Sunday 20 November 2011

အမြင်၊ အသိ၊ လက်မခံနိုင်ခြင်းထဲက အနာဂတ်သို့ ခြေတစ်လှမ်း


၁၈.၁၁.၂၀၁၁ နေ့ကချမှတ်လိုက်တဲ့ အချက်နှစ်ချက်ဖြစ်တဲ့ NLDပါတီမှတ်ပုံတင်ရေးနှင့်  ရွေးကောက်ပွဲဝင်ခြင်း ဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ချို့က ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် အလိုတူအလို ပါ ပေါင်းစည်းလိုက်ပြီ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်ခံလိုက်ပြီလို့ ဆိုကြပါတယ်။

ကျွန်တော့်အမြင်ကတော့ အဲဒီလိုပြောဆိုချက်တွေဟာ တစ်ဘက်သတ်ဆန်ခြင်းဖြစ်တယ်လို့ ဆိုချင်ပါ တယ်။ အမြင်မှာ မှတ်ပုံတင်ဖြစ်ပြီဆိုကတည်းက လက်ရှိအခြေခံဥပဒေကို ထောက်ခံရာရောက် သလို ရှိပေမယ့် ဦးတည်ချက်က ပြည်သူကိုဖြည့်ဆည်းပေးဖို့ ခြေတစ်လှမ်းဆိုတာ မြင်သာပါတယ်။

ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာဟာ လက်ရှိအစိုးရနဲ့ တသွေးတသား တည်းပေါင်းစည်းတာလည်း မဟုတ်ပါဘူး။ မူပိုင်ရပ်တည်ချက်ရှိတဲ့အတိုင်း ဖွံ့ဖြိုးရေးလမ်းပေါ်ကို တိုင်းပြည်အတွက် ရသလောက် ၊ ဖြစ်နိုင်သလောက် လုပ်ရင်း သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့သွားကြမှာပါ။ ဘာပဲလုပ်လုပ် လုပ်သမျှ တိုင်းပြည်အတွက်ပဲဆိုတာ နားလည်လို့ရ နိုင်ပါတယ်။

အတိတ်တွေကို ခွဲခြမ်းစိတ်ဖျာပြီး မတူညီတာတွေကို အငြင်းပွားနိုင်ကြပါတယ်။ စစ်တိုက်ရင် မဟာဗျူ ဟာတွေပြောင်းလဲ ကျင့်သုံးတတ်ရပါတယ်။ အခြေအနေ အချိန်အခါလိုက်ပြီး တိုက်စစ်ဆင်ရပါတယ်။ ဦးတည်ချက်ကတော့ အတူတူပါပဲ။ တိုင်းပြည်အတွက် ပေးဆပ်တာဝန်ယူခြင်းပါပဲ။ ပြည်သူအတွက် တိုက်ခိုက်ခံ ရပ်တည်ခြင်းပါပဲ။

လက်ရှိမှာ အစိုးရမကောင်းခဲ့တာရော မကောင်းသေးတာတွေပါ ဝေဖန်ပိုင်းခြား သုံးသပ်နိုင်ကြပါတယ်။ ချွတ်ယွင်းချက် တွေဖြစ်ခဲ့တယ်၊ လိုအပ်ချက်တွေ အများကြီးလိုနေပါသေးတယ်။ အားလုံးသိကြတယ်။ အစိုးရကကောင်းတာလေး အသေးအမွှား လုပ်ပြရင် ကိုယ့်ဘက်ကလည်းလုပ်နိုင်တဲ့ အခွင့်အရေးလေးနဲ့ လည်း သေးချင်သေးပါစေလုပ်ခွင့်ရှိရင်. လုပ်ပေးနိုင်ပါတယ်။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အဲဒီကောင်းကျိုး တရားတွေကို ပြည်သူတွေခံစားသင့်တယ် မဟုတ်လား။

စဉ်းစားကြည့်နိုင်ပါတယ်။ တိုက်ဆိုင်ဝေဖန်ကြည့်နိုင်ပါတယ်။ ချိန်ထိုးကြည့်နိုင်ပါတယ်။ ဘယ်လိုပဲ ဆန္ဒ သဘောမတူသူ တွေရှိနေပေမယ့် အင်မတန်ယိုင်လဲနေတဲ့ အိမ်အိုကြီးကို အစအဆုံးပြန်ပြင်ဖို့ မဖြစ်နိုင်သေးခင် ရတတ်သမျှနဲ ကျားကန် ထားရမှာပါပဲ။ အိမ်ကို ပိုကောင်းစေချင်တဲ့စေတနာ ပါတဲ့ ကာင်းတဲ့ဆောင်ရွက်ချက်တွေ ကို အသိအမှတ်ပြုပေးရမယ်လို့ ယူဆထားပါတယ်။

အိမ်သစ်ကို လူတိုင်းမျှော်မှန်ပါတယ်။ လူတိုင်းလည်းတည်ဆောက်ချင်ပါတယ်။ အခြေခံအဆောက် အဦးကြီးကို တစ်ကယ်ဖြိုချ နိုင်မလားဆိုတာ ရှိပါသေးတယ်။ ဖြိုချဖို့ကြိုးစားထင်မြင်ရင်း၊ အတိုက် အခံပြုစောင့်စားရင်းနဲ့ လူ့သက်တမ်းတွေ အများကြီးမကုန်ဆုံးစေ သင့်တော့ပါဘူး။ ဖြစ်လည်းမဖြစ် သင့်တော့ဘူးလို့ မြင်နိုင်ပါတယ်။ လုံးဝဝေးနေတာနဲ့စာရင်  လူတုအနေနဲ့ ရသင့်ရထိုက်တဲ့ အိမ်စုတ်လေးပဲဖြစ်ဖြစ် ရသင့်တယ်လို့ မြင်တာပါ။

ကျွန်တော်ဆိုလိုချင်တဲ့ .လက်ရှိအပြောင်းအလဲကို ထောက်ခံခြင်းဟာ ဒီအမြင်အတိုင်းပါပဲ။  အတိတ်တွေကိုတူးဖော်ပြီး စာအုပ်ကြီးတွေလှန် ဖတ်နေမယ့်အစား နိုင်ငံအပြောင်းအလဲအတွက် ပရဟိတစိတ်လေး ထားကြစေချင်တယ်။ အများ အကျိုးအတွက် ရတဲ့အခွင့်လေးနဲ့ ကျားကုတ်ကျားခဲ ချီတက် သွားကြဖို့ပဲ ဖြစ်စေချင်ပါတယ်။ တိုးတက်မယ့် လုပ်ဆောင် ရေးကိုပဲလိုချင်ပါတယ်၊ မြင်ချင် ပါတယ်။ တိုးတက်တဲ့ အဆိုးမြင်ခြင်းကိုတော့ လက်မခံချင်ပါဘူး။ အစိုးရရဲ့မူဝါဒကို လက်ခံ လိုက်ခြင်း မဟုတ်ပါဘူး။ မတတ်သာတဲ့ အနေအထားမှာ ကျလာမယ့်  ပြည်သူ့အကျိုးဖြစ်စေနိုင်တာကို ခံစားရ မယ့်ပြည်သူ တစ်ယောက်အနေနဲ့ ကြိုဆိုထားတာပါပဲ။

ပြောရရင် ပါတီနိုင်ငံရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီပဲဖြစ်ဖြစ် လုပ်သင့်လုပ်ထိုက်တာကို အများအကျိုး နိုင်ငံ အကျိုးအတွက်လုပ်ရမှာပါပဲ။ ပါတီမရှိတဲ့နိုင်ငံရေးလည်းမရှိပါဘူး။ ပါတီစွဲမရှိတဲ့ နိုင်ငံရေးသမားလည်း နည်းပါးပါတယ်။ ပါတီစွဲပေမယ့် အများအတွက် စေတနာတကယ်ရှိခဲ့ရင် ပါတီနိုင်ငံရေးလည်း အကျိုးဖြစ် ထွန်းနိုင်တာ တွေးယူနိုင်ပါတယ်။ ပါတီနိုင်ငံရေးဖြစ်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဧရာဝတီဆည်ဆောက်ခြင်းကို ရပ်ပစ်တဲ့အခါ ကျွန်တော်တို့ ဝန်းရံထောက်ခံခဲ့ကြတာပါပဲ။ ကောင်းကျိုး လုပ်တာကိုး။ လက်မခံနိုင်တဲ့ အစိုးရလုပ်ပေးပေမယ့် လက်ခံနိုင်ဖွယ်မို့ ကျွန်တော်တို့ လက်ခံခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ေ ကာင်းကျိုးဆောင်ရွက်တာကို ဘာလို့ လက်မခံနိုင်ရမှာလဲ ဆိုတာ ရှင်းပါတယ်။

ပါတီမှတ်ပုံတင်ခြင်းဟာ ပါတီနိုင်ငံရေးပဲဆိုဆို ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပေးလိုက်ခြင်းလိုပဲ ဆိုဆို လက်ရှိဒီ အခြေအနေမှာ လိုအပ်နေတဲ့ တိုင်းပြည်အတွက်လစ်လပ်မှုတွေကို ရတတ်သမျှဖြည့် ဆည်းဖို့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ဘာမှမလုပ်နိုင်ခင် အားပေးနေပြီး လုပ်ခွင့်လေးတစ်ခုရလို့ လုပ်ပြမယ်ကြံတုန်းမှာပဲ အားလျော့စေကြတယ်ဆိုရင် ကျွန်တော်တို့ တစ်ခုခုလွဲနေတာ သေချာပါ တယ်။ ပြောရရင် လက်ရှိအစိုးရနဲ့ အဲဒီအခြေခံဥပဒေကို တွန်းလှန်ရင်း၊ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်ပုတ်ခတ်နေရင်းနဲ့ လူထုဆင်းရဲ မွဲတေမှုကို တာရှည်စေမလား။ ဒီတိုင်းခရီးဝေး သွားချင်သေးသလား။ လူထုတိုးတက်ရေးကို စာအုပ်ကြီးတွေကြားမှာ နှောင့်နှေးပစ်ကြတော့မလားဆိုတာ စဉ်းစားစရာဖြစ် လာပါမယ်။

နိုင်ငံရေးလုပ်ခွင့်မရကြတော့ လူထုကို ရတတ်သလောက်ကူညီမယ်ဆိုပြီး လူတွေ ပရဟိတလုပ်ကြတယ်။ အခု NLD အခြေဆိုးအနေဆိုးထဲက လုပ်ပိုင်ခွင့်လေးတစ်ခုရတယ်။ အများအကျိုးအတွက်ဦးတည်လုပ် တယ်ဆိုရင်တောင် ပရဟိတ အလုပ်နဲ့အတူတူပြစ်နေတာမို့ အားမပေးသင့်ဘူးလားလို့ အမြင်ရှိပါတယ်။ တစ်ခုလုံးမပြောင်းရင်တောင် လုပ်ပေးလို့ ပြောင်းလဲသွားတာလေးတစ်ခုကို လူထုမခံစားသင့်တော့ဘူး လား။ ဘယ်လိုဆိုဆို လူထုမှာ ပူးပေါင်းလုပ်ဆောင်တာ ပဲဖြစ်ဖြစ်၊ ပါတီတစ်ခု ကလုပ်ဆောင်တာ ပဲဖြစ်ဖြစ် ကောင်းတဲ့ရလာဒ်ကို ခံစားခွင့်တွေရှိနေပါတယ်။

ကျွန်တော်တို့ ကကြီးခကွေးနိုင်ငံရေးတွေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပါတီစွဲ အဖွဲ့စွဲ ၀ါဒစွဲ မဖြစ်ချင်ပါ ဘူး။ တိုးထက် ဖွံ့ဖြိုးရေးစွဲပဲ ဖြစ်ချင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် တိုးတက်ရေးလုပ်ရင်လက်ခံတယ် လို့ ပြောခဲ့တာတွေဟာ အခုအမြင်လွဲ သွားကြတယ်လို့ မျက်ဝါးထင်ထင်မြင်လိုက်ရသလိုပါပဲ။ ကျွန်တော့်အနေနဲ့အခု နိုင်ငံတွင်းဖြစ်စဉ်တွေကို ဆားသကြား မညှပ်ပဲ အကောင်းမြင်မိပါတယ်။

တဆင့်ပြီးတဆင့် ပြောင်းလဲမှုကောင်းလာမယ်ဆိုရင် ကြေငြာချက်နှစ်ခု အလိုက်သင့်အောင်မြင်နိုင်တယ် လို့ ထင်ပါတယ်။ အစိုးရလုပ်ဆောင်မှုတွေ တိုးတက်ပြောင်းလဲမလါဘူး ဆိုရင်တောင် NLD အနေနဲ့ အနည်းဆုံး ကြိုးစားခြင်းရဲ့အကျိုးကျေးဇူး ကို ခံစားရမယ်။ ဆုတ်ယုတ်သွားခြင်းတော့ မဖြစ်နိုင်လောက် ဘူးလို့ မြင်ပါတယ်။

မုတ်သုံမိုးဦး

No comments: