Tuesday 15 November 2011

ဒမန်ဆာရာမှာ ဝေတဲ့နှင်း



ဒမန်ဆာရာရဲ့ မနက်ခင်းက ခါတိုင်းလိုပဲ မြူအူအူလေးဆိုင်းနေခဲ့တယ်။ ဂျလန်းအေရာ လေးမှာတော့ တရုတ်အဘိုးအဘွားတွေနှင့် လူလတ်ပိုင်းတွေ ကျန်းမာရေးအဖြစ် လမ်းလျောက်နေကြပြီ။ တစ်ချို့ကား အားကစား လုပ်နေကြပါလိမ့်မယ်။

မနက်ခြောက်နာရီခွဲဆိုတာ စောတော့စောသေးပါသေးတယ်။ ဒါပေမယ့် နိုဝင်ဘာလလိုမိုးရာသီမှာတော့  အစောကြီး နေပွင့်ပြီး အစောကြီး မိုးချုပ်တတ်တာ မဟုတ်လား။ ခံစားမှုက တူတယ်ထင်ရပေ မယ့် မြင်ကွင်းတွေ မတူကြတော့ဘူးဆိုတာ စတင်သတိထားမိတယ်။ အရင်က ကျိုးတိုးကျဲတဲမြို့ သစ်လေးဟာ အခုတော့ သစ်ပင်ပန်းမန်တွေအုပ်ဆိုင်းပြီး သူနေထိုင်နေတဲ့နေရာလေးကပဲ ဆိတ်ငြိမ်တဲ့ သူဌေးရပ်ကွက်ဖြစ်နေခဲ့ပြီ။ အေးလေ၊ ဆယ်နှစ်ဆိုတာကလည်း နည်းတဲ့အချိန်မှမဟုတ်တာပဲ။

အရင်ကဒီမြို့သစ်လေးကို သူတို့တွေ အစပြုဆောက်လုပ်ခဲ့ကြတယ်ဆိုတာကို တစ်ယောက်ယောက်နှင့် စားမြုံ့ပြန်ချင်စိတ်ဖြစ်တယ်။ အဲဒီတုန်းက နာစီလမက်စားပြီး အုတ်ခဲတွေသယ်ခဲ့ကြတာကို အမှတ်တ ရတွေအဖြစ် ပြန်နွှေးပြောချင်တယ်။ ဒါပေမယ့် အခုတော့ မဖြစ်တတ်နိုင်။ အနီးအနားမှာ  တရုတ်တွေ ကလွဲပြီး ကိုယ့်လူမျိုးတွေရှိမနေခဲ့။ လုပ်ဖော်ကိုင်ဖက်တွေဆိုတာကလည်း အခုအချိန်မှာ ကောက်ရိုးပုံထဲ အပ်ပျောက် ရှာသလိုပြန်ရှာရဦးမှာမို့ မလွယ်ကူနိုင်။

စိတ်ကိုအသာလျော့ပြီး ပြောက်နက်နေတဲ့ ကတ္တရာလမ်းသွယ်လေး အတိုင်း လျှောက်သွားဖြစ်တယ်။ ဒီလမ်းကွေ့ကောက်ကောက်လေးဟာ သူအကြိမ်ပေါင်းများစွာလျှောက်ခဲ့ဖူးတဲ့ ဂျလန်းအေရာ အမည် တွင်တဲ့ အမှတ်တရလမ်းလေးဆိုလည်း မမှား။ လမ်းက ထုံးစံအတိုင်း ကုန်းမြင့်ပိုင်းလေးဖြစ်လာတယ်။ မကြာခင် ထောင့်ချိုးဝိုင်းဝိုင်းလေးတွေ့ရလိမ့်မယ်။ အဲဒါကျော်သွားခဲ့ရင် လမ်းမကြီးနှင့် သူ့ဟိုဘက်က ကုလားလဘက်ရည် ဆိုင်လေးကိုမြင်နိုင်မယ်။ ဒါကအရင်ကအမြင်ကိုခန်းမှန်းကြည့်ခြင်းဖြစ်တယ်။

လမ်းကွေ့လေး နည်းနည်းကျော်ခဲ့ရင် ကုန်းတက်လေး ပိုမတ်စောက်သွားလိမ့်မယ်။ အမှန်ပြောကြေးဆို
ရင်တော့ ဒီလမ်းလေးဟာ သူ့အမှတ်တရလမ်းလေး ဆိုတာထက် ကြောက်စရာလမ်းလေး ဒါမှမဟုတ် လွမ်းစရာလမ်းလေးဆိုရင် ပိုမှန်မယ်လေ။ ဒီလမ်းလေးထဲမှာ အကြိမ်ကြိမ် အခြောက်ခံဖူး ခဲ့သည် မဟုတ်လား။

လမ်းကွေ့အဝိုင်းလေးအလွန်ကအိမ်ကြီးမှာ ဖိလစ်ပိုင်အိမ်ဖော် မိန်းကလေးတစ်ယောက်ရှိခဲ့တယ်။ သူမနာမည် လစ်တီ လို့ခေါ်တယ်။ အသားဖြူပြီးချစ်စရာကောင်းတဲ့ အသက်နှစ်ဆယ်အရွယ်ပေါ့။ သူမဟာ မသူ့ရဲ့ အသည်းလေး ဖြစ်ခဲ့ဖူးသလိုပဲ သူမလည်း အဲလိုဖြစ်ခဲ့လိမ့်မယ်လို့ ထင်ပါရဲ့။ ဆောက် လက်စအိမ်တန်းတွေ များသေးတဲ့ ဒီလမ်းလေးကိုလျောက်ပြီး ဈေးဝယ်ထွက်တိုင်း မနက်စောစော ဈေး ဝယ်ထွက်တတ်တဲ့ သူမကို တစ်ပတ်မှာ သုံးရက်ပုံမှန်တွေ့ရတယ်လေ။

မှတ်မိသေးတယ်။ ဒီလို နှင်းမြူလေးတွေရှိနေတတ်ချိန်တွေပေါ့။ သူဌေးမရှိခိုက်တွေမှာ သူနှင့်လစ်တီ တို့ တွေ့နေကျ။ ချစ်ရည်လူးလူး၊ မူးမူးမေ့မေ့ မညီးငွေ့နိုင်အောင်တွေ့ဆုံချစ်စခန်းဖွင့်ခဲ့ကြတယ်။ အဲဒါ ဟာအိပ်မက် တစ်ခုနဲ့တူလွန်းလှတယ်။ နုညံ့တယ်၊သိမ်မွေ့တယ်။ အချစ်လားရာဂလားတော့ မဆန်းစစ် ခဲ့ကြပေမယ့် သိပ်ကို အေးချမ်းတယ်လို့ နေ့စဉ်မှတ်တမ်းတွေမှာ ရေးသားခဲ့တယ်။

မိုးတိမ်တွေ မြူနှင်းတွေဟာ အမြဲမတည်ငြိမ်ပဲ ပြောင်းလဲနေတတ်ကြတယ်။ တိုက်ခတ်လေဟာလည်း အမြဲဝေ့ လည်ပတ်မွေ့တတ်တယ်။ ဒီလိုနဲ့ပဲ သူနဲ့သူမတို့ အခြေအနေတွေဟာ မိုးတိမ်လို၊ ဆီးနှင်း လို လေတိုက်ခတ်ရာ အရပ်တို့ ပြောင်းသလို ပြောင်းလဲသွားခဲ့တယ်။ သိပ်ကိုမထင်မှတ်စရာပဲလို့ အမြဲတွေးမိဆဲပဲ။

 အတွေးစနှင့်အဲဒီအိမ်ကြီးကိုမော့ကြည့်တော့ ကြက်သီးတွေတစ်ဖျန်းဖျန်း ထသွားစေတယ်။ ခန္ဓာကိုယ် ဆီ အေးစက်ခြင်းတို့ ပိုစူးရှသလို ခံစားလာရတယ်။ ဒီလိုကြက်သီထခြင်းမျိုးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က အကြီးအ ကျယ်ကြက်သီးထဖူးခြင်းနဲ့ တူတယ်ဆိုတာ သေချာတယ်။

အဲဒီ မတိုင်ခင်တစ်ပတ်လောက်က သူဌေးခေါ်ရာလိုက်နေဖြစ်တာမို့ လစ်တီနှင့်မဆုံဖြစ်ကြဘူးပေါ့။ တစ်ပတ်တင်း တင်းပြည့်တဲ့နေ့မှာပဲ ကွန်းခိုရာ အေရာလမ်းလေးဆီပြန်ရောက်ဖြစ်ခဲ့တယ်။ သူမကိုတွေ့ ချင်တယ်။မြင်ချင်တယ်။ အနမ်းလေးပေးချင်နေခဲ့တယ်။ သို့ပေမယ့် သူတို့တွေက အလုပ်သမားတွေ မဟုတ်လား။ မတတ်နိုင်ခဲ့ကြဘူး။

အဲသည်တုန်းက လက်ရှိသူနေထိုင်နေတဲ့ လုံးချင်းတစ်ထပ်အိမ်လေး မပြီးစီး သေးတာမို့ အစ်ကိုကြီး တစ်ယောက်နဲ့ အတူ သူဌေးက စောင့်အိပ်ခိုင်းထားခဲ့တယ်။ ပြောရရင် လစ်တီနှင့်တွေ့ ဆုံဖို့ဆို ရင်တောင် သိပ်ကိုအဆင် ပြေတာပေါ့။

သူဌေးမွေးထားတဲ့ ခွေးနှစ်ကေါင်ရယ် အဖော်တစ်ယောက်ရယ် သူရယ်ဆိုတော့ ဒီအိမ်လေးက သိပ်ကို အဆင်ပြေ စေတာတော့ အမှန်ပါပဲ။ မတွေ့ဖြစ်တဲ့တစ်ပတ်အတွင်း သူမကိုသတိရနေခဲ့သလို သူမလည်း သတိရနေလိမ့်မယ် လို့ ထင်ခဲ့ရဲ့။ ဒီအတွေးမှန်ခဲ့တယ်ဆိုတာလဲ အဲဒီညက  သက်သေပြနိုင်ခဲ့တယ်လို့ ဆိုနိုင်တယ်။
                           ......................

လစ်တီ့ကိုသတိရပေမယ့် ညမိုးချုပ်နေပြီမို့ မသွားဖြစ်ခဲ့။ အစ်ကိုကြီးနှင့်စကားစမည်ပြောဆိုဖြစ်ကြပြီး အပေါ်ထပ်ကအိပ်ခန်းဆီ ခပ်စောစော တက်ဖြစ်တယ်။ အလုပ်ပင်ပန်းဒဏ်တွေနဲ့မို့ မီးပိတ်ပြီး အိပ်ဖို့နေရာယူ ခဲ့တယ်။ သူမကိုသတိရစိတ်လေးကတော့ ပျောက်မသွားခဲ့ဘူး။

ညရှစ်နာရီလောက်မှာတော့ ညလေပြင်းတွေတိုက်ခတ်လာခဲ့တယ်။ အပင်ယိမ်းနွဲ့သံတွေကြား တယ်။ လေချွန်သံလို တရွှီးရွှီးမြည်သံတွေပါတယ်။ ပင်လယ်လေအဝှေ့မှာမြည်တဲ့ ကဗွီးပင်တွေ အသံမျိုးတွေလို့ မှတ်မိစေတယ်။ ဖျတ်ခနဲ့ ခြေသံကြားတယ်။ အခန်းထဲမှာ သူတစ်ယောက်တည်း ရယ်လေ။ အစ်ကိုကြီးတစ်ယောက်က အောက်ထပ်မှာ အိပ်တာမို့ သူ့ခြေသံများလားလို့ထင်တယ်။

လေတိုက်တာပိုပြင်းလာတယ်။ မှန်ပြူတင်းကနေ ရှေ့လမ်းမဆီကြည့်ဖြစ်တော့ လမ်းမီးဝါကြင်ကြင်နဲ့ ယိမ်းထိုးနေ တဲ့ သစ်ပင်တွေကိုမြင်တယ်။ လေချွန်သံတစီစီကြားရစဉ်မှာပဲ ခွေးတွေဟောင်ကြသံတွေ တစ်ရပ်ကွက်လုံးဆူညံ သွားခဲ့တယ်။ ခွေးဟောင်သံက လည်းရိုးရိုးမဟုတ်။ တစ်စုံတစ်ခုကကို တုန်လှုပ်ခြောက်ခြားသလို တအီအီ ဟောင်ကြ တဲ့ ရှည်မျောမျောအသံမှန်း သတိထားမိခဲ့တယ်။

လေပြင်းထပ်အဝှေ့မှာ ခေါ်သံသဲ့သဲ့ကြားရတယ်။ ရှေ့လမ်းမဆီက လူရိပ်တစ်ခုလက်ပြနေဟန်ရှိတယ်။ အဝတ်ဖြူ ဆွတ်ဆွတ်ကိုဝတ်ထားပေမယ့် မိန်းကလေးတစ်ယောက်ဆိုတာ သိနိုင်တယ်။ ခွေးဟောင် သံတစ်စီ တစ်တန်းကြီး ထပ်ပေါ်လာပြန်တယ်။ မှန်ပြူတင်းကိုတွန်းအဖွင့်မှာ စူရှလိုက်တဲ့ အပုပ်နံ့ တစ်ခု ထောင်းခနဲ့ရတယ် ကြက်သီးဖျန်း ခနဲ့ အထမှာ သူ့နာမည်ကိုခေါ်သံကြားတယ်။

ရှေ့တူရူက အဝတ်ဖြူဖြူမိန်းကလေးဆီက လက်ယပ်ခေါ်နေပြန်တယ်။ သေချာကြည့်တော့ လစ်တီ့လှုပ်ရှားဟန်နှင့် တစ်ထေရာတည်း။ မသိတတ်နိုင်တာတစ်ခုကို မသိစိတ်နဲ့ပဲ သိလိုက်ရသလို ရှိတယ်။

ဒိန်းခနဲ့ ရင်ခုန်သံဖြစ်ရပြီး ကြက်သီးထတာတွေ မရပ်ခဲ့နိုင်တော့။ အခန်းတံခါးခေါက်သံတွေ၊ ခေါ် သံတွေ၊ လေတစ်ရွှီးရွှီးသံတွေ၊ သစ်ပင်ယိမ်း လှုပ်သံတွေနှင့် စူးရှရှခွေးဟောင်သံတွေဟာ တစ်ဆက်တည်း တစ်ချိန်းတည်း ဖြစ်ပေါ်နေခဲ့တယ်။ အပုပ်နံ့တွေနဲ့အတူ ရောပွမ်းပြီး လူကိုကြောင်တောင်တောင်ဖြစ်စေခဲ့တယ်။

ခေါ်သံကမရပ်မနား ဆက်တိုက်ပေါ်လာတယ်။ သူ့နာမည်ကိုခေါ်သံမှန်းသိပီပြင်လာတယ်။ တဖြည်းဖြည်း အသံ ကျယ်လာတယ်။ လျှပ်စီးလက်ပြီး ဂျိန်းခနဲ့မိုးခြိမ်းလိုက်တော့ အိမ်တွေမှာတပ်ဆင်ထားတဲ့ အချက်ပေးကိရိယာ တွေ တဝီဝီထအော်ကြတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံနေတယ်။

တစ်ခါမှ မကြုံဖူးတဲ့ခံစားမှုတွေ စုပြုံလာချိန်မှာ ကြောက်စိတ်ကငယ်ထိပ်ဆီ ရောက်လာခဲ့တယ်။ နားပိတ်ပြီး  ဇွတ်အော်မိတယ်လို့ ထင်ခဲ့တယ်။ မကြာခင်မှာပဲ ဒုန်း ခနဲ့မြည်သံနဲ့အတူ  အိပ်ခန်းတံခါးကြီး ပွင့်ထွက်သွားတယ်။

လူတစ်ယောက်သူ့ဆီလျှောက်လာနေလေတယ်။ ကြောက်စိတ်ဂိတ်ဆုံး ရောက်သွားတယ်လို့ထင်တယ်။ နောက်ဆုံး သိလိုက်တာတစ်ခုကတော့ အောက်ထပ်ကအစ်ကိုကြီးရဲ့ မျက်နှာသာပဲဖြစ်တယ်။ ဒီနောက်တော့ အရုပ်ကြိုးပြတ်သလို လဲကျသွားခဲ့မှန်း သိလိုက်ပါတော့တယ်။
......................................................................

လွန်ခဲ့တဲ့ဆယ်စုနှစ်က အဲလိုဖြစ်ခဲ့ဖူးတယ်။ မမေ့နိုင်တဲ့ အဖြစ်အပျက်လို့ဆိုရမယ်။ သူတင်မဟုတ် ရပ်ကွက်ကလူတွေ၊ ဒီမြို့လေးကလူတွေ မှတ်မိကြဦးမယ်လို့ ထင်မိရဲ့။ နိုင်ငံ့သြဇာကြီးသတင်းစာတွေနဲ့ တီဗွီလိုင်းတွေမှာ ပြသခဲ့ကြတယ်။

သူမရှိခဲ့တဲ့ နေ့မှာပဲ လစ်တီသေဆုံးခဲ့တယ်လို့ ဆရာဝန်ဆေးစစ်ချက်တွေအရ သတင်းစာကနေ သိရတယ်။ သူပြန်ရောက်တဲ့နေ့ မနက်ပိုင်းကမှ အလောင်းကိုရှာတွေ့တယ်လို့ ဆိုကြတယ်။

သူမ ဆုံးသွားတော့ သူမချစ်သူထံ ကိုယ်ထင်လာပြခဲ့တယ်လို့ပဲ ယူဆခဲ့တယ်။  ဒါပေမယ့်ဒါဟာခြောက် လှန့်မှု တစ်ခုဖြစ်ခဲ့ရတာမဟုတ်လား။ အဲဒီညက သူမေ့လဲသွားခဲ့တယ်။ သတိရလာတော့ အစ်ကိုကြီး ပြန်ပြောပြပုံအရဆိုလျင်တော့ သူမသေဆုံးခဲ့တယ်လို့ယူဆရတဲ့ နေ့တွေကတည်းက ညစဉ် အဲလိုဖြစ်တတ်ခဲ့တယ်လို့ဆိုခဲ့တယ်။

အရိပ်ဖြူလေး ပုံမှန်ရောက်လာခဲ့တယ်လို့ ဆိုတယ်။ သူပြန်ရောက်မယ့်နေ့မနက်မှပဲ ရဲတွေနဲ့လူနာတင် ကားတွေရောက် လာပြီး အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုတယ်။ အစ်ကိုကြီးလည်းအဲဒီတော့မှ သဘောပေါက်သွားတယ်လို့ ပြောခဲ့တယ်။ အဲဒီညသူ့ထံလာဦးမယ်လို့လည်း သူသိနေခဲ့တယ်လို့ ဆိုပြန်တယ်။ ဘာပဲဖြစ်ဖြစ်

အစပိုင်းမှာ ကြော်ရွံ့ပြီး မေ့လဲခဲ့ပေမယ့် နောက်ထပ်ကြောက်စိတ်မဖြစ်ခဲ့။ ဖြစ်နိုင်လျင် ထပ်လာစေ ချင်သေးတယ်။ ပိုဖြစ်နိုင်ခဲ့လျင် စကားပြော လို့ရလျင် စကားလက်ဆုံကျချင်သေးတယ်ဆိုတာ မျိုးဖြစ်ခဲ့တယ်။

ရက်အနည်းငယ်အကြာမှာပဲ လစ်တီ ဟာ မတရားအကျင့်ခံရပြီး အသတ်ခံရခြင်းဖြစ်တယ်လို့ သတင်းစာ မှာရေးကြတယ်။ သိပ်မကြာတဲ့ရက်တွေမှာပဲ အိမ်ကြီးရှင်ရဲ့သားကြီးကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်တယ် လို့ရေးသားကြပြီး သူမအမှု ပြီးပြတ်သွားခဲ့တယ်။ ဘဝကံအကြောင်းမကောင်းခဲ့သူလး အတွက် စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်ခဲ့နိုင်။ မျက်ရည်မကျမိခဲ့တာတော့ အမှန်။

နှလုံးသားမှာ မှင်စက်လေးတစ်စက် စွန်းထင်ကျန်ရစ်ခဲ့တယ်လို့တော့ ပြောနိုင်မယ်။ ဘဝစာမျက်နှာမှာ ရေးခြစ်ခြင်းတစ်ခု တွင်ခဲ့တယ်။ ပန်းချီကားတစ်ချပ်ဆိုရင်တော့ မလိုလားတဲ့ အမည်း စက်တစ်ခုပြုတ်ကျ စွန်းထင်းစေခဲ့တယ်လို့ ပြောချင်တယ်။
..................................................

ဒမန်ဆာရာ မြို့လေးဆီက သူ့ကိုအမှတ်တရဖြစ်စေတာ အဲဒီအဖြစ်အပျက်လေးအဓိကကျတယ်ဆိုပေမယ့် အခုတစ်ခေါက်မှာတော့ တည်ဆောက်ခဲ့တဲ့မြို့လေးကို ပိုအမှတ်တရဖြစ်မိတယ်လို့ဆိုချင်တယ်။ အမှန် တကယ်လည်း သတိရလွမ်းဆွတ်စရာ။

ဒမန်ဆာရာရဲ့ သူသိမြင်ခံစားနိုင်တဲ့ ခံစားနိုင်တဲ့ အမှတ်ရဖွယ်နှင်းမြူတွေကတော့ လင်းအားလာချိန်မှာ လွင့်ပျက်ပျောက် ကွယ် သွားကြပြန်ဦးမယ်။ မရှိခဲ့ဖူးသလို မဖြစ်ခဲ့ဖူးသလို တည်ငြိမ်ပြပါဦးမယ်။
ဒါပေမယ့် မှတ်မိစရာမနက်တစ်ခုစီရောက်လာတိုင်း ဒမန်ဆာရာ ရဲ့နှင်းတွေ ကို စောစီးစွာထမိခြင်းမှာ   ပြန်တွေ့ရှိနိုင်ခဲ့မှာအမှန်ပဲ။

ဆက်ပါဦးမည်။
မုတ်သုံမိုးဦး

No comments: