Saturday 19 November 2011

20.11.2011 နေ့ဖတ်ရန်သတင်းများ

ဒီနေ့ကတော့ သတင်းထူး၊သတင်းကောင်းတွေချည်းပါပဲ။

by Myanmar Journal on Sunday, November 20, 2011 at 9:30am
ကဒါဖီသား ဆေ့ဖ်အဲလ်အစ္စလာမ်ကို ဖမ်းမိပြီ
သူဟာ သြဂုတ်လ ကတည်းက ထွက်ပြေးနေ ခဲ့တာ ဖြစ်ပါတယ်
လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီရဲ့ သား ဆေ့ဖ် အဲလ်အစ္စလာမ်ကို ဖမ်းဆီးမိပြီ ဖြစ်တယ်လို့ လစ်ဗျား ကြားဖြတ်အစိုးရ အဖွဲ့ NTC က ပြောကြားပါတယ်။
NTC တိုက်ခိုက်ရေးသမားတွေက သူ့ကို နိုင်ငံ အနောက်တောင်ဘက် သဲကန္တာရ ထဲက အူဘာရီမြို့ မှာ ဖမ်းဆီးမိတာ ဖြစ်တယ်လို့ NTC ရဲ့ တရားရေးဝန်ကြီး မိုဟာမတ် အဲလ် အလာဂျီ က ပြောပါတယ်။
သူနဲ့အတူ သက်တော်စောင့် သုံးယောက်ကိုလည်း တခါတည်း ဖမ်းဆီးလိုက်နိုင်တာ ဖြစ်ပါ တယ်။
ဆေ့ဖ်အဲလ် အစ္စလာမ်ဟာ အိမ်နီးချင်း နီဂျဲနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ တိုက်ခိုက်ရေးသမားတွေက ပြောပါတယ်။ နီဂျဲမှာ သူ့ရဲ့ အကိုဖြစ်သူ တဦး ခိုလှုံခွင့် ရရှိ ထားတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ သူ့ကိုဇင်တန်မြို့ကိုလေယာဉ်နဲ့ ပို့ရာမှာ ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးက လေယာဉ်ပြေးလမ်းကို ပိတ်ထားခဲ့ကြတယ်လို့ သိရပါတယ်။
ဆေ့ဖ်အဲလ် အစ္စလာမ်ဟာ သြဂုတ်လ ကတည်းက ထွက်ပြေးနေခဲ့တာ ဖြစ်ပြီး၊ နိုင်ငံတကာ တရားရုံး ICC ကနေ သူ့ကို အလိုရှိနေတာ ဖြစ်ပါတယ်။ သူဟာ လူသားမျိုးနွယ်တွေအပေါ် လူမဆန်တဲ့ သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး ICC ကနေ စွပ်စွဲထားပါတယ်။
သူ့ကို ဘယ်မှာ တရားစွဲမယ် ဆိုတာကတော့ NTC က ဆုံးဖြတ်မှာ ဖြစ်တယ်လို့ NTC ပြောခွင့်ရသူက ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေး ဆက်လုပ်မယ်လို့ သမ္မတဦးသိန်းစိန်ပြော
တည်ငြိမ်အေးချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကို အားလုံးက လိုလားတယ်လို့ ဦးသိန်းစိန်က ဆို
မြန်မာ နိုင်ငံ မှာဒီမို ကရေစီ ရေး ပြုပြင် ပြောင်းလဲ မှုတွေ လုပ်သွား ဖို့ သူ့ အစိုးရ သစ်က ကြိုးပမ်း နေကြောင်း၊ ဒါပေမယ့် အနောက် နိုင်ငံ တွေမှာ ကျင့်သုံး တဲ့ ဒီမို ကရေစီ စံနစ် နဲ့ တော့ ထပ်တူ ဖြစ်မှာ မဟုတ် ကြောင်း မြန်မာ သမ္မတ ဦးသိန်းစိန် က ပြော ပါတယ်။
အင်ဒို နီးရှား နိုင်ငံမှာ ကျင်းပခဲ့ တဲ့ အရှေ့ အာရှ ထိပ်သီး အစည်း အဝေးကို တက်ရောက် လာစဉ် သမ္မတ ဦးသိန်းစိန် က မြန်မာ သတင်းထောက် တွေနဲ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ဒီလို ပြောင်းလဲ မှုတွေ ကို ဖော်ဆောင် နိုင်ဖို့ အတွက် ငြိမ်းချမ်း ပြီး တည်ငြိမ်မှု တွေ ရှိဖို့ လိုကြောင်း၊ ဒါကြောင့်လည်း သူဟာ ဒေါ် အောင်ဆန်း စုကြည် နဲ့ ညှိနှိုင်း ဆောင်ရွက် မှုတွေ ကို လုပ် နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တချို့ကို ပြန်လွှတ် ပေးတာမျိုး၊ ဆင်ဆာ ဖြတ်တာတွေ ကို လျှော့ ပေါ့ပေးတာ မျိုးတွေလို အပြောင်း အလဲ တွေကို တော့ တွေ့ လာရ ပါတယ်။
ဆက်လက်ပြီး သမ္မတ ဦးသိန်းစိန်က လာမဲ့ ရွေးကောက်ပွဲ မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဝင်ရောက် ယှဉ်ပြိုင်မဲ့ ကိစ္စ ကိုလဲ ကြိုဆို ကြောင်း ပြောလိုက် ပါတယ်။
ပြုပြင် ပြောင်းလဲ ရေးတွေ ကို အချိန် မဆိုင်းဘဲ ဆက်လုပ်ဖို့ ဘန်ကီမွန်း ကပြော
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း မြန်မာ နိုင်ငံ မှာ ခုနောက်ဆုံး ဖြစ်ပေါ် နေတဲ့ အခြေ အနေ တွေနဲ့ ပတ်သက် လို့ ကြိုဆို ကြောင်း ပြောကြား လိုက် ပါတယ်။
ဒါ့အပြင် မစ္စတာ ဘန်ကီမွန်း က မြန်မာ နိုင်ငံဟာ အာဆီယံ ဥက္ကဌ တာဝန် ယူမယ့် ၂၀၁၄ အထိ စောင့် မနေဘဲ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တွေ ဝင်ရောက် လာနိုင်အောင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေ ကို ဆောင်ရွက် သွားဖို့ လိုတယ် လို့လည်း ပြောခဲ့ ပါတယ်။
အခုအခါ မြန်မာ နိုင်ငံ အပေါ် နိုင်ငံ တကာက မျှော်လင့်ချက် တွေ အများကြီး ထားနေပြီး ဒါကို သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ခဲ့စဉ် မှာ ပြောကြား ခဲ့တယ်လို့ မစ္စတာ ဘန်ကီမွန်းက ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။

ဒေါ်စုရွေးကောက်ပွဲ ဝင်မယ့်အပေါ် KIO တုံ့ပြန်ချက်
ကေအိုင်အေက စောင့်ကြည့် ဦးမယ် လို့ဆို
အန်အယ်ဒီ ပါတီ ကို ပြန် မှတ်ပုံ တင်ပြီး ဒေါ်အောင်ဆန်း စုကြည် ရွေးကောက် ပွဲ ဝင်မှာ ကို ကေအိုင်အို ကချင် လွတ်မြောက် ရေး အဖွဲ့က လတ်တလော မှတ်ချက် ပေးမှာ မဟုတ်ဘဲ စောင့်ကြည့် သွားမှာသာ ဖြစ်တယ် လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲကို ရောက်လာ တဲ့ အခါ ဒေသတွင်းနဲ့ မြန်မာ ပြည်တွင်း မှာ ဘယ်လောက် အကောင်းဖက် ဦးတည်လဲ ဆိုတာကို လက်နက်ကိုင်အဖွဲ့ အားလုံးကလည်း စောင့်ကြည့် နေတယ်လို့ ကေအိုင်အို ပြောခွင့်သူ ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ရည်မှန်းချက်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကို လက်နက်ကိုင် အဖွဲ့တွေကိစ္စ ဖြေရှင်းနိုင်မှ ရလိမ့်မယ်လို့ သူက ပြောပါတယ်။
အန်အယ်ဒီ ရွေးကောက်ပွဲ မယ်ဆိုရင် သူတို့အနေနဲ့ ပံ့ပိုး မှုနဲ့ ထောက်ခံမှုတွေ လုပ်လို့မရတော့ ဘူးလို့လည်း သူက ဆိုပါတယ်။
မြန်မာ နိုင်ငံ အကောင်းဘက်ကို သွားဖို့ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု တို့အပါ အဝင် နိုင်ငံတကာက လမ်းကြောင်း တွန်းအားပေး တာမျိုးတွေ လုပ်ဖို့လိုတယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

အီဂျစ်မှာ ဆန္ဒပြသူတွေနဲ့ ရဲ ရင်ဆိုင်ကြ
တဟီရာ ရင်ပြင်က ဆန္ဒ ပြပွဲတခု
အီဂျစ် နိုင်ငံက ကိုင်ရို မြို့တော် မှာတော့ လက်ရှိ အုပ်ချုပ် နေတဲ့ စစ်ကောင်စီကို အရပ်သား အစိုးရ အဖွဲ့ လက်ထဲကို အချုပ် အခြာ အာဏာ ပြန်လွှဲ ပေးဖို့ အတွက် တောင်းဆို ဆန္ဒ ပြကြသူ တွေနဲ့ လုံခြုံရေး ရဲတွေ အကြားမှာ ရင်ဆိုင် မှုတွေ ဖြစ်ခဲ့ကြ ပါတယ်။

ဆန္ဒပြ ကြသူ ရာပေါင်း များစွာက တဟီရာ ရင်ပြင်က သူတို့ ရဲ့ စခန်းချရာ တဲတွေကို ညပိုင်းမှာ ဖယ်ရှား ခံလိုက်ရ ပြီးနောက်မှာ သံချပ်ကာ ကား တွေကို ခဲတွေနဲ့ ပစ်ပေါက် တိုက်ခိုက် ခဲ့ကြ ပါတယ်။
ရဲတွေ ဘက်ကလဲ ရာဘာကျည် နဲ့ မျက်ရည်ယို ဗုံးတွေ သုံးပြီး တုန့်ပြန် ခဲ့ကြ ပါတယ်။ အီဂျစ် နိုင်ငံပိုင် ရုပ်မြင် ကတော့ ဒီ တိုက်ခိုက် မှုတွေ ကြောင့် လူပေါင်း ၈၁ ဦး ထိခိုက် ဒဏ်ရာ ရရှိ သွားခဲ့ ကြောင်းပြော ပါတယ်။

သတင်းထောက်တွေကို သမ္မတ ဦးသိန်းစိန် တွေ့ဆုံ
အာဆီယံ ဆွေးနွေးပွဲအပြီး သမ္မတဦးသိန်းစိန် ကို ဘီဘီစီသတင်းထောက် ကိုချို မေးမြန်းနေ စဉ်
၂၀၁၁ ခုနှစ် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အပြီးမှာ မြန်မာနိုင်ငံအတွက် သတင်း ကောင်းတွေကို သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြား သွားပါတယ်။
၂၀၁၄ခုနှစ် အာဆီယံ ဥက္ကဌ နေရာကို မြန်မာ နိုင်ငံ ရတာ၊မြန်မာနိုင်ငံ အမေရိကန် သမ္မတ ကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေကို ဖေါ်ထုတ် ပြောဆိုခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ ကို လာရောက်ဖို့ စီစဉ်နေတာ၊ NLD ပါတီ ပြန်မှတ်ပုံတင်ပြီး ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်လိုက်တာ၊ SEA Game အားကစားပွဲမှာ မြန်မာ အသင်း ရွှေ တံဆိပ်တွေ ရခဲ့တာ စတဲ့ သတင်းတွေဟာ မြန်မာနိုင်ငံအတွက် သတင်းကောင်းတွေ ဖြစ်တယ် လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌ တာဝန်ကို လွှဲအပ်ခံလိုက်ရတဲ့အတွက် ဆောင်ရွက်စရာ တာဝန် တွေ ပိုလာပြီလို့ လည်း ဦးသိန်းစိန်က ပြောပါတယ်။
မြန်မာ အစိုးရသစ်အနေနဲ့ ဘယ်လို တာဝန်တွေ လုပ်ဆောင်မှာလဲ ဆိုတဲ့ ဘီဘီစီ မြန်မာ သတင်းထောက်ရဲ့ မေးခွန်းကို သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တိုးတက် ဖွံ့ဖြိုးအောင် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့် သက်တမ်း ၈လသာ ရှိသေးတဲ့ မြန်မာ အစိုးရသစ်အနေနဲ့ တခြား ဝါရင့် ဒီမိုကရေစီ နိုင်ငံကြီးတွေနဲ့ ထပ်တူ ဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ကြောင်း၊ ဒါပေမယ့် အံဝင်ဂွင်ကျ ဖြစ်အောင်တော့ အထူးကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
ဒီလို လုပ်ရာမှာ ပြည်တွင်းက လူတွေအကြား အမြင်ချင်းတူအောင် လုပ်ဖို့ လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့အပြီးမှာ အစိုးရရဲ့ စိတ်စေတနာတွေကို ဒေါ်အောင်ဆန်း စုကြည်တို့ဖက်က သိနားလည်လာပြီး အမြင်သဘောထားတွေ ပြောင်းလာ ကြောင်း ဦးသိန်းစိန်က ပြောပါတယ်။
ဒါပေမယ့် အစိုးရသစ်ဖက်ကလည်း အကုန်လုံး ပကတိ အကောင်း မဟုတ်သေးပဲ ပြုပြင်စရာ တွေ စောင့်ကြည့် လေ့လာစရာတွေ ရှိနေသေးဆဲပဲ လို့လည်း သမ္မတ ဦးသိန်းစိန်က ဝန်ခံ ပြောဆိုသွားပါတယ်။

ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အများအပြား ကျန်သေးကြောင်း သြစတြေလျဝန်ကြီးချုပ် ပြော
2011-11-19
မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်ဆိုတဲ့ ကတိကဝတ်တွေ အတိုင်း အပြည့်အဝ ဆောင်ရွက်မှသာ ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာအစိုးရ တာဝန်ယူကျင်းပမယ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ကြောင်း သြစတြေလျဝန်ကြီးချုပ် မစ္စ Julia Gillard က ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သမ္မတဦးသိန်းစိန်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ သြစတြေလျ ဝန်ကြီးချုပ်က သတင်းထောက်တွေကို အခုလို ပြောလိုက်တာပါ။
သြစတြေလျ ဝန်ကြီးချုပ် မစ္စ Julia Gillard ။
မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက် မှုတွေကို သြစတြေလျနိုင်ငံက ကြိုဆိုကြောင်း၊ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက်ဖြစ်ထွန်းဖို့အတွက် လုပ်ဆောင်စရာတွေ အများအပြား ကျန်နေသေး ကြောင်း မစ္စ Julia Gillard က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် ပြီး သမ္မတဦးသိန်းစိန်ကို တိုက်ရိုက် ပြောကြားခဲ့တယ်လို့လည်း မစ္စ Julia Gillard က ပြောပါတယ်။
၂ဝ၁၄ ခုနှစ်၊ မြန်မာအစိုးရ တာဝန်ယူကျင်းပမယ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ တက်မတက် ဆိုတာကို ၂ဝ၁၄ ခုနှစ်ရောက်မှသာ စဉ်းစား ဆုံးဖြတ်မှာဖြစ်ကြောင်း၊ ဆွေးနွေးပွဲတက်မယ့် နိုင်ငံတွေ အနေနဲ့ အခုအချိန်ကစပြီး ၂ဝ၁၄ ခုနှစ်အထိ မြန်မာနိုင်ငံမှာ တိုးတက် ပြောင်းလဲမှုတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ်တာကို မြင်တွေ့လိုကြတယ် ဆိုတာ သူ့အနေနဲ့ အလေးအနက် ပြောကြားလိုကြောင်း သြစတြေလျ ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

၂ဝ၁၄ မတိုင်ခင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း
2011-11-19
မြန်မာအစိုးရအနေနဲ့ ၂ဝ၁၄ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် အချိန်အထိ စောင့်မနေဘဲ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအားလုံးကို အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာဘန်ကီမွန်းက သမ္မတဦးသိန်းစိန်ကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘန်ကီမွန်းက အခုလို ပြောလိုက်တာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာဖို့ နိုင်ငံတကာ အဝန်းအဝိုင်းက အကြီးအကျယ် မျှော်လင့်ကြတော့မှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန် အနေနဲ့ ဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးသင့်ကြောင်း သူ ပြောကြားခဲ့တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

ဒါ့ပြင် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို တတ်နိုင်သမျှ အစောဆုံး အလည်အပတ် သွားရောက်ဖို့ စီစဉ်နေပါတယ်လို့လည်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက ပြောရာမှာ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ လာမယ့် လ,အနည်းငယ် အတွင်းလောက်မှာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး မစ္စတာဗီဂျေးနမ်ဘီးယားက ပြောရာမှာတော့ ဒီကိစ္စကို သက်ဆိုင်ရာ နိုင်ငံတွေကသာ ဆုံးဖြတ်ကြမှာ ဖြစ်ကြောင်း၊ မြန်မာအစိုးရ အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးစေလိုတယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ အားလုံး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောဆိုလိုက်ပါတယ်။

သမ္မတဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲ
By ဒေါ်ခင်စိုးဝင်း
အမေရိကန်သမ္မတ ဘရက်အိုဘားမား (၀ဲ)၊ မြန်မာသမ္မတ ဦးသိန်းစိန် (လယ်)၊ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (ယာ) အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ အုပ်စုဓါတ်ပုံရိုက်နေစဉ်။ (နိုဝင်ဘာလ ၁၉၊ ၂၀၁၁)
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့ ညပိုင်းမှာတော့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို တွေ့ပြီးတော့ ဘာတွေ ရှင်းပြခဲ့သလဲ ဆိုတာကိုတော့ ဘာလီကျွန်းမှာ သတင်းယူဖို့ရောက်နေတဲ့  ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းကို မသင်းသီရိက ဆက်သွယ် မေးမြန်းထားပါတယ်။
မသင်းသီရိ။ ။ သမ္မတဦးသိန်းစိန်က ဒီနေ့ညပိုင်း သတင်းထောက်တွေနဲ့တွေ့တဲ့အခါမှာ ဘယ်လိုအချက်တွေ ပြောကြားခဲ့သလဲဆိုတာ ရှင်းပြပါဦးရှင့်။ -
ဒေါ်ခင်စိုးဝင်း။       ။ “အနှစ် ၅၀ နီးပါးအတွင်း မြန်မာသမ္မတတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် သတင်းသမားတွေကို ထူးထူးခြားခြား တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့တာလို့ပဲ ပြောရမှာပါ။ (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကြီး ပြီးဆုံးတဲ့နေ့မှာ မြန်မာသတင်းသမားတွေကို စုဝေးပြီး တွေ့ဆုံခဲ့တာပါ။ အမေရိကန်သမ္မတ ဘရက်အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က အခုလို ပြောဆိုပါတယ်။”
ဦးသိန်းစိန်။  ။ “တိုက်တိုက်ဆိုင်ဆိုင် ဒီအစည်းအဝေးမှာ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို သူ ဖော်ထုတ်ပြီးတော့ ပြောကြားသွားတာရှိပါတယ်။ အကုန်လုံး ပကတိ အကောင်းချည်းပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး။ ဆက်ပြီးတော့ ကျနော်တို့ လုပ်ရမယ့်ဟာတွေ၊ ဆက်ပြီးတော့ သူ့အနေနဲ့ ဒါကို စောင့်ကြည့်ရမယ့် ဟာတွေကိုလည်း ကျနော်တို့ကို ပြောပါတယ်။ သို့သော်လည်းပဲ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ဒီ ဖြစ်ပေါ်တိုးတက်မှုကို အသိအမှတ်ပြုတယ် ဆိုတဲ့အတွက် ကိုယ့်နိုင်ငံအတွက်တော့ ဒါ အများကြီး ကောင်းတယ်ပြောရမှာပေါ့။ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာမယ် ဆိုတဲ့ဟာက ကျနော် ထင်ပါတယ်၊ နှစ်ပေါင်း လေးငါးဆယ်အတွင်းမှာ မရှိခဲ့တဲ့ဟာပါ။ ဒါလည်း ကျနော်တို့ နိုင်ငံအတွက်တော့ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့အခြေအနေတရပ်လို့ ကျနော်တို့ ပြောရမှာဖြစ်ပါတယ်။”
ဒေါ်ခင်စိုးဝင်း။       ။ “မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် တွန်းအားပေးကြတဲ့နေရာမှာ ဒီမိုကရေစီ ထွန်းကားပြီးသား၊ ရင့်ကျက်ပြီးသား အနောက်နိုင်ငံတွေက လိုချင်တဲ့ပုံစံမျိုးလို တထပ်တည်း ဖြစ်အောင် လုပ်လို့မရပေမဲ့ အံဝင်ခွင်ကျဖြစ်အောင်တော့ ရနိုင်ပါတယ်လို့ သမ္မတ ဦးသိန်းစိန်က အခုလို ပြောပါတယ်။”
ဦးသိန်းစိန်။  ။ ဒီမိုကရေစီ ရှင်သန်အောင်လုပ်ဖို့ ဆိုတဲ့နေရာမှာ အဓိကကတော့ တိုင်းပြည်ငြိမ်းချမ်းဖို့ လိုတယ်။ တိုင်းပြည်အေးချမ်းဖို့ဆိုတာမှာ ၂ ပိုင်းပေါ့။ ပြည်တွင်းက သဘောထားအမြင် အမျိုးမျိုးရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သဘောထားချင်း တူညီအောင် ညှိကြတဲ့အပိုင်းပေါ့။ တခါ ဒီသဘောထားအမြင် အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ သဘောထား အမြင်ချင်းတူပြီဆိုလို့ရှိရင် ပြည်ပကလည်း ဘာပဲဖြစ်ဖြစ် ဖိအားတွေ လျှော့နည်းလာတယ်။ အခုလိုပဲပေါ့ ဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည်တို့ ကျနော်တို့ တွေ့ကြပြုကြ။ ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမတွေလိုပဲ သဘောထားပြီးတော့ တွေ့တယ်။ တွေ့တော့ ကျနော်တို့ရဲ့ စိတ်စေတနာတွေ လည်း နားလည်သွားတယ်။ ကျနော်တို့နဲ့တွေ့ပြီး နောက်ပိုင်းမှာဆိုရင် အပြုအမူတွေ အပြောအဆိုတွေ ဒါတွေကလည်း ကျနော်တို့ အများကြီးပြောင်းလဲသွားတယ်။ ဒီပြောင်းလဲတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ပြည်ပကနေပြီးတော့လည်း လိုက်ပြီးတော့ ပြောင်းတယ်။”
ဒေါ်ခင်စိုးဝင်း။       ။ “မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အရေးပါလှတဲ့ ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွှတ်ပေးရေးနဲ့ပတ်သက်လို့တော့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့သဘောထားကို အခုလို ပြောပြပါတယ်။”
ဦးသိန်းစိန်။  ။ “ယုံကြည်ချက်ကြောင့် ဆိုတဲ့ဟာကတော့ ပြောရမှာခက်တယ်။ ကျနော်တို့ကတော့ ယုံကြည်ချက်ဆိုတာကိုတော့ လက်မခံဘူး။ ဥပဒေတစ်ခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က အရေးယူထားတာ။ အဲဒီတော့ သူ့လိုပဲ ဥပဒေတစ်ခုခုတွေ ကျူးလွန်ထားတဲ့သူတွေ ထောင်ထဲမှာ အများကြီးရှိတယ်။ အဲဒီတော့ ဒီအဖွဲ့တွေပဲ ပြောမယ်ဆိုရင်တော့ ကျန်တဲ့အဖွဲ့အတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်းမစာရာ ကျတယ်။ ကျနော်တို့ကတော့ အားလုံးအတွက် စဉ်းစားပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံကလည်း သမ္မတကို လုပ်ပိုင်ခွင့်အပ်နှင်းထားတာက ခုနကလို pardon ပေးလို့ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့် amnesty ကျနော်တို့က ပေးလို့ရတယ်။ အဲဒီတော့ အချိန်မရွေး အချိန်အခါအပေါ်မှာ ကြည့်ပြီးတော့ပဲ ကျနော်တို့ ဒါကို လုပ်သွားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်။”
ဒေါ်ခင်စိုးဝင်း။       ။ “ဆက်လက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်တာတွေ ရပ်စဲသွားအောင်၊ ငြိမ်းချမ်းရေးရအောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေတဲ့အကြောင်းကိုလည်း ဦးသိန်းစိန်က အခုလို ပြောပါတယ်။”
ဦးသိန်းစိန်။  ။ “ထာဝရ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့က အဓိပ္ပါယ်ဖွင့်တာကတော့ ဥပဒေဘောင်ထဲကို ကျနော်တို့အားလုံး ၀င်ရောက်ပြီးတော့မှ ဥပဒေတခုတည်းရဲ့အောက်မှာ နိုင်ငံသားအားလုံးက နေထိုင်လုပ်ကိုင် စားသောက်၊ သွားစရာရှိတဲ့နေရာတွေ သွားပြုပြီးတော့ ဒီလိုဖြစ်ရေးဟာ ခုနကလို ကျနော်တို့အတွက် ထာဝရ ငြိမ်းချမ်းရေးဖြစ်တယ်။ သို့သော်လည်း အချိန်တော့ ယူရမယ်။ ဒီအထဲမှာလည်း ကျနော်တို့ ညှိရပြုရတာ ခေါင်းဆောင်ပိုင်းတွေမှာလည်း စာတတ်တဲ့ ပေတတ်တဲ့သူတွေ ပါသလို စာမတတ်ပေမတတ်တွေကလည်း ပါနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုလည်း တဘက်က ကျနော်တို့က သူတို့နဲ့ တည်ဆောက်၊ သူတို့ကိုလည်း နားလည်အောင် ပြောထားတယ်။ မင်းတို့လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတာတော့ ဥပဒေဘောင်ထဲကို အားလုံးဝင်ရောက်လာပြီးတော့မှ ဒီဥပဒေတခုတည်းရဲ့ အောက်မှာ ပါတီဖွဲ့ချင်တဲ့သူတွေက ဖွဲ့။ စီးပွားရေးလုပ်ချင်တဲ့သူက လုပ်။ ပြီးရင် ခုနကလို လွှတ်တော်ထဲရောက်လာရင်တော့ အကုန်လုံး တို့တိုင်းရင်းသားတွေဟာ တန်းတူရည်တူနဲ့ ဆက်ဆံကြရမှာပဲ ဆိုပြီး ရည်ရွယ်ထားတာကတော့ အဲဒီလို ရည်ရွယ်ထားတယ်။”
ဒေါ်ခင်စိုးဝင်း။       ။ “သမ္မတ ဦးသိန်းစိန်က အာဆီယံ မိသားစုဝင်ဖြစ်တာနဲ့အညီ အလှည့်ကျဥက္ကဋ္ဌ ဆိုတဲ့တာဝန်ကို မဖြစ်မနေ လုပ်သွားရမယ့် ၀တ္တရားရှိတယ်လို့ ပြောရင်း လုပ်စရာအလုပ်တွေလည်း အများကြီးရှိသေးကြောင်း ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ သတင်းသမားတွေနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း၊ အမျိုးသား စီမံကိန်းဌာန၀န်ကြီး ဦးတင်နိုင်သိန်း၊ သမ္မတ အကြံပေးပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ် နဲ့ ဦးစစ်အေး တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီကနေ့ ထူးထူးခြားခြား မြန်မာသတင်းသမားတွေကို တွေ့ဆုံတယ်ဆိုတာဟာလည်း သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေထဲက ရှေ့ဆက်လှမ်းတဲ့ခြေလှမ်း လို့ပဲ ကောက်ချက်ချရမလား စဉ်းစားစရာပါပဲ။”

သမ္မတအိုဘားမား အာရှပစိဖိတ်ခရီးစဉ် ပြီးဆုံး
By ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်သမ္မတ အိုဘားမား အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက ထွက်ခွာစဉ်။ (နိုဝင်ဘာလ ၁၉၊ ၂၀၁၁)
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်တာ အပါအ၀င် အာရှပစိဖိတ် ဒေသကို ၉ ရက်ကြာ ခရီးထွက်ခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားဟာ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ဒီကနေ့ ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ဒ် နဲ့တွေ့ဆုံခဲ့တာမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ၀န်ကြီးချုပ် ယင်းလပ်ကို သမ္မတ အိုဘားမားက ချီးကျူးစကား ပြောကြားခဲ့သလို ထိုင်းရေဘေး ဒုက္ခအတွက် အမေရိကန်ရဲ့ အကူအညီတွေ ပေးပို့ဖို့ကိုလည်း ကမ်းလှမ်းခဲ့ပါတယ်။
ထိုင်းနိုင်ငံကနေ မထွက်ခွာခင် အင်ဒိုနီးရှား ဘာလီကျွန်းမှာ ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နဲ့ သမ္မတ အိုဘားမားတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာ တရုတ်နဲ့ကုန်သွယ်ကြတဲ့ အနောက်နိုင်ငံတွေမှာ ကုန်သွယ်ရေး မညီမမျှမှုကိုဖြစ်ပေါ်စေတဲ့ တရုတ်ရဲ့ ယွမ်ငွေတန်ဖိုးချထားတာကို မြှင့်တင်ပေးရေး အပါအ၀င် စီးပွားရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် တောင်တရုတ်ပင်လယ်တွင်းက Spratlys ကျွန်းပိုင်ဆိုင်မှု အငြင်းပွားနေကြတာမှာလည်း တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ သမ္မတ အိုဘားမားဟာ သူ့ရဲ့ အာရှပစိဖိတ် ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံကိုလည်း ရောက်ရှိခဲ့ပြီးတော့ အမေရိကန် မရင်းတပ်စခန်း တစ်ခုကို Northern Territory ပြည်နယ်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဘာလီကျွန်းက အရှေ့အာရှ ထိပ်သီးညီလာခံကာလအတွင်း သမ္မတ အိုဘားမားဟာ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘားမား တယ်လီဖုန်း စကားပြော
အမေရိကန် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့ ညပိုင်းက တယ်လီဖုန်းဖြင့် စကားပြောဆိုကြောင်း သိရ သည်။ ထိုသို့ ပြောဆိုရာ၌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်၏ မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေးအတွက် ထားရှိသော တိုက်ရိုက် ထိတွေ့ဆက်ဆံရေး ပေါ်လစီကို ထောက်ခံကြောင်း အိုဘားမားကို ပြောသည်ဟု ABC သတင်းဌာနက ဖော်ပြသည်။ ယင်း တယ်လီဖုန်းပြောဆိုမှုကို အိုဘားမားက သြစတြေးလျနိုင်ငံမှ အင်ဒိုနီးရှား နိုင်ငံသို့ သွားသည့်ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်
ဇာနည်ဝင်း on November 18, 2011 
အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမားက  မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို တွန်းအားပေးရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်ရေး အခြေအနေများကို လေ့လာရန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်အား မြန်မာနိုင်ငံသို့ မကြာမီ စေလွှတ်မည်ဟု ယနေ့ ပြောကြားလိုက်သည်။
ဆယ်စုနှစ်များစွာအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတဦး၏ မြန်မာပြည်ခရီးစဉ်ဖြစ်လိမ့်မည်ဟု အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်စဉ် အိုဘားမားက ပြောလိုက်သည်။

ယနေ့ အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရသော မစ္စဟီလာရီ ကလင်တန် နှင့် သူ၏ မြန်မာပြည်ခရီးစဉ်ကို ထုတ်ဖော်ကြေညာနေသော သမ္မတ အိုဘားမား (ဓာတ်ပုံ - AP)
ယမန်နေ့ ညနေပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောခဲ့သည်ဟု အိုဘားမားက ဆိုသည်။
“သူကလည်း အမေရိကန်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ရေး အစီအစဉ်ကို ထောက်ခံပါတယ်” ဟု အိုဘားမားက ပြောသည်။
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး ထပ်မံ လုပ်ဆောင်နိုင်ခြင်း မရှိပါက ဒဏ်ခတ် ပိတ်ဆို့မှု၊ နိုင်ငံတကာ၏ ဖယ်ကြဉ်မှုတို့ကို ဆက်လက် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ယနေ့ နှောင်းပိုင်းတွင် ပြုလုပ်မည့် အမေရိကန် နှင့် အာဆီယံခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ဤအကြောင်းအရာကို အလေးထား ပြောကြားမည်ဖြစ်ကြောင်း အိုဘားမားက ပြောသည်။ ထိုအစည်းအဝေးကို မြန်မာသမ္မတ ဦးသိန်းစိန်လည်း တက်ရောက်မည် ဖြစ်သည်။
မကြာသေးမီက မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်ခဲ့သော ဖြစ်ထွန်းတိုးတက်မှုများမှာ နှစ်ပေါင်းများစွာအတွင်း တွေ့မြင်ရသည့် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများဖြစ်သည်ဟုလည်း အိုဘားမားက မှတ်ချက်ပြုလိုက်သည်။
သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့ရေး သာမက မြန်မာအာဏာပိုင်တို့နှင့် ထိတွေ့ ဆက်ဆံရေးမူဝါဒကို ကျင့်သုံးခဲ့သည်။
ထိုသို့ မူဝါဒ ပြောင်းလဲပြီး နောက်ပိုင်းကာလနှင့် မြန်မာနိုင်ငံတွင် စစ်အစိုးရမှ အရပ်သားအစိုးရသို့ ပြောင်းလဲပြီးနောက်ပိုင်းတွင် နိုင်ငံခြားရေးဌာနမှ အဆင့်မြင့်အရာရှိများ၏ မြန်မာပြည်ခရီးစဉ် အများအပြား ပေါ်ပေါက်လာသည်။
ထိုအရာရှိများကလည်း ယနေ့ အိုဘားမား အင်ဒိုနီးရှားတွင် ပြောကြားသကဲ့သို့ တိုင်းရင်းသားလူမျိုးစု၊ နိုင်ငံရေးအကျဉ်းသား၊ မြောက်ကိုရီးယား-မြန်မာဆက်နွယ်မှုတို့နှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
နှစ်ဘက် တွေ့ဆုံမှုများတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် အမေရိကန် ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်း ပါဝင်သည်။
မကြာမီ မြန်မာပြည်သို့ သွားရောက်မည့် ဟီလာရီ ကလင်တန်ကလည်း ဒဏ်ခတ်ပိတ်ဆို့ရေး မူဝါဒကို အဆုံးသတ်ဦးမည်မဟုတ်ကြောင်း Fox News ရုပ်မြင်သံကြားကို ပြောကြားလိုက်သည်ဟု AP သတင်းတပုဒ်တွင် ရေးသားထားသည်။

No comments: