Friday 4 November 2011

''ပျော်ရွှင်ပါစေ အချစ်ဆုံးယောက်ျားရယ်''


သူ့ခြေသံဆိုတာ သူမ သိသည်။ တိုးတိတ်ညင်သာပါသော်လည်း အိမ်ထဲဆီသို့ ရောက်နှင့်နေလေပြီဟု  အိပ်ရာကမထပါပဲ သိနေခဲ့သည်။ ပြောရမည်ဆိုလျှင် ရက်ပေါင်းတစ်ထောင်ကျော် အတူနေလာခဲ့ဖူးသည့် သူ့လှုပ်ရှားသံနှင့် သည်အိမ်က နေသားတကျဖြစ်ဖို့ လုံလောက်ခဲ့ပြီ။ ဖိနပ်သံသဲ့သဲ့က သူမအခန်းရှိရာ ဖြေး ဖြေးလျှေက်လာမှန်း ခန်းမှန်း၍ရနိုင်သည်။

ကျွီကျွီကျွီ.. အခန်းတံခါးပွင့်သံ  တွဲအီအီကြီးကိုကြားရသည်။ ရင်ထဲ၌ လှပ်ခနဲ့တုန်ခါသွားသည်။ ကုတင်ပေါ်ယဲ့ယဲ့လေး ထိုင်နေသည့်တိုင် လေထဲလွင့်သွားပြီလားဟု သူမထင်သည်။ ထိုခံစားမှုကား မင်္ဂလာဦးညခံစားမှုမျိုးနှင့် တူလှသည်။ သို့ကြောင့် ရက်သုံးဆယ်အတွင်း ပထမဆုံးပြန်လာသည့်သူ့အတွက် မင်္ဂလာဦးညကဝတ်ဆင်ခဲ့သည့် အကျီအားသူမဝတ်ဆင်ထားခဲ့သည်မှာ ယနေ့သူပြန်လာသည်အထိဖြစ်သည်။

စောင်တွေလုံးထွေးနေတဲ့ ကုတင်ကျယ်ကြီးပေါ်မှာ မတ်မတ်လေးထိုင်ဖို့ အားအင်မရှိသော်လည်း ရတတ်သမျှ ဆန္ဒစိတ်တို့ဖြင့်အားတင်းမိသည်။ သူ့ကို သူမတွေ့နေချင်သည်။ မြင်ချင်နေသည်။ သူဘာစဉ်းစားနေသည် မသိနိုင်သော်လည်း သူမထံ ဂရုဏာဖြင့်ကြည့်နေသည်ဟု ယုံချင်သည်။ဖြစ်စေချင်သည်။ 

တံခါးပြင်မှအလင်းကြောင့် သူမျက်နှာအား မြင်ခွင့်မရ။ သူမ၏ မောမောပန်းပန်းအသက်ရှူသံအား သူကြားလောက်သည်။ အခန်းတစ်ခုလုံးကား သူမ၏ အသက်ရှူသံပြင်းပြင်းမှလွဲ၍ ဘာမျှမရှိနေခဲ့။

သိပ်မကြာမီ ရှူးဖိနပ်သံ တစ်ဒေါက်ဒေါက်ပြုလျှက် အဝတ်အစားထားရာဘီရုံများထံ လျှေက်သွားသည်။ မည်သည့် နှုတ်ခွန်းဆက်သံမှ ထွက်မလာ။ သူမကား ပွယောင်းယောင်းညဝတ်အင်္ကျီရျည်အား ဖြူဖတ်ဖတ်လက်ဖုဝါးများဖြင့် တင်းတင်းရင်းရင်း ဆွဲဆုပ်နေသည်။

သူသည် အဝတ်ဘီရုံအားဖွင့်သည်။ မှင်တက်စွာကြည့်သည်။ ခေတ္တငေးငိုင်ပြီးနောက် ယောာက်ျားးဝတ်အဝတ် အစား တစ်ချို့အား ထုတ်သည်။ သူမကြည့်နေမည်ဆိုသည်ကို သူသိပါလိမ့်မည်။ သို့ကြောင့်ထင်သည်။သူ၏လှုပ်ရှားမှုများ စက်ရုပ်တစ်ခုပမာ အသက်မပါဟန် ရှိနေခဲ့သည်။ အသင့်ချိတ်ထားသည့် အဝတ်များကို ထုတ်သည်။ ဆက်တီပေါ်ဖြေးဖြေးတင်သည်။ နောက်တစ်ထည်ဆွဲထုတ်ပြန်သည်။ မကြာမီ မတ်မတ်ရပ်လျှက် ငေးမှိုင်သွားပြန်သည်။

''သားလေး ဒက်ဒီ့ဆီသွားလိုက်လေ သား.''..သူမအသံဖျော့သည်။
အနီးရှိ ငေးငေးကြောင်ကြောင်ဖြစ်နေသည့် သားအားလက်ဟန်ပြ၍  လေချောင်းသံလေးဖြင့်  ပြောသည်။
သည်ထက် ကျယ်ကျယ်ပြောဖို့ရာ ခွန်အားရှိမနေတော့။ ခန္ဓာကိုယ်၏ ဓာတ်ကြီးလေးပါးလုံး ချုပ်ငြိမ်းမတတ်ဖြစ် နေခဲ့သည့်အတွက် မရိုက်မပုတ်ပါပဲ နာကြင်ခြင်းတို့ပြည့်နေခဲ့သည်ပင်။ သားလေးသည် မိခင်စကားကြောင့် ဖခင်ထံမဝံ့မရဲစွာ ဖြေးဖြေးလျှောက်သည်။ ထို့နောက် ဖခင်၏ခါးအောက်ပိုင်းအား မှီနိုင်သမျှလှမ်းလျှက် တင်းကျပ်စွာပွေ့ဖက်ထားလေ၏။

ထိုမြင်ကွင်းအားကြည့်လျှက် သူမထံမှ အင့်ခနဲ့ ရှိုက်သံတစ်ချက်ထွက်လာသည်။ နှာရည်သုတ်သံနှင့်အတူ အီး ခနဲ့ ငိုချသံထပ်ကြားရသည်။ သူမကား ရှိုက်ကြီးတငင်ငိုလေပြီ။ တစ်စိမ့်စိမ့်ခံစားရသည့် ခံစားမှုမျိုးမဟုတ်။ ဆည်ရေ ကျိုးပေါက်ကျသကဲ့သို့ ဒလဟောကျလာသည့်ဖီးစီးမှု ငင်လေခြင်းဖြစ်သည်။ သို့သော် အိန္ဒြပျက်လောက်အောင် မဟုတ်ပါပဲ ယိုင်နဲ့နဲ့ကိုယ်အား ထိန်းမတ်အားပြုလျှက် ငိုချလိုက်ခြင်းပင်ဖြစ်သည်။ အနည်းဆုံး နှုတ်ဆက်မှုတစ်ခု သူမရသင့်သည်မဟုတ်ပါလား။ အသိအမှတ်ပြုခြင်း ခံစားသင့်သည်ပင်။

သူကား သားလေး၏ဆံပင်စတို့ကို ပွတ်ချေဆော့မြူလျှက် သူမထံ အရုပ်တစ်ရုပ်ကဲ့သို့ ခံစားချက်မဲ့စွာကြည့် နေခဲ့သည်။ တွေဝေနေသည့်မျက်နှာ၌ မည်သည့်ခံစားမှုအရိပ်အယောင်မျှမရှိ။ သနားခြင်း၊နာကြင်ခြင်း၊ ချစ်ခြင်းနှင့်မုန်းခြင်းစသည့်လက္ခဏာများ မတွေ့ဟု ထင်ရသည်။ ထိုသို့မဟုတ်လျှင်လည်း ထိုခံစားမှုလက္ခဏာများ ဖျက်စီးနှိပ်စက်ကြ၍ မျက်နှာပြင်ခံစားမှုတို့ ပျက်သုဉ်းခဲ့လေသည်လော မပြောတတ်နိုင်။

သူကြည့်နေသည့်အကြည့်တို့သည်ပင် သူမထံလား၊ သူ့ရင်ကိုသူကြည့်ခြင်းလား အဘယ်အရာနည်းသိရန် ခက်လှသည်။ မကြာမီပင် သားလေးအား ဆက်တီပေါ်သို့ညင်သာစွာထိုင်စေခိုင်းလျှက် အဝတ်ဘီရိုရှိရာထံ ပြန်လှည့်သည်။ အနည်းငယ်စဉ်းစားဟန်ပြုလျှက် လိုအပ်သည့်တို့အား ထုတ်ယူပြန်သည်။ ထို့နောက် တစ်ဒေါက်ဒေါက်အသံပြုလျှက် အိပ်ခန်းဝင်ဝဆီလျောက်သွားပြန်သည်ကို သူမ၏ မျက်ရည်လျှံသော မျက်ဝန်းများဖြင့် ဝိုးဝါးစွာမြင်နေရဆဲ။

''ရှင်ကွန်မကို ထားသွားတော့မှာပေါ့...ထားသွားတာသေချာပြီပေါ့နော်'' တစ်ဆတ်ဆတ်တုန်ခါနေသည့် သူမ၏စကားတွတ်တိုးသံအား သူကြားမည်မဟုတ်ချေ။ အသံစတို့ကား ကိုယ်တိုင်၏နားဝထံ မရောက်နိုင် လောက်အောင်ပင် တိုးညှင်းလွန်းသည့် ရေရွတ်သံတစ်ခုသာဖြစ်ခဲ့သည်။ ခန္ဓာထဲရှိ နှလုံးရောဂါပိုးမွှားတို့ သူမအားနှိပ်စက်ကလူပြုလေပြီကို သူမသိနေခဲ့ပြီ။

ရင်ထဲမှစကားသံတို့အား သူကြားအောင်ပြောနိုင်ဖို့အင်အား အမှန်တကယ်ရှိမနေတော့ပါ။ ရှိခဲ့သည့်တိုင် ပြောဖြစ်မည်မဟုတ်တော့။ အသည်းနင့်အောင်ချစ်ရသူ၏ ထွက်ခွာခြင်းမှာ သည်ထက်နာကျင်စေဖို့ ဆန္ဒမရှိ။ ခွင့်လွှတ်ချင်ခြင်းသည် သူမ၏မေတ္တာတရား။ စစ်မှန်သောမြတ်နိုးခြင်းဟု သူမယုံကြည်သည်။ သူသိမြင် နားလည်နိုင်လိမ့်မည် သို့မဟုတ် နားလည်စေချင်သည်တော့ သေချာသည်။

မျက်လုံးအစုံအား အားယူညစ်၍ ပိတ်လိုက်သည်။ မျက်ရည်စီးကြောင်းတို့ကား ပါးပြင်တစ်လျှောက် ပူနွေးစွာ စီးဆင်းသွားသည့်နောက် မောပန်းဟန်ဖြင့် ခေါင်းအုံပေါ်ပစ်လဲကျသွားတော့သည်။

သူသည် အိပ်ခန်းဝ၌ထားခဲ့သည့်လက်ဆွဲအိတ်အား ဆွဲယူလျှက် ဖိနပ်သံ တစ်ဒေါက်ဒေါက်ပေးကာ ဝင်လာပြန်သည်။ ရွေးထုတ်ထားသည့် အဝတ်အစားနှင့် ပစ္စည်းတစ်ချို့အားထည့်သည်။ ဘေးဘေးညာဘက် များဆီ ရွေ့ရှားမှုပြုပြီးနောက် စားပွဲတင်ဓာတ်ပုံတစ်ချို့အားယူသည်။ မကြာခဏ ရပ်တန့်စဉ်းစားခြင်းတို့ကို ပြုလုပ်သေး၏။ တစ်စုံတစ်ခုသောသည် သူ့အား ထိုသို့ ရပ်ချည်ပြုချည်ပြုနေသယောင် ရှိသည်။ အခန်း ကျယ်ကြီး၌ကား အပ်ကျသံမျှပင်မကြားရ။ မကြာခင် အံဆွဲဆွဲဖွင့်သံ၊ပစ္စည်းမွှေနှောက်သ၊ံ လက်ဆွဲအိတ်ထဲ ထည့်သံ၊ ဇစ်ဆွဲသံတစ်ချို့ကြားရသည်။

မနိုင်နင်းနိုင်သောခန္ဓာကိုယ်အား အလွန်ဖြေးလေးသောဟန်ဖြင့် အသာအယာပြင်လှဲအိပ် ခြေဆင်းနေသည်။ သူမ၏ ဖျော့တော့သောမျက်နှာ၌ သွေးရောင်တို့ရှိမနေခဲ့တော့။

တတ်နိုင်သမျှအသက်မှန်မှန်ရူ လျှက် မည်သည့်အချိန်ကရေး ထားသည် မသိရသော အေဖိုးဆိုက် စာရွက်တစ်ရွက်အားထုတ်သည်။ စာကားခေါက်ထားခြင်းမရှိ။ ထိုစာအားမျက်ရည်တို့လျှံနေသော မပွင့်တပွင့် မျက်လုံးများဖြင့် အတန်ကြာဖတ်ပြီးနောက် နာကြင်မှုတို့အုပ်မိုးထားသည့်မျက်နှာမှ အပြုံးရိပ်သန်းသော ကျေနပ်မှုဟန်ကိုတွေ့သည်။

သည်စာသည် သူမထံသို့ သူနှုတ်ဆက်အနမ်းလာပေးခဲ့လျှင် အပြုံးသန့်သန့်ဖြင့် ပေးရန်ရေးထားခြင်းဖြစ်သည်။ပြီးလျှင် သူ့နဖူးလေးအား အရင်လိုတစ်ချက်နမ်းမည်။ ဒါဆိုလျှင် လုံလောက်ပါမည်။ သို့သော် ထိုအတွေးတို့ လက်တွေ့အကေါင်အထည်ဖြစ်လာဖို့ မမျှော်လင့်ဝံ့။ သို့သော်လည်း သူပြန်လည်မထွက်ခွာခင်ထိ စိတ်၌ ရှိနေဆဲ။ သည်နောက် ခြေနှစ်ဘက်ကိုစင်းလိုက်ပြီး သားလေးနှင့် သူရှိရာဘက်ဆီကျောပေးလျှက် ညင်သာစွာ မှေးချလိုက်တော့၏။

အိပ်ခန်းကားတိတ်ဆိတ်မြဲတိတ်ဆိတ်လျှက်။
ပစ္စည်းသိမ်းသံတစ်ချို့တိတ်ဆိတ်သွားပြီးသောခဏတာသည် တစ်ဘဝတာမျှကြာလွန်းလှသည်ဟု သူမထင်သည်။ သို့တစေ တစ်မိုးတည်းအောက်၌ ခေတ္တအတူရှိနေရခြင်းကို အဆိုးထဲကအကောင်းဟု သူမဆိုချင်သေး၏။သားလေးအဖေသည် သူမထံလှမ်းကပ်လာလိမ့်မည်။ နောက်ဆုံးနှုတ်ဆက်ခြင်းသို့မဟုတ်  နောက်ဆုံးထိတွေ့ ဆုပ်ကိုင်ခြင်း၊ သို့တည်းမဟုတ် နောက်ဆုံးနှင့်အတောင့်တဆုံး အနမ်းတစ်ခုအား ပြုလုပ်ပေးလိုက်မည်ဟု ယုံနေဆဲဖြစ်၏။

သူထွက်သွားသည့်နေ့ကတည်းက ဝတ်ဆင်ထားခဲ့သည့်မင်္ဂလာဦးည ဝတ်စုံသည်ပင် သူမ၏ စိတ်ခန္ဓာနှင့်အတူ နွမ်းဖတ်ကြေတွနေသည်ကို မြင်ပါလိမ့်မည်။ သူသည်လည်း သူမတခုတ်တရပြောပြတတ်သည့် နှစ်ဦးသား စတင်တွေ့ဆုံစဉ်ကဝတ်ဆင်ခဲ့သည့် ဂျင်းပန်အပြာနှင့် စပို့ရှပ်မီးခိုးရောင်ဖျော့ဖျော့ ဝတ်ဆင်ထားမှန်း အလွတ် ရနေသည့် မျက်လုံးများဖြင့်သိရှိခဲ့ပြီးသား။ သည်အတွက်သူမကျေနပ်မိသည်။

ယခုတော့ နောက်ဆုံးလမ်းခွဲခြင်းဝတ်စုံအဖြစ်ပါ အကျုံးဝင်ပေဦးမည်မို့ ရင်သည် တစ်စစ်ကိုက်ခဲနာကြင်မှုပိုရသည်။

အခိုက်အတန့်သည် မည်မျှတိတ်ဆိတ်လေသည်မသိ။  ဒေါက်ဒေါက်ဒေါက်  သူ့ဖိနပ်သံကြာက တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သကဲ့သို့ ရင်၌ ထိတ်ကနဲ့မြည်ဟည်းသွားခဲ့သည်။ သူမထံ လာလေပြီလား။ အာရုံစုစည်းခံစားဖို့ မသိတတတ်နိုင်တော့။ ချိနဲ့လွန်းသည့်အားအင်ကြောင့် နားအစုံမှ လေတစ်ချို့ပြေးထွက်နေခဲ့သည်။ တလှပ်လှပ် မောလာသည်။ ရေးထားသည့်စာရွက်အား တင်းတင်းရင်းရင်းဆုပ်ကိုင်ထားသည်။ ရင်ဘတ်ထထဲနေရာတစ်ချို့နှင့် ဦးခေါင်းတစ်ခုလုံး ပူလောင်ကိုက်ခဲမှုဖြစ်လာသည်။ သူမအသက်ရှူမဝခဲ့တော့။

ဒေါက်ဒေါက်ဒေါက်
စိတ်ဝိဥာဉ်ဖြန့်လွင့်နေခဲ့သည်။ လျှောက်လာသည့်ခြေသံသည် သူမထံနီးကပ်လာသလော၊ ဝေးသွားသလော
ဝေခွဲမရတတ်နိုင်ခဲ့။ ဖိနပ်သံတစ်ဒေါက်ဒေါက်သည် သူမ၏ ပစ္စပက္ခနှလုံးခုန်သံအား ကြီးလေးစွာထိန်းချုပ်၍
ကစဥ့်ကလျားသို့ငင်လေပြီတည့်။ ထိုအသံသည်သာ နောက်ဆုံးကိုးလင့်ရာဟု သူမသိရှိခဲ့သည်။
နောက်ထပ်မရှိတော့။ ခေါင်းထဲစူးခနဲ့ထိုးသွားသည်။
''အော်..ယောက်ျားရယ်၊ အားလုံးကျွန်မရဲ့ ချွတ်ယွင်းချက်တွေပါ.. ရှင့်ကိုမပြုစုနိုင်ခဲ့ဘူး ရှင်နဲ့အတူချစ်ရည်လူးခွင့် မရနိုင်တော့တဲ့အတွက်ခွင့်လွှတ်ပါ..ရှင့်လိုအပ်ချက်တွေဖြည့်ပေးနိုင်ရာသို့ သွားပါ..ခွင့်ပြုပါတယ်..ဒါပေမယ့် နောက်ဆုံးအနမ်းလေးတစ်ခုသာ ပေးခဲ့ပါရှင်.ဒါမှမဟုတ် .ကျွန်မကို နာကျင်အောင်တစ်ခုခုပြောခဲ့ပေးပါရှင်''
နှလုံးအိမ်မှ နှလုံးရောဂါ၏ အကျိုးဆက်တစ်ခုအဖြစ် တင်းတင်းရင်းရင်းခံစားရသည်။

လက်ဖုဝါးတို့ ခံစားမှုမဲ့စွာ ဖြူရော်ထုံထိုင်းနေခဲ့သည်။ ကမ္ဘာပျက် သလောက်မျှပင်မြည်ဟည်းသည် ထင်ရသော ဖိနပ်သံ တစ်ဒေါက်ဒေါက်သည် ဝေးသထက်ဝေးသွားသည့် သကာလ၌ အာခေါင်တစ်ခုလုံးခြောက်ကပ်သွားသည်။ ဆာလောင်မွတ်သိပ်ခြင်းကဲ့သို့ ခံစားမှုသည် ပူလောင်ခြင်းတို့ပေါင်းလျှက် ဆည်တံမံကျိုးကျသည့်နှယ် သူမအားအရှိန်ပြင်းပြင်း ဝင်ဆောင့်သည်။

မကြာသောစက္ကန့်ဆိုး၌ ''ဂျိမ်း''  ဟူသည့် အိပ်ခန်းတံခါးပိတ်သံ ထွက်ပေါ်လာခဲ့၏။ သေမင်းခေါ်သံပမာ
ခံစားရ ခက်လွန်းလှပါဘိခြင်း။ ထိုအသံနှင့်အတူ သူမ၏ခန္ဓာကိုယ်သည် တွန့်ခနဲ့ လူးလွန်းသွားသည်။ သောကတို့ပျော်ဝင်နေသည့်မျက်ရည်ပူများ တလဟောစ်ီကျလာသည်။ မျက်လုံးအားအစွမ်းကုန်မှိတ်လျှက် လက်ထဲမှစာရွက်အား အားရှိဖျစ်ညှစ်လေသည်။

 ''အီးဟီး''    စုစည်းငိုရှိုက်သံ တို့သည် တစ်ကိုယ်လုံးရှိ အားအင်တို့ဖျစ်ညှစ်ခြင်းနှင့် နှာရည်သံရွှဲကျိတို့
အတူရောပွမ်းထွက်လာ ခဲ့သည်။ ထိုခဏ၌ တင်းရင်ထားသောခန္ဓာကိုယ် ပျော့ဆင်းသွားသည်။ မျက်လုံးများပွင့်မလာခဲ့တော့။

နှလုံးကြေကွဲမှုကြောင့် လှုပ်ခတ်မှုရပ်သွားခဲ့သည်။ သောကဒဏ်ကြောင့်  ကျနေသောမျက်ရည်တို့ စီးဆင်းမှုရပ်သွားခဲ့သည်။ ဇီဝလှည့်ပတ်မှုချုပ်ငြိမ်းလေသောကြောင့် သူမ၏ဝိဥာဉ်လွင့်ထွက်သွားလေပြီတည့်။ သူမ သေဆုံသွားလေပြီ။ သူမချစ်သောယောက်ျား၏ ခြေသံနှင့်အတူ အသက်ဝိဥာဉ် ပျေက်ကွယ်သွားလေပြီဖြစ်သည်။

သားလေးကား နားလည်နိုင်စွမ်းမရှိစွာဖြင့် သူမထံလာရောက်ပွေ့ဖက်သည်။ လက်ထဲမှစာရွက်အား မဖတ်တတ်နိုင်သော်လည်းဆွဲယူဖြန့်ကြည့်သည်။
မကြာသောမိနစ်ပိုင်းများ၌ မိခင်၏ ဝိဥာဉ်ကင်းသောခန္ဓာကိုယ်အား ပွေးဖက်လျှက်အိပ်ပျော်သွားလေတော့သည်။


ပြူတင်းတံခါးမှလေအဝင့်တွင် စာရွက်လေးလွင့်ဝဲကျလာသည်။
သူမရေးထားသည်ကား "ဘဝသစ်မှာ အချစ်သစ်နှင့် ပျော်ရွှင်ပါစေ အချစ်ဆုံးယောက်ျားရယ် " ဟူ၍ဖြစ်လေသည်။

(ကြည့်ခဲ့ဖူးသော ဥရောပမှ ငါးမိနစ် ဇာတ်လမ်းတိုလေးအား မှတ်မိသလောက် ခံစားရေးဖွဲ့ ထားခြင်းဖြစ်သည်။)

မုတ်သုံမိုးဦး
3:12 PM 11/4/2011

No comments: