Friday 4 November 2011

“ ကျနော်နဲ့ မြင်းများ ”


နိုဝင်ဘာ ၄၊ ၂၀၁၁

(က)
နွေခေါင်ခေါင် ကတ္တရာလမ်းပေါ် တခွပ်ခွပ်နဲ့ကြားရတဲ့ မြင်းလှည်းမြင်းခွာသံကို ကျနော်မကြားရက်ဘူး။ အဲဒီမြင်းခွာသံကို တခါတရံနား ထဲမှာပြန်နားထောင်မိရင် မြင်းလှည်းရှေ့က တုံ့ဆိုင်းဆိုင်းနဲ့ပြေးနေတဲ့မြင်းကို မျက်စေ့ထဲမှာမြင်ပြီး တံတွေးမြိုချလုမတတ် ရင်ထဲမှာ တင်းကြပ်သွားရတယ်။
နံရိုးအပြိုင်းပြိုင်း၊ မြင်းဝမ်းဗိုက်ကိုပါတ်တဲ့ သားရေကြိုးတ၀ိုက်မှာ ချွေးတွေရွှဲနစ်လျက်၊ အကြောအချဉ်တွေ တုံ့ ဆိုင်းဆိုင်းနဲ့ မလှုပ်တလှုပ်ပြေးနေတဲ့ “မြင်း” ရဲ့ရုပ်ပုံလွှာကို ကျနော်မမြင်ရက်ဘူး။ ပြီးတော့ မြင်းရဲ့မျက်စေ့နှစ်လုံးဘေးမှာ ဘေးဘီကိုမမြင်ရအောင်ကာထားတဲ့ မျက်လုံးကာနှစ်ခု။ တခုပဲစိတ်ထဲမှာ ဖြေလို့ရတာရှိတယ်။ အဲဒါကတော့ မြင်းခွာအောက်မှာ သံခွာကို သံနဲ့ရိုက်ပြီး ကပ်ထားပေးလို့သာပဲပေါ့။ နို့ မို့ ရင် ကတ္တရာလမ်းပေါ်မှာ မြင်းခွါတွေပွန်းပဲ့ ကျိုးကြေကုန်မယ်။

ကျနော်ဟာ မြေလတ်က မြို့ကလေးတမြို့မှာ မွေးခဲ့ကြီးပြင်းခဲ့သူပါ။ မြင်းလှည်းနဲ့ကျနော် နေ့တိုင်းဆုံနေကြပါ။ အထူးသဖြင့် ကျနော်ငယ်စဉ် ကျနော့်ဖခင်က မြင်းနှစ်ကောင်ကိုမွေးပြီး မြင်းလှည်းထောင်ခဲ့ဖူးလို့ မြင်းလှည်းနဲ့ ကျနော် တကယ့်ကို အကျွမ်းတ၀င်ပေါ့။ ကျနော့်ဖခင်က တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်လေတော့ ကျနော်နေတဲ့မြို့ ကလေးနဲ့၊ တခြားရွာနီးချုပ်စပ်က မြင်းတွေ၊ နွားတွေကို ဆေးလိုက်ကုတဲ့အခါ၊ အိမ်ကမြင်းလှည်းနဲ့ပဲ သွားတတ်ပါတယ်။ မြင်းလှည်းမောင်းတဲ့လူတယောက်လည်း ရှိတယ်။ မြင်းလှည်းဆရာက ကျနော့်ဖခင်သွားလိုရာ လိုက်ပို့ ပြီးရင် မြို့ထဲမှာ ဂိတ်ထိုးပြီး မြင်းလှည်းအငှားမောင်းပါတယ်။ ရတဲ့ ပိုက်ဆံသူပဲယူပါတယ်။ ဒီတုန်းက အိမ်နောက်ဖေးမြင်းဇောင်းထဲက မြင်းနှစ်ကောင်ကို တခါတရံ ကျနော် ကျောင်းရပါတယ်။ စီးလည်း စီးပါတယ်။ ဒီတုန်းကတော့ မြင်းတွေရဲ့ဘ၀ကို ကျနော်နားမလည်ခဲ့ပါဘူး။

တနေ့မှာ ကျနော်ဟာ ကျောင်းကပြန်လာတော့ အိမ်သားတွေ မျက်စေ့မျက်နှာမကောင်း ဖြစ်နေကြပါတယ်။ ကျနော့်မိခင်က တခြားအိမ်မှာ သွားငိုနေပါတယ်။ ကျနော်တို့အိမ်မှာမွေးထားတဲ့ မြင်းနှစ်ကောင်အနက်က အသက်ကြီးတဲ့မြင်း၊ သေဆုံးသွားလို့ဖြစ်ပါတယ်။ ဘာပြုလို့ သေတာလဲလို့ ဖခင်ကိုမေးကြည့်တော့ အမောဆို့ နှလုံးကွဲပြီး သေသွားတာလို့ ဖြေပါတယ်။ မြင်းလှည်းဆရာကြီး “ဦးသြ” က စလင်းနဲ့ ဆင်ဖြူကျွန်း (၆) မိုင်ခရီးကို အဲဒီနေ့က နှစ်ခေါက်ပြေးသတဲ့။ “ဦးသြ” လည်း ယူကျုံးမရဖြစ်ပြီး တနေ့လုံးငိုပါတယ်။ ဖခင်ကတော့ ဒီလို စိတ်မကောင်းစရာမျိုး နောက်ထပ်မကြုံချင်ဘူးဆိုပြီး အဲဒီကတည်းက ကျနော်ကြီးတဲ့အထိ မြင်းတွေကို မမွေးတော့ပါဘူး။ ဖခင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို ကျနော်လည်း သဘောတူပါတယ်။ မြင်းလှည်းစီးတဲ့အချိန်တိုင်း မြင်းရဲ့ကျောပေါ်၊ တင်ပါးပေါ် ကျကျသွားတဲ့ကြာပွတ်သံ တရွှမ်းရွှမ်းကိုကြားရင် ကျနော့်ကျောဟာလည်း အလိုလိုမသိမသါ ကော့လိုက်မိတာမျိုး၊ မြင်းရဲ့မျက်လုံးနှစ်ဖက်ကိုအုပ်ထားတဲ့ မျက်လုံးကာ နှစ်ခုကို မချင့်မရဲနဲ့ပြေးပြေးပြီး ဆွဲဖယ်လိုက်ချင်တာမျိုး ကျနော်မခံစားရတော့ဘူးပေါ့။ အဲဒီနှစ်ထဲမှာ ကျနော်တို့မိသားစု ပဲခူးကိုပြောင်းရွှေ့ လာခဲ့ကြရလို့ ကျနော်လည်းပဲ “မြင်း” တွေနဲ့ ဝေးသထက်ဝေးခဲ့ရပါတယ်။

(ခ)
၂၀၀၇ ဇွန်လပိုင်းထဲမှာ လွတ်လပ်တဲ့အာရှအသံက အသံလွှင့်တဲ့သတင်းတပုဒ်ကို အမှတ်မထင်နားထောင်ရင်း နှစ်ပေါင်းများစွာ မေ့နေခဲ့တဲ့ “ မင်း” တွေကို ရုတ်တရက် ပြန်တွေးလိုက်မိပါတယ်။ သတင်းထဲမှာက အစိုးရက အခွန်တိုးကောက်တာခံရလို့ ဒုက္ခနဲ့ ရင်ဆိုင်နေရတဲ့ မြင်းလှည်းသမားတဦးနဲ့ အမေးအဖြေလုပ်တဲ့သတင်းပါ။ အောင်လံမြို့က မြင်းလှည်းဆရာက အခွန်တွေတိုးကောက်တာခံရလို့ ၀င်ငွေလျော့ သွားတဲ့အကြောင်း ပြောပါတယ်။ သတင်းဌာနက ၀င်ငွေလျော့ရင် ကာမိအောင် ဘယ်လိုလုပ်မလဲလို့မေးတော့၊ မိသားစုစားတာတော့ လျော့လို့မဖြစ်ဘူးပေါ့ဗျာ။ မြင်းစာကိုတော့ လျော့ရတော့မှာပေါ့လို့ ဖြေပါတယ်။ မမျှော်လင့်ပဲ ဒီသတင်းကိုကြားရတဲ့အခါ၊ ကျနော့်ရင်ထဲမှာ “မြင်း” တွေအတွက် ပူပင်သောကရောက်ရပြန်ပါတယ်။ နှစ်ပေါင်းများစွာ မေ့နေခဲ့တဲ့ “မြင်း” တွေကို နေ့တိုင်းလိုလိုတွေးပြီး စိတ်ပူမိတယ်။ ဒီအတိုင်းဆိုရင်တော့ “မြင်း” တွေအတွက် ခက်ရချည်ရဲ့လို့ ခံစားရပါတယ်။ ဒီလိုနဲ့ “မြင်း” တွေဟာ ကျနော့်ဘ၀ထဲ ပြန်ရောက်လာ ခဲ့ရပြန်ပါတယ်။ “မြင်း” တွေကိုကြည့်ပြီး၊ “မြင်း” တွေရဲ့ ဘ၀ကိုတွေးပြီး၊ ရင်ထဲမှာ တမြေ့မြေ့နဲ့ခံစားရတဲ့ ကိုယ်ချင်းစာစိတ်ဟာ၊ “မြင်း” နဲ့ ပတ်သက်တဲ့ကဗျာနှစ်ပုဒ်ကို ဖတ်ရတဲ့အခါ ပိုပြီးတော့ကြေကွဲရပါတော့တယ်။

“ မြင်း ”
................
ပြေးနေကျအတိုင်းပြေးပေးနေတာပါပဲ
ဒါကိုပဲ
မြင်းလှည်းဆရာက ထုံးစံအတိုင်း
အသားလွတ်ကျာပွတ်နဲ့ရိုက်တယ်
မြင်း ခါးကော့သွားတယ်။ ကျွန်တော့ကျော နာသွားတယ်။

မိန်းမနဲ့စိတ်ဆိုးလာလည်း
မြင်းကိုပဲ ရိုက်တာပဲ။ ကျွန်တော့ကျော နာသွားတယ်

အရက်ဖိုးမရသေးလို့ စိတ်တိုလာလည်း
မြင်းကိုပဲ ရိုက်တာပဲ။ ကျွန်တော့ကျော နာသွားတယ်

မြင်းက ဒါ ၀ဋ္ဋ်ကြွေးလားလို့ တွေးတယ်။
ကျွန်တော်က လောကဓံလားလို့ တွေးတယ်

မြင်းက ဘယ်လိုလူတွေထဲ
ငါရောက်နေတာလဲလို့ တွေးတယ်။

ကျွန်တော်က ဘယ်လိုသတ္တ၀ါတွေထဲ
ငါရောက်နေတာလဲလို့ တွေးတယ်

မြင်းက ကွင်းပြင်ကျယ်ကြီးဆီ
ထွက်ပြေးချင်တယ်။

ကျွန်တော်က မိတ်ကောင်းဆွေကောင်းတွေဆီ
ထွက်ပြေးချင်တယ်

မြင်းက မြက်ဆာတယ်။
ကျွန်တော်က ထမင်းဆာတယ်

ပြေးမြဲ ပြေးနေရတာပဲ။
လမ်းလျှောက်မြဲ လမ်းလျှောက်နေရတာပဲ

မြင်းက အိုင်းစတိုင်းကို မသိဘူး။
ကျွန်တော်က အိုင်းစတိုင်းကို စိတ်မ၀င်စားဘူး

မြင်းက ထီးကိုမသိဘူး။
ကျွန်တော်က ထီးကိုမချစ်ဘူး

မြင်းက ဒေါ်လာပေါင်ကို မသိဘူး။
ကျွန်တော်က ဒေါ်လာပေါင်ကို မယုံကြည်ဘူး

မြင်းက တက်ကျမ်းကို မသိဘူး။
ကျွန်တော်က တက်ကျမ်းကို မဖတ်ဘူး

မြင်းဆိုတာ
ကြိုးတန်းလန်းနဲ့ နေရရုံသက်သက်ပဲလား
ခရီးသည်လှည်းကိုဆွဲပေးရုံသက်သက် သတ္တ၀ါတစ်ကောင်ပဲလား

မြင်းက ပိုပြီးမောလာတယ်။
ကျွန်တော်လည်း ပိုပြီးမောလာတယ်
မြင်းက သူ့ တင်းကုပ်ဆီ ပြန်ချင်နေတယ်။
ကျွန်တော်က ကျွန်တော့်အိမ်ဆီ ပြန်ချင်နေတယ်။

ဒီမြင်း
ပေကပ်ကပ်လုပ်တော့မယ်ဆိုတာ သိတာနဲ့တစ်ပြိုင်နက်
မြင်းလှည်းဆရာက
မြင်းရဲ့ ကျောပြင်ကို
သူ့ ကျာပွတ်နဲ့ အဆက်မပြတ်ရိုက်နေတော့တယ်
ကျွန်တော့ ကျောပြင်လည်း
အဆက်မပြတ် နာကျင်နေတော့တယ်။ ။
ကွန်စစ်ကောင်း

နောက်ထပ်ပြီး မြင်းနဲ့ပတ်သက်တဲ့ကဗျာတပုဒ်ကို ဖတ်ရပြန်ပါတယ်။

“ မြင်းဝါလေး ”
...........................
မချစ်လို့တော့ မဟုတ်ပါဘူးတဲ့
မြင်းတစ်ကောင်မို့ လှည်းဆွဲရမယ်
မသနားလို့တော့ မဟုတ်ပါဘူးတဲ့
မြင်းရှာတဲ့လုပ်အားကို မြင်းအတွက်သုံးစရာမလို
“မြင်းဇောင်းကောင်းကောင်းမလို
အစာအသင့်အတင့်ကျွေးရင် ကျေနပ်နေတာပဲ။

မြင်းဆိုတာ ခံနိုင်ရည်ရှိတယ်
တစ်နေကုန်ပြေးလည်း မပင်ပန်းဘူး
ပူလည်းဖြစ်တယ် အေးလည်းဖြစ်တယ်
လမ်းကြမ်းလည်း သံခွာရှိတယ်
တကယ့်ကို ချစ်ပါတယ်
မြင်းဖြစ်တဲ့အတွက်တော့ ဆက်ခိုင်းရမယ်
ပတ်ဝန်းကျင်ကိုမမြင်အောင် မျက်လုံးကိုဖုံးထားတယ်
ဝန်များများဆွဲအောင် နာနာရိုက်ရမယ်တဲ့
ကြိုးဆွဲရင်ရပ် တုတ်တို့ရင်ပြေး
သေသွားရင်တောင်
အမြီးလေးကို ခြင်ရိုက်တံအဖြစ် အမြတ်တနိုးသုံးဦးမှာတဲ့

မြင်းကတော့ မြင်းဖြစ်တဲ့အတွက် ဒါတွေမသိပါဘူး
ဆွဲစရာဝန်မရှိလို့ မြက်ခင်းတွေထဲ လွှတ်ပေးတဲ့နေ့ကပေါ့
ပျော်လွန်းလို့ ပြေးနေလိုက်တာ
ဟီသံတွေများ အ၀ါရောင်သန်းလို့ ။ ။
စိုးမိုးယံ

(ဂ)
“မြင်း” တွေအကြောင်း ရေးထားတဲ့ကဗျာနှစ်ပုဒ်က ကျနော့်ကို “မြင်း” တွေအကြောင်း ပြန်တွေးစေတယ်။ “မြင်း” တွေရဲ့ခွာသံကိုပြန်ပြီး ကြားစေတယ်။ အစာလျှော့ကျွေးရတော့မှာပေါ့လို့ပြောတဲ့ မြင်းလှည်းဆရာရဲ့အသံကို ကျန်ာမခံစားနိုင်ဘူး။ နှလုံးကွဲပြီးသေသွားတဲ့

“မြင်း” တကောင်ရဲ့ဘေးမှာ ကျနော်ရပ်နေခဲ့ဖူးတယ်။
“မြင်း” ဟာ တကယ်ပဲ ၀န်တင်လှည်းကိုဆွဲဖို့ သက်သက်ဖြစ်လာတဲ့ “ဖြစ်တည်မှုတခု” များလား။ မြင်းရှာလို့ရတဲ့ ပိုက်ဆံဖြစ်ပေမယ့် မြင်းစာ ကိုတော့ လျှော့ကျွေးရလိမ့်မယ်လို့ မြင်းလှည်းဆရာကို ဘယ်သူကများ အတင်းအဓမ္မပြောခိုင်းခဲ့တာလဲ။
ကဗျာတပုဒ်မှာ “ဆွဲစရာ ၀န်မရှိလို့၊ မြက်ခင်းတွေထဲ လွှတ်ပေးတဲ့နေ့ကပေါ့၊ ပျော်လွန်းလို့ပြေးနေလိုက်တာ၊ ဟီသံတွေများ အ၀ါရောင် သန်းလို့ …” ဆိုပြီး ဖတ်ရတယ်။ ဒီကဗျာကိုဖတ်ပြီးတော့ ကျနော်လည်း တချက်လောက် “ဟီ” ကြည့်ရရင် ကောင်းမလား။ ကျနော့် “ဟီသံ ” တွေဟာ အ၀ါရောင်သန်းမှ သန်းပါ့မလား။

ဒီိလိုနဲ့ မြင်းတွေအကြောင်း အတွေးလွန်ခဲ့ရင်းက ညတညမှာ အိပ်မက်ထဲ မြင်းတွေကိုထည့်မက်မိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အိပ်မက်က နိုးတော့ ကျနော့်ကျောပြင်ဟာ ကျိန်းစပ်လို့နေပါတော့တယ်။

No comments: