Sunday 30 October 2011

“အင်္ဂလန်ရောက် ဆိတ်ကြီးဝင်သူများအသင်း”


by Moe Myint Myat Aung on Thursday, September 8, 2011 at 8:10am
 
ဒီလိုဗျာ . . ပြည်ပနိုင်ငံကြီးတွေမှာ အခြေချနေထိုင်နေကြတဲ့ ကျနော်တို့အနေနဲ့က ကိုယ့်နိုင်ငံနဲ့လူမျိုး အကျိုးကျေးဇူးကိုထောက်ရှုလျှက် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးကိုမျှော်ကိုးပြီး တခုခုတော့ ကိုယ်တိုင်ကိုယ်ကျလုပ်မှဖြစ်တော့မယ်လို့ စိတ်ကူးမိတာကြောင့် လက်လှမ်းမှီရာ ဂုဏ်သရေရှိလူကြီးမင်းအချို့နဲ့ ညှိနှိုင်းတိုင်ပင်ပြီး “အင်္ဂလန်ရောက် ဆိတ်ကြီးဝင်သူများအသင်း” ဆိုပြီးစုပေါင်းတည်ထောင်ခဲ့ကြပါတယ်။
အခုအခါမှာ ကျနော်တို့ရဲ့အသင်းကြီးနဲ့ပတ်သက်ပြီး လူအများစုက စိတ်ဝင်တစားဖြစ်လာကြပြီးတဲ့နောက် စုံစမ်းဆက်သွယ်မေးမြန်းမှုတွေရှိလာပါတယ်။ အဲဒီလို လူပုံအလယ်မှာထင်ရှားကျော်ကြားလာတာနှင့်အမျှ ကျနော်တို့အနေနဲ့ကလဲ မအားမလပ်တဲ့ကြားထဲကနေပြီး တတ်နိုင်သလောက်တော့ ပြန်လည်ဆက်သွယ်ဖြေကြားဆောင်ရွက်မှုတွေနဲ့ ကူညီဖြည့်ဆည်းပေးပါတယ်။ ဒါပင်မယ့်ပေါ့ဗျာ အင်မတန်ကြီးလေးတဲ့ တာဝန်ဝတ္တရားတွေကလည်းတဖက်မှာ ဒုနဲ့ဒေးဆိုတော့ကာ အများသူငါအတွက် အမြဲတမ်းကြီးတော့အဆင်သင့်ဖြစ်မနေဘူးပေါ့လေ။ အခုလို အလျင်းသင့်သလိုဆောင်ရွက်ပေးနေတာထက်စာရင်  အသင်းကြီးနဲ့ပတ်သက်သမျှ သိလိုတာသိကြရအောင်လို့ ဒီမှာရှိနေတဲ့ သတင်းထောက်ယောင်ယောင်၊ ဂျာနယ်လစ်ယောင်ယောင်နဲ့ ဟိုဟိုဒီဒီလမ်းသလားရင်း နတ်ကရာကျီးမော့လုပ်လုပ်နေတတ်တဲ့ မောင်ပါလေရာလေးကိုခေါ်ပြီးတော့ကာ အင်တာဗျူးသဘောမျိုးနဲ့ သတင်းရေးခိုင်းလိုက်ရင် ပိုပြီးတော့နေရာကျမယ်လို့ စိတ်ကူးမိတာကြောင့် ရာသီဥတုသာယာမျှတတဲ့ တနေ့သောအခါသမယမယ် ဒင်းကလေးကို အိမ်အရောက်လာခဲ့ဖို့ ဆင့်ခေါ်လိုက်ရပါတယ်။ ဒင်းကလေးခမျာမှာလဲ ဤမျှထည်ဝါလှသောအသင်းကြီးအတွက် သတင်းရေးဖို့ရာ ရွေးချယ်တာဝန်ပေးအပ်ခံရခြင်းသည်ကား ဤဘဝတွင်အလွန်အင်မတန်မှ ကံထူးမှုတခုဖြစ်ချေ၏ ဆိုတဲ့သဘောကိုရင်ဝယ်ပိုက်လျှက် အလွန်တရာမှကျေးဇူးတင်တဲ့မျက်နှာပေးနဲ့ ရိုရိုကျိုးကျိုးလေးရောက်လာရှာပါတယ်။ ဒီလိုနဲ့ စကားဝိုင်းလေးစဖြစ်တယ်ဆိုပါတော့ဗျာ။

ကျွန်ုပ် - “ဟေး . . ယာသြောရိုက်”

ပါလေရာ - “ခင်ဗျာ”

ကျွန်ုပ် - “ဟာ . . ဒီကောင်ကြောင်တောင်တောင်နဲ့၊ ဘာတုံးဟ”

ပါလေရာ - “ဟို . . ဟိုလေ . . ဦးလေးက ဘာပြောလိုက်မှန်းမသိလို့ပါ”

“ဟာကွာ . . မောင်ရင့်နှယ် ညံ့ချက်၊ မင်းကို ဘိုလိုနှုတ်ဆက်နေတာလေ။ မင်းတို့ ငပိသံနဲ့ပြောပြောနေတဲ့ “ယူအောရိုက်” ဆိုတာကို ကိုယ်က ဘိုသံအစစ်နဲ့ “ယာသြောရိုက်” လို့နှုတ်ဆက်နေတာကွ။ ညံ့ပါကွာ။ မင်းကြည့်ရတာ အင်္ဂလန်ကိုရောက်တာမကြာသေးဘူးထင်ပါရဲ့၊ ဟုတ်လား”

“သြော် . . ဟုတ် . . ဟုတ်ကဲ့ခင်ဗျ”

“ကဲ . . ဆို . . မောင်ရင် . . မေးဖို့မြန်းဖို့ရာအဆင်သင့်ဖြစ်ပြီလား”

“ခင်ဗျာ . . သြော် . . ဟုတ်ကဲ့ခင်ဗျ၊ အဆင်သင့်ပါပဲခင်ဗျာ”

“ဒါဆိုလဲမေးလကွာ . . ဘာကိုစောင့်နေတာတုံး”

“သြော် . . ဟုတ်ကဲ့ခင်ဗျ၊ ဒီလိုပါခင်ဗျာ . .”

“ဟေ့ ဒီမှာမောင်ရင် . . ကိုယ်တို့အသင်းကြီးအကြောင်းကိုမေးမှာမဟုတ်လား၊ ဒီလိုတွေ ဟိုလိုတွေလုပ်မနေစမ်းပါနဲ့ကွာ။ ဒီမှာကိုယ်ပြောပြမယ်၊ နားထောင်။ ကိုယ်တို့ အသင်းကြီးနံမယ်က “အင်္ဂလန်ရောက် ဆိတ်ကြီးဝင်သူများအသင်း”၊ ဒီအသင်းကြီးကို ကိုယ့်လိုလူကြီးလူကောင်းတွေနဲ့ ပူးပေါင်းစုဝေးပြီး စိတ်တူကိုယ်တူတည်ထောင်ခဲ့ကြတယ်။ အဓိကဦးဆောင်သူကတော့ ကိုယ်ပဲပေါ့ကွာ။ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းပေါ့။ ဘိုလိုပြောရရင်တော့ အိုင်ဒီယာပေါ့ကွာ။ ဒါကြောင့်ဒီအသင်းကြီးမှာ ရာသက်ပန်နာယကဆိုလဲ ကိုယ်ပဲ၊ ဥက္ကဋ္ဌဆိုလဲ ကိုယ်ပဲ၊ အထွေအထွေအတွင်းရေးမှုးဆိုလဲ ကိုယ်ပဲတာဝန်ယူဆောင်ရွက်နေရတာပေါ့။ အဲ ကိုယ့်အောက်မှာကတော့ ဦးဆောင်ညွှန်ကြားရေးမှုးတို့ စီမံခန့်ခွဲရေးမှုးတို့ဆိုတာတွေလည်းရှိပါသေးတယ်။ ဒီပုဂ္ဂိုလ်တွေကလည်း ဂုဏ်သရေရှိပြီး စိတ်ချယုံကြည်ရတဲ့ ကိုယ့်ရဲ့ယောက်ဖနဲ့၊ ကိုယ်ရဲ့တူသားတွေပါပဲ။ ဗဟိုအလုပ်အမှုဆောင်တွေကလည်း တော်တော်ကို ဂုဏ်သရေရှိတဲ့သူတွေပါပဲ။ ဘယ်လောက်ထိဂုဏ်သရေရှိသလဲဆိုတော့ အင်္ဂလိပ်အစိုးရမင်းများကတောင် သူတို့ရဲ့စားဝတ်နေရေးအတွက် လစဉ်ထောက်ပံ့ကြေးပေးရပါတယ်။ ဒီလိုအချီးအမြှောက်ခံရတဲ့ပုဂ္ဂိုလ်တွေပါ။ အထင်ကြီးစရာကောင်းပါတယ်”

“ဟုတ်ကဲ့ ခင်ဗျ၊ လေးစားပါတယ်ခင်ဗျ”

“လေးစားရမယ်လေ . . မောင်ရင်၊ လေးကိုလေးစားရမယ်။ အသင်းကြီးရဲ့နံမယ်ကိုက “အင်္ဂလန်ရောက်ဆိတ်ကြီးဝင်သူများအသင်း” ဆိုမှတော့ မောင်ရင်လေးစားရတော့မှာပေါ့ . . မဟုတ်ဘူးလား . . ဟဲ ဟဲ ဟဲ”

“ဟုတ်ကဲ့ခင်ဗျ၊ ဟဲပါတယ်ခင်ဗျ . . အဲ . . ဟုတ်ကဲ့ခင်ဗျ။ တခုလောက်ဖြတ်မေးပါရစေခင်ဗျာ၊ “အင်္ဂလန်ရောက် ဆိတ်ကြီးဝင်သူများအသင်း” လို့ဆိုရာမှာ “စလုံး” နဲ့ မစိတ်ပဲ ဘာဖြစ်လို့ “ဆလိမ်” နဲ့ ဆိတ်တာပါလဲခင်ဗျာ”

“မေးသင့်ပါတယ်၊ မေးသင့်ပါတယ်။ မောင်ရင်တို့လို ဒုံးဝေးတဲ့သူများအဖို့မှာတော့ ဒါကိုမေးသင့်ပါတယ်လေ။ ဒီလိုရှိတယ်ကွ၊ “စလုံး” နဲ့ စိတ်တဲ့အခါမယ်၊ “စလုံး” ဆိုတာက တလုံးထဲရှိတာမဟုတ်လား၊ အဲဒီလိုတလုံးထဲရှိတယ်ဆိုတော့ ရေးတဲ့အခါ ဘယ်ခန့်မလဲ။ ဒါကြောင့် နှစ်လုံးရှိတဲ့ “ဆလိမ်” ကို တမင်ရွေးပြီးရေးထားတာပါ။ နှစ်လုံးပူးဆိုတော့ ခန့်ခန့်ငြားငြားနဲ့ လူရှိန်တာပေါ့ကွာ။ သဘောပါသလား”

“ခင်ဗျာ”

“ကိုယ်ပြောတာကို သဘောပါသလားလို့”

“ဘာကိုဆိုလိုတာလဲမသိဘူးခင်ဗျ၊ ဟို . . ဗမာစကားမှာ သဘောတူသလား၊ သဘောကျသလား၊ သဘောပေါက်သလား လို့ပဲပြောတာကြားဘူးတယ်ခင်ဗျ။ သဘောပါသလားရယ်လို့တော့ မကြားဘူးလို့ခင်ဗျ”

“မင်းတို့ကောင်တွေတယ်ခက်တာပဲကွ။ ဒီမယ် . . မှတ်ထား၊ ကိုယ်တို့လို ပညာတတ်လူကြီးလူကောင်းတွေက သာမန်လူပြိန်းတွေပြောသလို “သဘောပေါက်သလား” လို့ မမေးဘူး၊ မပြောဘူးကွ။ ပညာရှိဆန်ဆန် “သဘောပါသလား” လို့ပဲ မေးလေ့၊ ပြောလေ့ရှိတယ်။ ကဲ . . အခု သဘောပါသွားပြီလား”

“ဟုတ်ကဲ့ . . ဟုတ်ကဲ့ခင်ဗျ။ ပါသွားပါပြီခင်ဗျ။ နှစ်လုံးပူးရင် လူအထင်ကြီးတယ်ဆိုတာကို သဘောပါသွားပါပြီခင်ဗျ”

“အေးကွာ၊ မှတ်စရာရှိတာလဲ မှတ်ကြပေါ့ကွာ။ ဟုတ်လား”

“ဟုတ်ကဲ့ပါခင်ဗျ။ တလက်စာထဲမေးပါရစေဦးခင်ဗျာ။ ဟို . . အသင်းရဲ့ဆောင်ပုဒ်နဲ့ပတ်သက်ပြီးတော့ . . အော့ . . အော့ . .”

“သြော် . . ဒါကဒီလိုရှိပါတယ်။ အသင်းကြီးရဲ့ဆောင်ပုဒ်ကတော့ မောင်ရင်တွေ့တဲ့အတိုင်းပဲ၊ “ အ ထင် မ ကြီး ပါ ဘူး” တဲ့။ ဟုတ်တယ်လေ၊ ဘယ်သူ့ကိုအထင်ကြီးနေရမှာလဲ၊ ကိုယ်တို့က အင်္ဂလန်မှာနေတာလေ။ ဒီကိုရောက်နေတာကြာပြီ။ ဘယ်သူ့ကိုမှအထင်မကြီးတော့ဘူး၊ အထင်ကြီးစရာလဲမလိုဘူး။ ကိုယ်တို့ကိုသာ သူများတွေက အထင်တကြီးနဲ့ လေးစားအားကျနေကြရမှာမဟုတ်လား။ ကိုယ့်ကိုပဲကြည့်လေ၊ အများနဲ့မတူ တမူထူးစွာ အင်္ဂလန်မှာနေရရုံသာမက အင်္ဂလိပ်အစိုးရမင်းများကတောင်မှ ကိုယ့်ရဲ့စားဝတ်နေရေးအတွက် လစဉ်ပုံမှန်ထောက်ပံ့နေကြရတာပဲ။ အခြားအသင်းဝင်တွေဆိုရင်လဲ ဒီလိုပဲထောက်ပံ့ကြေးရကြတဲ့သူတွေပါပဲ။ အင်္ဂလန်ပြည့်ရှင်မင်းရဲ့ သူကောင်းပြုခြင်းကိုခံရတဲ့သူတွေ၊ သူကောင်းမျိုးတွေပေါ့ကွာ။ ဒါကြောင့် ဘယ်သူ့ကိုမှအထင်ကြီးစရာမလိုတော့ဘူးဆိုတာကို အသင်းဝင်တွေအနေနဲ့ အစဉ်အမြဲနှလုံးသွင်းနိုင်ရအောင်လို့ အသင်းကြီးရဲ့ဆောင်ပုဒ်ကို “ အ ထင် မ ကြီး ပါ ဘူး ” လို့ သတ်မှတ်လိုက်တာပါပဲ။ သဘောပါသလား”

“ဟုတ်ကဲ့၊ ပါပါတယ်ခင်ဗျ”

“ဟဲ ဟဲ . . မောင်ရင်မဆိုးဘူး။ တတ်လွယ်သားပဲ။ ဟေ့ . . ဟေ့ မောင်ရင့်ကိုအထင်ကြီးလို့ပြောနေတာမဟုတ်ဘူးနော်။ ကိုယ်က သူများကိုချီးမွမ်းခဲပါတယ်”

“ဟုတ်ကဲ့ခင်ဗျ၊ အခုလိုအသိအမှတ်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ ဒါနဲ့ခင်ဗျာ၊ ဒီအသင်းကြီးရဲ့ရည်ရွယ်ချက်နဲ့ ရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်မယ့် . . အဲ့ . . အဲ့ . . ”

“ဒါကတော့ ဒီလိုရှိပါတယ်။ အသင်းကြီးရဲ့ရည်ရွယ်ချက်ကတော့ အင်္ဂလန်မှာလာရောက်နေထိုင်ကြတဲ့သူတွေအနေနဲ့က ငါတို့ဟာသူများနဲ့မတူ တမူထူးခြားသူတွေရယ်လို့ နှလုံးသွင်းခံယူနိုင်ကြရေးပါပဲ။ အင်္ဂလန်ကိုရောက်လာကြတဲ့သူတွေဟာ အမြန်ဆုံး ဆိတ်ကြီးဝင်ဖို့လိုအပ်ပါတယ်။ အင်္ဂလန်ကိုရောက်ပြီးမကြာခင်မှာပဲ ဆိတ်ကြီးဝင်လာဖို့အရေးကြီးပါတယ်။ ဆိတ်ကြီးဝင်ပါမှ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားပါလိမ့်မယ်။ ဒီအတွက် အသင်းကြီးအနေနဲ့က အဖက်ဖက်ကနေပြီး
အင်တိုက်အားတိုက် မြှောက်ထိုးပင့်ကော်လုပ်ပေးဖို့ရှိပါတယ်။ ဘယ်သူတွေဘာပြောပြော အလွယ်တကူလက်မခံပဲ ကတ်သီးကတ်ဖဲ့ပြန်ငြင်းတတ်အောင်လေ့ကျင့်ပေးပါတယ်။ သူများကိုချိုးချိုးဖဲ့ဖဲ့ပြောတဲ့နေရာမှာ ပြောင်ပြောင်မြောက်မြာက် ပြောတတ်၊ ဆိုတတ်လာအောင်သင်ပေးပါတယ်။ အလားကားနေရင်း သူတပါးကိုအထင်သေးအမြင်သေးဖြစ်နေတတ်အောင်လဲသင်ပေးပါတယ်။ ဒီအတွက် အသင်းကြီးရဲ့ “ အ ထင် မ ကြီး ပါ ဘူး ” ဆိုတဲ့ဆောင်ပုဒ်ကို တနေ့ (၇)ခါ ရွတ်ခိုင်းပါတယ်။ ဘာမဆို ငါပဲသိ၊ ငါပဲတတ်၊ ငါလောက် သိသူ၊ တတ်သူရယ်လို့မရှိ၊ သူ့ဟာသူ မြန်မာပြည်မှာ ဘာကောင်ကြီးပဲဖြစ်ဖြစ် ငါက သူ့ထက်အရင် အင်္ဂလန်ကိုရောက်နှင့်နေတာမို့ ဒင်းကို ဘာအကြောင်းနဲ့မှ အထင်ကြီးစရာရယ်လို့မရှိ ဆိုတဲ့ခံယူချက်မျိုး တဖွားဖွားပေါ်ပေါက်လာရလေအောင် လေ့ကျင့်သင်ကြားပေးပါတယ်။ အဓိကကတော့ အင်္ဂလိပ်အစိုးရမင်းများထံက ထောက်ပံ့ကြေးကို အမြန်ဆုံးရဖို့ရာ နည်းလမ်းမျိုးစုံနဲ့ ကြံစည်တတ်လာအောင်သင်ပေးတာပါပဲ။ ဒါမှလဲ ကိုယ့်အချင်းချင်းတွေ့တဲ့အခါမယ် “ဟေ့ ငါက မင်းနဲ့မတူဘူး၊ ထောက်ပံ့ကြေးစားနေတဲ့ လူကြီးလူကောင်းကွ” လို့ လူပေါ်လူဇော်လုပ်လို့ရမယ်မဟုတ်လား။ ကိုယ်ကိုယ်တိုင်အပင်ပန်းခံပြီး လက်တွေ့သင်ပေးတာမျိုးလဲရှိပါတယ်။ ဥပမာ မြို့ထဲမှာ ဟိုဟိုဒီဒီလမ်းသလားရင် တွေ့ကရာလူဆီက ဆေးလိပ်တောင်းသောက်တာမျိုးပေါ့။ အင်္ဂလိပ်မင်းကတောင် ကိုယ့်ကိုထောက်ပံ့ကြေးပေးနေရတာမဟုတ်လား။ ဆေးလိပ်လောက်ကတော့ ဘယ်သူ့ဆီကမဆို တောင်းသောက်လို့ရတာပေါ့။ ကိုယ်က လူကြီးလူကောင်းပဲဟာ။ ကိုယ်ပြောတာ သဘောပါသလား”

“ဟုတ်ကဲ့၊ ပါပါတယ်ခင်ဗျ။ တော်တော်ကြီးကို ပါပါတယ်”

“အေး ပါတယ်ဆိုရင်လဲ မင်းမှာပါလာတဲ့ရေဗူးဖွင့်စမ်းကွာ။ သောက်ရအောင်။ မင်းကိုရှင်းပြနေရတာနဲ့ ရေတောင်ဆာလာပြီ”

“ဟုတ်ကဲ့၊ သောက်ပါခင်ဗျ”

“အေး . . အေး ကောင်းတယ်ကွာ။ မင်းလဲပဲ အမြန်ဆုံးဆိတ်ကြီးဝင်တတ်အောင်လေ့လာဦးကွ။ ကိုယ်တို့အသင်းကြီးနဲ့ဆက်သွယ်ပေါ့ကွာ။ လိုအပ်ရင် ကိုယ်ကပဲထောက်ခံချက်ရေးပေးလိုက်ပါ့မယ်။ အင်္ဂလန်မှာနေမယ်ဆိုရင် ဆိတ်ကြီးဝင်လေ ကောင်းလေပဲကွ။ သဘောပါသလား”

“ဟုတ်ကဲ့ခင်ဗျ၊ ပါနေပါပြီခင်ဗျ”

“ကဲ . . ကဲ ဒီလောက်ဆိုရင် အတော်ပြည့်စုံပြီထင်ပါတယ်။ နောက်တခေါက်ကြမှ ဘိုတွေနဲ့ဆက်ဆံတာကိုပြောပြမယ်၊ ဟုတ်ပြီလား”

“ခင်ဗျာ . . . ! ”

“ဟာ . . ဒီကောင်၊ ဘာ ခင်ဗျာလဲ။ ဘိုတွေနဲ့တွေတဲ့အခါ ဘယ်လိုပြောဆိုနေထိုင်ရမယ်ဆိုတာကို ရှင်းပြမယ်လို့ပြောနေတဲ့ဟာကို သဘောမပါသေးဘူး။ အတော်ဒုံးဝေးတဲ့အကောင်ကွာ။ တောက် . . .”

“သြော် . . ဟုတ်ကဲ့ခင်ဗျ။ သဘောပါပါပြီခင်ဗျ”

“မင်းနဲ့တော့မဖြစ်သေးပါဘူးကွာ။ ဒီမယ် ဟေ့ကောင်၊ အခုငါပြောသွားတာတွေကို မင်းအသံသွင်းယူထားတယ်မဟုတ်လား”

“ဟုတ်ကဲ့၊ ယူထားပါတယ်ခင်ဗျ”

“အေး . . အဲဒါ ငါ့ပေးခဲ့လိုက်တော့။ မင်းကြည့်ရတာ အူကြောင်ကြောင်နဲ့၊ အလုပ်ဖြစ်မယ်မထင်ဘူးငါ့ဟာငါပဲရေးလိုက်တော့မယ်။ မင်းတို့နဲ့တော့ခက်ပါတယ်ကွာ”

“ခင်ဗျာ . .”

“ခင်ဗျာလုပ်မနေနဲ့၊ မင်းမှာ ကင်မရာကောပါတယ်မဟုတ်လား”

“ဟုတ်ကဲ့၊ ပါတယ်ခင်ဗျ”

“အေး . . အဲဒါလဲထားခဲ့။ ငါ့ဟာငါပဲ ဓာတ်ပုံရိုက်ယူလိုက်တော့မယ်။ မောင်ရင် မင်း ပြန်လို့ရပြီ။ ပြန်တော့”

“ခင်ဗျာ . . ဟိုလေ . . ဟိုဥစ္စာ . .”

“ဒီမှာ မောင်ရင်၊ အကောင်းဆုံးအကြံပေးလိုက်မယ်၊ မောင်ရင့်အနေနဲ့ အမြန်ဆုံး လူမွေးသူမွေးပြောင်ရလေအောင် ကိုယ်တို့အသင်းကြီးနဲ့အမြန်ဆုံးဆက်သွယ်ပါ။ ဒီပုံအတိုင်းဆိုရင် မောင်ရင် ရေရှည်မှာမလွယ်ဘူး။ ကိုယ်ပြောတာ သဘောပါသလား”

“ဟုတ်ကဲ့ ပါပါတယ်ခင်ဗျ”

“အေး . . အေး . . ပါရင်လဲ ပါတာတွေထားခဲ့ပြီးပြန်ပေတော့”

.........................................................................................................................................................

အဲဒီလိုပေါ့ဗျာ။ အထက်က ကျနော်တင်ပြခဲ့သလိုပါပဲ၊ ကိုယ့်ဟာနဲ့ကိုယ် အစအဆုံး စီစဉ်ဆောင်ရွက်ခါမှပဲ ကျနော်တို့အသင်းကြီးနဲ့ပတ်သက်သမျှ သိကောင်းစရာများကို စိတ်ဝင်စားသူ အများသူငါတို့အတွက် အပင်ပန်းခံပြီး ထုတ်ပြန်ပေးနိုင်ခဲ့ပါတယ်။ သိသင့်သိထိုက်သည်များကို သိခွင့်ရကြပြီးတဲ့နောက်မှာတော့ မိတ်ဆွေအနေနဲ့ ဆိတ်ကြီးဝင်ချင်ပါတယ်ဆိုရင်ဖြင့် ကျနော်တို့အသင်းကြီးနဲ့ အမြန်ဆုံးသာဆက်သွယ်လိုက်ပါ။ မုချဆိတ်ကြီးဝင်စေရပါမယ်။
“ အ ထင် မ ကြီး ပါ ဘူး ”

အထင်မကြီးစွာဖြင့်
ရာသက်ပန် နာယက / ဥက္ကဠ / အထွေထွေအတွင်းရေးမှုး
“အင်္ဂလန်ရောက် ဆိတ်ကြီးဝင်သူများအသင်း”
http://www.lubo601.com/2011/09/blog-post_4794.html

No comments: