Sunday 30 October 2011

" ပစ်မှတ်ထဲက မြန်မာပြည် "


ဂျိုးဆက်ဖ် ဘော | သောကြာနေ့၊ အောက်တိုဘာလ ၂၈ ရက် ၂၀၁၁

(စာအုပ်ဝေဖန်ချက်)

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ သီပေါမြို့ကလေးတွင် မွန်းလွဲချိန်၌ လက်ဖက်ရည်ဆိုင်၊ သို့မဟုတ် စားသောက်ဆိုင် တခုခုအတွင်းထိုင်၍ လမ်းမပေါ် ဖြတ်သန်းသွားလာသည့် လူစီးကားသစ် SUV ယာဉ်တန်းကို ထိုင်ကြည့်နေကြရသည်က လူအများအဖို့ ဝါသနာတခုလို ဖြစ်လာသည်။

ကားများကို ပလတ်စတစ်စဖြင့် အလုံပိတ်ထားကြပြီး၊ မြန်မာနိုင်ငံတွင် ပြန်ရောင်းချကြ ရန်ဖြစ်သည်။ တရုတ်ပြည်မှ
နေ၍ တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ မောင်းနှင်သွားကြသည်။ ထိုမျှသာမက ဈေးချိုချိုဖြင့် ဝယ်ယူလာသည် ဟု ယူဆရသည့် လိမ္မော်သီးကားတန်းများလည်း ပြည်တွင်းဘက် ဆင်းသွားကြသလို၊ ဆန့်ကျင်ဘက်သို့ ကျွန်းသစ် ယာဉ်တန်းကြီးက ပြန်ဖြတ်သွားကြသည်။ နောက် ၁၅-နှစ်ကြာသည့်အခါ တရုတ်၏စီးပွားရေး မြန်မာနိုင်ငံ အတွင်း သို့ ချဲ့ထွင်လာသည့် အခြေအနေက အဓိကပြောဆိုစရာ အကြောင်းကိစ္စတခု ဖြစ်လာခဲ့သည်။

သမိုင်းပညာရှင်နှင့် စာရေးဆရာဖြစ်သူ ဦးသန့်မြင့်ဦးက သူ၏ နောက်ဆုံးစာအုပ် "တရုတ်ပြည်နှင့် အိန္ဒိယ တွေ့ဆုံ သည့် နေရာ" (Where China Meets India) တွင် သူ၏အဆိုကို တင်ထားသည်။
သူ့အမြင်က အသစ်တော့ မဟုတ်။ ၁၉၉ဝ ခုနှစ်များ နှစ်လည်ပိုင်းမှစ၍ စတင်ဖြစ်ထွန်းလာခဲ့သည့် ရေစီးကြောင်းကို ချဲ့ထွင် မွမ်းမံ၍ တင်ပြ
ခြင်းသာ ဖြစ်သည်။ ရာစု နှစ်ပေါင်းများစွာ တရုတ်ပြည်နှင့် အိန္ဒိယအကြားတွင် မြန်မာနိုင်ငံက ဆက်စပ်ပေါင်းကူး တံတားထိုး၍ မဖြစ်နိုင်သည့် အခြေအနေရှိခဲ့သည်။

သန့်မြင့်ဦးတင်ပြသည့် သမိုင်းကြောင်းအရဆိုလျှင် မြန်မာနိုင်ငံက များမကြာမီနှစ်များတွင် ပြောင်းလဲလာသည့် အာရှမြေမျက်နှာသွင်ပြင်က ဝိုင်းပတ်ထားသည့် ဗဟိုချက်မတွင် ရောက်ရှိနေခဲ့ပြီဟု ဆိုသည်။ အကြောင်းမှာ အာရှ၏ မဟာလူဦးရေ ပိုင်ဆိုင်ထားသည့် အင်အားကြီးနိုင်ငံ နှစ်ခုက လာတွေ့ဆုံသည့် မြန်မာနိုင်ငံကို ခေတ်သစ် တခုအသွင်သို့ တွန်းထိုး ပို့ဆောင်တော့မည် ဖြစ်သောကြောင့်ပင်။


"တရုတ်ပြည်နှင့် အိန္ဒိယတွေ့ဆုံသည့်နေရာ" အမည်ရ စာအုပ်သည် ပြောင်းလဲနေသည့် မြေပုံများနှင့် လူဦးရေများ အကြောင်းကို အများစု ပုံဖော်တင်ပြ ထားခြင်း ဖြစ်သည်။ ကက်ပလန်ဆန်ဆန် ခရီးသွာအတွေ့အကြုံ ဇာတ်ကြောင်း ကို ပြန်ပြောပြရင်း စာအုပ်ကိုသယ်ဆောင်သွားရာ၊ အချို့သော စာသားများက ထိုနေရာများသို့ ကိုယ်တိုင်ကိုယ်ကျ မရောက်ဘူးသူများအတွက် အထူးအကျိုး ဖြစ်စေမည်မှာ မလွဲပေ။

သို့မဟုတ် တကြိမ်တခါ ရောက်ဖူး၊ တွေ့ကြုံဖူးခဲ့သူများကလည်း နောက်ဆုံး အခြေအနေကို ပြန်၍ နှိုင်းယှဉ်ကြည့်နိုင်လိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ဦးသန့်မြင့်ဦးက တင်ပြသည့် သုံးသပ်ချက်များ၊ အဆိုပြုချက်များက ယင်းဒေသ၏ ပြောင်းလဲဖြစ်ပေါ်နေသည့် မြေမျက်နှာသွင်ပြင်နှင့် ပတ်သက်၍ အတွင်းကျကျလှုံ့ဆော်မှု အတွေးကို ပေးနိုင်လိမ့်မည် ဖြစ်သည်။

စာအုပ်ကို ကဏ္ဍများခွဲခြားထားပြီး စာရေးသူက သက်ဆိုင်ရာနိုင်ငံများအလိုက် အချိန်ကာလကို အခြေပြု၍ အခန်းခွဲ တင်ပြထားခြင်း ဖြစ်သည်။ တင်ပြထားသည့် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အခန်းသည် ကြီးထွားလာ သည့် တရုတ်တို့ခြေရာနှင့် မြန်မာပြည်အပေါ် မည်သို့သက်ရောက်စေသည့် အကြောင်းကို အလေးပေး တင်ပြထား သည်။ သို့သော်လည်း မြန်မာနိုင်ငံကို ယခုအခြေအနေသို့ ဆိုက်ရောက်စေခဲ့ရသည့် အဓိက အကြောင်းအချက်များ ကိုမူ အနည်းအကျဉ်းမျှသာ တို့ထိတင်ပြထားသည်။

စာရေးသူကမူ ခေတ်သစ်မြန်မာနိုင်ငံ၏ ကျရှုံးမအောင်မြင်ဖြစ်ရမှုများကို ကိုလိုနီခေတ် နိုင်ငံတော် ကျရှုံးခန်းနှင့် ဒုတိယ ကမ္ဘာစစ်၏ အကျိုးဆက်အဖြစ် ခြေရာကောက် တင်ပြထားသည်။ ဦးသန့်မြင့်ဦးက "ဗြိတိသျှတို့အနေဖြင့် ဆက်၍ကျန်နေပြီး စီးပွားရေးနာလံထူနိုင်စေရန် ကူညီနိုင်ဖို့ရှိသည်။ သို့သော်လည်း ဤသို့ မဖြစ်ခဲ့သည်မှာ ပြင်ပ အကြောင်းအချက်များကြောင့် မဟုတ်။ အစွန်းရောက် အမျိုးသားရေးလှုပ်ရှားမှု အားကောင်းလာခဲ့ပြီး၊ ၎င်းတို့က မည်သည့်တန်ဖိုးဖြင့် ဖြစ်စေ ဗြိတိသျှတို့ကို မောင်းနှင်ထုတ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ဖြစ်သည်" ဟု ဆိုထား သည်။

မည်သို့ဖြစ်စေ မြန်မာနိုင်ငံက လွတ်လပ်ရေးပြီးချိန်တွင် ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းနိုင်ခဲ့သော်လည်း၊ လက်ရှိ
နိုင်ငံ၏ အခြေအနေကမူ သူ၏အဆိုအရ ၁၉၉ဝ ခုနှစ်များ အဆန်းပိုင်းနှင့် အလယ်ပိုင်းကာလ ပေးလာသည့် အခွင့်အလမ်းကောင်းများကို မဆုပ်ကိုင်မိသည့် ဖြစ်ရပ်သာဟု သုံးသပ်ဖော်ပြထားသည်။ မြန်မာနိုင်ငံကို သူသုံးသပ်
ကြည့်သည့်အချိန်က အခြားနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဗီယက်နမ်၊ အခြားသော အာရှကျားများနှင့် အလားအလာ အရ တန်းတူနီးပါး ပြေးနေခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း မြန်မာနိုင်ငံက စီးပွားရေး တံခါးဖွင့်ရာ လမ်းတွင် ကွဲပြားနေသည့်၊ အပျက်လမ်းသို့ ဦးတည်နေသည့် အခက်အခဲများကို ကျော်လွှားနိုင်ခြင်း မရှိခဲ့၊ ပြင်ပကမ္ဘာနှင့် မချိတ်ဆက်နိုင်ခဲ့ဟု ဆိုသည်။

ဤသုံးသပ်ချက်က ပြောရမည်ဆိုလျှင် စာအုပ်တခုလုံး ဖော်ပြထားသည့် ပင်မ အကြောင်းအရာ အတွက် ဖြည့် ဆည်း ထောက်ပံ့ပေးသည့် အဆိုမျှသာ ဖြစ်သည်။ သူဆိုလိုချင်သည့်အချက်မှာ မြန်မာနိုင်ငံနှင့် စစ်တပ်အပေါ် ချမှတ်ထားသည့် ပစ်ဒဏ်ခတ်ပိတ်ဆို့မှု အကျိုးမဖြစ်ထွန်းပုံနှင့် ဆိုးကျိုးသက်ရောက်စေပုံများ၊ ၎င်းနှင့်အတူ တွဲရှိနေသည့် "အနောက်နိုင်ငံ များမှ လူများကြိုက် ကမ်ပိန်းများ"၊ စစ်အစိုးရကို လူဆိုးဗီလိန်ရုပ်ပုံ ဖော်နေပြီး ပို၍ ပြင်းထန်စွာဒဏ်ခတ်ရန် ဆက်လက် တောင်းဆိုနေမှု စသည့်အချက်များက ပို၍ခိုင်မာသည့် ဆက်ဆံမှုများဖြစ်ပေါ်လာစေမည့်ကိစ္စများအပေါ် အထူးသက်ရောက် ရိုက်ခတ်မှု ရှိနေစေသည်ဟု ဆိုသည်။ စာမျက်နှာ အများစု တွင် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်အပေါ် စိတ်ပျက်မကျေ နပ်မှုများဖြင့် ပြည့်နေသည်။ ၂ဝဝ၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း ကာလတွင် အကူအညီကိစ္စများကို အဟန့်အတား ဖြစ်စေမှုမှ နေ၍၊ မန္တလေးမြို့ကို တရုတ်စွန့်စား စီးပွားရင်းနှီးမြှုပ်နှံသူများ အကြား ပြိုင်ဘက်မရှိ ပေလျကံ ပစ်ထားခဲ့ရမှုများ အဆုံး ပတ်သက် ဖော်ပြထားသည်ကိုတွေ့ရသည်။

ထို့အပြင် ဆက်လက်အားပြိုင်နေဆဲဖြစ်သည့် တိုင်းရင်းသားအင်အားစုများကို သိမ်းကျုံးစုစည်းနိုင်ရေး ဆက်လက် လှုပ်ရှား ကြိုးပမ်းနေနှင့် ပတ်သက်၍လည်း ဦးသန့်မြင့်ဦးက သူ့အမြင်ကို တင်ပြထားသည်။ တဖက်က ပိတ်ဆို့ ဒဏ်ခတ်ထားချိန်တွင် ကုလသမဂ္ဂက ဖြည့်ဆည်းလှုပ်ရှားမည့် ချည်းကပ်မှု ရှိမနေခြင်း၊ ကမ္ဘာ့ဘဏ် အကူအညီများ ရှိမနေခြင်းတို့ကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများအပြီး၊ ၎င်းနှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းများ တန်းတူ ယှဉ်၍ လက်တွေ့မလိုက်နိုင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

စာအုပ်က ပြောလိုသည့် အဓိကအကြောင်းအရာကို ပြန်၍ သွားရမည်ဆိုလျှင် လက်ရှိအိမ်နီးချင်းနိုင်ငံ နှစ်ခုက လုပ်ဆောင်နေပုံမှာ မြန်မာနိုင်ငံကို ဘေဂျင်းနှင့် နယူးဒေလီက လုယက်ခိုးယူနေကြခြင်း ဆိုသည်ထက် ပိုမိုပြောင်မြောင်မည့် စကားအသုံးအနှုန်း မရှိနိုင်တော့ပါ။ မြန်မာနိုင်ငံ ဇာတ်ကြောင်းတလျှောက်လုံးတွင် တရုတ်က ပါဝင် ပတ်သက်နေသော်လည်း၊ အိန္ဒိယကမူ လွမ်းမောစရာ ကိုလိုနီခေတ် အတိတ်က ဆက်နွယ်ခဲ့မှုများ၊ အစော ပိုင်း လူ့ယဉ်ကျေးမှု ဖြစ်ထွန်းစဉ်ကာလ ဆက်သွယ်မှုများမှလွဲ၍ ပြောစရာ မရှိသလောက် ဖြစ်နေသည်။


ယခင်က ကုလသမဂ္ဂ သံအရာရှိ တဦး ဖြစ်ခဲ့ဖူးသည့် ဦးသန့်မြင့်ဦးက ယခု
အခါ ဘန်ကောက်မြို့တွင် နေထိုင်၍ စာရေးဝမ်း ကျောင်းနေပြီး၊ မြန်မာ၊
အိန္ဒိယ၊ တရုတ် နိုင်ငံများသို့ ခရီးလှည့် လည်ခဲ့သည်။ သူက "မြန်မာပြည်နှင့်
ပတ်သက်၍ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သမိုင်းကြောင်း- ခြေရာပျောက် မြစ်တစင်း"
အမည်ရ စာအုပ်ရေးသားခဲ့သူလည်းဖြစ်သည်။ ဓာတ်ပုံ။ Macmillan

Read MORE...
http://www.mizzimaburmese.com/edop/songpa/8552-2011-10-28-06-26-55.html

No comments: