Tuesday 11 October 2011

ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာပြည်

မြန်မာပြည်တွင်းမှ ယနေ့မြင်ကွင်းအား မြင်ယောင်ကြည့်မိသည်။ လွတ်ငြိမ်းချမ်းသာခွင့်နှင့် သက်ဆိုင်သူများ၊ သူတို့၏ မိသားစုဆွေမျိုးများ၊ ပြည်တွင်းပြောင်းလဲရေး စိတ်ဝင်တစား စောင့်ကြည်နေသူများမှာ ညက အိပ်ပျော်ကြလေမည်မဟုတ်သည့်အတွက် တီးတိုးဝေဖန်သံများဖြင့် ညံနေလိမ့်မည်။

ယနေ့မနက်ကား မျှော်လင့်ချက်ကိုယ်စီဖြင့် စောစီးနိုးနေသူတို့၏ မနက်ခင်းသည် သီတင်းကျွတ်၏ လှပသော ရာသီဥတုနှင့်အညီ အေးချမ်းနေပေလိမ့်မည်ဖြစ်သော်လည်း တ...စ်ချို့ကား ရင်ပူစိတ်ပူရှိနေကြလေမည်။ဈေးတန်ထဲ၊ လဘက်ရည်ဆိုင်ထဲတို့၌ သည်အကြောင်းဖြင့် ဆူညံနေပေလိမ့်မည်။ ဂျာနယ်များ၊ သတင်းစာ တိုက်များမှ သတင်းယူသူများသည် ဆိုင်ရာထောင်ဗူးဝဆီသို့ ပြေးကပ်ကြရန် ပျာယာခတ်နေကြလိမ့်မည်။ အဆောတလျင်ဖြစ်နေကြလိမ့်မည်။

လူထုအား မျှော်လင့်တကြီးဖြစ်စေခဲ့သည့် ဤ သီတင်းကျွတ်အခါတော်နှင့် မြန်မာ့တစ်မနက်တာအား စိတ်ထဲ၌ မှတ်မှတ်ရရဖြစ်စေဦးမည်။ လွတ်ငြိမ်းချမ်းသာခွင့်အတိုင်း အမှန်တကယ် လွတ်လာကြပြီဆိုလျင်ကား ဤနေ့အား တစ်သက်လုံးမေ့နိုင်မည်မဟုတ်တော့ပါ။ မြန်မာပြည်၏ ယနေ့ မနက်၊ နေလည် နှင့်ညအချိန်များ ပျော်ရွှင်မှုများနှင့် အတိပြီးနိုင်ပါစေဟု ဆန္ဒပြုမိပါသည်။

No comments: