Sunday 30 October 2011

ကမ္ဘာကျော်ကြီးပေမယ့်..



l4291a

မိတ်ဆွေတစ်ယောက်ဆီက လက်ဆင့်ကမ်းလာတဲ့ ကြော်ငြာလေး တစ်ခု ဓာတ်ချောစာကနေ ၀င်လာတယ်။
ဖတ်ကြည့်လိုက်တော့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုက ကမကထလုပ်ပြီး ကျင်းပ မယ့် “အမျိုးသမီးများရဲ့ စကားဝိုင်း” အစီအစဉ်ပါတဲ့။ အဲဒီအစီအစဉ်မှာ ပြောမယ့်သူ တစ်ယောက်ကြောင့် ကျွန်တော် မျက်လုံးပြူးသွားရပါ တယ်။ သူကတော့ ဗြိတိသျှရုပ်ရှင် မင်းသမီးအကျော်အမော် အယ်မာထော(မ်)ဆင်(န်) ဖြစ်နေပါတယ်။ သူ့ နာမည်မြင်လိုက်တာနဲ့ ခေါင်းထဲမှာ ပေါ်လာတာက “ဂျိန်းအော်စထင်(န်)” ရဲ့ ဂန္ထ၀င်ဝတ္ထုကြီးဖြစ်တဲ့ Sense and Sensibility  ပါပဲ။ အဲဒီဝတ္ထုကို ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် မင်းသမီး ကိုယ်တိုင်က ရေးသားခဲ့ပြီး ကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။
အဲဒီဇာတ်ကားအတွက် အကောင်းဆုံး ဇာတ်ညွှန်းအော်စကာဆုကို သူ က ဆွတ်ခူးရရှိခဲ့တဲ့အပြင် အော်စကာဆု မဟုတ်ပေမယ့် BAFTA လို့ လူသိများတဲ့ “ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အနုပညာဗြိတိသျှအကယ်ဒမီ” က ချီးမြှင့်တဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကိုလည်း အဲဒီကားနဲ့ပဲ ရခဲ့ပါသေးတယ်။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သလို Howards End ဆိုတဲ့ ဇာတ်ကားနဲ့ လည်း အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အော်စကာဆု ရရှိထားသူလည်း ဖြစ်ပါတယ်။
တိုတိုပြောရရင် အောင်မြင်ထင်ရှားတဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးပေါ့။
l4291

ဒေါက်တာဒေါ်မြင့်မြင့်ခင်

မင်းသမီးကြီးရဲ့ ဂုဏ်ပုဒ်တွေထဲမှာ သရုပ်ဆောင်မင်းသမီး၊ ဟာသပညာရှင်၊ ဇာတ်ညွှန်းဆရာမဆိုတဲ့ ဂုဏ်ပုဒ်သုံးရပ်က တွဲနေပါတယ်။ ဟာသပညာရှင်ပီပီ သူစ၀င်လာကတည်းက ပရိသတ်က တသောသောနဲ့ ရယ်မောနေကြရအောင် ဟန်မာန်အပြည့် နဲ့ လှုပ်လှုပ်ရှားရှား ပြောသွားပါတယ်။
အဲဒီမင်းသမီးက သည်အခမ်းအနားမှာ စကားပြောမယ်ဆိုတော့ ကျွန်တော်လည်း အလွန်စိတ်ဝင်စား သွားတယ်။ ကမ္ဘာကျော်မင်းသမီး တစ်ယောက်ကို အပြင်မှာ မြင်ဖူးဖို့ဆိုတာ အိပ်မက်တောင် မမက်ဖူးတာ မျိုးပါ။ အခုတော့ ကိုယ့်တိုင်းပြည် ထဲကလည်း တစ်လက်မမှမထွက်ရဘဲ သူ့လိုမင်းသမီးကို မြင်တွေ့နိုင်တဲ့ အခွင့်အရေးမို့ လက်လွတ်မခံတော့ဘဲ သက်ဆိုင်တဲ့ တာဝန်ခံဆီကို ဖိတ်စာပို့ပေးဖို့ ဓာတ်ချောစာနဲ့ပဲ လှမ်း မေတ္တာရပ်ခံ လိုက်ပါတော့တယ်။
ဟိုကလည်း မဆိုင်းမတွဘဲ အကြောင်းပြန်တယ်။ နေရာအခက်အခဲကြောင့် ဖိတ်စာကန့်သတ် ထားကြောင်းနဲ့ ဖိတ်စာတွေအဆင်သင့်ဖြစ်ရင် ကျွန်တော်တို့ ဇနီးမောင်နှံအတွက် ပို့ပေးပါ့မယ်တဲ့။ သည်လိုနဲ့ ဖိတ်စာကလည်း အင်တာနက်ကတစ်ဆင့်ပဲ ရလာတယ်။ ဖိတ်စာကို ပုံနှိပ်ပြီး ယူလာခဲ့ပေးပါလို့လည်း မှာပါသေးတယ်။ သည်လိုနဲ့ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၅ ရက် စနေနေ့မှာ အဲဒီ အခမ်းအနားကို တက်ရောက်ခွင့်ရခဲ့ ပါတယ်။ အဲဒီအခမ်းအနားက နေ့ခင်း ၃ နာရီမှာ စမှာ။ ၃ နာရီအတိမှာ စချင်တဲ့အတွက် ၂ နာရီ ၄၅ မတိုင် ခင် အရောက်လာပြီး နေရာယူပေးဖို့လည်း ဖိတ်စာမှာ နှိုးဆော်ထားတယ်။ ဖြစ်ချင်တော့ အဲဒီနေ့ နေ့လယ် တစ်နာရီကသုံးနာရီအတွင်း ကန်တော်ကြီးစောင်းက ဟိုတယ်ကြီးတစ်ခုမှာ ကျင်းပမယ့် မင်္ဂလာအခမ်းအနားအတွက် အခမ်းအနားမှူး လုပ်ပေးဖို့ ကျွန်တော် က လွန်ခဲ့တဲ့ တစ်လလောက်ကတည်း က လက်ခံထားမိနေတယ်။ အချိန်က နည်းနည်း ကသီလင်တ ဖြစ်ချင်စရာပေါ့။
l4291b
တကယ်လည်း ကသီပါတယ်။ မင်္ဂလာဆောင်က ပြန်ထွက်လာတော့ ၂ နာရီ ၁၅ မိနစ်ရှိနေပြီ။ ဖြစ်ချင်တော့ ကျွန်တော့်ကားရှေ့မှာ တခြား ကားတစ်စီးက ပိတ်ရပ်သွားလို့ အဲဒီ့ကားရှင်ကိုရှာရတာနဲ့ အချိန်က ပိုကြာသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကဆုန်စိုင်းပြီး အိမ်ပြန်ပြေးရသေးတယ်။ အ၀တ်ပြန်လဲရသေးတာပ။ ပွဲထိုင်အ၀တ်ကြီး နဲ့ လန်းလန်းလန်းလန်း လုပ်ပြီး သွားဖို့မှ မတော်ဘဲလေ။
သည်လိုနဲ့ ၂ နာရီ ၄၅ မိနစ် အတိမှာပဲ “အမျိုးသမီးများရဲ့ စကား ၀ိုင်း” ကျင်းပမယ့် ရွှေတောင်ကြားထဲ က သြစတြေးလျသံရုံးရဲ့ အပန်းဖြေ ရိပ်သာကို ရောက်သွားပါတယ်။ စိတ် ထဲမှာ သံသယတစ်ခုက ရှိနေသေးတယ်။ သူတို့ကသာ အယ်မာထော်(မ်)ဆင် (န်) ပြောမယ်လို့ ပြောတာ။ လူကိုယ်တိုင်မဟုတ်ဘဲ ရုပ်မြင်သံကြားက တစ်ဆင့် ပြောရင်လည်း ဖြစ်နိုင်နေတာပဲ လို့ တွေးမိနေရတာပါ။
ဒါပေမယ့် ကျွန်တော် ရောက်ပြီး မကြာခင်မှာပဲ မင်းသမီးကြီး ၀င်လာတာတွေ့လိုက်ရပါတယ်။ အသက် ၅၃ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ မင်းသမီးကြီးက ချောမောတင့်တယ်လှပါတယ်။ သူနဲ့အတူ ပြောမယ့်သူတွေက အငြိမ်းစား ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်၊ စာရေးဆရာမဂျူးနဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းတို့လည်း ပါပါတယ်။ ကျွန်တော့် ကင်မရာက မနားတော့ပါဘူး။
အခမ်းအနားကို သုံးနာရီတိတိ မှာ စလိုက်ကြပါတယ်။ စုစုပေါင်း လူ ၇၀ စာ ထိုင်ခုံချထားပြီး ထိုင်ခုံအားလုံး နီးပါးပြည့်ပါတယ်။ အများစုက အမျိုးသမီးတွေပါ။ အမျိုးသားရယ်လို့ ဆယ်ယောက်မပြည့်ပါဘူး။ အဖွင့် အမှာစကားကို မြန်မာနိုင်ငံဆိုင်ရာ သြစတြးလျ သံအမတ်အမျိုးသမီးကြီး က ပြောတယ်။ သူ့နောက်မှာကမကထ ပြုတဲ့ Action Aid အဖွဲ့အစည်းက အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ အဲဒီနောက် ဒေါက်တာဒေါ်မြင့်မြင့်ခင် က မြန်မာနိုင်ငံက အမျိုးသမီးများရဲ့ အနေအထားကို ပုဂံခေတ်က အစချီကာ ပြောပါတယ်။ အသံချဲ့စက်မပါတဲ့ အခမ်းအနားမို့ တိုးတိုးသက်သာပြောတဲ့ ဆရာမကြီးအသံကို အတော် နားစိုက်ထောင်ရပါတယ်။ ဆရာမကြီးက အင်္ဂလိပ်ဘာသာနဲ့ပဲ ပြောတာပါ။
နောက် ဆရာမဂျူးအလှည့်ပါ။ ကျွန်တော်နဲ့အတူ မော်လမြိုင်မှာ ဟောတုန်းကထက် သည်မှာ ဒေါ်ဂျူးကပိုပြီး သွက်လက်နေတယ်။ မိန်းကလေးဆိုရင် ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုပြီး ပုံသေကားချ သတ်မှတ်ချင်ကြတဲ့ သဘောထားကို ပယ်သင့်တဲ့အကြောင်းကိုသူက ဆွေးနွေးသွားတာပါ။ သူ့မိခင်၊ ဖခင် တို့ရဲ့ အိမ်ထောင်ရေးဘ၀၊ မိသားစု ဘ၀ကို နမူနာလေးနဲ့ ပုံဖော်သွားတာ က စိတ်ဝင်စားဖွယ်၊ နှစ်လိုဖွယ်ပါပဲ။
နောက်တစ်ယောက်က ဖြူဖြူကျော်သိန်း ဖြစ်ပါတယ်။ သူကလည်း အင်္ဂလိပ်လိုပဲ ပြောပြန်ပါတယ်။ ရော့(ခ်) အဆိုတော် တစ်ယောက်အဖြစ် သူလျှောက်လှမ်းခဲ့ရတဲ့ လမ်းကြောင်းလေး နဲ့အစချီပြီး အမျိုးသမီးများရဲ့အနာဂတ် အတွက် အခြေခံအကျဆုံးကတော့ ပညာရေးသာဖြစ်ကြောင်း သူကလည်း ချက်ချက်ချာချာ ပြောသွားတယ်။
လာပါပြီ။ ကမ္ဘာကျော်မင်းသမီးကြီး။ သည်မင်းသမီးကြီးရဲ့ ဂုဏ်ပုဒ် တွေထဲမှာ သရုပ်ဆောင်မင်းသမီး၊ ဟာသပညာရှင်၊ ဇာတ်ညွှန်းဆရာမ ဆိုတဲ့ ဂုဏ်ပုဒ်သုံးရပ်ကတွဲနေပါတယ်။ ဟာသပညာရှင်ပီပီ သူစ၀င်လာကတည်းက ပရိသတ်က တသောသော နဲ့ရယ်မောနေကြရရအောင် ဟန်မာန် အပြည့်နဲ့ လှုပ်လှုပ်ရှားရှား ပြောသွားပါတယ်။ ဟောစင်နောက်မှာ တောင့်တောင့်ကြီး ရပ်ပြီး ဟောပြောတာကို ဘယ်တုန်းကမှ မကြိုက်တတ်သလို ကိုယ်တိုင်လည်း တစ်ခါမှ မလုပ်ဖူးတဲ့ ကျွန်တော့်အတွက်တော့ အယ်မာ့ ပြောပုံဆိုလက်နဲ့ ဟန်အမူအရာတွေ၊အလှုပ် အခတ်တွေက စွဲမက်စရာကောင်းနေပါတယ်။ မင်းသမီးပီပီ မျက်နှာထား၊ အသံနေအသံထားနဲ့ မင်မောင်းကလည်း အလွန်ကောင်းလှပါတယ်။
သူကလည်း သူဖြတ်သန်းခဲ့ရတဲ့ ဘ၀၊ သူရောက်ခဲ့တဲ့ မြန်မာနိုင်ငံ အပူပိုင်းဒေသမှာ တွေ့ခဲ့ရတဲ့ မိန်းကလေး တွေရဲ့ ဘ၀များနဲ့ အစချီရင်း မိန်းမကောင်းဆိုတာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုတဲ့ ခေါက်ရိုးအထပ်ထပ် အချိုးခံပြီး ပုံစံခွက်ထဲ အသွပ်ခံရပုံများကို ပြောသွားပါတယ်။ အဲဒီအစဉ်အလာ အရိုးစွဲအတွေးအမြင်တွေ ပပျောက်အောင် ဆောင်ရွက်ဖို့က လူတိုင်းမှာ တာဝန်ရှိ ကြောင်းပေါ့။
အားလုံးခြုံလိုက်ရင် စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်လေးပါပဲ။ ဟောပြောသူတွေကလည်း တစ်ယောက် ကို တစ်ယောက်ငဲ့ပြီး အချိန်တွေ အများကြီးယူမသွားဘဲ တိုတိုကျဉ်းကျဉ်းနဲ့ ထိထိမိမိ ပြောသွားကြတာမို့ ကျစ်ကျစ်လစ်လစ် ရှိပါတယ်။ ဒါတောင် အခမ်းအနားပြီးတော့ ငါးနာရီ ထိုးခါနီးနေပါပြီ။ အချိန်ကို ငဲ့ရတာမို့ မူလအစီအစဉ်အတိုင်း ပရိသတ်ရဲ့မေးခွန်းတွေကို ဖြေကြားမယ့် အစီအစဉ် ကို ပယ်ဖျက်လိုက်ကြပါတယ်။
ကျွန်တော့်အတွက် နည်းနည်း စိတ်ကသိကအောက် ဖြစ်ဖို့ ကောင်းသွားတာကတော့ အဲဒီက တာဝန်ရှိသူ အမျိုးသမီးတစ်ယောက်က ပွဲအလယ် မှာ ကျွန်တော့်ကို သိပ်လမ်းမသလားပါနဲ့လို့ သူ့နားကအဖြတ်မှာ ပြောတာပါပဲ။ လမ်းသလားတာ မဟုတ်ပါဘူး။ ဓာတ်ပုံရိုက်နေတဲ့အတွက် သွားလာ လှုပ်ရှားနေရတာပါလို့ ကျွန်တော်ပြောပေမယ့် သူက ဇွတ်ပြောနေပါတယ်။ နိုင်ငံခြားသူ တစ်ယောက်ပါ။ စိတ်ထဲမှာ အလွန်မျက်သွားပါတယ်။ အဲဒီပွဲ မှာ နိုင်ငံခြားသား လူငယ်ဓာတ်ပုံဆရာ တစ်ယောက်၊ မြန်မာအမျိုးသမီး ဓာတ်ပုံ ဆရာမတစ်ယောက်နဲ့ နိုင်ငံတကာအဖွဲ့ အစည်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာတစ်ယောက်တို့လည်း ဓာတ်ပုံ ရိုက်နေကြပါတယ်။ သူတို့ဆိုရင် ပရိသတ်အားလုံးရဲ့ရှေ့ကနေ မတ်တတ်ရပ်ပြီး ရိုက်ကြတာတွေတောင် ပါသေးတယ်။ ကျွန်တော်ကမှ ဘေးဘက်က ရိုက်တာပါ။ ဆရာမကြီးဒေါ်မြင့်မြင့်ခင် ပြောနေတုန်းမှာသာ ဆရာမကြီးက ထိုင်ရာကမထဘဲ ပြောတာမို့ အလယ် မင်းလမ်းက သွားရိုက်ရပါတယ်။
ကျွန်တော်ကိုင်တဲ့ ကင်မရာကလည်း အပျော်တမ်းကင်မရာဆိုပေမယ့် ကချော်ကချွတ်တော့ မဟုတ်ပါဘူး။ အငယ်တမ်းပညာရှင်သုံး ကင်မရာမျိုးပါ။ တစ်ခုတော့ ရှိသပေါ့။ ကျွန်တော် က ဓာတ်ပုံရိုက်ရင် ဖြည့်စွက်မီးကိုသုံးခဲတယ်။ သဘာဝအလင်းရောင်နဲ့ ရိုက်တဲ့ အကျင့်ရှိတယ်။ မီးခွက်ကြီး တပ်ဆင်မထားတဲ့ ကင်မရာမို့ သူကအထင်သေးသလားတော့ မသိဘူး။ ဓာတ်ပုံရိုက်နေသူ လေးယောက်အနက်မှာ ကျွန်တော့်တစ်ယောက်ကိုပဲ ကွက်ပြီး အဲလိုပြောတော့ စိတ်ထဲ အတော်မျက် သွားပါတယ်။ အခမ်းအနားကလည်း တန်းလန်းမို့ အကျယ်အကျယ် မငြိမ်းဖွယ်မဖြစ်ချင်လို့သာ ကျွန်တော်ရှောင် ထွက်လာခဲ့ပါတယ်။ မဟုတ်လို့ကတော့ သူ့ကိုကောင်းကောင်း ပြန်ပြောဖြစ်သွားမှာ သေချာတယ်။
မြင်ရတွေ့ရခဲလှတဲ့ ကမ္ဘာကျော် မင်းသမီးကြီးကို အားပါးတရတွေ့ရတာ၊ ဓာတ်ပုံတွေ ရိုက်ခွင့်ရလိုက်တာ၊ စကားပြောခွင့် ရလိုက်တာနဲ့ပဲ အဲဒီ့ အထစ်အငေါ့လေးကို ကျော်လွှားလိုက် နိုင်သွားပါတယ်။ ပွဲအပြီး လက်ဖက်ရည်ဝိုင်းမှာ မိတ်ဆွေတွေကို နှုတ်ဆက်ရင်း ဓာတ်ပုံပြပွဲကို ကြည့်ရပါတယ်။ အဲဒီ ဓာတ်ပုံတစ်ပုံဝယ်ရင် အယ်မာထော(မ်)ဆင်(န်)ရဲ့ လက်မှတ်ပါတဲ့ ကပ်ခွာလေးတစ်ခုရမှာမို့ ဓာတ်ပုံနှစ်ပုံ ၀ယ်လိုက်ပါတယ်။
ပြီးတော့ အယ်မာနဲ့ ဓာတ်ပုံတွဲ ရိုက်ပေါ့ဗျာ။ မင်းသမီးကြီးကလည်း သဘောမနော ကောင်းစွာပဲ၊ လူတကာနဲ့ ဖက်လှဲတကင်း ဓာတ်ပုံအရိုက်ခံပေးတာမို့ ကြည်နူးစရာကောင်းပါတယ်။အပြန်လမ်းမှာ ကျွန်တော့်အိမ်သူက ပြောပါတယ်။ “ကမ္ဘာကျော်ကြီးပေမယ့် ပဲမများဘူးနော်”တဲ့။ ကျွန်တော်က သူ့စကားနောက်ကွယ်က အနက်ပွား ကို ဆင်ခြင်မိရင်း ခေါင်းညိတ်ထောက်ခံ လိုက်မိရပါတော့တယ်။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
(ရန်ကုန် - ၁၆၁၀၁၁)
http://www.weeklyeleven.com/templates/h2n/images/blank.gif

No comments: