Sunday 30 October 2011

မြို့တော်ခန်းမတွင် ဗုံးတွေ့ & K.I.A နှင့် စစ်တပ် တိုက်ပွဲပြင်းထန်လျက်ရှိ & အစိုးရစစ်တပ်မှ K.I.A ကိုဓာတုလက်နက် အသုံးပြုနေပြီ

by စူ နာ မီ လှိုင်း on Monday, October 31, 2011 at 1:09am

-> ကြွက်မနိုင် ကျီမီးရှို့ပြီ
-> ပြည်သူတွေ မိုင်းနင်းမိပြီ
-> စစ်တပ်ကို စစ်တပ်နဲ့ ပြန်တိုက်ကြ
-> K.I.A က တပ်စခန်းကို သိမ်းပိုက်လိုက်နိုင်ပြီ
-> ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသော်လည်း
-> မြန်မာအလုပ်သမား တသောင်းကျော် ထိုင်းရေဘေးကို တိမ်းရှောင်
-> တရုတ် သင်္ဘောသား ၁၃ ဦးသတ်ဖြတ်သူ ထိုင်းစစ်သားများ အဖမ်းခံ

" မြို့တော်ခန်းမတွင် ဗုံးတွေ့ "
**********************
မျိုးသိဏ်း | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၀ ရက် ၂၀၁၁
(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့၏ လုံခြုံရေးအတင်းကြပ်ဆုံးနေရာများတွင် တခုအပါအဝင်ဖြစ်သည့် မြို့တော်ခန်းမ ပရဝုဏ်အတွင်း ခန်းမအဆောက်အအုံရှေ့ မဟာဗန္ဓုလပန်းခြံဘက်အခြမ်း ဆင်ဝင်အောက်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ဗုံးတလုံးတွေ့ရှိခဲ့သည်။


ဗုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ လမ်းမကြီးကို ဆူးလေဘုရားထောင့်မှ စတင်၍ ယာဉ်သွားလာခွင့် ရပ်ဆိုင်းပြီး ယူနီဖောင်းဝတ် ရဲများက နေရာယူ ပိတ်ဆို့ထားခဲ့သည်။

ဗုံးတွေ့ရှိသည့် သတင်းနှင့် လမ်းပိတ်ဆို့ထားသည့် သတင်းကြောင့် သွားရောက်သတင်းယူသည့်
ပြည်တွင်းဂျာနယ်များမှ သတင်းသမားများကို ရဲအရာရှိအချို့က ဓါတ်ပုံရိုက်ကူးခွင့် တားမြစ်ခဲ့ကြောင်း သိရသည်။

“ဓါတ်ပုံမရိုက်ဖို့ လာပြောတယ်။ လုံခြုံရေးကိစ္စဖြစ်လို့ နားလည်ပေးဖို့ ဘာညာ ကောင်းကောင်းမွန်မွန်
ပြောတာပါ။ နောက်ပိုင်း သတင်းထောက်တွေ တော်တော်လေးများလာတော့ အုပ်စုလိုက် ခပ်လှမ်းလှမ်းက ဓါတ်ပုံရိုက်တော့ လာမပြောတော့ဘူး။ ”ဟု ပြည်တွင်းဂျာနယ် သတင်းထောက် တဦးက ပြောသည်။

ဗုံးတွေ့ရှိသည့် နေရာသည် သီးသန့် ယာဉ်ရပ်နားခွင့် ကတ်ထုတ်ပေးထားသည့် အရေးကြီးပုဂ္ဂိုလ်များ၏ ယာဉ်ရပ်နားရာ နေရာအနီး ဖြစ်ပြီး ယူနီဖောင်းဝတ်ရဲများ အမြဲတစေ စောင့်ကြပ်နေသည့် နေရာဖြစ်သည်။


သီးခြား တရားဝင် အတည်ပြုချက် မရသော်လည်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် သတင်းထောက်များ၏ ပြောဆိုချက်အရ အဆိုပါဗုံးအား ဖောက်ခွဲရှင်းလင်းပစ်ခဲ့သည်ဟု သိရသည်။

“ ၇ နာရီ ၅ မိနစ်လောက်မှာ “ဘုန်း” ဆိုပြီး အဲ့ဒီနေရာကပဲ အသံထွက်လာတယ်။ စောင့်နေတဲ့ လူတွေကော ရဲတွေကော အားလုံးဝိုင်းကြည့်ကြတယ်။ အထဲနဲ့ အဆက်အသွယ်ရှိတဲ့ တယောက်က လှမ်းမေးတော့ ဗုံးကို ဖောက်ခွဲပစ်မှ ရမှာမို့ ခွဲပစ်လိုက်ရတယ်ပြောတယ်။ အသံက တော်တော်လေးတော့ ကျယ်တယ်။ အဲ့အသံကြားပြီး သိပ်မကြာဘူး မြို့တော်ဝန်လဲ ပြန်သွားပြီလို့ သိရတယ်။” ဟု သွားရောက် သတင်းယူခဲ့သူ သတင်းထောက်က ဆိုသည်။


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အခြေစိုက်ရာ မြို့တော်ခန်းမအတွင်းသို့ ကိစ္စအသီးသီးဖြင့် ဝင်ရောက်မည့်သူများအနေဖြင့် မှတ်ပုံတင် (သို့) အထောက်အထားကတ်တခု ပြသရန်လိုပြီး အမျိုးသမီးလက်ကိုင်အိတ်အပါအဝင် မည်သည့် အိတ်မျိုးမှ ယူဆောင်ခွင့် မရှိသလို ရှာဖွေရေးစက်များကိုလဲ ဖြတ်သန်းရသည်။

နောက်ဆက်တွဲ ထပ်မံကြားသိရသည့် သတင်းများအရ ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် မြို့တော်ခန်းမအနီးမှ ကျယ်လောင်သည့် ပေါက်ကွဲသံတခု ထပ်မံထွက်ပေါ်လာကြောင်း သိရပြီး မဟာဗန္ဓုလ လမ်းမအား ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

K.I.A က တပ်စခန်းကို သိမ်းပိုက်လိုက်နိုင်ပြီ
*******************************

ရှေ့တန်းစစ်မြေပြင်မှ K.I.A စစ်သည်များ

ကေအိုင်အေဌာနချုပ် လိုင်ဇာ နှင့် မိုင်ဂျာယန်ကြား ဒွမ်ဘွန်းဒဘန်ရှိ အစိုးရတပ်စခန်းသို့ အစိုးရတပ်များက ရိက္ခာဖြည့်တင်းရန် တက်လာသော စစ်ကြောင်းကို စစ်နည်းဗျူဟာအရ K.I.A က ဖြတ်တောက် တိုက်ခိုက်နေကြောင်း K.I.A နှင့် နီးစပ်သူများက သတင်းပို့ပြီးဖြစ်ပါတယ်။ ယခုအခါ ၎င်းဒွမ်ဘွန်းဒဘန်ရှိ အစိုးရတပ်စခန်းကို K.I.A ဗိုလ်ကြီး နာပါ ဦးဆောင်သော ပြည်သူ့စစ်မှ မနေ့က အောက်တိုဘာ (၂၈)တွင် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

K.I.A ရဲ့ အောင်မြင်မှုရလဒ်တခု
***********************

ရှေ့တန်းစစ်မြေပြင်မှ K.I.A စစ်သည်များ

အောက်တိုဘာလ ၂၆ ရက်နေ့ မနက် ၈း၀၀ နာရီဝန်းကျင်တွင် K.I.A တပ်မဟာ (၁) လက်အောက်ခံက (101) တပ်တို့က ကချင်ပြည်နယ် ဆွမ်ပရာဘွမ် ကားလမ်းမကြီး ဒရိုခ တံတား စောင့်တဲ့ စစ်အစိုးရ စစ်တပ် ခလရ (၁၃၈) ကို ဝင်ရောက်တိုက်ခိုက် အောင်ပွဲခံခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သိမ်းဆည်းရမိတဲ့ စစ်ပစ္စည်းများမှာ Keenwood R/T (၃) ၊ အသံလွှင့် ဆက်သွယ်စက်ကြီး (၁) လုံး၊ သေနတ် (၃) လက်၊ ကျည်ဆံ (၁၀၀၀) ကျော်စသည်တို့ကို သိမ်းဆည်းရမိပြီး စစ်သုံ့ပန်း (၁) ဦး နှင့် အစိုးရ တပ်ဘက်မှ (၁) ဦး ထိခိုက်ခဲ့ကြောင်း၊ K.I.A (101) ဘက်တော့ ထိခိုက်မှု မရှိကြောင်း K.I.A နှင့် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား မှုတွေကြောင့် အစိုးရတပ်ဘက်မှ အထိအခိုက် များပြားလာပါတယ်။ ယခုဆိုရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်တပ် ဆေးရုံများတွင် စစ်သားလူနာများ အပြည့် ဆေးကုသ ခံယူနေသဖြင့် အရာရှိများရဲ့ ဇနီးများဟာ မလိဇွပ်ဆေးရုံတွင် မွေးဖွားနေကြရကြောင်း ဆေးရုံနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ်။

K.I.A နှင့် စစ်တပ် တိုက်ပွဲပြင်းထန်လျက်ရှိ
******************************

ရှေ့တန်းစစ်မြေပြင်မှ K.I.A စစ်သည်များ

အောက်တိုဘာ (၂၈) ရက်နေ့တွင် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း ဒေါ့ဖုန်းယန်မြို့နယ် ဒိန်ဂါရွာနှင့် အင်ဒုန်ဒဘန်ရွာတို့တွင် K.I.A မျိုးချစ်ရဲဘော်များက ပြည်သူ့စစ်များနှင့် ပူးပေါင်းကာ ဒေါ့ဖုန်းယန် အခြေစိုက် စစ်တပ် ခလရ (၁၄၂) နှင့် အပြင်းအထန် တိုက်ခိုက်နေကြောင်း K.I.A နှင့် နီးစပ်သူများထံမှ သတင်းရရှိပါတယ်။ စစ်တပ်ဘက်က ဒေါ့ဖုန်းယာန်ရွာအနီး ဟန်ကိုင် စခန်းမှ တိုက်ပွဲဖြစ်ရာ ခလားဒိန်ဂါ၊ အင်ဒုန်ဘန် ဘက်သို့ (၁၂၀ မမ) စိန်ပြောင်းလက်နက်ကြီးများနှင့် အဆက်မပြတ် ပစ်ကူပေးနေကြောင်း သတင်းရရှိပါတယ်။ အလားတူ မြစ်ကြီးနား ဗန်းမော် လမ်းပိုင်း နားလုံးအနီး အင်သပ်တောင်ခြေသို့ ထိုးတက်လာသော စစ်တပ် စစ်ကြောင်းကို K.I.A မျိုးချစ်စစ်သည်များနှင့် ပြည်သူ့စစ်တို့ပူပေါင်းပြီး ယနေ့တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

တဆက်တည်းမှာပင် မြစ်ကြီးနား ဗန်းမော်လမ်းကြောင်းမှာပင် လုံဇွပ်တောင်မှာ K.I.A မျိုးချစ်စစ်သည်များနှင့် စစ်တပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုများပြားလာမှုကြောင့် စစ်တပ်စစ်ကြောင်းများ ဆုတ်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ အဲဒီတိုက်ပွဲမှာ အစိုးရဘက်မှ စစ်သည် (၂၀) ခန့်ကျရှုံးပြီး (၆၀) ခန့် ဒဏ်ရာရရှိသွားကြောင့် သတင်းရရှိပါတယ်။

" ကြွက်မနိုင် ကျီမီးရှို့ပြီ "
*******************

မိမိ ဂုဏ်သိက္ခာ ရှိဖို့ အောက်ကို ချနင်းတတ်တဲ့ စစ်တပ်မှ ဗိုလ်ချုပ်များ

မနေ့က ဗန်းမော်လွယ်ဂျယ် လမ်းပိုင်း ကျောက်စခန်းတွင် K.I.A နှင့် စစ်တပ်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ယခုအခါ ဗိုလ်ချုပ်တွေက ရှုံးမဲမဲပြီး သူတို့ရဲ့ လက်အောက်ငယ်သားများကို အပြစ်ပေး ထောင်ချနေကြောင်း စစ်ဖတ်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။ အောက်တိုဘာ (၂၇) ရက်နေ့ ဗန်းမော် လွယ်ဂျယ် လမ်းပိုင်း ကျောက်စခန်းတိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ အကျအဆုံး များလာကာ ယခုအခါ စစ်တပ်ဘက်မှ ထိုးစစ်ဆင်မှုကို ရပ်ဆိုင်းထားကြောင်း သတင်းရရှိပါတယ်။ တဆက်တည်းမှာပင် ဗန်းမော်လွယ်ဂျယ် လမ်းပိုင်းတွင် တာဝန်ကျသော အရာရှိ(၁၀) ဦးကို ဗန်းမော်ထောင်တွင် ဖမ်းဆီးထားလိုက်ကြောင်း သတင်းရရှိပါတယ်။ ဤသို့ ရှေ့တန်းမှ အရာရှိများကို ဖမ်းဆီးရခြင်းမှာ K.I.A ထိန်းချုပ်ရာ စိန်လုံးဘက်သို့ မထိုးဖောက်နိုင်သောကြောင့် ဖြစ်ကြောင်း သတင်းသိရှိရပါတယ်။

အစိုးရစစ်တပ်မှ K.I.A ကိုဓာတုလက်နက် အသုံးပြုနေပြီ
***************************************

ဓါတုလက်နက် တစ်မျိုး ဓါတ်ပုံ -http://www.martinfrost.ws/htmlfiles/aug2010/wn1626.html

အောက်တိုဘာလ(၃၀)ရက်နေ့ ရရှိတဲ့သတင်းအရကချင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် K.I.A နှင့် အစိုးရစစ်တပ်တို့အကြား (၆) ရက်ကြာတိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဂါးရာယာန်၊ ရွှေညောင်ပင်၊ လုန်ဇွပ်ကုန်းတိုက်ပွဲနေရာများတွင် အစိုးရစစ်တပ်ဘက်မှ အကျအဆုံးများလာမှုကြောင့် UN မှ ပိတ်ပင်ထားသော (Chemical Weapon) ဓာတုလက်နက်များကိုစတင် အသုံးပြုနေကြောင်း K.I.A နဲ့ နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ်။ ယင်းဓါတုလက်နက် ဓာတ်ငွေ့ကိုရှုရှိုက်မိတဲ့ K.I.A စစ်သည် (၁၀) ယောက်ကျော်ဟာ တခါတည်း ခေါင်းမူးလာပြီး အဆက်မပြတ် အော့အန်ကြောင်း၊ ကိုယ်ခန္ဓာ ပျော့ခွေသွားပြီး ဆက်လက်တိုက်ပွဲ မဝင်နိုင်တော့ကြောင်း ရှေ့တန်း K.I.A စစ်မျက်နှာမှ သိရှိရပါတယ်။

တဆက်တည်းမှာဘဲ အောက်တိုဘာလ (၂၉) ရက် မနေ့ကလည်း K.I.A စစ်ဌာနချုပ် လိုင်ဇာနှင့် သိပ်မဝေးတဲ့ အင်သပ်တောင်တိုက်ပွဲမှာ အစိုးရစစ်တပ်ဘက်မှ ကျဆုံးမှုများလာတာနဲ့အမျှ အစိုးရစစ်တပ်ဘက်မှ (Chemical Weapon) ဓါတုလက်နက်ဖြင့် K.I.A စစ်တပ်ကိုပစ်ခတ်ခဲ့ရာ K.I.A စစ်သည် (၄) ဦးဟာ ဆက်လက် တိုက်ပွဲမဝင်နိုင်တော့ဘဲ တကိုယ်လုံး ပျော့ခွေသွားပြီး အဆက်မပြတ် အော့အန်နေကြောင်း K.I.A ရှေ့တန်းစစ်မျက်နှာမှ ဆက်လက် သတင်းပေးပို့လာပါတယ်။

ဓါတုလက်နက်ဖြင့် အသုံးပြုလေ့ပြုထရှိတဲ့ နည်းစနစ်ကတော့ (၈၁)မမစိန်ပြောင်းနှင့် (၁၂၀)မမစိန်ပြောင်းကြီးများဖြင့် အသုံးပြုနိုင်ပြီး ခွင်းကျည်များနှင့် ရောလွတ်နိုင်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်ကြပါတယ်။ ယခင် MTA ခွန်ဆာတပ်များကို စစ်တပ်ကစခန်းကုန်းများ တက်သိမ်းရာမှ အကျအဆုံးများနေလို့ ဓါတုလက်နက်သုံးစွဲခဲ့ကြောင်း သိရှိရပါတယ်။ ဓါတုလက်နက်ကို နိုင်ငံတကာက တားမြစ်လက်နက်အဖြစ် သတ်မှတ်ကြပြီး အသုံးပြုပါက ကန့်ကွက် စစ်ဆေးအရေးယူဖြစ်စဉ် ရှိခဲ့ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ် သတင်းပေးပို့လာပါတယ်။

" ပြည်သူတွေ မိုင်းနင်းမိပြီ "
********************

စစ်တပ်ထုတ် မြေမြုပ်မိုင်း သယ်ဆောင်လာစဉ်

အောက်တိုဘာလ ၂၈ ရက်နေ့ ကချင်ပြည်နယ် မိုးမောက် လွယ်ဂျယ်လမ်း ခဝမ်ဘန် ကျေးရွာမှ ဒဂေါ်သွားရာလမ်းဆုံတွင် အစိုးရစစ်တပ်က ထောင်ထားတဲ့ မိုင်းကို နင်းမိလို့ မောင်ဘရန်ဒီး ပွဲချင်းပြီး သေဆုံးသွားကြောင်းနှင့် မောင်လထော် ဇော်လီမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသဖြင့် ယခု မိုးမောက် ဆေးရုံးမှ ဆေးကုသခံနေကြောင်း ဆေးရုံနှင့် နီးစပ်သူများထံမှ သတင်းရရှိပါတယ်။ တဆက်တည်းမှာပင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် K.I.A ဌာနချုပ် လိုင်ဇာတွင်ရှိတဲ့ ဂျေယာန်ခ (Je Yang Hka) ကချင်စစ်ပြေး ဒုက္ခသည်စခန်းသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယင်ကျန်း ခရိုင်မှ ကချင်မျိုးနွယ် ရပ်မိရပ်ဖများနှင့် အမှုတော်ဆောင်များက လာရောက်ကြည့်ရှု အားပေးခဲ့ပြီး ဆန်(၂၀၀) အိတ်ကိုလည်း လာရောက်လျူဒါန်းခဲ့ကြောင်း ဒုက္ခသည်စခန်းမှ သတင်းပေးပို့လာပါတယ်။

တရုတ် သင်္ဘောသား ၁၃ ဦးသတ်ဖြတ်သူ ထိုင်းစစ်သားများ အဖမ်းခံ
************************************************
Reuters သတင်းဌာန - အောက်တိုဘာ ၃၀၊ ၂ဝ၁၁

တရုတ်သံရုံး အရာရှိများ နှင့် ထိုင်းရဲတပ်ဖွဲ့တို့ တရုတ်ကုန်သင်္ဘောများပစ်ခတ်ခံရသည့် နေရာကို သွားရောက် စစ်ဆေးနေပုံ

ထိုင်းမြန်မာနယ်စပ်အနီး မဲခေါင်မြစ်အတွင်း တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသော ထိုင်းစစ်သား ၉ ဦးက ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့ တနင်္ဂနွေနေ့တွင် ပြောလိုက်သည်။
အောက်တိုဘာ ၅ ရက်နေ့က မူးယစ်ဆေးထွက်ရှိရာ နာမည်ကျော်ဒေသ ရွှေတြိဂံဒေသတွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။
သောကြာနေ့တွင် အဖမ်းခံခဲ့သော ထိုင်းစစ်သားများထဲတွင် အရာရှိ ၂ ဦး ပါဝင်သည်ဟု မြန်မာပြည်နှင့် ထိစပ်နေသည့် Chiang Saen ဒေသ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။

“အားလုံး စစ်တပ်ကပါ။ သူတို့ကိုယ်တိုင် ရဲစခန်းကိုလာအဖမ်းခံတာပါ” ဟု ရဲတပ်ဖွဲ့ အကြီးအကဲ Phopkorn Kooncharoensuk က Reuters သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောသည်။

Phopkorn Kooncharoensuk က အသေးစိတ် ပြောဆိုခြင်းမရှိပေ။ အမှုကို စစ်ဆေးနေဆဲဟုသာ ပြောသည်။
တရုတ်နိုင်ငံက မဲခေါင်မြစ်အတွင်း သွားလာနေသော တရုတ်သင်္ဘောသားများ၏ လုံခြုံရေး၊ သတ်ဖြတ်ခံရသူများအရေးအတွက် အမြန်ဆုံး စုံစမ်းစစ်ဆေးရေး စသည်တို့အတွက် ဒေသတွင်း နိုင်ငံများကို တောင်းဆိုထားသည်။မဲခေါင်သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများ နယ်စပ်များကို ဖြတ်သန်းပြီး ပင်လယ်သို့ စီးဝင်သည့်မြစ်ကြီး ဖြစ်သည်။

တရုတ်သင်္ဘောသား ၁၃ ဦးတို့ လိုက်ပါလာသော ကုန်တင် သင်္ဘောများကို ထိုင်းနိုင်ငံဘက်ခြမ်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဆိုသော ခိုင်လုံသည့် အထောက်အထားများကို ထိုင်းရဲတပ်ဖွဲ့က ရရှိပြီးဖြစ်သည်ဟုထိုင်း ဒုတိယ၀န်ကြီးချုပ် Chalerm Yubamrung ပြောဆိုခဲ့ကြောင်း ယနေ့ တနင်္ဂနွေနေ့ထုတ် the Nation သတင်းစာတွင် ရေးသားထားသည်။သို့သော်လည်း ထိုပစ်ခတ်မှုမှာ ထိုင်းစစ်တပ်နှင့် သက်ဆိုင်မှုမရှိဟု ထိုင်း ဒုတိယ၀န်ကြီးချုပ်က ပြောဆိုကြောင်း သတင်းစာတွင် ရေးထားသည်။

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသော်လည်း…
******************************************
ဆောင်းပါးရှင် - ဗိုလ်မှူးမျိုးသူရ

ဆောင်းပါးရှင် “စွယ်တော်” ၏ ဖွတ်မိကျောင်းဖြစ်..မြစ်မချမ်းသာ အခန်းဆက် ဆောင်းပါးသည် လေတပ်စခန်း တစ်ခုမှ ကိုယ်ကျိုး စီးပွါး ကာကွယ်ရေးကို ဦးစားပေး ဆောင်ရွက် ခဲ့ကြသည့် Commander နှင့် သူ၏ တပည့်တပ်မှူးငယ် တစ်ဦး တို့၏ ဖြစ်ရပ်မှန် ရင်ဖွင့် သံများကို ဖေးဖေးမမဖွင့်ချ ထားကြောင်း တွေ့မြင်ရပါသည်။ အဘယ်ကြောင့် ဖေးဖေးမမဟု သုံးနှုန်း ရပါသနည်း ဆိုသော် ၄င်း ဆောင်းပါးတွင် မပါဝင်သော မနှစ်မြို့ဖွယ်၊ မလိုလားအပ်ဖွယ် ဖြစ်စဉ်များလည်း ထိုလေတပ် စခန်းအပါအ၀င် အချို့သော လေတပ် စခန်းများတွင် ဖြစ်ပျက်နေပြီး၊ တိတိကျကျ ဖော်ထုတ်ခဲ့သော် တပ်မတော် (လေ) ၏ ဖရိုဖရဲ ဖြစ်စဉ်များ ထပ်မံ ပေါ်ပေါက်ဖွယ် ရှိနေခြင်းကို ဖုံးကွယ် တင်ပြခဲ့ခြင်း ဖြစ်သောကြောင့် ဖြစ်ပါသည်။

လေတပ်စခန်း အသီးသီးတွင်လည်း အလားတူ ဖြစ်စဉ်များသည် အလုံးစုံ မတူညီသည့်တိုင် တစိတ် တပိုင်း ဖြစ်ပျက်နေသည်သာ ဖြစ်ပါသည်။ မဲဇာတပ်များ နည်းတူ ကျန်လေတပ် စခန်းများတွင်လည်း အုပ်ချုပ်ထောက်ပံ့မှု ဆိုင်ရာ မပြေလည်မှုများသည် ဖြစ်ပွါးနေသော်လည်း၊ လမ်းပန်းဆက်သွယ်မှု အခြေအနေအရ လက်ရှိနေရာမှ အဝေးသို့ လွင့်မသွားရစေရန် အချို့သောကိစ္စ ရပ်များအား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်း နေကြရပါသည်။


ငါးဖမ်း အလုပ်လုပ်၍ အသက်မွေးဝမ်းကြောင်း ပြုနေကြသူများ...

ဌာနအချင်းချင်း စာပေးစာယူ ကိစ္စများအတွက် စာရွက်စာတမ်း ၀ယ်ယူမှု၊ ကွန်ပျူတာ စာစီမှု ကုန်ကျစရိတ်များအား မည်သည့် နေရာကမှ မရပါ။ သင်တန်းသား အမည် စာရင်း တောင်းခံ ပေးပို့ခြင်းမှ အစ ပြန်တမ်းများအဆုံး အသုံးစရိတ်များသည် ဌာန တာဝန်ခံအရာရှိနှင့် စစ်သည်များ၏ ကိုယ်ပိုင်ငွေများဖြင့် ဆောင်ရွက်ကြရသည်သာ ဖြစ်ပါသည်။ အလားတူ စုံ/ခုံ၊ သက်/ချုပ် စသော အမှုတွဲများ အတွက် ဥက္ကဌ အရာရှိသည် ကွန်ပျူတာ စီခ၊ စာအုပ်ချုပ်ခ၊ လမ်းစရိတ်များ အားလုံးသည် မိမိကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်ကုန်ကျခံရသည်သာ ဖြစ်ပါသည်။ ကကလေမှ ချပေးသော ရုံးလုပ်ငန်းဆိုင်ရာ စရိတ်များသည် A-4 တစ်ထုတ်ဖိုးပင် မရှိသည်ကြောင့် လုပ်ငန်း အဆင်ပြေစေရန် အဓိကထား ဆောင်ရွက်ရင်း၊ “စရိတ်မျှပေး အုပ်ချုပ်ရေး” ဟု ဆိုရလောက်သော အခြေ အနေများ ဖြစ်နေခြင်း ဖြစ်ပါသည်။

ဆံသ ခ၀ါ စရိတ်ချ ထားပေးသည့်တိုင် တပ်တွင်း ဆံသဆိုင်တွင် Free ညှပ်လို့ ရသည်ဆိုသော ထုံးတမ်းစဉ်လာကို သိရှိသူ လေတပ်သားတို့ အတော်နည်းနေပါပြီ။ ဆံပင်ညှပ်သမား တစ်ယောက်နှစ်ယောက်ဖြင့် စစ်သည် ၂၀၀ ကျော်ကို လောက်ငမှု မရှိနိုင်သလို၊ ဆိုင်ပင် ဖွင့်မထားသော လေတပ်စခန်းများကလည်း များလှပါသည်။

ရုံးသုံးစာရွက် စာတမ်းများကို မိမိအစီအစဉ်ဖြင့် အဆင်ပြေအောင် ဖန်တီးနေသည့် နည်းတူ၊ မော်တော်ယာဉ် ယာဉ်မောင်းများ၏ ဒုက္ခကလည်း ပြောပြရမှာပင် ရှက်စရာ ကောင်းလှပါသည်။ ယာဉ်မောင်းနှင့် ယာဉ်ပြင်ဟု ရှိသော်လည်း အုပ်ချုပ်ရေးတပ်မှူးနှင့် မော်တော်ယာဉ် အရာရှိတို့ မကြည်ပါက ယာဉ်ပြင်များက ယာဉ်မောင်းနေသော လေတပ်စခန်းများ၊ စာရင်းအရ ရှိသောကား ၂၀ စီး ကျော်သော်လည်း၊ တကယ်တမ်း မောင်းထွက်လို့ရသည်က ၊၁၀ စီးထက် မပိုသော စခန်းများ ရှိသည်။

ထိုအထဲတွင် စခန်းမှူးနှင့် အုပ်မှူးတပ်မှူးကားများပါ အပြီးဖြစ်ရာ သာမန်အရာရှိ/ စစ်သည်များ သုံးရန် ၃ စီး ခန့်သာ ကောင်းပါသည်၊ ယာဉ်မောင်းခွင့် ရနေသော်လည်း တပ်မှ ခရီး အကွာအဝေးအလိုက် စက်သုံးဆီသာ ထုတ်ပေးပြီး၊ ကျန် ချောဆီ၊ အင်ဂျင်ဝိုင်၊ တာယာ၊ ဘက်ထရီ စသည်များအား ယာဉ်မောင်းမှ မိမိဘာသာ ၀ယ်ထည့် မောင်းနှင်နေရသော အခြေအနေများ၊ ဘက်ထရီ မပါသောကြောင့် မြို့လည်ကောင်တွင် တွန်းနှိုး နေရသော တပ်မတော် (လေ) မှ မော်တော်ယာဉ်များ၏ အခြေအနေများကို သိသင့်သူများ သိစေရန် လေတပ်စခန်းမှူးများက ပြောချိန် တန်နေပါပြီ။

ပြောင်းရွေ့ရေး/အဆင့် တိုးမြှင့်ရေးမူများ မည်သို့ပင် ရှိသော်လည်း ဝေးလံသော မဲဇာတပ်များတွင် ကာလ ရှည်ကြာနေ နေကြရသော အရာရှိ/ စစ်သည်များ ရှိနေသည်ကို ကက (လေ) အနေဖြင့် စဉ်းစား သင့်ပါသည်။ အချို့သော အရာရှိ/ စစ်သည်များ၏ တင်ပြချက်များသည် အုပ်မှူး/ တပ်မှူးများ၊ လေတပ် စခန်းမှူးများ၏ ထိန်ချန်မှုအောက်ဝယ် အလုံးစုံ ပျောက်ကွယ်နေလေ့ ရှိသည်ကို သတိမူသင့် လှပါသည်။ အပေါ်မှ ကြည့်မြင် သိရှိနေသော သတင်းစကား၊ အချက်အလက် အများစုနှင့် အောက်ခြေ လေတပ် စခန်းများအတွင်း အမှန်တကယ် ဖြစ်ပျက်မှု အခြေအနေများ ကွာခြားလျက် ရှိသညကို မြင်အောင် သိအောင် လုပ်သင့်ပါသည်။

ရည်ညွှန်း ဆောင်ပါးပါ လေတပ်စခန်းမှူးသည်ပင် မိမိလေတပ် စခန်းအတွင်းမှ အခြေအနေ မှန်များကို အုပ်ချုပ်ရေး တပ်မှူးငယ်၏ လှည့်စားမှုကြောင့် အမှန်အတိုင်း မသိ ရှိနိုင်ခဲ့ပေရာ အဝေးမှကက (လေ) အတွက်ဆိုလျှင် ပိုမို အလှမ်းကွာ ပါလိမ့်မည်။

ပွင့်လင်းမြင်သာရှိမှု ဆိုသော ခေတ်တစ်ခေတ်သို့ ပြောင်းလဲ တည်ဆောက်နေသော ကာလတွင်ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ် ဆိုသော ရေတွင်းငယ်ထဲမှ ဖား သူငယ်များသည် ရေတွင်း နှုတ်ခမ်းထက်မှ အပြင် လောကသို့ လှမ်းကြည့်ကာ အမြင် ကျယ်သင့်သော အချိန်သို့ ရောက်နေပါပြီ။ ကြက်ခြင်းထဲမှာ အချင်းချင်း တက်နင်းကြရင်း အပေါ်သို့ လုတက်နေပါက ထူးမခြားနား ဘ၀မှာပင် ကျရှုံးနေကြ ရပါလိမ့်မည်။

ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ဟု စကားပုံ ရှိသော်လည်း လှေပေါ်တွင်ရှိသော ငါးအများစုက ပုပ်နေပါကလည်း ပုပ်သောငါးကို ရွေးရ ခက်နေပြန်ပါ လိမ့်မည်။ ဆောင်းပါးရှင် စွယ်တော်က ပုပ်သောငါးများကို ဥပမာပေး တင်ဆက်လိုက်သည့်တိုင် ထိုသို့သော ငါးပုပ်များကိုပင် အသုံးချရန် နည်းလမ်းရှာသူများကလည်း ရှိနေဦးမည်မှာ သဘာဝ ဖြစ်ပါသည်။ ဖွတ်သည် မည်သို့ပင် မိကျောင်းကဲ့သို့ ကြီးထွားရန်ပြုရင်း မြစ်တွင်း ဒုက္ခ ပေးနိုင်စေကာမူ မိကျောင်း အစစ်ကဲ့သို့ အစွမ်းထက်မည် မဟုတ်ကြောင်း သိထားသူများကလည်း ထိုသို့သော မတန်မရာ ဟန်ကျတတ်သော ဖွတ်များကို မွေးမြူ အသုံးချနေဦးမည်သာ ဖြစ်ပါသည်။

တပ်မတော် အစိုးရဟု ကြွေးကြော် ခဲ့စဉ်ကာလမှာပင် ယိုင်နဲ့ ချိနဲ့ နေသော တပ်မတော် (လေ) သည် လက်ရှိ ခေတ်စနစ်မှာလည်း ဖိနှိပ်ခံစား မျိုသိပ်မှုများဖြင့် ဆက်လက် နေထိုင်နေ ကြရဆဲ ဖြစ်ပါသည်။ ခံစား ချက်များအား ရဲဝံ့စွာ ရင်ဖွင့်ခြင်းဖြင့် တပ်မတော် (လေ) ၏ လိုအပ်ချက်များကို ပြည်သူတို့ သိသထက် သိစေရန် ညီနောင်များ ဆက်လက်ဆောင်ရွက် နိုင်ကြပါစေ။

စစ်တပ်ကို စစ်တပ်နဲ့ ပြန်တိုက်ကြ
************************
စာဖတ် ပရိသတ်များ ခင်ဗျား
စည်းလုံးခြင်းရဲ့ အင်အား စာဖတ် ပရိသတ် တစ်ဦး ဖြစ်တဲ့ ပင်တိုင် ဆောင်းပါးရှင် ကိုရဲသူနိုင် ရေးသား ပေးပို့ လာတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဒီကနေ့ စာဖတ် ပရိသတ် များအား တင်ပြ ပေးလိုက် ပါတယ်။ ကျွန်တော်တို့ ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ အပြုသဘောနဲ့ အခုလို အင်တိုက် အားတိုက် ရေးသား ပေးပို့လာသော ဆောင်းပါးရှင်များနဲ့တကွ ယာယီ ဘာလော့ဂ်တွင် ကြည့်ရူအားပေးကြသူ ချစ်စွာသော စာဖတ်ပရိသတ် ရဲဘော် ရဲဘက် အပေါင်းတို့ကို အထူး ကျေးဇူးတင် ရှိပါကြောင်း လေးစားစွာ ပြန်ကြားအပ်ပါတယ် ခင်ဗျား။


ဘက်စုံတက်စုံဖွင့် ညီညီညာညာ တော်လှန်ကြ

ဆောင်းပါးရှင် - ရဲသူနိုင်
တော်လှန်ရေးတစ်ခုထဲနဲ့ အောင်မြင်ဖို့ S.P.D.C ကို တော်လှန်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား၊ S.P.D.C ဟာ လူကို လူလိုသဘော မထားတဲ့အတွက် လူပေါင်းများစွာကို သတ်ဖို့ ၀န်မလေး ခဲ့ပါဘူး၊ သံဃာ့အရေး အခင်းတွေမှာ ရဟန်းပါမရှောင် ရက်ရက်စက်စက် ရှင်းပစ်ခဲ့တဲ့ အပြင် ဒီပဲယင်း အရေးအခင်းရဲ့ သက်သေ ခံချက်တွေမှလည်း ဖက်ဆစ်စစ် အာဏာရှင် တွေ အတွင်းသရုပ်အမှန်ကို ကြည့်မြင်နိုင်ပါတယ်။

S.P.D.C အဆင့်ဆင့်မှာ ခိုင်းတဲ့ အတိုင်းထက် ပိုလုပ်ပေးကြမယ့် ဦးနှောက်မဲ့၊ အသိမဲ့၊ အဆင့်နိမ့် သူတွေ ပေါများလာတဲ့ ယနေ့လို အချိန် မျိုးမှာ ပြည်တွင်းမှာ မည်သည့် Political လှုပ်ရှားမှုမျိုးမှ လုပ်ဖို့ဆိုတာ မမျှော်မှန်းနိုင်အောင်ကို အင်မတန် ခဲယဉ်း နေပါတယ်။ ပုံစံအမျိုးမျိုးနှင့် ရ၀တ အဆင့်လောက်ကနေတောင် ၅ ည ပုဒ်မတွေ တပ်ပြီး ဖမ်းပိုင်ခွင့် ရှိနေတဲ့ ယနေ့ မြန်မာပြည်ရဲ့ အခြေအနေဟာ စိုးရိမ် ရေမှတ်ထက်ကို ကျော်လွန်နေပါပြီ။ ပျက်စီးနိုင်ငံများ အဆင့်မှာ ၁၃ ကိုရောက်နေသလို အဆင်းရဲဆုံး တိုင်းပြည် ၂၀ ထဲ မှာလဲရောက်နေပါပြီ။ ကျန်းမာရေး စောင့်ရှောက်မှု စနစ်မှာတော့ မြန်မာပြည်ရဲ့ အောက် မှာ ဆိုမာလီဆိုတဲ့ မင်းမဲ့တိုင်းပြည် တစ်ခုပဲ ရှိပါတော့တယ်။ ဒါပေမယ့် S.P.D.C အဆင့် ဆင့်ကတော့ လိမ်လို့ ကောင်းနေတုံးပဲ ရှိပါတယ်။ တိုင်းပြည်ကို လိမ်တဲ့ နေရာမှာတော့ အမြင့်ဆုံး အဆင့်ထက်တောင် ကျော်နေပါပြီ။ ၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့ သမိုင်းတွင် ဆိုးဝါးတဲ့ စီးပွားရေး ပျက်ကပ်ကြီးး ဖြစ်ခဲ့ပါတယ်။ အခုလည်း ဆက်ဖြစ်နေ တုံးပါ။

ကမ္ဘာမှာအဆင့် ၂၆ ရောက်နေတဲ့ ရေနံပေါ် ဖင်ခုထိုင်ထားတဲ့ နာမည်ကျော် တိုင်းပြည်တစ်ခုက ၂၀၀၉ ခုနှစ်အတွက် စီးပွားရေး တိုးတက်မှုကို ၂၇ ရောက်အောင် မနည်း လုပ်ယူရမယ်လို့ ကြေညာထားပါတယ်။ အနှစ်သုံးဆယ်အတွင်းမှာ There is does not matter. Whit cat or black cat, as long as can catch. The rat, it is good cat, ဆိုတဲ့ တရုတ် မျိုးဆက်ရဲ့ ဒုတိယ ခေါင်းဆောင် တိန့်ရှောင်ဖိတ်ရဲ့ ဦးဆောင်မှုနှင့် ယဉ်ကျေးမှု တော်လှန်ရေးကြောင့် လူ ၁၀ သန်းကျော် ထမင်းငတ်ပြီး သေခဲ့တဲ့ ဒီနေ့ စူပါတန်းဝင် တတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်ပြည်ကြီးတောင်မှ ၂၀၀၉ ခုနှစ်အတွက်ကို ၆ % လောက်ရအောင် မနည်းလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

မြန်မာ စစ်ခေါင်းဆောင်တွေကတော့ ၂၀၀၈-၂၀၀၉ ခုနှစ်ရဲ့ မြန်မာ့ စီးပွားရေး တိုးတက်မှုနှုန်းကို (10.4%) တိုးတက်ခဲ့တယ်ဆိုပြီး လိမ်ညာပြောဆိုခဲ့ပါတယ်။ တကယ် တော့ အဲဒါဟာ အရာရှိကြီး ကတော်တွေရဲ့  စီးပွါးရေး တိုးတက်မှုနှုန်းသာ ဖြစ်နိုင်ပါတယ်။ တရုတ် ၀န်ကြီးချုပ် ဖြစ်တဲ့သူက သူတို့ နိုင်ငံ ငလျှင်ဒါဏ် ခံရစဉ်မှာ စက္ကန့်တိုင်းဟာ ခလေး တစ်ယောက်ရဲ့အသက် ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ တကယ်လည်း ထိထိ ရောက်ရောက် ကူညီခဲ့ပါတယ်။ အာဏာရှင်ဆိုပေမဲ့လည်း သူ့ပြည်သူတွေ အပေါ်မှာ အုပ်ချုပ်ပုံက တိုင်းပြည်ခေါင်းဆောင်ကောင်း ပီသခဲ့ ပါတယ်။ မြန်မာပြည်က စစ်ခေါင်း ဆောင်တွေကိုတော့ ဘာနဲ့နှိုင်းရမလဲတောင် မသိတော့တာ အမှန်ပါ။


တလောကတော့ စာဖတ်ပရိသတ် တစ်ယောက်ပြောတာ ဖတ်လိုက်ရပါတယ်။ စစ်ခွေးလို့ မသုံးပါနဲ့တဲ့၊ ခွေးဘက်က နာပါတယ်တဲ့၊ ခွေးဆိုတာ သခင်အပေါ် အင်မတန် သစ္စာသိ မွန်မြတ်လို့ပါတဲ့၊ အခု စစ်ခေါင်းဆောင် တွေက သခင်ပမာ ပြည်သူလူထုတွေ အပေါ်မှာလည်း သစ္စာမရှိ၊ တပ်မတော် တည်ထောင်ခဲ့သူ အပေါ်မှာလည်း စော်ကား၊ ကမ်းကုန်အောင် ငွေကြေး၊ ရာထူး၊ အာဏာတွေ မက်မောပြီး ခွေးရူးလို ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီး လိုက်ကိုက်နေ ပါတယ်တဲ့။ ဒါ့ကြောင့် ခွေးရူးလို့သာ သုံးကြပါတဲ့။ ဒီလို ခွေးရူးပမာ နအဖဟာ အခုဆိုရင် ချောင်ပိတ် အရိုက်ခံရသလို ဖြစ်နေပါပြီ။ သူတို့ ကြေညာထားတဲ့ ရွေးကောက်ပွဲ အတွက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသလို တပ်ထဲမှာလည်း တပ်မတော်ရဲ့ သဘောထား အမှန်တွေကို သိမြင်လာကြလို့ ဖွဲမီးလို တငွေ့ငွေ့ လောင်နေရာက လေအတိုက်မှာ ဘားတိုက် တွေဟာ မီးဟုန်းဟုန်းလောင်ဖို့ မဝေးတော့တာကို တွေ့မြင်နေ ကြရပါပြီ။ ထိပ်ပိုင်း တွေသာ သိရတဲ့ လျှို့ဝှက် အစီရင်ခံစာတွေ သူတို့ သတ်မှတ်ထားတဲ့ ထိပ်တန်း လျှို့ ဝှက်ချက်တွေ မီဒီယာတွေမှာ ပြန့်နှံ့နေတာကို ကြည့်ရင် သူတို့ရဲ့  ဇာတ်သိမ်းဟာ မဝေးတော့ပါ။

ဒါပေမဲ့ ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေ အနေနဲ့ ပြီးခဲံ့တာတွေ သင်ခန်းစာယူဖို့ အဖက်ဖက်က ပြင်ဆင်ထားကြဖို့တော့ အရေးကြီးဆုံး အချိန်ကို ရောက်နေ ပါပြီ။ အောင်ပွဲနီးလေ တိုက်ပွဲကြီးလေ ဆိုတဲ့ စကားလို အရှိန်အဟုန် မြှင့်တဲ့ နေရာမှာ တူတာ ပေါင်းလုပ်ပြီး မတူတာခွဲလုပ်ကြဖို့ စည်းလုံးညီညွတ်ကြဖို့ လိုအပ်နေပါပြီ။ အထူးသဖြင့် ဆောင်းပါးအစပိုင်းမှာ တင်ပြခဲ့သလို တော်လှန်ရေးတစ်ခုထဲနဲ့ မအောင်မြင် နိုင်သလို လူထု အုံကြွမှု တစ်ခုထဲနဲ့လည်း မအောင်မြင်နိုင်ပါ။ စစ်တပ်က ၀ိုင်းရံမှသာ အချိန်တိုတိုနဲ့ အောင်ပွဲ ခံနိုင်မှာ ဖြစ်ပါတယ်။လူထုကို လူထုနဲ့ စစ်အာဏာရှင်တွေက ထိန်းကွပ်ထားသလို ကျွန်တော်တို့ အနေနဲ့ စစ်တပ်ကို စစ်တပ်နဲ့ ထိန်းကွပ်ဖို့ တပ်မတော်သား အစစ်အမှန်များကို ပြည်သူ့ဘက် ရပ်တည်ရန် စည်းရုံးလှုံ့ဆော်ရင်း ဟန်ချက်ညီအောင် တော်လှန်ရေးကို အရှိန်အဟုန် မြှင့်ကြပါစို့လို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။

မြန်မာအလုပ်သမား တသောင်းကျော် ထိုင်းရေဘေးကို တိမ်းရှောင်
***********************************************
ဘန်ကောက်ပို့စ်အွန်လိုင်း - အောက်တိုဘာ ၃၀၊ ၂၀၁၁

Hkg5527230 Thai people travel on boat through floodwaters along a street in Bangkok on October 30, 2011. Thailand's battle against its worst floods in decades has spilled into the political arena, underscoring the deep divisions that linger more than a year after deadly civil unrest rocked the kingdom. AFP PHOTO/ TANG CHHIN SOTHY (Photo credit should read TANG CHHIN SOTHY/AFP/Getty Images) 2011 AFP
ဘန်ကောက်မြို့အနီးတ၀ိုက် တွေ့ရသော သယ်ယူပို့ဆောင်ရေး (ဓာတ်ပုံ – getty images)

ယမန်နေ့က ဘန်ကောက် နှင့် အနီးတ၀ိုက် ခရိုင်များတွင် ရေဘေးမှ တိမ်းရှောင်ပြီး ပြည်တော်ပြန်သူ မြန်မာပြည်သားပေါင်း တသောင်းထက်မနည်း ရှိသည်ဟု သိရသည်။အဝေးပြေးဘတ်စ်ကား ၅၀ ကျော်၊ ဗင်ကား ၁၀၀ ကျော်သည် တရားမ၀င် နှင့် တရားဝင် မြန်မာအလုပ်သမားများကို တင်ဆောင်ပြီး မဲဆောက်မြို့သို့ သွားကြကြောင်း သိရသည်။ကားအများစုမှာ မြန်မာပြည်သားအလုပ်သမားတို့၏ ပစ္စည်းများဖြင့် ပြည့်နှက်နေသည်ဟု နယ်စပ် အာဏာပိုင်တို့က ပြောသည်။
မဲဆောက်ဒေသသည် မြန်မာပြည်သား အများစု ထိုင်းနိုင်ငံကို အ၀င်အထွက်ပြုရာဒေသဖြစ်သည်။

ဘန်ကောက်နှင့် ထိုင်းအလယ်ပိုင်းဒေသ စက်ရုံများ ရေဘေးဒဏ်သင့်ချိန်မှ အစပြုပြီး မြန်မာပြည်သားများ နေ့စဉ် ပြည်တော်ပြန်နေကြသည်။ယမန်နေ့က ပြည်တော်ပြန်ပမာဏမှာ အကြီးများဆုံးဖြစ်သည်။ပြည်တော်မပြန်မီ အလုပ်သမားတို့၏ အချက်အလက် အသေးစိတ်ကို မှတ်တမ်းတင်ထားကြောင်း မဲဆောက်မြို့ လ၀က စစ်ဆေးရေးဂိတ် ရဲဗိုလ်မှူး Yos Waneesorn က ပြောသည်။မြန်မာပြည်ရှိ ၎င်းတို့၏ မိသားစု ဆွေမျိုးများကလည်း ၎င်းတို့ပြည်တော်ပြန်ရေး တွန်းအားပေးနေကြသည်။

ဝဏ္ဏကိုကို၏ တကိုယ်တော်ပွဲ သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းတွင် ပြုလုပ်မည်
**************************************************
ဓာတ်ပုံသတင်း



အောက်တိုဘာ ၂၉၊ ၂၀၁၁ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာပန်းချီပြခန်းတွင် ဝဏ္ဏကိုကို၏ တကိုယ်တော်ပြပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည်။ သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းတွင် ပြုလုပ်မည့် ပြပွဲကို My Realist Work ဟု အမည်ပေးထားပြီး လာမည့် နိုဝင်ဘာ ၅ ရက်နေ့တွင် စတင် ပြသမည် ဖြစ်သည်။

No comments: