Friday 11 November 2011

ပြည်သူနဲ့ အစိုးရကြား အမှန်တိုင်းရေးပြောသည့် ဂျာနယ်တစ်စောင်




Melven Than

မြန်မာပြည်ဟာ သူများနိုင်ငံတွေနဲ့ မတူအောင် နိုင်ငံရေး နိုင်ငံ့အရေးကို အပြောများကြတယ်လို့ ယူဆရတယ်။ တိုင်းပြည်ဟာ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက်စနစ်နဲ့ အာဏာရှင်တွေအောက်မှာ ရှင်သန်ကြီးပြင်းခဲ့ရတယ်။ 

အာဏာရှင်တွေရဲ့ စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်ခဲ့ရတယ်။ တစ်ကြိမ်မှာတော့ တံခါးပိတ်ဝါဒဆိုပြီးတော့ ဘယ်နိုင်ငံနှင့်မှ အဆက်အသွယ်မလုပ်ပဲ ဆယ်စုနှစ်တစ်ခုလုံး မျက်စိပိတ်နားပိတ်ဖြစ်အောင် လုပ်ပစ်ခဲ့ကြတယ်။ 

ဦးနေဝင်းလက်ထက်ကတည်းက လက်ရှိအချိန်ထိ တိုင်းပြည်ဟာ စီးပွားရေးချွတ်ခြုံကျခဲ့တယ်။ တစ်ဗိုလ်ပြီး တစ်ဗိုလ် တက်လာသမျှ တွေကလည်း အားလုံးအာဏာရှင်တွေပဲဖြစ်တယ်။ သူတို့အာဏာတည်မြဲဖို့နဲ့  ချမ်းသာကြွယ်ဝဖို့ကို လိပ်လိုယက်ရင်း ပြည်သူတွေ ဆင်းရဲခြင်းမက ဆင်းရဲလာခဲ့ရတယ်။

တိုင်းပြည်ရဲ့ ပြည်သူ့ လည်ပတ်ငွေတွေ၊ အဖိုးတန်တွင်းထွက်ရတနာတွေ၊ သစ်တောတွေ၊ သဘာဝဓာတ်ငွေ့တွေ နှင့် ရေထွက်ကုန်  ပစ္စည်းတွေဟာ အာဏာမက်အစိုးရတွေရဲ့ အလွဲသုံးစားလုပ်တာ ခံခဲ့ကြရတယ်။ လူထုကတော့ ငတ်မြဲငတ်နေ ဆဲပဲ။ စားရမဲ့သောက်ရမဲ့ ဖြစ်နေဆဲပဲ။ ဒီတုန်းက စာနယ်ဇင်းသမားတွေလဲမပြောနိုင်ဘူး၊ အကြံပေး အရာရှိလဲ မပြောနိုင်ဘူး။

ဒီလို တစ်မျိုးသားလုံးအကျပ်အတည်း ဖြစ်နေဆဲမှာပဲ လွှတ်တော်အစိုးရသစ်တစ်ရပ် ပေါ်လာတယ်။ ဒီခေတ်မှာ တော့ မျက်စိပိတ်နားပိတ် ထားပေးလို့ မရတော့ဘူး။ အင်တာနက်ဝန်ဆောင်မှုတွေရှိလာတယ်။ ပြောဖို့အခွင့်အရေး ရှိလာတယ်။

လူထုမှာ ပြောစရာတွေ အများကြီး ရှိကြတယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့အရေးပါတဲ့ အဓိကအရာ တွေပါမယ်။ ဘက်စုံလိုအပ်နေတာတွေပါမယ်။ တကယ်လို့ ဒီအရေးတွေထဲက တစ်ခုကိုဖြစ်စေ၊ အားလုံးကိုဖြစ် စေ၊ ကောင်းမွန်အောင်လုပ်ဖို့ဆိုရင် ခေါင်းဆောင်ပြောင်းဖို့လိုမယ်၊ အစိုးရကောင်းဖို့ လိုမယ်။ အဲဒါလည်း ပြောဆိုတဲ့ အထဲပါမယ်။

ဒီတော့ ဒါတွေအတွက် ပြောရမယ်ဆိုရင် နိုင်ငံရေးကိုအရင်ပြောရမှာမို့ ပြောဖြစ်ရေးဖြစ်ကြတော့ 
နိုင်ငံရေးစကား တွေ အများဆုံးတွေ့ကြလိမ့်မယ်။ နိုင်ငံရေးဟာ စားဝတ်နေရေး ၊စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးပဲဆိုတာ အားလုံးသိကြပါတယ်။ အကျုံးဝင်ပြီးသားဖြစ်တယ်။ ဆင်းရဲခြင်းကလွတ်မြောက်အောင် ပြောဆိုနေကြတာလဲ နိုင်ရေးပဲ။ လူတွေနိုင်ငံရေးကို ပြောနေ၊လုပ်နေကြတာဟာ တိုးတက်ဖွံ့ဖြိုးရေးကို ပြောနေကြတာဖြစ်တယ်။  စားဝတ်နေရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်ပဲဖြစ်တယ်ဆိုတာ နားလည်ရတယ်။
ဘာဖြစ်လို့ပြောနေကြတာလဲ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုချစ်လို့ ဒီ့ထက်တိုးတက်စေချင်ကြလို့ လို့ပဲမြင်တယ်။

ဒီတော့ သိတတ်နားလည်သူတွေ၊ ခေတ်ပညာတတ်တွေအနေနဲ့ Facebook မှာ နိုင်ငံရေးလုပ်နေကြတယ်၊ လေသမား၊ အာသမား၊ ပြောပဲပြောတတ်ကြတယ် ဆိုတဲ့ဝေါဟာရတွေကိုသုံးပြီး အပြစ်တင်ဝေဖန်မနေသင့်ကြဘူး လို့ ထင်တယ်။ Facebook မှာ ရေးပြောနေကြတဲ့ အများစုတွေဟာ ပါတီစင်ပြိုင်ထောင်ပြီး အတိုက်အခံနိုင်ငံရေး လုပ်နေကြတာ မဟုတ်ပါဘူး။ နိုင်ငံ့အရေး စိတ်ဝင်စားကြတဲ့ သာမန်ပြည်သူတွေပဲ။

Facebook ကြောင့်လူထု အချင်းချင်းဆက်သွယ်မှုခိုင်မာပြီး နိုင်ငံအကြီးအကဲ ပြောင်းလဲသွားရမှုတွေ အပါအဝင် ထင်ရှားတဲ့ပြောင်းလဲမှုတွေ ဖြစ်ခဲ့တယ်ဆိုတာ မမေ့ကြပါနဲ့။ မိမိကိုယ်ကိုလည်း အပြစ်မရှိအပြစ်ရှာ လမင်းကို ခွေးဟောင်သူ ဖြစ်နေသလားဆိုတာ ဆန်းစစ်ဖို့လိုမယ်။

Facebook ကို အသားလွတ် နိုင်ငံရေးလုပ်သူများလို့ မမြင်ပဲ ပြည်သူတွေရဲ့လိုအပ်ချက်ဇယားတစ်ခု သို့မဟုတ် ပြည်သူ့ခံစားချက်တွေကို ချပြကြတဲ့ ပြည်သူ့ဟစ်တိုင် တစ်ခုလို့သာ ယူဆသင့်ပါတယ်။ Facebook ဟာ  သိပ်အားကောင်းတဲ့ ပြည်သူ့ ဟစ်တိုင်တစ်ခုပါ။ အစိုးရတိုင်းလှန်လှောဖတ်ရှုကြရတဲ့ လူထုစာမျက်နှာတစ်ခုပါ။

Melven Than

No comments: