိန်မှာ ပင်နယ်တီ ကန်ခွင့်ရခဲ့တာ ဖြစ်တယ်ဗျာ။ စဉ်းစားကြည့်ပေါ့ဗျာ။ ကစားတဲ့ပွဲက အကြိုဗိုလ်လုပွဲ၊ ပြိုင်ဖက်က တစ်ချိန်က ကိုယ့်ကို မော်တောင်မကြည့်ဝံ့ ခဲ့ပေမယ့် ဒီဘက်နှစ်တွေမှာ ကိုယ့်ကို အကြိမ်ကြိမ်အနိုင်ရပြီး ဒေသတွင်းမှာလည်း တံခွန်ထူထားတဲ့အသင်း။ ပင်နယ်တီရတာကလည်း ကိုယ်က နှစ်ဂိုးတစ်ဂိုးနဲ့ ကပ်ရှုံးနေပြီး ပွဲပြီးဖို့ကလည်း ဘယ်လောက်မှမလိုတော့တဲ့အချိန်။ အဲဒီပင်နယ်တီကိုသာ ၀င်အောင်ကန်သွင်းလိုက် နိုင်ရင် နှစ်ဂိုးစီ သရေဖြစ်သွားပြီး နောက်ပိုင်းဆက်ကစားရမယ့် အချိန်ပိုမှာ စိတ်ဓာတ်တက်လာတဲ့ မြန်မာအသင်းက အနိုင်ရဖို့ ရာခိုင်နှုန်း အတော်လေးများနေပြီ။ ဒီပွဲအနိုင်ရလိုက်ရင် ဒီပွဲက ရတဲ့အောင်စိတ်အရှိန်နဲ့ ဗိုလ်လုပွဲမှာပါ ဆက်နိုင်ပြီး ကိုယ့်မြေ ကိုယ်ကွင်း ကိုယ့်ပရိသတ် ရှေ့မှာ အောင်ပွဲခံနိုင်ဖို့က သေချာသလောက်ရှိနေတယ်။ အဲဒီတော့ အဲဒီပင်နယ်တီရတဲ့အချိန်ဟာ နှစ်ဖက်အသင်းသားတွေနဲ့ ပရိသတ်တွေ အတွက် အထူးသဖြင့် အောင်မြင်မှုနဲ့ဝေးကွာနေတဲ့ မြန်မာအသင်းနဲ့ ပရိသတ်တွေအတွက် စိတ်အလှုပ်ရှားဆုံး တကယ့်ကို အထွတ်အထိပ် climax ပဲပေါ့ဗျာ။
    အားလုံးသိကြတဲ့အတိုင်း မြန်မာအသင်း ပင်နယ်တီရရင်ကန်ဖို့ ပွဲမစမီ အပြင်မှာကတည်းက နည်းပြရဲ့တာဝန်ပေးခြင်းခံထားရပုံရတဲ့ မြန်မာဘောလုံးသမားလေးဟာ အဲဒီပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲမပေးနိုင်ခဲ့ဘူးဗျာ။
    ပင်နယ်တီကန်အပြီး နောက်မိနစ်အနည်းငယ်အကြာမှာ ပွဲပြီးသွားတယ်။ မြန်မာအသင်းလည်း ဗိုလ်လုပွဲနဲ့ လွဲသွားခဲ့တယ်။ မြန်မာ ဘောလုံးပရိသတ်တွေရဲ့ မျှော်လင့်ချက်လည်း တစ်ဝက်တစ်ပျက်နဲ့ ဆုံးခန်းတိုင်သွားခဲ့ရတယ်ဆိုပါတော့ဗျာ။
လူတစ်ယောက်တည်းအပေါ်တည်နေတဲ့အချိန်
    ဘောလုံးပွဲပြီးသွားတော့ တီဗီက တခြားအစီအစဉ်တွေ ဆက်ပြီးထုတ်လွှင့်နေတယ်။ ကျွန်တော် တီဗီရှေ့မှာ ဆက်ထိုင်နေပေမယ့်  ကျွန်တော့်အတွေးတွေက တီဗီဖန်သားပြင်ပေါ်မှာမရှိတော့ဘဲ နိုင်ငံရေးခေါင်းဆောင်မှုဆိုတဲ့ အကြောင်းအရာဆီ ရောက်သွားမိတယ်ဗျ။
    ဘောလုံးကစားနည်းဟာ အသင်းလိုက်ကစားရတဲ့ ကစားနည်းဖြစ်တာမို့အသင်းတစ်သင်း နိုင်တယ် ရှုံးတယ်ဆိုတဲ့ကိစ္စဟာ အသင်း သားအားလုံးရဲ့ စိတ်ပိုင်းရုပ်ပိုင်းစွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်ဆိုတာ ငြင်းစရာမလိုတဲ့အချက်ဖြစ်တယ်ဗျ။ ဒါပေမယ့် စောစောက ကျွန်တော်တင်ပြခဲ့တဲ့ပွဲရဲ့ အထွတ်အထိပ်ကာလမှာလိုမျိုး အသင်းသားအားလုံးနဲ့ အသင်းကို အားပေးနေကြတဲ့ ပရိသတ်အားလုံးအပြင် နိုင်ငံသားအားလုံးတို့ရဲ့ မျှော်လင့်ချက်ကို လူတစ်ယောက်တည်းက ထမ်းပိုးထားရတဲ့ အခြေအနေမျိုးတွေလည်း တစ်ခါတစ်ရံမှာ ပေါ်ပေါက် လာတတ်တာ သမိုင်းမှာ ကျွန်တော်တို့ လေ့လာသိမှတ်ခဲ့ရဖူးတယ်ဗျ။
    ၁၉၆၂ ခုနှစ်တုန်းက ပေါ်ပေါက်ခဲ့ဖူးတဲ့ ]ကျူးဘားဒုံးပျံအရေးအခင်း} ကို နိုင်ငံတကာရေးရာ စိတ်ဝင်စားသူတိုင်း မှတ်မိကြမှာပါ။ တတိယကမ္ဘာစစ်ကို ခလုတ်မောင်းဖြုတ်ပေးလိုက်နိုင်ဖွယ်ရှိတဲ့ အရေးအခင်းကို နောက်ပိုင်းမှာ ပညာရှင်တွေက သုံးသပ်ခဲ့ကြတဲ့ အဲဒီအရေး အခင်းရဲ့ အထွတ်အထိပ် ဃူငာထေ ဟာ အင်အားသုံးတားဆီးမယ်လို့ အမေရိကန်က သတိပေးထားတဲ့ကြားက ဆိုဗီယက်စစ်သင်္ဘောတွေ ကျူးဘားကျွန်းဆီသို့ ဦးတည်ခုတ်မောင်းလာနေကြတဲ့အချိန် ဖြစ်တယ်ဗျာ။ ကမ္ဘာသူကမ္ဘာသားအားလုံး အသက်ကိုတောင် ရဲရဲမရှူဝံ့ဘဲ မျက်တောင်မခတ်စိုက်ကြည့်နေကြတဲ့ အဲဒီအချိန်မှာ သူတို့နှစ်နိုင်ငံစလုံးက ပြည်သူတွေ အပါအ၀င် ကမ္ဘာသူ ကမ္ဘာသားအားလုံးရဲ့ ကံကြမ္မာ ဟာ ဆိုဗီယက်အစိုးရနဲ့ အမေရိကန်အစိုးရဆိုတာထက် ဆိုဗီယက်ခေါင်းဆောင် ခရုရှက်နဲ့ အမေရိကန်ခေါင်းဆောင် ကနေဒီတို့နှစ်ယောက် ရဲ့ လက်ထဲ ဒါမှမဟုတ် သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ရဲ့လက်ထဲမှာသာ ရှိနေခဲ့တာဖြစ်တယ်ဗျာ။ အားလုံးသိကြတဲ့အတိုင်း  ခရုရှက်က သူ့ရဲ့စစ်သင်္ဘောတွေ ပြန်လှည့်ဖို့ အမိန့်ပေးခဲ့တာကြောင့် ကမ္ဘာသူ ကမ္ဘာသားအားလုံးဟာ မိမိတို့ကိုယ်တိုင် ကမ္ဘာပေါ်က ရုတ်ခြည်းပျောက်ကွယ်သွားနိုင်ဖွယ်ရှိတဲ့ ]ပွဲကြီးပွဲကောင်း} တစ်ခုကို မကြည့်လိုက်ကြရတော့ပါဘူးဗျာ။

ခေါင်းဆောင်ကြီးတွေ ကြုံဖူးတယ်
    အဲဒီအဖြစ်အပျက်ကိုပဲ နိုင်ငံခေါင်းဆောင်တွေဟာ တစ်နိုင်ငံလုံးရဲ့ ကံကြမ္မာကို ကိုယ်တစ်ယောက်တည်းဟာ အဆုံးအဖြတ် ပေးရတဲ့ သာမန်မဟုတ်တဲ့ အကျဉ်းအကျပ်အလှည့်အပြောင်း အကွေ့အချိုးကာလတွေနဲ့ ကြုံခဲ့ကြရတယ်ဆိုတာ ကမ္ဘာ့သမိုင်းမှာရော ကျွန်တော်တို့နိုင်ငံသမိုင်းမှာပါ ရှိခဲ့ဖူးတယ်ဗျ။ ကျွန်တော်တို့ နိုင်ငံရဲ့လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာလည်း အဲဒီလိုမျိုး အခိုက်အတန့်တွေနဲ့ ကြုံခဲ့ရဖူးသူဖြစ်တယ်ဆိုတာ မြန်မာ့သမိုင်းကို စိတ်ဝင်စားသူတိုင်း သိရှိမယ်ထင်တယ်ဗျ။ နိုင်ငံ တော်ဝန်ကြီးချုပ်ဟောင်း ဦးနုက သူလည်း အဲသလိုအခိုက်အတန့်မျိုးတွေနဲ့ ကြုံခဲ့ရဖူးတယ်။ အဲဒီလိုနိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုခုချမှတ်ရတော့မယ့်အချိန်မျိုးမှာ သူကတော့ ဘုရားခန်းထဲဝင် အဓိဋ္ဌာန်ပုတီးစိတ်ပြီးမှ စိတ်ထဲပေါ်လာတဲ့အတိုင်း ဆုံးဖြတ်ချက်ချ တယ်လို့ ပြောဆိုခဲ့ဖူးကြောင်း ကျွန်တော် မှတ်သားခဲ့ရဖူးတယ်ဗျ။
    အခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံဟာလည်း ဘောလုံးကို ဒီမိုကရေစီဂိုးပေါက်က ပင်နယ်တီစပေါ့မှာ တည်ထားတဲ့ အခြေအနေ မှာရောက်ရှိနေပြီး ဖြစ်တယ်လို့ ကျွန်တော်တော့ တင်စားချင်တယ်ဗျာ။ ဒီအချိန်မှာ သက်ဆိုင်ရာတာဝန်အရှိဆုံး ခေါင်းဆောင်များအနေနဲ့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ဘောလုံးကို ဂိုးအဖြစ်ပြောင်းလဲပေးနိုင်ကြလိမ့်မယ်လို့ ကျွန်တော်တို့ ပြည်သူအားလုံးက ယုံကြည် မျှော်လင့် နေကြကြောင်းပါဗျာ။
မောင်ဝံသ
၂၆ ၀၉ ၁၁
maungwuntha@gmail.com

No comments: