Sunday 20 November 2011

အမှိုက်လှည်းခြင်း အနုပညာ


PDFPrintE-mail
Written by မြေလတ်မောင်မြင့်သူ

ရွှေသွင်နီမြန်း၊ ပေါက်ဆူးပန်းတို့
ထူးဆန်းလှတင့်၊ ရိုးတံမြင့်နှင့်
ပွင့်ကြစီစီ၊ ကုံရာသီဟု...
(ဦးယာ)
ကုံရာသီက ယခုမှ ဆန်းစပင် ရှိပါသေးသည်။ သဘာဝ ပန်းချီကို ကြည့်လိုက်လျှင် နဂိုအလှ စိမ်းမြမြ သစ်ရွက်တို့ပင် မြရည်တစ်ဝက် ရွှေတစ်ဝက်ဖြင့် နွေရက်ကို လက်ယပ် ခေါ်နေသယောင် ထင်ရသည်။ မကြာမီ သစ်ရွက်ရော်ရီ ဣန္ဒနီဝယ် သီင်္ဂီတစ်ဝက် ဖက်၍ဆေးစုံ ခြယ် သောပုံကို ရင်ခုန်ငေးရီ အတွေးသီလို့ မ၀ခင် ရွက်ဝါနွေကြော့ လေအဆော့မှာ ကြွေပေါ့မကြာ ဝေ့၀ဲကာဖြင့် ချာချာလည်ရ ပေဦးတော့မည်။

ဤသို့ ရွက်ဝါဝေစ၊ ရွက်ခြောက်ကြွေစ နွေဘ၀ကို နွေအလှ နွေနိဒါန်းဟု မြည်တမ်းလျှင် မနက်ခင်း မြူခြည်ကို ဆွတ်နမ်း၍ လေစုန်ရာ အကြုံပါလာသည့် သင်းရှရှ ရနံ့ တစ်မျိုးကိုလည်း နွေရနံ့ဟု အမည်တပ်ရ လိမ့်မည် ထင်ပါသည်။ ချစ်သော နွေနှင့်အတူ ဖ၀ါးထပ် စမြဲဖြစ်သော ဥသြသံကိုမူ မကြားရသေး။ နားရည်ဝ နေကျ ချိုးကူသံ ချိုချိုကသာ အိမ်ရှေ့ မနက်ခင်းကို ၀င်းပပေးလေ့ ရှိပါသည်။ အိမ်ရှေ့ မဲဇလီ ပင်ပေါ်မှ အဖော်ကွဲ ချိုးကလေးက ဆင့်ကာဆင့်ကာ ကူနေပြီ ဆိုလျှင်တော့ ကျွန်တော်လည်း လမ်းလျှောက်ရင်း မေတ္တာ ဘာဝနာ ပွားရာက အိမ်ပြန်ရောက်လို့ အမှိုက် လှည်းတော့မည်။

ဤလည်း ကျွန်တော်၏ ပြုနေကျ နိစ္စဓူဝ ထဲက ၀ိသေသ တစ်ခုပါပေ။ မဲဇလီ ပင်ပေါ် မော့ကြည့်လိုက်ရာ တစ်ကောင်တည်းသော ချိုးကလေး ကတော့ ဘယ်ဆီ လွမ်းမိ တပ်မသိအောင် ကူ၍ကောင်းဆဲ၊ ချွဲ၍ကောင်းဆဲ၊ နွဲ့၍ကောင်းဆဲ။ တော်ပါသေး၏။ ဤချိုးကူသံ လေးကြောင့်သာ မဟုတ်လျှင်တော့ ဤနွေဦး မနက်ခင်းသည် လိုအပ်တာထက် ပို၍ အလှလျော့ကာ ရိုးတံ ပြိုင်းပြိုင်းနှင့် အရိုင်းပန်းချီ ဆန်သွားမည်မှာ သေချာ လှပါသည်။ အပင်မြင့်က ကျွမ်းပြန် ကျလာသည့် ကြွေရွက်ဝါတို့သည်သာ ချာချာ လည်ကာ ထိုမှာလည်း ဖြုတ်ခနဲ။ ဤမှာလည်း ဖြုတ်ခနဲ။ ထိုထိုဤဤမှာလည်း ဖြုတ်ခနဲနှင့် ရွက်ကြွေပွဲတော်ကြီး ကျင်းပနေသည့် အလား ထင်ရသည်။

နေ့စဉ် နံနက် ၅ နာရီမထိုးခင် ကျွန်တော် အိပ်ရာက ပုံမှန်ထလေ့ ရှိပါသည်။ ရေအိမ်ဝင်၊ ကိုယ်လက်သန့်၊ ပြီးမှ သောက်ရေတစ်ခွက် ခပ်၍ အ၀သောက်သည်။ ပြီးသော် ဘုရားဆောင် သန့်ရှင်းရေးလုပ်၊ ဆီမီးပူဇော်၊ သောက်တော်ရေကပ်၊ တစ်ဆက်တည်း မှာပင် အနန္တ ငါးပါးကို ဦးခေါင်း ထက်တွင်ပင့်၍ ကိုးကြိမ် ကန်တော့သည်။ သီလယူသည်။ ဘုရားရှိခိုးသည်။ ပရိတ်ရွတ်သည်။ ပဋ္ဌာန်းပစ္စယ၊ နိဒ္ဒေယ ပါဠိရွတ်သည်။ သည့်နောက် ပြုသမျှ ကုသလ တို့အတွက် ကိုယ့်စောင့်နတ်မှ အစ သဗ္ဗေ သတ္တာ ဝေနေယျာ အဆုံး မေတ္တာပို့သည်။ အမျှဝေသည်။

နာရီ ကြည့်စရာ မလိုပါ။ ၆ နာရီ ကွက်တိ။ လမ်းလျှောက်ထွက်မည့် အချိန်ပါပေ။ နာရီဝက်ခန့်က လမ်းလျှောက်မည် ဖြစ်သောကြောင့် မည်သည့် အကြောင်းမှ မတွေး။ မည်သည့် စာမျှရေးရန် မစဉ်းစား။ အိမ်ပေါက်ဝမှ စထွက် ကတည်းက ကိုယ်စောင့်နတ်နှင့် တကွ ဒေ၀တာ အားလုံးအပြင် ၃၁ ဘုံ ကျင်လည်ကုန်သော ဝေနေယျ အပေါင်းတို့အား ဦးစွာ ပင့်ဖိတ်သည်။ မိမိရွတ်ဆို ပွားများမည့် ဗုဒ္ဓ၀စနာများ၊ ဂါထာတော် များကို နာကြား နိုင်ကြရန် ဖြစ်သည်။ ခြေထောက်က ဟန်ချက်ညီညီ လမ်းလျှောက်ရင်း နှုတ်က ဗုဒ္ဓဂုဏ်တော်မှ စကာ ဗုဒ္ဓ၀စနာများကို ဆယ်မျိုး ဆယ်ကြိမ်ရွတ်သည်။ ဆယ်ခါ မေတ္တာပို့သည်။ မေတ္တာပွားသည်။

သည်အချိန်တွင် ကျွန်တော့် ကိုယ်စိတ် နှစ်ပါးသည် ယုံကြည်မှု၊ သစ္စာ၊ သတ္တိတို့ဖြင့် ပေါ့ပါးလန်းဆန်း နေသည်။ မည်သူမဆို မိမိလိပ်ပြာ လုံရန်အတွက် မိမိသစ္စာကို ယုံရဲရန် မလိုအပ် ပါလော။ ဤအချက်က အရေးကြီး ပါသည်။ မိမိသစ္စာကို ယုံရဲသော သတ္တိသည်သာ စွမ်းအင်ကို ဖြစ်စေ နိုင်သည်ဟု ကျွန်တော်ထင်သည်။ ထိုစိတ်ဖြင့် ဆယ်မျိုးဆယ်ခါ ကိစ္စပြီးသော် အိမ်ပေါက်ဝသို့ ပြန်ရောက်ပြီ။

အမှိုက်လှည်းရန် ပြင်သည်။ ဦးစွာ အိမ်ပေါက်ဝမှ အိမ်ရှေ့လမ်းမအထိ ရေဖျန်းသည်။ ရေဖျန်းလိုက်တော့ ဖုန်သိပ်သည်။ စိတ်လန်းသည်။ ရင်အေးသည်။ ပြီးမှ အမှိုက်များကို ဖွဖွညင်သာ လှည်း သည်။

သစ်ပင် ချစ်သူပီပီ အိမ်ရှေ့တွင် သစ်ပင်မျိုးစုံ စိုက်ထားသဖြင့် အရွက် ကြွေတော့လည်း မျိုးစုံအောင် ကြွေလေသည်။ ဖန်လုံအိမ် ကမ္ဘာကြီး၏ အရှိန်ကြောင့် နွေအပူသည် ခါတိုင်းထက် အစွမ်းပြမည့် နိမိတ်ပေလော မသိ။ သစ်ရွက်တွေက အကြွေစောသည်။ ပို၍လည်း ကြွေသည်။ သစ်ရွက်ဟူသည် အပင်ပေါ်မှာ စိမ်းစိမ်း မြမြနှင့်ယိမ်းက နေချိန်တွင် ကြည့်၍ လှသလောက် အရွက်ကြွေကျ အမှိုက်ဘ၀ ရောက်သည်နှင့် အလှပြယ်တော့ သည်သာ။

အမှိုက် ဘ၀တွင် လှည်းကျင်းသိမ်း ဆည်းမည့်သူ မရှိ၍ ရှုပ်ပွနေစဉ်မှာ အဓိပ္ပာယ် မဲ့သော်လည်း လှည်းကျင်း သိမ်းကျုံးပြီး လိုအပ်သည့် ချိုင့်ကျင်းထဲသို့ ဖို့သိပ်လိုက်သည့် အခါ စနစ်တကျ အဓိပ္ပာယ်ရှိ သွားပြန်ပါသည်။ မြေရှားသော မြို့သစ်ကလေး အတွက်တော့ အတော်ပါပေ။

“သိကြားမင်း ကြီးဟာ ဦးမာဃ ဘ၀တုန်းက အမှိုက်လှည်းတယ်၊ သန့်ရှင်းရေး လုပ်တယ်၊ လမ်းပြင်တယ်။ သည်းခံအားလည်း ကောင်းတယ်ကွဲ့”

အမှိုက်လှည်းတိုင်း ကျွန်တော့်ဘ ပြောနေကျ စကားများ။ ငယ်စဉ် ကတည်းက နားရည်ဝ ပြီးသား ဖြစ်ပါ၏။ ယခုနေ စဉ်းစားကြည့်တော့ ဦးမာဃ၏ စိတ်ထားနှင့် လုပ်အားသည် ထိုခေတ်၊ ထိုအခါ ကတည်းက ပရဟိတ သဘော သက်ဝင်နေကြောင်း သတိထား မိပါသည်။

ကျွန်တော့်ဘသည် နေ့စဉ် အမှိုက် လှည်းသည်ကို ၀ါသနာ ပါ၏။ သူ့အိမ်ဝိုင်း ထဲတွင်သာ မကပါ။ အိမ်ရှေ့ လူသွားလမ်းမ အထိ အမှိုက်လှည်း၏။ ဘအိမ်ဝိုင်းနှင့် အိမ်ရှေ့လမ်းကို ကြည့်လိုက်လျှင် အမှိုက်လှည်း ထားသည့် တံမြက်စည်း ခြစ်ရာတွေနှင့် သန့်ရှင်းသပ်ရပ် နေပုံမှာ မဟာ ပထ၀ီ၏ ဦးခေါင်းကို ဘိုကေဖြီးထား သလား အောက်မေ့ ရပါသည်။

ထို့ကြောင့် ကျွန်တော်လည်း ဘမျိုး ဘိုးတူသည် ထင်၏။ အိမ်ဝင်းအတွင်း အမှိုက်ရှုပ် သည်ကို မကြိုက် သကဲ့သို့ အိမ်ရှေ့လမ်းမနှင့် အိမ်ဝန်းကျင် ရှုပ်ပွ နေသည်ကိုလည်း မနှစ်သက် တတ်သူ ဖြစ်ပါသည်။ ထိုစိတ်ဖြင့် ဆိုင်ဆိုင် မဆိုင်ဆိုင် တတ်နိုင်သမျှ ရှုပ်သည်များကို ခုတ်ခဲ့သည်။ ရှင်းအောင် ပြုပြင်ခဲ့သည်။ ထိုသို့လုပ်ရင်း ကလည်း-
နာညတြဗောဇ္ဈ တပသာ၊
နာည တြိနြေ္ဒယသံဝရာ၊
နာညတြ သဗ္ဗ နိဿဂ္ဂါ၊
သောတ်္ထိံပဿာမိ ပါဏိနံ၊
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ...
ဟု နေ့စဉ် ရွတ်ဆို ပွားများ ခဲ့စမြဲ ဖြစ်ပါသည်။

သံယုတ် အဋ္ဌကထာမှ ပါဠိတော် ဖြစ်ပါ၏။ စုတိစိတ်ကျ ဂါထာဟုလည်း ခေါ်၏။ အချို့စာအုပ်တွင် အသက်ရှည် ဆေးဂါထာဟု မှတ်သား ရဖူး၏။ ကျမ်းစာအုပ်ငယ် တစ်အုပ်တွင် မြွေနိုင် ဂါထာဟု မှတ်သား ရဖူး၏။ နေ့စဉ်ရွတ်ဆို ပွားများလျှင် မြွေနှင့် အဆိပ်ရှိသော သတ္တ၀ါတို့သည် မျက်စိတစ်ဆုံး မမြင်ကွယ်ရာ အထိ ရှောင်ရှား ဝေးခွာ သွားကြသည်ဟု ဆိုပါသည်။

ကျွန်တော် နေထိုင်ရာ မြို့သစ် ကလေးသည် ရောက်စက နေရာတကာ မြွေတွေ့ရသည်။ အိမ်ဝန်းကျင် သာမက တစ်ခါတစ်ရံ အိမ်ဝိုင်း ထဲမှာပါ တွေ့ရသည်။ ယခုမူ မတွေ့မမြင် ရသည်မှာ အတော် ကြာပါပြီ။ အကျိုး တရားကတော့ နှစ်မျိုးစလုံး ကြောင့်ပင်ဟု ယုံကြည်ပါသည်။

အိမ်ရှေ့တွင် သစ်ပင်စိုက်၍ နေ့စဉ် အမှိုက်လှည်းသော အကျိုး ကျေးဇူးကြောင့် နှစ်စဉ် ကုသိုလ်ထူး တစ်မျိုးကိုလည်း အမြဲရရှိ ခဲ့ပါသည်။ အင်္ကြန် ရောက်လို့ နှစ်ဆန်း တစ်ရက်နေ့ ညနေတိုင်း ကျွန်တော့်အိမ်ရှေ့ သစ်ပင်ရိပ် မြေတလင်း တွင်သာ သံဃာတော်များကို ပင့်၍ အန္တရာယ်ကင်း ပရိတ်များ ရွတ်ဖတ်ကြ၍ ဖြစ်ပါသည်။

ထို့ကြောင့် ပရိတ် တရားပွဲ ဖြစ်မြောက်ရေး အကျိုးဆောင် ဦးနီတွတ်က-
“ဆရာမြင့် ကတော့ဗျာ။ သစ်ပင်စိုက်ပြီး နေ့စဉ် အမှိုက်လှည်း သန့်ရှင်းရေး လုပ်တဲ့ အကျိုးကြောင့် နှစ်သစ်ကူးတိုင်း သူများထက် ကုသိုလ် ပိုရတယ်ဗျာ” ဟု ပြောလေ့ရှိခြင်း ဖြစ်ပါသည်။

မည်သို့ပြောပြော သစ်ပင်စိုက်တော့ အရိပ်ရသည်။ အရိပ်တွင် ခရီးသွားများ နားခိုရတော့ သူတို့ အမောပြေ သကဲ့သို့ ကိုယ်လည်း အမောပြေသည်။ ငှက်ကလေးများ နားခိုဦး မည်လော။ သီချင်းဆိုကြဦး မည်လော။ ချစ်တင်းနှောကြ ဦးမည်လော။ ဤမျှမက အပူဒဏ်လည်း သက်သာသည်။ ဖုန်ဒဏ်ကိုလည်း ကာကွယ်ပေးသည်။ လူတို့ မလို အပ်၍ စွန့်လိုက်သည့် ကာဗွန်ဒိုင်အောက် ဆိုက်ကို သစ်ရွက်တွေက စုပ်ယူသည်။ လူတို့အတွက် လိုအပ်ချက် အောက်ဆီဂျင်ကို ပြန်ထုတ်ပေးသည်။ သစ်ရွက်ကြွေက မြေဆွေးအဖြစ် အသုံး ၀င်သလို မလိုအပ်သည့် သစ်ခက်၊ သစ်ကိုင်းက လောင်စာ ထင်းအဖြစ် သုံးနိုင်သေးသည်။

သည့်ထက် ကြီးကြီးကျယ်ကျယ် ပြောရလျှင် ဂေဟစနစ်ကြီး ပျက်ယွင်းမှု နည်းပါးစေရန် လူတိုင်း သစ်ပင်စိုက်ပျိုး ခြင်းဖြင့် တစ်နိုင်တစ်မ လှပသင့်ကြ ပါသည်။ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ ကိုယ့်အိမ်ရှေ့၊ ကိုယ့်လမ်းမ၊ ကိုယ့်ဝန်းကျင် စသည်ဖြင့် လူတိုင်း တစ်နိုင်တစ်မ စိုက်ပျိုးမှုများ၊ သန့်ရှင်းမှုများ လုပ်နိုင်သွား ကြလျှင် အတ္တဟိတမှသည် ပရဟိတ သဘောဆီသို့ အလိုလို သယ်ဆောင်သွား လိမ့်မည်ဟု ကျွန်တော် မျှော်လင့်သည်။

ထို့အတူ ဘုရား ကျောင်းကန်စေတီ များမှာ တံမြက်လှည်း အသင်းများ ရှိသကဲ့သို့ ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာလည်း စိတ်တူကိုယ်တူ အမှိုက်လှည်း အဖွဲ့၊ သန့်ရှင်းရေး အဖွဲ့ငယ်လေးများ ရှိလျှင် မကောင်းပေလော။ ထိုအထဲတွင် လူငယ်လေးများ များများပါဝင် စေချင်သည်။ ပြည်သူ့နီတိ အသိနှင့်အတူ ပရဟိတ အသိစိတ်လေး ၀င်သွား စေချင်သည်။ ထိုအခါ ပရဟိတ အကျိုးသည် လူ့ဘ၀ အဓိပ္ပာယ်ကို အကဲဖြတ်သည့် တန်ဖိုးဖြစ်ကြောင်း နားလည် လာလိမ့်မည် ထင်ပါသည်။ လုပ်ချင်စိတ်နှင့် လုပ်ဖြစ်အောင် အားထုတ်တတ်သည့် ၀ီရိယတော့ လိုပါလိမ့်မည်။

တစ်ခုတော့ ရှိပါ၏။ သစ်ပင်စိုက်လျှင် သစ်ရွက်ကြွေမည်။ သစ်ရွက်ကြွေလျှင် အမှိုက်ရှုပ်မည်။ အမှိုက်ရှုပ်လျှင် အမှိုက်ရှင်း ရမည်။ အမှိုက် လှည်းရမည်။ အမှိုက်လှည်းခြင်း အလုပ်ကိုလည်း ချစ်တတ် ရပါမည်။ ဤသည်မှာ အထူးသင် ယူစရာ မလိုသော အမှိုက် လှည်းခြင်းသိမှု၊ အမှိုက်လှည်းခြင်း အနုပညာ ဟု ခံယူသော် ရကောင်းမည်လော မသိပါ။

ဤမျှသာလော။ စဉ်းစားတတ်လျှင် တရားလည်း ရနိုင် ပါသေးသည်။ သစ်ရွက်များကို ကြည့်ကာ ဝေခြင်းကိုက ကြွေခြင်းလော။ တစ်နေ့ဝေလျှင် တစ်နေ့ ကြွေရမည်မှာ ဓမ္မတာလော။ ဤမမြဲခြင်း ကိုက မြဲခြင်း နိစ္စပေလော။ သို့တည်းမဟုတ် ဝေခြင်းနှင့် ကြွေခြင်းကြားက တဒင်္ဂ ကိုကော ဘ၀ဟု သတ်မှတ်လျှင် မရပေလော။ ထိုသို့ ဘ၀ဆို သည် တဒင်္ဂဟု အဓိပ္ပါယ်သိလျှင်-

“ငါက ဘာ။ ငါ့ပညာက ဘာ။ ငါ့ဥစ္စာက ဘာ။ ငါ့လင်က ဘာ။ ငါ့ မိဘက ဘာ။ ငါ့ဆွေမျိုးက ဘာဆိုတဲ့ ဘာမှ မဟုတ်တဲ့ “ဘာ” တွေဟာ ဘယ်လောက် ကြာမှာမို့လဲ။ နောက်တစ်ဘ၀ထိ ဆက်ကူး ဦးမယ်လို့ ထင်နေလို့လား” သို့သော် လူဆိုသည်က ခက်ပါသည်။ လောဘ ရမ္မက်များ အစွန်းထွက် နေသမျှ အသက်ကို ရွှေ့ရသမျှ ရွှေ့နေ ကြသလို အရှက်ကိုလည်း မေ့ရသမျှ မေ့နေကြ လေသည်။

သူများ စိတ်ကြည်၊ ကိုယ်စိတ် ကြည်နှင့် ၊တစ်လီနတ်ချစ်၊ ရောင်သစ်ဆင်းလှ၊ သေကာလမှာ၊ ရောက်ရ နတ်ပြည်၊ ဤငါးလီ၊ ရပြီ တံမြက်လှည်းခြင်း အကျိုးတည်း။ အမှိုက် လှည်းခြင်းသည် ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေး ရှုထောင့် ကကြည့်လျှင် ရုပ်ခန္ဓာ အတွက် ကြိုတင် ကာကွယ်သည့် ဆေးတစ်ပါး ဖြစ်သကဲ့သို့ အမှိုက်စင် သွားသည့် မြင်ကွင်း၏ ရသက စိတ်အာဟာရ အတွက် ခွန်အားတစ်ခု ဖြစ်ပါသည်။

မြတ်ဗုဒ္ဓသည် အမှိုက်လှည်းခြင်း အမှုကို လူမှုရေး ဆန်သော ယဉ်ကျေးမှု အသွင်ဖြင့် လက်ခံတော် မူခဲ့သည်။ ဗုဒ္ဓသာဝက ရဟန်းတော်များကို မပြု မနေရ တာဝန်အဖြစ် အချိန်ကာလ သတ်မှတ်ခဲ့သည်။

လပြည့်၊ လကွယ်နေ့များတွင် သိမ်အတွင်း ဥပုသ်ပြုရာ၌ သင်္ကန်းကို ဖုန်အညစ် အကြေး မပေစေရန် ဥပုသ် မပြုမီ တံမြက် လှည်းရမည်ဟု သတ်မှတ်ခဲ့၏။ မပြုလျှင် ဒုက္ကဋ် အာပတ်သင့်သည်။ ထိုကိစ္စတွင် ကျောင်းတိုက် နာယက မထေရ်ကြီးက တာဝန်ယူရ၏။ သင့်ရာ ရဟန်းကို စေခိုင်းရ၏။ အခိုင်း ခံရသော ရဟန်းက ငြင်းပယ်ခွင့် မရှိ။ သာသနာ တော်တွင် ဤမျှ အမှိုက်လှည်းခြင်း တန်ဖိုးကို အလေးထား ခဲ့သည်။

အမှိုက် လှည်းခြင်းနှင့် ပတ်သက်၍ မဟာ ဂန္ဓာရုံ ဆရာတော် အရှင်ဇနကာ ဘိဝံသ ပြောကြားခဲ့သည့် ဒီပဲရင်းဆရာတော် ဘုရားကြီး အကြောင်းက စိတ်ဝင် စားစရာ။ ဆရာတော်ကြီးသည် ကျောင်းတိုက်ထဲ လှည့်ပတ်သွားလာရင်း အမှိုက် ပုံလေးများ တွေ့သည်နှင့် ကိုရင်လေး များကို-

“ကိုရင်လေး လာစမ်းဟဲ့၊ ဟောဒီမှာ နတ်သမီးတွေ နတ်သမီးတွေ” ဟု မိန့်လေ့ ရှိပါသည်။

ထို့အတူ အဂ္ဂ သာဝကကြီး တစ်ပါး ဖြစ်တော်မူသော ရှင်သာရိပုတ္တရာ မထေရ်နှင့် လယ်တီ ဆရာတော်ကြီး တို့ ၏ အမှိုက် လှည်းခြင်းနှင့် ပတ်သက်သည့် အကြောင်းများ ကလည်း မှတ်စရာ ကောင်းပါသည်။

သို့ဖြစ်၍ ဆရာတော် အရှင်ဇနကာ ဘိဝံသက နံနက်တိုင်း သြ၀ါဒ ပေးရာတွင်-
“ဦးပဉ္စင်းတို့၊ ကိုရင်တို့ ဒီကပြန်ရင် ကိုယ့်ကျောင်းဝန်းကျင် သန့်ရှင်းရေး လုပ်ကြ။ ဒီအလုပ်တွေဟာ ဘုရားရှင် ချီးမွမ်းတော် မူတဲ့ အလုပ်တွေ ဖြစ်တယ်။ ခန္ဓာကိုယ်နဲ့ တကွ ပတ်ဝန်းကျင် သန့်ရှင်းနေရင် စိတ်ကြည်လင်တယ်။ စိတ်ကြည်လင်တော့ ဉာဏ်တွေ တက်လာတယ်။ ဉာဏ်တက် လာခြင်းရဲ့ အကြောင်းတွေပေါ့။ ပြီးတော့ မိလိန္ဒ မင်းကြီးနဲ့ ရှင်နာဂသိန်တို့ တစ်ဦးနဲ့ တစ်ဦး ခက်ခဲတဲ့ ပြဿနာတွေ မေးနိုင်ကြတယ်၊ ဖြေနိုင်ကြ တယ်ဆိုတဲ့ ပညာဟာ ဒီအမှိုက် တွေကို ရှင်းရာက စတာပဲ။ အမှိုက်ထဲက ရတယ် ဆိုပါတော့” ဟု မြွက်ကြား ခဲ့ခြင်းပင် ဖြစ်ပါသည်။

ပညာရှိ သူတော်ကောင်း တို့သည် အမှိုက်ကို အမှိုက်မှန်း သိကြပါသည်။ အမှိုက်နှင့် ရွှေကိုလည်း ခွဲခြား တတ်ပါသည်။ အမှိုက်ကို စင်အောင် ရှင်းတတ်မှုကြောင့် ရရှိသော ပီတိသုခက ရွှေနှင့်အမျှ ရသကို ပေးစွမ်းသည်ဟု နားလည် ကြပါသည်။

ပညာမဲ့ ဗာလတို့ မူကား အမှိုက်ကို အမှိုက်မှန်း မသိ။ ရွှေကို ရွှေမှန်းမသိ။ အမှိုက်နှင့် ရွှေကိုလည်း မခွဲခြားတတ်။ အတိတ်ကောင်း ကံမကုန် သေး၍ ပစ္စုပ္ပန်တွင် အလံလွင့် နေသော ဓနဂုဏ်၊ ရာထူးဂုဏ်၊ သြဇာဂုဏ် တွေကို အမှိုက်ပုံမှန်း မသိသောကြောင့် ယင်ကောင်ကဲ့သို့ အုံခဲ နေကြခြင်း ဖြစ်ပါသည်။

တံမြက်လှည်းရင်း အမှိုက်အကြောင်း အတွေးကွန်ရက် ဆက်သွားခြင်း ဖြစ်ပါသည်။ ကျွန်တော် နေ့စဉ် အမှိုက်လှည်း ပါ၏။ ထိုသို့ အမှိုက်လှည်းတိုင်း “ကိုယ်တိုင် လောကရဲ့ အမှိုက်တစ်စ ဘ၀ကို ဘယ်နှခါ ရခဲ့ဖူး ပါသလဲ” ဟု မတွေးမိသည် ကိုတော့ သံသယ ဖြစ်စရာ အကြောင်း မရှိပါ။

သို့သော်... ။
အခါခပ်သိမ်း မဟုတ်လျှင်သော်မှ မကြာခဏ ဆိုသလို ကိုယ့်ကိုယ်ကိုယ် မေးဖြစ်ခဲ့သော မေးခွန်းတစ်ခု ရှိခဲ့သည်ကိုတော့ ၀န်ခံရ မည်ပင် ဖြစ်ပါသည်။
“နေ့စဉ် ရုပ်အမှိုက် တွေကို လှည်းကျင်းသလို စိတ်အမှိုက် တွေကိုကော လှည်းကျင်းမိ ပါရဲ့လား”

ရုပ်အမှိုက်ကြောင့် လောင်သောမီးက ရုပ်ဝတ္ထုကိုသာ ပြာကျအောင် လောင်ကျွမ်း စေနိုင်သော်လည်း စိတ်အမှိုက်ကြောင့် လောင်သော မီးကမူ တစ်ဘ၀လုံး အနာတရ မဆုံးအောင် လောင်ကျွမ်း စေနိုင်၍ ဖြစ်ပါသည်။

အမှိုက်လှည်း၍ ရုပ်အမှိုက်တို့ စင်ပါ၏။
စိတ်အမှိုက် တို့လည်း စင်ရန် လိုအပ်ပါသည်။
မြေလတ်မောင်မြင့်သူ
(ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)

No comments: