Friday 18 November 2011

ရွေးကောက်ပွဲ ဆုံးဖြတ်ချက်နေ့ ဒေါ်အောင်ဆန်းစုကြည် အပိတ်မိန့်ခွန်း

by Tun Wai on Saturday, November 19, 2011 at 2:17am
NLD ပါတီမှတ်ပုံတင်ရေးနှင့်ရွေးကောက်ပွဲဝင်ရေးဆန္ဒပြုသည့် NLD CEC အစည်းအဝေးတွင်  ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့်မိန့်ခွန်း

http://soundcloud.com/demowaiyen/track-13618?utm_source=soundcloud&utm_campaign=share&utm_medium=facebook&utm_content=http%3A%2F%2Fsoundcloud.com%2Fdemowaiyen%2Ftrack-13618
(အသံဖိုင်)

ဒီနေ့ ဆိုလို့ရှိရင် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချရမှာ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်မျိုးဟာ အရင် နှစ်ခေါက် ချခဲ့ပြီးပါပြီ။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးတုန်းက တစ်ခါ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးတုန်းက တစ်ခါ ချခဲ့ပြီးပါပြီ။ အဲဒီ နှစ်ကြိမ်စလုံးကတည်းက ကျမ မပါခဲ့ပါဘူး။ ဒါဟာ သုံးကြိမ်မှာ ကျမ ပထမဦးဆုံးအကြိမ်ပါဝင်တာပါ။ 

ဘယ်လိုပဲ ဖြစ်ဖြစ် အရင် ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ပဲဖြစ်ဖြစ် အများရဲ့ ဆုံးဖြတ်ချက်ကို ကျမလက်ခံခဲ့ပါတယ်။ ကျမ သဘောတူတာ မတူတာက အဓိက မဟုတ်ပါဘူး၊ ကျမရဲ့ ဆန္ဒတွေ လည်းရှိပါတယ်။ကျမရဲ့ အမြင်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဒီမိုကရေစီနည်းအရ အများရဲ့ဆုံးဖြတ်ချက်ကို လက်ခံရမှာဖြစ်ပါတယ်။ အများရဲ့ ဆုံးဖြတ်ချက်ကို လက်ခံတယ်ဆိုတာ မည်ကာ မတ္တ လက်ခံတာကို ပြောတာ မဟုတ်ပါဘူး။ တကယ်ပဲ လက်ခံတယ်ဆိုရင် စိတ်ရောကိုယ်ပါ လုပ်ရပါမယ်။ ဆုံးဖြတ်ချက် မချခင်မှာ ကိုယ့်ရဲ့အမြင်ကို တင်ပြချင်သလို တင်ပြလို့ရတယ်။ ကိုယ်သဘောတူတာ မတူတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရပါတယ်။


ဒါပေမဲ့ ဆုံးဖြတ်ချက်ချပြီးပြီ ဆိုလို့ရှိရင် အဲဒီချမှတ်တဲ့ ဆုံးဖြတ်ချက် အတိုင်း စိတ်ရောကိုယ်ပါ လိုက်ပြီးတော့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီတာဝန်တစ်ခု ဖြစ်တယ်ဆိုတာကို ကျမ အားလုံးကို နားလည်စေချင်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ၀င်ရေးကိစ္စကို ကျမကိုယ်တိုင်လည်း သဘောတူခဲ့တာ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်ချတဲ့အထဲမှာ ပါဝင်ခဲ့တာလည်း မဟုတ်ပါဘူး၊ဒါပေမဲ့ အဖွဲ့ချုပ်က ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် အဖွဲ့ချုပ်ရဲ့လမ်းစဉ်အတိုင်း ကျမအားလုံးလုပ်ခဲ့ပါတယ်။


ရွေးကောက်ပွဲ ၀င်ရေးအတွက်ကို လက်မှတ်ထိုးပြီးတော့ လျှောက်ပါဆိုတာကို ကျမ လျှောက်ခဲ့တယ်။ ဒါပေမဲ့ ကျမကို ၀င်ခွင့်မပေးခဲ့ဘူး။ နောက်ပြီးတဲ့ အခါကျတော့ ၀င်ခွင့်မပေးခဲ့ပေမယ့်လည်း ဒီရွေးကောက်ပွဲမှာ အဖွဲ့ချုပ်ကနေ မဲထည့်ပါလို့ ပြည်သူတွေကို ဆော်သြခဲ့တဲ့အတွက် ကျမ အကျဉ်းကျနေစဉ်တုန်းက မဲထည့်ခဲ့ပါတယ်။ ဘယ်လိုမဆို ဒီမိုကရေစီကို လေးစားတဲ့သူတိုင်းဟာ တကယ်ပဲ ဒီမိုကရေစီစိတ်ဓါတ်ရှိတယ် ဆိုရင် အများရဲ့ဆန္ဒကို လေးစားလိုက်နာရမယ်ဆိုတာ အပြောနဲ့ မဟုတ်ပါဘူး၊ အလုပ်နဲ့ပါ။ နောက်ဆုံးကျတော့ စိတ်တွင်းကပါ လေးစားလိုက်နာရမှာပါ။


ဒီလိုလုပ်မှသာလျှင် ကျမတို့ဟာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နေတယ်လို့ ပြောလို့ ရမှာပါ။ ကိုယ်သဘောတူတဲ့ ကိစ္စ ဆုံးဖြတ်လို့ ကိုယ်က လိုက်လျောတယ်ဆိုတာ၊ ဒါ ဘာမှမထူးဆန်းပါဘူး။ လူတိုင်း လုပ်နိုင်တဲ့ ကိစ္စပါ။ အမှန်ပြောမယ်ဆိုရင် ဒီမိုကရေစီကို မနှစ်မြို့တဲ့သူတွေ၊ ဒီမိုကရေစီကို မလိုလားတဲ့သူတွေတောင်မှ သူတို့ လုပ်ချင်တာကို လိုက်လုပ်ဖို့ဆိုတာ ၀န်လေးတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ ခဲယဉ်းတဲ့ တာဝန်တစ်ခုဟာ ဒါပါပဲ။ ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကိုယ်လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ အများက ဆုံးဖြတ်ပြီဆိုလို့ရှိရင် ကောင်းကောင်းမွန်မွန် လိုက်နာရမှာ၊လေးစားရမှာ ဖြစ်ပါတယ်။ 


ဥပမာဆိုလို့ရှိရင် ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲကနေပြီးတော့ ရွေးထုတ်လိုက်တဲ့သူတွေကို အစိုးရအဖြစ် လက်ခံကြရတာပါ။ ဒီလို သမ္မတရွေးတယ်ဆိုပါတော့၊ သမ္မတရွေးတဲ့ နိုင်ငံတွေမှာ ဆိုလို့ရှိရင် ရွေးကောက်ပွဲက ရွေးထုတ်လိုက်တဲ့ သမ္မတကို တက်လာတဲ့အခါကျရင် ဒီသမ္မတကို မဲမပေးခဲ့တဲ့သူတွေကလည်း ဒါနိုင်ငံတော် သမ္မတလို့ လက်ခံရမှာပါ။


ဒါ ဒီမိုကရေစီနည်း အရ လုပ်ခဲ့လို့ရှိရင်။ ဒီလို ဒီမိုကရေစီနည်းအရ လုပ်ခဲ့လို့ရှိရင် ကိုယ့်ဘက်မှာ ရှုံးတဲ့အခါလည်းရှိမယ်။ ကိုယ့်ဘက်မှာ နိုင်တဲ့အခါလည်း ရှိမယ်ဆိုတာကို တစ်ခါတည်း လက်ခံထားရမှာဖြစ်ပါတယ်။ အမြဲပဲ နိုင်ချင်နေတယ် ဆိုတာတော့ ဒါ ဒီမိုကရေစီ စိတ်ဓါတ်မဟုတ်ဘူးဆိုတာတော့ အားလုံး ဆင်ခြင်သင့်ပါတယ်။ ဒီမိုကရေစီစိတ်ဓါတ်ဆိုတာ ဘာလဲဆိုတော့ လူတိုင်း လူတိုင်းဟာ ကိုယ့်အတွေးအခေါ်နဲ့ လွတ်လွတ်လပ်လပ် တွေးခေါ်ပိုင်ခွင့်ရှိပါတယ်။ 

အဲတော့ လူတွေ များတဲ့ အခါကျတော့ အတွေးအခေါ်ကလည်း အမျိုးမျိုးရှိတယ်။ သို့သော်လည်း ဒီဟာတွေကို ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာရမယ်။ ဆွေးနွေးညှိနှိုင်းပြီးတော့ ရှာတဲ့အဖြေကို အများရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမယ်ဆိုတာ။ ဒါက ဒီမိုကရေစီရဲ့ အနှစ်သာရပဲ။ ရိုးရိုးလေး ပြောလိုက်လို့ရှိရင်ဒါပါပဲ။ အဲတော့ ကျမတို့ ဒီမိုကရေစီ၊ ဒီမိုကရေစီဆိုတာ ပြောမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ ဒီမိုကရေစီနဲ့ ပတ်သတ်လို့ ရေးထားတဲ့ စာအုပ်စာတမ်းတွေက သောင်းမက သိန်းမကတောင်ရှိမယ်လို့ ထင်ပါတယ်။ အားလုံးကတော့ တစ်မျိုးစီ တစ်မျိုးစီပြောကြမှာပဲ။ အခြေခံကတော့ ဒါပါပဲ။ 


လူတွေက တစ်ယောက်နဲ့ တစ်ယောက်မတူဘူးဆိုတာ လက်ခံတယ်။ အတွေးချင်း မတူဘူးဆိုတာ လက်ခံတယ်။ ကိုယ့်အတွေးနဲ့ကိုယ် လွတ်လွတ်လပ်လပ်ရှိစေရမယ်ဆိုတာ လက်ခံတယ်။ ဒါပေမဲ့ ဒီမိုကရေစီ နည်းအရ အများရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမယ်ဆိုတာလဲ လက်ခံရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအတွက်ဆိုပြီးတော့ ထူထောင်ထားတဲ့ ပါတီတစ်ခုမှာ ဒီလို တာဝန်ရှိပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တကယ်တော့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားပိုင်ခွင့် ရှိခဲ့ရတဲ့အချိန်ဟာ အင်မတန်နည်းပါတယ်။ 

အနှစ် ၂၀ ကျော်ရှိပြီ၊အဖွဲ့ကို ထူထောင်ခဲ့တာ။ ဒါပေမယ့်လဲ တကယ်တော့ လွတ်လွတ်လပ်လပ် ဒီမိုကရေစီပါတီတစ်ခုအနေနဲ့ ဒိမိုကရေစီနိုင်ငံရေးပါတီ တစ်ခုအနေနဲ့ လုပ်ဆောင်နိုင်ခွင့်တွေ အင်မတန်မှ နည်းခဲ့ပါတယ်။ ဒီလိုနည်းခဲ့တဲ့အထဲက ကျမတို့ ရုန်းပြီးတော့ ရှင်သန်ခဲ့တာပါ။ အဲဒီအတွက်လည်း ကျမကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျမ ခဏခဏ အောင်မြင်ခြင်း တရားလေးပါးအကြောင်း ပြောပါတယ်။ 

ဆန္ဒ၊ ၀ိရိယ၊ စိတ္တ၊ ပညာ ဆန္ဒကတော့ရှိပြီးသားဆိုတော့ ဒါလက်ခံပါတယ်။ ကျမတို့ အဖွဲ့ချုပ်ကို ၀င်တဲ့သူတိုင်းဟာ ဒီမိုကရေစီကို ရချင်တဲ့ ဆန္ဒရှိလို့ ၀င်ကြတာပါ။ ၀ိရိယရှိလားဆိုတော့၊ ၀ိရိယရှိလို့လည်း အခု အနှစ် ၂၀ ကျော်ဆက်ပြီးတော့ ရှိနေကြတာဆိုတာ ကျမလက်ခံပါတယ်။ ပြီးတော့ ဘာကျန်လဲဆိုတော့ စိတ္တနဲ့ ပညာ။ ကျမတို့ ဒီမိုကရေစီ အတွက် ဆက်ပြီး ကြိုးပမ်းသွားတဲ့အခါမှာ မှန်ကန်တဲ့ စိတ်ဓါတ်မျိုးရှိဖို့ လိုပါတယ်။ ပညာလည်းရှိဖို့လိုပါတယ်။ အခုခေတ်ဟာ ပညာ၊ ဗဟုသုတ ခေတ်ကြီးပါ။ အဲတော့ ကျမတို့ ဘယ်လို ဆုံးဖြတ်ချက်ပဲ ချချ စိတ်ဓါတ်က မှန်ရမယ်။ အာဃာတ ကင်းလွတ်ရမယ်။ အဂတိ တရားတွေကနေပြီးတော့ ကင်းလွတ်ရမယ်။ အဲတော့ ကျမတို့ဟာ အဂတိတရားလေးပါးကနေ ကင်းလွတ်ပြီးတော့ ဆုံးဖြတ်ချက်တွေ ချရပါမယ်။

နောက်ပြီးတော့ ပညာ၊ ပညာနဲ့ သုံးသပ်ရပါမယ်။ ကျမတို့ အခုလုပ်နေတာဟာ နိုင်ငံ့ရဲ့အနာဂတ်အတွက် လုပ်နေတာပါ။ ပြီးတော့ နိုင်ငံ့ရဲ့ အနာဂတ်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ လုပ်နည်းလုပ်ထုံး နည်းတွေ အမျိုးမျိုးရှိတဲ့အထဲမှာ လက်တွေ့ကျကျ ဘယ်လိုနည်းတွေနဲ့ အခုချိန်အခါမှာ အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာကို၊ အဲဒါကို စဉ်းစားပြီးတော့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျမရဲ့အမြင်သဘောထားတွေကို ကျမနောက်ဆုံးမှ ပြောပါမယ်။ ဒီလို ဘာဖြစ်လို့ ကျမပြောတာလဲ ဆိုတော့ ကျမရဲ့ သြဇာကြောင့်မလို့ အားလုံးက ၀ိုင်းပြီးတော့ ဒီဘက်ကို ဖြစ်ဖြစ်၊ ဟိုဘက်ကို ဖြစ်ဖြစ် လိုက်ရမှာပဲဆိုတာကို ကျမက အပြောမခံနိုင်ပါဘူး။ 


ဒါကြောင့်မလို့ ကျမအနေနဲ့ ဘယ်လို သဘောထားရှိတယ်ဆိုတာကို အားလုံးဒီ စီစီတွေကနေ ဆွေးနွေးပြီးတဲ့ အခါမှာ ကျမပြောပါမယ်။ ဒါပေမဲ့ ဆုံးဖြတ်တဲ့နေရာမှာ ကျမခုနက ပြောသလိုပဲ ကျမတို့ လူတွေဟာ ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒရှိရေးအတွက် ကျမတို့ ယုံကြည်တယ်။ ၀ိရိယရှိတယ်ဆိုတာလဲ ယုံကြည်တယ်။ မှန်ကန်တဲ့ စိတ်ဓါတ်နဲ့ ပညာရှိပီပီ ချင့်ချင့်ချိန်ချိန် သေသေချာချာ အခြေအနေကို ဆုံးဖြတ်ပြီးတော့ မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ အဂတိတရားလေးပါး ကင်းဝေးစွာနဲ့ ဆုံးဖြတ်ချက်ချပါလို့ ကျမ အဲဒီလိုပဲ မေတ္တာရပ်ခံချင်ပါတယ်။ 


ဒါဟာ ကျမတို့ ပါတီရဲ့ အနာဂတ်အတွက် ကျမတို့ လုပ်နေတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီမိုကရေစီ လှုပ်ရှားမှု တစ်ခုတည်းရဲ့ အနာဂတ်အတွက်လည်း ကျမတို့ လုပ်နေတာမဟုတ်ပါဘူး။ ကျမတို့ နိုင်ငံရဲ့ အနာဂတ်အတွက် ကျမတို့ လုပ်နေတယ်ဆိုတာ၊ အဲဒါကိုတော့ စွဲစွဲမြဲမြဲ ခေါင်းထဲမှာ ထားစေချင်ပါတယ်။


တာဝန်သိသိနဲ့ ဆုံးဖြတ်ချက်ကို ချပါ။ ကိုယ့်တာဝန်ဟာ ကိုယ်မှန်တယ်ထင်တဲ့လမ်းကို ရဲရဲဝံ့ဝံ့လျှောက်ဖို့ ဒါက နံပါတ် တစ် ပါ။ ဒါပေမယ့် မှန်တဲ့လမ်းကို လျှောက်မယ်ဆိုတဲ့နေရာမှာ ဒီ ဒီမိုကရေစီပါတီနဲ့ တူတူ လက်တွဲမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ပါပြီးသားဆိုတာ မမေ့ပါနဲ့။ ကိုယ့်ရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ ဆုံးဖြတ်ချက် ဖြစ်စေကာမူ အများရဲ့ဆုံးဖြတ်ချက်ဆိုရင် စိတ်ရောကိုယ်ပါ တကယ့်ကို ထက်ထက်သန်သန်နဲ့ ဒီဆုံးဖြတ်ချက်ကို ထောက်ခံဖို့ အကောင်အထည်ဖော်ဖို့ လုပ်ပေးသွားစေချင်ပါတယ်။ အဲဒီလို လုပ်မှလဲ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေဟာ အောင်မြင်မှာ ဖြစ်ပါတယ်။ တစ်ယောက်တစ်ပေါက်လုပ်နေလို့တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ 

ကျမတို့ကတော့ မှန်ကန်တယ် ထင်လို့ရှိရင် စွန့်စားပြီးတော့ လုပ်ရမှာပဲ။ သို့သော်ငြားလည်း ကျမတို့အားလုံးဟာ ပုထုဇဉ် လူသားတွေမို့လို့ အမှားမရှိဘူးလို့ ပြောလို့မရပါဘူး။ ဆုံးဖြတ်ချက်တွေဟာ မှန်လည်း မှန်နိုင်တယ်၊ မှားလည်း မှားနိုင်တယ်။ ဒါပေမဲ့ အမှားဆိုတာလည်း ပြင်လို့မရတာ မဟုတ်ပါဘူး။ အမှန်ဆိုတာလဲ ငါမှန်ပြီဟေ့ဆိုပြီးတော့ ထိုင်ပြီးတော့ လုပ်နေလို့ ဆက်မှန်သွားမှာ မဟုတ်ပါဘူး။ တစ်ချိန်လုံး အခြေအနေကို တစ်နေ့နဲ့တစ်နေ့ သုံးသပ်သွားပြီးတော့ လုပ်သင့်တာကို ဆက်လုပ်သွားရမှာ။ 

ငါမှန်ပြီ၊ ငါတို့ မှန်ပြီ ဆိုပြီးတော့ ဆက်ပြီးတော့ ဒီ မှန်ကန်တဲ့အပေါ်မှာ တိုးတက်မှုရအောင် မလုပ်နိုင်ဘူးဆိုရင်လဲ ဒါဟာ ကုသိုလ်ထဲက အကုသိုလ်ဖြစ်တယ်လို့ပဲ ပြောရမှာပါ။ မှားတယ် ဆိုလို့ ရှိရင်လည်း ဒီအမှားအပေါ်မှာ အခြေခံပြီးတော့ သင်ခန်းစာယူပြီးတော့ ပြုပြင်သွားမယ်ဆိုရင် အကုသိုလ်ထဲက ကုသိုလ်ဖြစ်လာတဲ့ အမှားဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အားလုံးဟာ ရဲရဲဝံ့ဝံ့နဲ့ မှန်ကန်တဲ့ လမ်းလို့ ထင်တဲ့ လမ်းကို လျှောက်ဖို့ ပြင်ဆင်ကြပါ။ 


ကျမတို့ ဒီမှာ ပြောတဲ့ အခါမှာ ကိုယ့်ရဲ့အုပ်စုလေးအတွက် မဟုတ်ဘူး၊ ကိုယ့်မြို့နယ်အတွက် မဟုတ်ဘူး၊ ကိုယ့်တိုင်းအတွက် ကိုယ့်ပြည်နယ်အတွက် မဟုတ်ဘဲနဲ့ ကျမတို့ တစ်နိုင်ငံလုံးအတွက် စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်ချကြပါလို့ ကျမ မေတ္တာရပ်ခံပါတယ်။ ကျေးဇူးတင်ပါတယ်။


No comments: