Monday 10 October 2011

ပြောင်းလဲမှု၏ သန္တာန်


နုပျိုခြင်းကနေပြီး အိုမင်းခြင်းကိုကူးပြောင်းတာဟာ သိပ်နှေးကွေးတဲ့အတွက် ပြောင်းလဲတဲ့ကာယကံရှင်မှာ သိပ်မသိသာဘူး။
( မြသန်းတင့်: ဘဝနေနည်းအနုပညာ)
                                        .............................

..............................................    နိဂုံး    ............................................
ဆယ်နှစ်လောက်ဝေးကွာနေတဲ့ နေရာလေးတစ်ခုကို တစ်နေ့က ပြန်ရောက်ဖြစ်တယ်။
အိမ်ရှေ့ ပိတောက်ပင်ကြီးက အရင်လိုပဲ စိမ်းလန်းနေဆဲ။ 'အရင်အတိုင်းပဲနော် ' လို့ပြောမိတော့ သူမက ပြုံးရုံပြုံးတယ်။

"ဒီအပင်ကနင်  မြင်ခဲ့တုန်းကလို မဟုတ်တော့ဘူး။ အရွက်တွေဟာ နင်မြင်ခဲ့တဲ့အရွက်တွေ
မဟုတ်ဘူး။ အရွက်သစ်တွေ။ ကုန်ကုန်ပြောရရင် နင်သိခဲ့ဖူးတဲ့ အရွက်တွေတစ်ရွက်မှမပါတော့ဘူး။ အသစ်ထွက်လာတဲ့ အရွက်တွေချည်းပဲ။ အပင်ကတော့ ဒီအပင်ပဲ။ ဒါပေမယ့် ပြောင်းသွားပြီ။ အများကြီးပြောင်းသွားပြီ " တဲ့။

သူမ အပြောမှာ ခဏလောက်တော့ ဆွံ့အသွားတယ်။ လှည့်ကြည့်ဖြစ်တော့ ပိတောက်ပင်ကြီးဆီ မော့ကြည့်ရင်း ဆက်ပြောတယ်။
''အပြောင်းလဲကြီး ပြောင်းလဲသွားပေမယ့် သတိမမူမိ၊ မတွေးမိကြတဲ့အခါတွေမှာ ဒီတိုင်းပါပဲလားလို့
ထင်စရာရှိတယ်။ ဒါပေမယ့်မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ ဖြစ်တည်နေသမျှအရာတွေဟာ အချိန်ရဲ့ ဝါးမြိုတိုက်စားခြင်းကိုခံကြရတယ်။ အပွန်းခံအပဲ့ခံကြရတယ်။ အပြုပြင်ခံကြရတယ် ''

ဟုတ်လဲဟုတ်တာကိုး။ တူမှမတူတော့တာလို့ ဆင်ခြင်မိရဲ့။
့အိမ်နဲ့မနီးမဝေးက
မကျည်းပင်တွေ အများကြီးပေါက်ရောက်နေတဲ့ ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွေဆီ ရောက်တော့ လန်းဆန်းသွားတယ်။ ပင်လယ်ကနေ ဝေ့ဝဲတိုက်ခတ်လာတဲ့လေဟာ မျက်နှာပြင်ကိုကလူကျီစယ်တယ်။
သူမရဲ့ ပါးလှပ်လှပ်ထမီဟာ လေအဝှေ့မှာ တွန့်တွန့်လူးနေတယ်။ လည်ကုတ်အောက်ထိရှိတဲ့
သူမဆံပင်တေကတွေကတော့ မျက်နှာကို ပတ်ရစ်လိုက် နောက်ဘက်ဆီပြေးလိုက် ဘေးဘယ်ညာယိမ်းလိုက်နဲ့ သူမကို ဆော့မြူနေလေတယ်။

ကမ်းခြေသဲသောင်ပြင်လဲ ကျွန်တော့်အတွက် အသစ်ပြန်ဖြစ်နေတယ်။  
 ''ပြောင်းလဲသွားတယ်နော်'' လို့ပြောမိတယ်။

''ဒီမှာတော့ အခုနင်မြင်တဲ့အတိုင်းပဲလေ၊ ကမ်းပါးတွေမ မရှိတော့ဘူးမဟုတ်လား.ကမ်းနဖူးလျော့သွားတယ်၊.. ဒါပေမယ့် ..ဟိုးတစ်ဘက်က ပို့ချခံရတဲ့နေရာအတွက်တော့ ဖြည့်တင်းပေးသွားတာပေါ့ဟာ.. ပြည့်သွားတာပေါ့။
လောကကြီးမှာ အပေးအယူရှိတယ်၊ အရှုံးအနိုင်ရှိတယ် ၊ အတိုက်စားခံရတာရှိတယ် ပြီးတော့ ပို့ချပေးခြင်းခံရတာရှိတယ်လေဟာ။ လက္ခံချင်ချင် လက်မခံချင်ချင် ဒါသဘာဝတရားပဲ ''

ကျွန်တော် သူမမျက်နှာဆီကြည့်ဖြစ်တယ်။ သူမက ပင်လယ်လေကြောင့်ဝေ့ဝဲကျလာတဲ့ ဆံပင်တွေကို မျက်နှာပြင်ဆီကနေဖယ်ချရင်း ပင်လယ်ပြင်ဘက်ငေးနေခဲ့တယ်။ သူမဘာတွေတွေးနေသလဲ။ အရင်ကထက်ရင့်ကျက်လွန်းနေတယ်။ တည်ငြိမ်လွန်းနေတယ်။ ဒါဘာကြောင့်လဲ ။ သူမပြောသလို     အချိန်သမားတော်ရဲ့ ပြုပြင်မှုကြောင့်လား မပြောတတ်။

သူမက ကျွန်တော့်ဘက်ကိုလှည့်လာပြီး ယဲ့ယဲ့လေးပြုံးပြတယ်။
''ဆယ်နှစ်..ဆိုတဲ့အတိုင်းအတာဟာ များလွန်းပါတယ်ဟာ... နင်ပြောခဲ့တဲ့ သုံးလတောင် ကြာလွန်းလိုက်တာ..လို့ထင်ခဲ့တာ  ''...တဲ့။

'' ဆယ်နှစ်လုံးလုံး..တိုက်စားခံခဲ့ရတဲ့ ငါ့နှလုံးသားတွေဟာ.. ကမ်းခြေပျက်ကြီးတစ်ခုလိုဖြစ်သွားတယ်။ ငါက လက်မခံချင်ပဲ တိုက်စားဝါးမြိုခံရပေမယ့် နင့်အဖို့တော့ လက်မခံချင်လည်း ပို့ချပြုပြင်ပေးတာတွေ  ခံစားရတာပဲမဟုတ်လား။ သဘာဝတရားမှာ အဆုံးအဖြတ်ပေးတတ်တဲ့ အချိန်ဆိုတဲ့အရာရှိတယ်။ နင့်အတွေးမှာ
တူတယ်ဆိုပေမယ့် အားလုံးဟာ အဲဒီအချိန်နဲ့အတူ ပြောင်းလဲသင့်သလောက် ပြောင်းလဲနေတာပဲလေ။  သိပ်နုညံ့တဲ့ကတ္တီပါစလေးလိုပဲ။ ညင်ညင်ညင်သာသာနဲ့ မသိလိုက်မသိဘာသာပြောင်းသွားတယ်။
မနေ့ကလိုပဲလို့ထင်ရပေမယ့် မဟုတ်ဘူး။''

သူမကျွန်တော်ဆီတစ်ချက်ဝေ့ကြည့်တယ်။
''နင်ငါ့မျက်နှာကို သေချာကြည့်စမ်းပါဦးဟာ''  ပြောပြီး ရုတ်တရက် မျက်နှာချင်းဆိုင်လာတော့ ကြောင်ကြောင်အအနဲ့ ကြည့်ဖြစ်ရဲ့။
''မျက်နှာပြင်မှာ အရေးကြောင်းပါးပါးလေးတွေတွေ့လား''    တဲ့။ အင်း လို့ ပြောဖြစ်တယ်။ သူမကဆက်ပြောဆဲ။

''အဲဒါ ဇရာအရေးကြောင်းတွေလို့ခေါ်တယ်။ နင်ပြောတဲ့ ပိတောက်ပင်ကြီးလိုပဲ၊ ငါ ဘယ်လိုပဲအလှတွေပြင်ထားပြင်ထား.. အမြင်တူတယ်လို့ဘယ်လိုပြောပြော.. ငါ့ခန္ဓာကိုယ်ပင်စည်ဟာ
အိုမင်းပြောင်းလဲနေပြီလေဟာ။ အဲဒီအတောအတွင်းမှာ ငလျှင်လှုပ်လိုက်.
. လေပြင်းတိုက်လိုက် ..မိုးကြိုးဒဏ်တွေခံလိုက်နဲ့ အများကြီးကြုံခဲ့ပြီးပြီ။ လှိုင်းကြီးလှေအောက်ဆိုသလို ငါမနစ်မြုပ်သွားတာတစ်ခုပဲရှိတယ်။ နင်ကတော့ ကျောင်းပြီးတယ်၊ ရာထူးရတယ်၊ အိမ်ထောင်ကျတယ်။ အလိုက်သင့်လေးသွားနေတော့ မသိသာဘူးပေါ့ဟာ။ နင်ကပို့ချခံရတဲ့ကမ်းဘက်မှာကိုး။''

ကျွန်တော်ဘာပြန်ပြောရရမယ်မသိတော့။ ခံစားမှုတွေပြည့်လျှံနေတဲ့ ငယ်ချစ်ဟောင်းတစ်ယောက် စာရေးဆရာမများဖြစ်နေပြီလား။ အပြည့်အဝနားမလည်ပေမယ့် တစ်ခုခုဟာရင်ထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်လာတယ်။ သူမအဓိကဆိုပြောချင်တာ ဘာများလဲ။ မသိတတ်သေး။ သေချာတာကတော့ သူမပြောနေသမျှတွေဟာ အကုန်လုံး ပြောင်းလဲခြင်းတွေချည်း။

''လောကမှာ အရာအားလုံးပြောင်းလဲနေတယ်။ ပြောင်းကိုပြောင်းလဲရမယ်။ ငါအိမ်ထောင်ပြုခဲ့ရတယ်။
တစ်ခုလပ်မ တစ်ယောက်ဖြစ်အောင်ထိ ပြောင်းလဲခဲ့တယ်။ ဒါပေမယ့် ....'' 

သူမစကားကိုရပ်တယ်။ ကျွန်တော့်ကို ရွှန်းရွှန်းစားစားကြည့်တယ်။ ပင်လယ်လေ တစ်ဝူးဝူးတိုက်သံကြောင့် အသံမြှင့်ပြောရတာမို့ အော်ပြောသလိုဖြစ်နေဆဲမှာပဲ
''ဒါပေမယ့် နင့်ကိုချစ်တဲ့အချစ်က မပြောင်းလဲဘူး''     လို့အော်ပြောသံကြားရတယ်။ မျက်နှာချင်းဆိုင်လေးကို အော်ဟစ်ပြောလိုက်တယ်။ ကျွန်တော်ကတော့ စိတ်ညှို့ခံရသလို မင်တက်နေလေရဲ့။
သူမမျက်ဝန်းတွေဆီက မျက်ရည်စတချို့ကျလာတာတွေ့တယ်။ စိတ်မကောင်းပေမယ့် ဝမ်းနည်းခြင်းမဖြစ်မိ။

မကြာတဲ့အချိန်လေးမှာပဲ ငါးနှစ်သားလောက်ခလေးလေး သူမထံရောက်လာခဲ့တယ်။ မေမေ..မေမေ..လို့ခေါ်သံပေးပြီးသူမခါးကိုပွေ့ဖက်လေတယ်။ သူမက ခလေးလက်ကိုဆွဲကာ ထွက်ခွာဟန်ပြင်တယ်။
''မျှောလင့်ချက်မရှိဘူး၊ ဆွဲဆောင်တာမဟုတ်ဘူး။ ဒီတစ်ကြိမ်မှမပြောရရင် ပြောခွင့်ရမှာမဟုတ်တော့လို့ ဖွင့်ပြောရတာ'' လို့ အော်ပြောပြန်တယ်။  အဲဒီနောက် ခလေးလက်ကိုဆွဲကာ ထွက်သွားခဲ့တယ်။ လေတဝူးဝူးတိုက်နေတဲ့ကမ်းခြေမှာ ကျွန်တော် တစ်ယောက်တည်းငူတူတူကျန်ခဲ့လေရဲ့။
..........................................................................

                                                 မှတ်စု

ထူးတော့ထူးဆန်သည်။ သူမနှင့် အတူရှိနေစဉ်ကနေ ခွဲခွာဖြစ်ပြီး လအနည်းငယ်အထိ 'အရူးအမူးချစ်တယ်' ဟု
ဆိုရလောက်သည်ထိ သူသည် သူမကို ချစ်ခဲ့ဖူးသည်။ သည်နောက် တဖြည်းဖြည်းပြောင်းလဲခဲ့သည့် အချိန်တို့တွင် သည်စိတ်တွေ ဝေဝါးပျောက်ကွယ်သွားခဲ့သည်။ သူမပြောသကဲ့သို့ တိုက်စားခံလိုက်ရခြင်းလော၊ သို့တည်းမဟုတ် ရွက်ကြွေတို့လို အသစ်လဲခြင်းခံလိုက်ရခြင်းလော သူမတွေးတတ်။ ပြောရမည်ဆိုလျှင် တစ်ခါတစ်ရံအမှတ်ရတတ်သည်မှလွဲ၍ သူနားလည်သောအချစ်သည် သူ့ထံ၌ရှိမနေတော့ပါ။

အရာအားလုံးပြောင်းလဲသည်ဆိုလျှင် သူ့အချစ်သည် ဆယ်နှစ်အချိန်နှင့်လိုက်၍ ပိတောက်ရွက်များလို၊ ကမ်းပါးများလို ပြောင်းလဲသွားပြီဖြစ်သည်ဟု သူမှတ်ချက်ချသည်။
သူမ၏အချစ်သည် တည်မြဲသော လောကဓံတရား။ သူ့အချစ်သည် ထိုလောကဓံတရား၏ ပြောင်းလဲခြင်းခံရသည့် လူ ၊ သက်ရှိသက်မဲ့ ရုပ်ဝတ္ထုဖြစ်ပါလိမ့်မည်။ ပြောင်းလဲမှုသည် သန္တာန်ကွဲသည်ဟု သူ့ မှတ်စုထဲ ရေးသားလိုက်လေ၏။
                                    .....    .... ....   .....
သိပ်ချစ်တာကနေပြီး မချစ်နိုင်တော့ခြင်းကိုကူးပြောင်းသွားတာဟာ သိပ်နှေးကွေးတဲ့အတွက် ပြောင်းလဲတဲ့ကာယကံရှင်မှာ သိပ်မသိသာဘူး။
(မုတ်သုံမိုးဦး: ပြောင်းလဲမှု၏ သန္တာန်)

10:41 PM 10/8/2010

No comments: