Sunday 30 October 2011

ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကြေမွသွားသော ကျောက်စိမ်းတုံးများ အကြောင်း (၁) (သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ)


***ဓာတ်ပုံ SM၊ ဒီမိုဝေယံ***သတင်း ဇော်ရှန်၊ ဒီမိုဝေယံ***
http://www.demowaiyan.co.cc/2011/10/blog-post_6658.html

ဒီနေ့ ရောက်ရှိလာတဲ့ ပုံတွေကို အမှတ်တမဲ့ ကြည့်လိုက်တော့ ဘယ်နိုင်ငံခြား တိုင်းပြည်က တည်ဆောက်ရေး လုပ်ငန်းပုံတွေ လဲပေါ့ Mega ယန္တယားကြီးတွေ အများအပြားနဲ့ ပုံတွေဆိုတော့ ရုတ်တရက်ကြည့်ရင် မျက်စိမှားစရာပါ...။ နိုင်ငံခြားတိုင်းပြည်တွေက တည်ဆောက်ရေး လုပ်ငန်းခွင်တွေလို့ ထင်ရတဲ့ နေရာကတော့ ကချင်ပြည်နယ် ဖားကန့် ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် မြင်ကွင်း ဓာတ်ပုံတွေပါတဲ့...။ တိုးတက်နေတာလား ဆုတ်ယုတ်နေတာလား၊ သဘာဝဝန်းကျင်တွေ ပျက်စီးနေတာလား ဒီကရတဲ့ သယံဇာတတွေ ရောင်းရငွေတွေကြောင့် ကချင်ပြည်သူလူထု အကျိုးအမြတ်တွေကို ခံစားနေရလား၊ တိုင်းပြည်တိုးတက် ဖွံဖြိုးနေပြီလားဆိုတာ သုံးသပ်ကြည့်ရအောင်...။

မြန်မာပြည်ရဲ့ ဦးခေါင်းပိုင်း ကချင်ပြည်နယ်ဟာ သယံဇာတတွေ သဘာဝအရင်းအမြစ်တွေ ပေါများကြွယ်ဝတဲ့ ဒေသတခုပါပဲ...။ ကမ္ဘာ့အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းတွေ ဖွထွက်ရှိရာ ဖားကန့်ဒေသဟာလည်း ကမ္ဘာကျောက်ပါတယ်...။ ၁၉၈၅/၈၆လောက်က ထင်ပါတယ်... ကချင်ပြည်နယ် ဖားကန့်ဒေသက ၂၂တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ရန်ကုန်ကို အစောင့်အကြပ်တွေနဲ့ ညဘက်ကြီး ရထားနဲ့ သယ်ဆောင်လာတာ ကြားဘူးခဲ့ပါတယ်။ ထိုစဉ်က မဆလခေတ် သတင်းစာတွေမှာ မစားရမခန်း ဒီကျောက်စိမ်းတုံးကြီးကြောင့် တိုင်းပြည်ကြီး နေ့ချင်းညချင်း ကြွယ်ဝချမ်းသာတော့ မလိုလို၊ ရေးသားချက်တွေ ဖတ်ခဲ့ဘူးပါတယ်..။ ကမ္ဘာပေါ်က လူအားလုံးကို တရက်ထမင်းကျွေးလို့ရတယ်ဆိုလား ကောလဟာလတွေလည်း ကြားခဲ့ဘူးပါတယ်..။
နွံထဲ၌ ကားတစီးလုံး မြုပ်နေသည်.. ဆင်နှင့်ဆွဲပေးကြပါ.. တခါဆွဲ ၃သိန်းတဲ့

ဒီပုံကတော့ အထက်ပါပုံနဲ့ လားလားမျှ ဆန့်ကျင်တဲ့ မိုးတွင်းကာလ ကာမိုင်း၊ ဖားကန့်လမ်းပေါ်က မြင်ကွင်းပါ..။ 4Wheel Drive ကားတောင် မြုပ်နေတဲ့ ကြမ်းတမ်းတဲ့ လမ်းပေါ်မှာ ဆင်နဲ့ဆွဲပြီး အလွတ်ရုန်းနေရတဲ့ ၂၁ရာစုရဲ့ ကမ္ဘာ့အကြီးဆုံး အဖိုးတန် ကျောက်စိမ်းတွေ ထွက်ရှိရာဒေသက ကားလမ်း အခြေအနေပါ...။ ကားတစ်စီး ဆင်ဆွဲခ ကျပ်ငွေ သုံးသိန်းမှ ငါးသိန်းအထိ ကုန်ကျပါတယ်...။ ဒီလိုခေတ်အဆက်ဆက် လမ်းဆိုးတယ်လို ကျော်ကြားတဲ့ ဖားကန့်လမ်း ပြင်ဆင်ရန်ဆိုပြီး အလှူခံငွေ ကောက်ခံခဲ့ရာမှာတော့ ဆယ်စုနှစ် ၂ခုရှိနေပါပြီ...။ လမ်းပြင်ဆင်ဖို့ အတွက် မူးယစ်ဆေးစွဲသူများအား ဖမ်းဆီးပြီး အလှည့်ကျ စေခိုင်းပါတယ်..။ ဖားကန့်မှ ကျောက်စိမ်းလုပ်ကွက် ပိုင်ရှင်များထံမှ အလှူငွေကောက်ခံပေမယ့် လမ်းကတော့ မိုးတွင်းဆိုရင် မြင်ရတဲ့ အတိုင်းပါပဲ...။

ချင်းတွင်းမြစ်ကြောင်းမှ ယန္တယားများ သယ်လာစဉ်
အပေါ်က အဆိုပါကြီးမားလှတဲ့ စက်ယန္တယားကြီး တွေကိုတော့ မုံရွာမှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်း အတိုင်း ယခုလို သယ်ဆောင်လာတာပါ...။

ကျောက်ထွက် အများဆုံး ဖားကန့်ကြီးမှ လုပ်ကွက်တွေလို့ ဆိုပါတယ်..။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကြီးပြင်းနေထိုင်ဘူးတဲ့ ယခုအိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ကချင်အမျိုးသား ဇော်ရှန်မှ အဆိုပါလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ " အရင်ကတော့ ဒီနေရာတွေဟာ လုပ်ငန်းလုပ်ကွက် အရမ်းကြီးတဲ့ နေရာတွေပါ... တော်ရုံတန်ရုံ မကပ်နိုင်တဲ့ နေရာတွေပေါ့..။ ပထမဦးဆုံး ကချင်အမျိုးသား ရုဇော်ခေါင်ဆိုသူပိုင်တဲ့ Jade Land ကုမ္ပဏီက ပိုင်ဆိုင်ခဲ့တာပါ.. သူက တော်တော်ချမ်းသာတယ်လေ။ ကချင်ထဲမှာ အကြီးဆုံး ကုမ္ပဏီပေါ့ ... ဒီနေရာတွေမှာ ကျောက်က အလှူပေးသလို လိုက်ကောက်လို့ ရအောင် ကျောက်တွေ အကြီးအကျယ်ထွက်တဲ့ နေရာတွေပေါ့..."

ကားကိုတော့ ဆင်နဲ့ဆွဲပါတယ်.. ချောင်းကိုတော့ စက်နဲ့ဖော်ပါတယ်..
လက်ရှိအခြေအနေမှာ ဒီနေရာ ဒီဒေသကို ဘယ်သူတွေ ဒီလောက်ကြီးမားတဲ့ ပမာဏနဲ့ လုပ်ကိုင်နိုင်မလဲ ဆိုတာကိုမေးမြန်း ကြည့်ရာမှာတော့ " နောက်ပိုင်းမှာ ကချင်လောပန်တွေ လုပ်စားဖို့ တော်တော် ခက်သွားပြီလေ...။ လက်ရှိနောက်ပိုင်း ပြည်ကြီးက တရုတ်ကုမ္ပဏီတွေနဲ့ စစ်တပ်ပိုင် ဦးပိုင်ဖက်စပ်တို့ ကချင်၊ မြန်မာ၊ ရှမ်းစတဲ့ လောပန်တွေ အနားမကပ် နိုင်တော့ဘူးပေါ့... နောက်ဖက်စပ်ဆိုတာ ပေါ်လာတော့ ဝ၊ ကိုးကန့်နဲ့ KDA စတဲ့ အဖွဲ့တွေနဲ့ စစ်တပ်ပေါင်းပြီး လုပ်နေကြတာပေါ့..။ ဒီဘက်မှာ ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေက ဆက်စပ်နေတာလေ...။ တော်ရုံတန်ရုံလူ အပြင်လူ ဝင်ခွင့်မရဘူး လက်နက်ကိုင်တွေ စောင့်ကြပ်နေကြတာလေ..။ "

အနောက်ဖက်မှ မြင်ရတဲ့ ကျောက်တောင်ကနေ သဲတောင်အဖြစ် ဘဝပြောင်းသွားတဲ့ ဖားကန့် ကျောက်စိမ်းမှော်မြေရဲ့ မြင်ကွင်းတခု

လက်ရှိအခြေအနေမှာတော့ စစ်တပ်ပိုင် ဦးပိုင်၊ ဝ၊ ကိုးကန့်၊ KDA၊ နောက်ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ယုဇနကုမ္ပဏီနဲ့ တရုတ်ဖက်စပ်ကုမ္ပဏီတွေသာ လက်ဝါးကြီး အုပ်ကြီးဆိုးလာတော့ စစ်တပ်နဲ့ ဆက်စပ်မှုမရှိတဲ့ အတွက် တော်ရုံ ဓနအင်အားတောင့်တင်းမှု မရှိတဲ့ လုပ်ငန်းရှင်တွေ ကျောက်စိမ်းကို သိပ်မလုပ်နိုင်တော့ဘဲ ကျောက် စိမ်းတူးဖော်မှုလောက် စားရိတ်စားကမများတဲ့ ရွှေတူးတဲ့ဘက်ကို ခြေဦးလှည့်ကုန်ကြပါတယ်..။ ဥရုချောင်းကို ကချင်တွေက အင်မတန်တန်ဖိုးထားပြီး နတ်သမီးတပါးလို့ တင်စားခေါ်ဝေါ်ကြတာပါ...။ ယနေ့အချိန်မှာတော့ ဥရုချောင်းဟာ အမည်နာမလောက်သာ ကျန်တော့ပြီး စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ထားရာနေ စေရာစီးဆင်းနေရတဲ့ အဖြစ်ကို ရောက်ရှိနေပါပြီ...။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ အဓိက ဝင်ငွေဟာလည်း ဒီဖားကန့်ဒေသက ရရှိနေတာဖြစ်ပါတယ်..။ ယနေ့အချိန်မှာတော့ KIAရဲ့ အဓိက ဝင်ငွေရရှိတဲ့ ဖားကန့်ဒေသက ကျောက်စိမ်း လုပ်ကွက်တွေကိုလည်း စစ်တပ်မှ ထိန်းချုပ်နေပါပြီ။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ ဂေဟစံနစ်တွေ အကြီးအကျယ် ပျက်ဆီးနေတဲ့ ဖားကန့်ဒေသရဲ့ အခြေအနေကတော့ အထက်မှာ မြင်ရတဲ့အတိုင်း နှစ်စဉ်၊ နှစ်တိုင်း မိုးတွင်း အခါမှာ ဥရုချောင်း ရေလျှံ၊ ရေကြီးတဲ့ဒဏ်နဲ့ ရာသီဥတု ဖောက်ပြန်တဲ့ ဒဏ်တွေကို ခံစား နေရပါပြီ...။ ဒီဆိုးကျိုးတွေဟာ ကျပ်ငွေသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ကွက်တွေ အများအပြားလုပ်ကိုင်ရာ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်း သယံဇာတတွေ အကြီးအကျယ်ထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသက ကချင်လူမျိုးတွေ၊ ဒေသခံပြည်သူတွေ ရရှိနေတဲ့ အကျိုးခံစားခွင့်တွေ၊ ဆုလာဘ်တွေ ဖြစ်နေသလားဆိုတာ စဉ်းစားစရာဖြစ်နေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်..။ဖားကန့်မှ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတုံး တတုံးမြင်ကွင်း...
ဓာတ်ပုံ SM၊ ဒီမိုဝေယံ
သတင်း ဇော်ရှန်၊ ဒီမိုဝေယံ၊
အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်....
သတင်း၊ ဓာတ်ပုံများ ကူးယူဖော်ပြနိုင်ပါသည်... ရယူသည့်လင့်ခ်အား ပြန်လည်ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်...။

No comments: