Monday 5 September 2011

ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပထမဆုံးဖော်ပြခွင့်ရ& နောင်ဖြစ်နိုင်မည့် ဦးစီးချုပ်လောင်း& K.I.Aရဲ့ခံစစ်မှ ထိုးစစ်သို့ အသွင်ပြောင်း

by စူ နာ မီ လှိုင်း on Monday, September 5, 2011 at 3:16pm

->  ဘယ်လို လွတ်ငြိမ်းချမ်းသာခွင့်မျိုးလဲ
->  ထိတ်လန့်ဖွယ် စီရင်ချက်က ဒုံရင်းအတိုင်းပဲဆိုတာ ညွှန်ပြနေ
->  စစ်တွေ အင်တာနက်ဆိုင်များ ရေရှည် ရပ်တည်ရေး ခက်ခဲနေ
->  ARAKANကို တရားမ၀င်အသုံးပြုနေခြင်းကို ကန့်ကွက်သည့်အခမ်းနား ရန်ကုန်မြို့တွင်ကျင်းပ

ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပထမဆုံးဖော်ပြခွင့်ရ
****************************************
ဧရာဝတီ Monday, 05 September 2011
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားထားသော ခရီးသွား ဆောင်းပါးကို ပြည်သူ့ခေတ် ဂျာနယ်တွင် ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခွင့်ပြုလိုက် သောကြောင့် ကြိုတင်မှာယူမှုများ ရှိနေသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းကို ၂၃ နှစ်အတွင်း ပထမဆုံးအဖြစ် Messenger ဂျာနယ်တွင် ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။


ပြည်သူ့ခေတ်ဂျာနယ်


၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပြည်တွင်း သတင်းမီဒီယာများ အားလုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ခဲ့ကြကြောင်း၊ သို့ရာတွင် အဆိုပါ တွေ့ဆုံမေးမြန်းခန်းများကို စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုခဲ့ဘဲ စက်တင်ဘာလ ၄ ရက်နေ့ထုတ် Messenger ဂျာနယ်တွင် စိစစ် ဖြတ်တောက်၍ ဖော်ပြခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဂျာနယ်မှ တာဝန်ရှိသူတဦးက ပြောသည်။

“အင်တာဗျူးက မနှစ်ကတည်းက လုပ်ခဲ့တာပါ။ ၂၀၁၀ ဒီဇင်ဘာကတည်းက စိစစ်ရေးကို တောက်လျှောက် တင်ခဲ့တယ်။ ၁၀
လလောက် ကြာမှ ဖော်ပြခွင့်ပြုတာပါ။  နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အားလုံး ဖြတ်တောက်ပြီးမှ ဖော်ပြခွင့် ပေးခဲ့တယ်။ လူငယ်နဲ့ ပတ်သက်တာတွေပဲ ခွင့်ပြုပါတယ်။ အင်တာဗျူးရဲ့ ၇၅ ရာခိုင်နှုန်းလောက်က ဖြတ်တောက်ခံခဲ့ရ ပါတယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနှင့် အင်တာဗျူးပါဝင်သော Messenger ဂျာနယ် ထွက်ရှိလာသောအခါ ရန်ကုန်ရှိ ဂျာနယ် အရောင်းဆိုင်များတွင် ဂျာနယ်ဝယ်မရတော့သည်အထိ ဝယ်လိုအား ထိုးတက်သွားကြောင်း ဂျာနယ်ဖြန့်ချိရေးနှင့် အရောင်းဆိုင်များမှ သိရသည်။

“ပြုံးရွှင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို ပုံကြီးချဲ့ထားတာ ပါလာတာနဲ့ လူတွေက အလုအယက် ၀ယ်တယ်။  Messenger က သိပ်အရောင်းမသွက်တော့ ကျနော့်ဆိုင်မှာ နည်းနည်းပဲမှာတာ။ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးကြောင့် မနက် ဆိုင်ဖွင့်ပြီး နာရီဝက်အတွင်း ကုန်သွားတယ်။ မေးတဲ့သူ များလွန်းလို့ ထပ်မှာတယ်။ လုံးဝ မရတော့ဘူး။ စောင်ရေ ပြတ်သွားပြီလို့ ဂျာနယ် ဖြန့်ချိရေးတွေက အကြောင်းပြန်တယ်” ဟု တာမွေ မြို့နယ်အတွင်း ဂျာနယ်အရောင်းဆိုင်ပိုင်ရှင် တဦးက ပြောသည်။

လမ်းဆုံလမ်းခွများတွင် ဂျာနယ်လက်ပွေ့ ရောင်းသူများကမူ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါသော ဂျာနယ် ၀ယ်ယူသူ များလွန်းသည့် အတွက် ပုံမှန်ထက် ဈေးတင်ရောင်းချခဲ့သော်လည်း ရှိသမျှ ရောင်းချ၍ ကုန်သွားသည်ဟု သိရသည်။

“ပုံမှန်ဈေးက ဂျာနယ်တစ်စောင် ၆၀၀ ကျပ် ရောင်းတာ။ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါတော့ တစောင် ၈၀၀ အထိ ဈေးတင် ရောင်းတာလည်း ၀ယ်ကြတာပဲ” ဟု ရွှေဂုံတိုင်မီးပွိုင့်တွင် ဂျာနယ်ရောင်းချသူ လက်ပွေ့သမားတဦးက ဆိုသည်။

အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ မိမိတို့၏ အနာဂတ်အတွက် ကြိုးစားအားထုတ်ကြရန်နှင့် လူ့တန်ဖိုးသည် ငွေကြေးလည်း မဟုတ်သကဲ့သို့ ရုပ်ဝတ္ထု ပိုင်ဆိုင်မှုလည်း မဟုတ်ကြောင်း ပြောဆိုထားသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် ဖြန့်ချိမည့် ပြည်သူ့ခေတ် ဂျာနယ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ရေးသားထားသော ပုဂံခရီးစဉ်အကြောင်း ဆောင်းပါးကို ဖော်ပြခွင့်ပြုလိုက်ရာ ကြိုတင် မှာယူသူ များပြားနေကြောင်း ဂျာနယ်အရောင်းဆိုင် များမှ
သိရသည်။

“အင်္ဂါနေ့ထွက်မယ့် ပြည်သူ့ခေတ်ဂျာနယ်မှာ ပါလာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးနဲ့ ပုဂံသွားတုန်းက ရိုက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို ပုံကြီးချဲ့ပြီး ဂျာနယ် ကြော်ငြာ ပိုစတာ ဗီနိုင်းကြီးတွေ ထုတ်ထားတယ်။ ဆိုင်တွေ အားလုံးမှာ အဲဒီ ပိုစတာဗီနိုင်းတွေ ချိတ်ထားတော့ လူတွေက ဂျာနယ်မထွက်ခင် ကတည်းက ကြိုမှာကြတယ်” ဟု မရမ်းကုန်း မြို့နယ် သမိုင်းလမ်းဆုံတွင် ဂျာနယ်ရောင်းချသူ တဦးက ပြောသည်။

ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကမူ စာပေစိစစ်ရေးသည် နိုင်ငံရေးနှင့် ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ကန့်သတ်မှုများ ပြုလုပ်ပြီး သတင်းဂျာနယ်များတွင် မဖော်ပြနိုင်ရန် ပိတ်ပင်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်ဟု
ရှင်းပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရငြိမ်းချမ်းရေး အမြဲတမ်း ကော်မတီမှာ ထည့်သွင်းဖို့ အမတ်တွေ လွှတ်တော်မှာ ပြောဆို ဆွေးနွေးတဲ့ကိစ္စ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်း ပြန်စဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံတဲ့ကိစ္စ၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ပန်ကြားတဲ့ ကိစ္စတွေကို စာပေစိစစ်ရေးက သတင်းဂျာနယ်တွေမှာ လုံးဝ ဖော်ပြခွင့်မပြုပါဘူး။ ဒါကြောင့် သတင်းလွတ်လပ်ခွင့် အပြည့်မရ သေးပါဘူး။ နေ့စဉ်ထုတ်ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်မရသေးပါဘူး။ အရင်ထက် စာရင်တော့ စာနယ်ဇင်းလောကအတွက် တိုးတက်မှုတချို့ ရှိလာပါတယ်” ဟု သတင်းအယ်ဒီတာတဦးက ပြောဆိုသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့စဉ် ၎င်း၏ဓာတ်ပုံများကို စာပေစိစစ်ရေး၏ ခွင့်ပြုချက် မရယူဘဲ ဂျာနယ် မျက်နှာဖုံးများတွင် ပုံကြီးချဲ့ ဖော်ပြခဲ့ကြသဖြင့် တချို့သော ဂျာနယ်များ ထုတ်ဝေခွင့် တပတ် ရပ်ဆိုင်းခံခဲ့ရသည်။

K.I.A ရဲ့ ခံစစ်မှ ထိုးစစ်သို့ အသွင်ပြောင်း ( Breaking News )
*******************************************


ရှေ့တန်းထွက်ရန် အဆင်သင့်ဖြစ်နေသော K.I.A စစ်သားများ

K.I.A ဟာ မိမိတို့ရဲ့ ခံစစ်စည်း လုံခြုံမှုရှိရေးနှင့် အကောင်းဆုံးခံစစ်ဟာ ထိုးစစ်ဖြစ်တယ်ဆိုတဲ့ စစ်နည်းဗျူဟာအရ စစ်တပ်ရဲ့လှုပ်ရှားမှုများလာတာကြောင့် လက်ဦးမှုရယူပြီး ထိုးစစ်ဆင်နေကြောင်း K.I.A နှင့် နီးစပ်တဲ့အသိုင်းအဝိုင်းများက စည်းလုံးခြင်းရဲ့ အင်အား ဝက်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။  စက်တင်ဘာလ (၃) ရက် နေ့တွင် K.I.A  တပ်ရင်း (၃) မှ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အနီးရှိ ရွှေညောင်ပင် ကျေးရွာတွင် အခြေစိုက် တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဲ့ဒီတိုက် ပွဲတွင် စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးပြီး (၇) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းကို သိရှိရပါတယ်။
တဆက်ထဲမှာဘဲ စက်တင်ဘာလ (၃) ရက်နေ့မှာ ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာဘက် ချီတက်လာတဲ့ စစ်တပ်ရဲ့ကားကို K.I.A စစ်သားများက ဗုံးခွဲ တိုက်ခိုက်ခဲ့သေးကြောင်း သိရှိရပါတယ်။

နောင်ဖြစ်နိုင်မည့် ဦးစီးချုပ် အလောင်းအလျာ
********************************

အာဏာလွန်ဆွဲပွဲများကြောင့် တပ်မတော်အတွင်းတွင် ထိပ်ပိုင်းဗိုလ်ချုပ်များ ထိုင်ခုံမမြဲ ဖြစ်စေကာ သူ့လူ ကိုယ့်လူ ဆွဲတင်လို့ မရဘဲ စစ်တပ်ရဲ့ Line Up ပျက်ဆီးသွားခဲ့ကြရပါတယ်။ ယခင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားခြင်းခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းက စစ်ဦးစီး ဗိုလ်မှူးချုပ် (စစ်ဆင်ရေး) ရာထူးအား သူ့ရဲ့တပည့် ဗိုလ်ချုပ်ဟောင်း တင်ငွေကို ဆွဲတင်ခဲ့ပါတယ်။ အဲဒီနောက် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ထပ်မံ လျာထားခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သူရမြင့်အောင်လည်း တပည့်အဖြစ်တောင် ဘယ်သူ့ကိုမှ မရွေးနိုင်ခဲ့ခင်မှာဘဲ ထိုင်ခုံက လျောကျသွားခဲ့ပါတယ်။ ယခုတဖန် နောင်တခေတ်မှာ ဖြစ်လာနိုင်မဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားခြင်း ခံရသူကတော့ နေပြည်တော် စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင်အေး ဖြစ်နိုင်ကြောင်းနဲ့ ဗိုလ်မှူးချုပ်မောင်မောင်အေးဟာ D.S.A အပတ်စဉ် (၂၅) ကဖြစ်ပြီးတော့ သူ့ရဲ့အကြောင်းကို အငြိမ်းစား တပ်မတော် အရာရှိကြီးတစ်ဦးမှ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ အောက်ပါအတိုင်း ပြောဆိုလာပါတယ်။


နေပြည်တော်ရှိ ခုတင် ၃၀၀ ဆံ့ ဥတ္တရ သီရိ ဆေးရုံ သစ်ကြီးဖွင့်ပွဲ၌ ဗိုလ်မှူးချုပ် မောင်မောင်အေး
(ဓာတ်ပုံ - The Myanmar Post)

ဒီကောင် တပ်ရင်းမှူး သင်တန်းတုံးက အဆင့် (၆) ရလို့ လက်ရွေးစင် ထိပ်တန်း (၅) ယောက် ရွေးတဲ့အခါမှာတော့ မပါသူ ဖြစ်တာပေါ့။ ဒါပေမဲ့ နိုင်ငံခြား ပညာတော်သင် တက်ရောက်ဖို့ အကျုံးဝင်တဲ့ အဆင့် (၁) နဲ့ (၂) တွေကို ကျော်ခွပြီး သင်တန်းထဲကို သူပါသွားခဲ့တယ် ဆိုကတည်းက တပ်မတော်ရဲ့ အဖားတော်၊ အမျိုးတော်၊ ဗေဒင်နက္ခအရ တော်တဲ့ တော် (၃) မျိုးထဲမှာ အကျုံးဝင်နေလို့ ဖြစ်တယ်လေ။ ကကကြည်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးစန်းဦး (D.S.A ၂၄) တောင် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် နောက်မှ ပြန်ရွေ့ပြောင်းခံရတာ တွေ့ရတယ်။ ဗိုလ်မှူးချုပ်မောင်မောင်အေးက D.S.A (၂၅) ကျောင်းဆင်းဖြစ်ပြီးတော့ စီနီယာဗိုလ်ချုပ်တွေကို ကျော်ဖြတ်ကာ နေပြည်တော် တိုင်းမှူးရာထူးကို ရောက်ခဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ ဒုချုပ်နဲ့ တပ်ချုပ် ဖြစ်ဖို့ဟာ ယခင်က နတခတိုင်းမှူးတွေကို အများဆုံး ရွေးချယ်နေခဲ့ရာက ယခု ဒုချုပ်ကို မပခတိုင်းမှူး ဗိုလ်ချုပ်ကြီးစိုးဝင်းအား ရွေးချယ်တာက အခြေအနေ ပြောင်းလဲသွားလို့ ဖြစ်တယ်။

ဗိုလ်မှူးချုပ်မောင်မောင်အေးရဲ့ အားသာချက်က နေပြည်တော်မှာ လူကြီးတွေနဲ့ အနီးကပ်နေရလို့ လုပ်ဆောင်ချက် ကြိုးစားချက် အနည်းငယ် ပိုအားထုတ်ရုံ အဖားတော်ရုံနဲ့ အခြား တိုင်းမှူးများထက် ရှေ့ကပြေးနေတာ သေချာတယ်။ သူ့ကို ရွေးချယ်တာကလည်း ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ဖြစ်ပြီး ဗိုလ်ချုပ် မင်းအောင်လှိုင် ကြိုက် မကြိုက်ဆိုတာကို ဆက်ကြည့်ရဦးမှာ ဖြစ်တယ်။ ဒါပေမဲ့ ပထမဦးဆုံး လွှတ်တော် ကျင်းပချိန်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က နေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်အေးကို တွဲခေါ်ပြီး လွှတ်တော် ညီလာခံထဲသို့ ပွဲထုတ်လာတာကို တွေ့ခဲ့ရတာမို့ နောင်တခေတ် ဖြစ်လာနိုင်မဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဘယ်သူလဲဆိုတာကို သိချင်နေသူများအတွက် စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုဒ်မှာ တင်ပြပေးလိုက်ပါတယ်။

စစ်တွေ အင်တာနက်ဆိုင်များ ရေရှည် ရပ်တည်ရေး ခက်ခဲနေ
*******************************************
စနေနေ့၊ စက်တင်ဘာလ 03 ရက် 2011  မိုးညို (စစ်တွေ)- နိရဉ္စရာ သတင်းဌာန
ရခိုင်ပြည်နယ် စစ်တွေမြို့၌ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက် နေသောကြောင့် အင်တာနက် စီးပွားရေး လုပ်ငန်းမှာ ရေရှည် ရပ်တည်ရန် ခက်ခဲနေကြောင်း သိရှိရသည်။


စစ်တွေမြို့၌ ၂၀၀၇ ခုနှစ်မှ စတင်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ 256Mbps ADSL လိုင်းများကို အများ ပြည်သူများ အသုံးပြုခွင့် ပေးခဲ့ရာ မှ အင်တာနက်ဆိုင်းများ ဖွင့်လှစ် လုပ်ကိုင်လျှက် ရှိနေကြ ပါသည်။ သို့သော် အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်း၊ မီတာခ ကြီးမြင့်ခြင်း၊ ဆိုင်ခန်းခ နေရာများ ဈေးမြင့်မူ တို့ကြောင့် အင်တာနက်ဆိုင်လုပ်ငန်းရှင်များမှာ အရှုံးနှင့် ရင်ဆိုင် နေရကြရသည်။

အင်တာနက်ဆိုင် လုပ်ငန်းရှင် တစ်ဦးမှ ယခုလို ရင်ဖွင့်ပြောကြားသည်။

"သူတို့က မပေးရင်လဲ မပေးနဲ့ဗျာ။ အခုတော့ အင်တာနက်တော့ ချပေးတယ်။ ဒါပေမယ့် သုံးလို့ ရအောင်လဲ မပေးဘူး။ ပြီးတော့ အခွန်က လာပြန်ပြီ။ အခုလည်း PAC လုပ်ရမယ်ဆိုပြီး စာရောက် လာတယ်။ ၈သိန်း ကျော် သွင်းရမယ်တဲ့။ အဲလောက် ပိုက်ဆံသွင်းလို့ ရှိရင် ရန်ကုန်တို့ ပြင်ဦးလွင်တို့ မန္တလေးတို့လို အင်တာနက်လိုင်းတွေ ကောင်းသွားမလား။ အခုဟာက မြန်မာနိုင်ငံ အတွင်းမှာ အခွင့်အရေးချင်းကျတော့ မတူပဲ၊ အခွန်ကျတော့ အတူတူပေးရမယ်ဆိုတော့ သဘာဝမကျဘူးပေါ့။ အခုတော့ ဆိုင်ကို ပိတ်လိုက်မလား၊ အခွန်သွင်းပြီး ဆက်ဖွင့်ရမလား၊ ဂီမ်းဆိုင်ပဲ ပြောင်းဖွင့်ရမလားလို့ စဉ်းစားနေရတယ်ဗျာ။"

အင်တာနက်လိုင်းများ ချပေးရာတွင်လည်း ရခိုင်ပြည်နယ်ဘက်ကို မြန်နုန်း အားကောင်းသော လိုင်းများကို ချပေးခြင်း မရှိကြောင်း သိရသည်။

"အင်တာနက်လိုင်းသာ ကောင်းအောင် လုပ်ပေးတာ မရှိဘူး။ ဥပမာ အခြားမြို့တွေလို မြန်နုန်းမြင့် လိုင်းတို့ ပေါ့။ sky net အင်တာနက်လိုင်းကလည်း စစ်တွေဖက်ကို မပေးဘူးဗျ။ သတ်သတ်နှိမ်တဲ့ သဘောလို့ ထင်တယ်။ ဒီမှာလည်း အင်တာနက် သုံးစွဲသူ များပါတယ်။ ရခိုင်ဖက်ကျတော့ တိုးတက် သွားမှာ ကြောက်လို့ ထင်ပါရဲ့"ဟု အင်တာနက် သုံးစွဲသူ တခြား ရခိုင် လူငယ်တစ်ဦးမှ ပြောသည်။

နိုင်ငံတော် အတွင်း တပြေးညီ တိုးတက်စေရန် အတွက် နယ်မြေ မခွဲခြားပဲ နိုင်ငံတော်တွင် စီမံချက်များ ချမှတ်ဆောင်ရွက်သင့်ကြောင်း နယ်မြို့များရှိ ဆက်သွယ်ရေး လုပ်ငန်းများကိုလည်း နည်းပညာပိုင်း ဆိုင်ရာများ တိုးတက်အောင် ၀န်ဆောင်မူများ ကောင်းမွန်အောင်ဆောင်ရွက် သင့်ကြောင်း နည်းပညာနယ်မှ ပညာရှင်တစ်ဦးမှလည်း ပြောကြားသွားပါသည်။

ARAKAN ကို တရားမ၀င် အသုံးပြုနေခြင်းကို ကန့်ကွက်သည့် အခမ်းနား ရန်ကုန်မြို့တွင် ကျင်းပ
*******************************************************************
စနေနေ့၊ စက်တင်ဘာလ 03 ရက် 2011 စံလင်း - နိရဉ္စရာ သတင်းဌာန
ARAKAN ဟူသော ရခိုင် အမျိုးသားပိုင် ဝေါဟာရကို မသက်ဆိုင်သူ လူမျိုးခြား ဘာသာခြားတစုကတရား မ၀င် လွဲမှားစွာ သုံးစွဲနေခြင်းနှင့် ပတ်သတ်ပြီး ကန့်ကွက်သည့် အခမ်းအနား တစ်ခုကိုရန်ကုန်မြို့ တွင် ကျင်းပခဲ့သည်။
ဦးဆောင်ရာတွင် ပါဝင်သူ တစ်ဦးက “ ခုလို ပြုလုပ်နေတာကို ကန့်ကွက်သလို တခြား တဘက်မှာလည်း ရခိုင်တမျိုးသားလုံးကို အရေးပေါ် အသိပေး တင်ပြတာ ဖြစ်ပါတယ် ” ဟု ပြောသည်။အခမ်းနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် စက်တင်ဘာ(၂)ရက် နေ့လည်(၂)နာရီ မှ ညနေ (၅)နာရီထိ ကျင်းပ ပြုလုပ်ခဲ့သည်။


ကန့်ကွက်ပွဲ ကျင်းပရခြင်းကို သူက ယခုလို ရှင်းပြ ပြောဆိုသည်။

“ အခု ရိုဟင်ဂျာ ဝပ်ဆိုက်တွေမှာ အာရကန်ကို အာရကန်ရိုဟင်ဂျာ Association ရခိုင်ပြည်နယ် မြေပုံကို သူတို့၏ တိုင်းပြည် သဘောမျိုးနဲ့ ထိပ်စီးခေါင်းစဉ်မှာ တင်ထားပြီးတော့ အာရေဗျာဘာသာ၊ ကိုရန် ဘာသာတွေနဲ့ ရေးထားတယ်။ ပြီးတော့ သူတို့ရဲ့ လစဉ်ထုတ် ဂျာနယ်တွေမှာ အာရကန်ဆိုတဲ့ အသုံးနှုန်းကို သူတို့၏ လူမျိုး၊ သူတို့တိုင်းပြည်၊ သူတို့၏ ယဉ်ကျေးမှု ဘာသာစကား အနေနဲ့ သုံးထားတာတွေ၊ကမ္ဘာမှာ လည်း လူ့အခွင့်ရေးကို အခွင့်ကောင်း ယူပြီးတော့ ရခိုင်သမိုင်းကို သူတို့ သမိုင်းလုပ်တယ်။ရခိုင်ဘုရားတွေ ကို သူတို့ဘုရားလုပ်တယ်။ ရခိုင်ဘုရင်တွေကို သူတို့ဘုရင် လုပ်တယ်။ ရခိုင်ယဉ်ကျေးမှုတွေကို သူတို့ ယဉ်ကျေးမှုလုပ်တယ်။ ရခိုင်ဒင်္ဂါးတွေကိုလည်း သူတို့ ဒင်္ဂါးလုပ်တယ်။ ပြီးတော့ လုပ်ကြံထားတဲ့သမိုင်း တွေနဲ့ ကမ္ဘာမှာ တော်တော်လေးကို လိမ်လည် လှည့်ဖျားနေတယ်။ ရိုဟင်ဂျာတွေက အဲဒီလို လုပ်နေတဲ့ အတွက် ရခိုင်ပြည်သူ တရပ်လုံးက လှုပ်ရှားမှ ဖြစ်တော့မယ်လို့ ယူဆတဲ့ အတွက် ကျနော်တို့က ခုလို တင်ပြဆွေးနွေးတာဖြစ်ပါတယ်။” ဟု ပြောသည်။

၎င်း အခမ်းအနားသို့ ရခိုင်သဟာယဥက္ကဌ ဦးခင်မောင်စိုး၊ ဦးမင်းကြည်၊ ဆရာကြီးဦးထွန်းရွှေခိုင်၊ ဆရာကြီးဒေါက်တာကျော်သိန်း၊ ဆရာမကြီးဒေါ်စောခင်တင့်၊ ဦဦးလှမြင့် နှင့် ရန်ကုန်မြို့ရှိ ရခိုင်မြို့နယ်ပေါင်းစုံ အသင်းအဖွဲ့များမှ ဥက္ကဌများ၊ ရခိုင်သဟာယအသင်းဝင်များ လှိုင်သာယာမြို့နယ် ရခိုင်အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ အပြင် အခမ်းအနားကိုလူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့သည်။

ယခုကဲ့သို့ ဆောင်ရွက်နေသည်ကို မြန်မာနှင့် နိုင်ငံတကာ အတိုင်းအတာထိ ကျယ်ပြန့်စွာလုပ်ဆောင် သွားမည်ဟု လည်း သူက ပြောသည်။

" ကျနော်တို့ မနေ့က ဆုံးဖြတ်တဲ့ အခါ အဲဒီ အချက်တွေလည်းပါတယ်။ ကျနော်တို့ အသေးစိတ် ထုတ်ပြန်တဲ့ စာရွက် စာတန်းတွေကို အားလုံးရဲ့ သဘောတူညီချက်နဲ့ ယူနီစကို၊ ယူအန်နဲ့ သက်ဆိုင်တဲ့ အဖွဲ့စည်းတွေ၊ မနေ့က ယူအန်မှာ လုပ်ခဲ့တဲ့သူတွေ လည်းတက်ရောက်ပါတယ်။ သူတို့ကလည်း သူတို့ အဆက်သွယ်နဲ့ ယူအန်ကို ရောက်အောင် ပို့ပေးမှာပါ။ သံရုံးတွေကို ပို့မယ်၊ အမေရိကန် အစိုးရတို့နောက်ပြီး မူဆလင်အရေး နဲ့ ထိစပ်နေတဲ့ နိုင်ငံတွေကို ပို့ပေးမယ်။ ပြည်ပမှာ ရှိနေတဲ့သူတွေက ပို့ပီးလှုပ်ရှားရ လွယ်ကူတယ်။ပြည်ပ က လူတွေနဲ့လည်း ဆက်သွယ်ပြီး ဒီကိစ္စကို အလေးနက်ထား လုပ်စေချင်ပါတယ။် အဓိကတော့ ရခိုင်သူ ရခိုင်သားတွေဟာ ဘာမဟုတ်တာလေးနဲ့ ကွဲပြား နေတာမျိုး အသာထားပြီး အခုကိစ္စကို ပါရာဒိုင်းကဘင်္ဂါလီ အရေး ဖြစ်လို့ အခြား တိုင်းရင်းသားတွေ၊ မြန်မာလူမျိုးတွေ အကုန်လုံးပါဝင်အောင် စည်းရုံးသွားမှာပါ။” ဟု ပြောသည်။

၎င်းပြင် အဆိုပါ အခမ်းအနားတွင် ဆုံးဖြတ်ချက် (၂) ခုကိုလည်း ချမှတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်များမှာ (၁) ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့၏ တိုင်ပြည်နှင့် လူမျိုးကို ခေါ်ဆိုသော ARAKAN ဟူသော ဝေါဟာရကို ဘင်္ဂါလီ မူဆင်လင် အချို့က တရားမ၀င် လုယူသုံးစွဲ နေမှုကို ရခိုင် တမျိုးသားလုံးက တခဲနက် ရှုတ်ချ ကန့်ကွက်ကြောင်း။ (၂) ယင်းသို့ တရားမ၀င်သုံစွဲနေခြင်းကို ရခိုင်သူ ရခိုင်သားတရပ်လုံး က ဖြစ်နိုင်သမျှ နည်းလမ်း အသွယ်သွယ်ဖြင့် တုန့်ပြန် ဆောင်ရွက်သွားရန် တို့ ဖြစ်ကြောင်း သိရသည်။

ထိတ်လန့်ဖွယ် စီရင်ချက်က ဒုံရင်းအတိုင်းပဲဆိုတာ ညွှန်ပြနေ
******************************************
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ သြဂုတ်လ ၂၉ ရက် ၂၀၁၁
မြန်မာအစိုးရသစ်ကြီး အပြောင်းအလဲတွေအတွက် လမ်းဖွင့်ပေးတော့မလားဟု ပြည်သူအများ မျှော်တော်ဇောနှင့်
မောနေချိန်မှာပင် အင်းစိန်ထောင်အတွင်း အထူးတရားရုံးက ဘီးတပ် ကုလားထိုင်ဖြင့် တရားရုံးတက် အမှုဆိုင်နေရသူ စေတနာ့ဝန်ထမ်း သွေးလှူရှင်အဖွဲ့မှ တဦးကို အီလက်ထရွန်းနစ် ဥပဒေဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်သည်။

သူ့မိသားစု တက်ရောက် နားထောင်ခွင့် မရခဲ့သည့် တံခါးပိတ် တရားခွင်က စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီးနေမျိုးဇင်ကို သူ့ကွန်ပျူတာအတွင်း စစ်တပ်ကို ဝေဖန်သည့် အီးမေးလ်တစောင် တွေ့သည်ဆိုကာ
သြဂုတ်လ ၂၆ ရက်နေ့က နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သည်။

ကုလအထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကွင်တားနား မြန်မာနိုင်ငံသို့  ၅ရက် ခရီးစဉ် လာရောက်အပြီး
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အစိုးရနှင့် တွေ့ဆုံဆွေးနွေးကာ ပြန်သွားခဲ့ပြီး တရက်အကြာတွင် ထိုသို့ စီရင်ချက် ချမှတ် အပြစ်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့ကိုမူ ဆေးအသစ်သုတ်၊ တံမြက်လှည်း သန့်ရှင်း၊ သနပ်ခါး လိမ်းထားသော အင်းစိန်ထောင်သို့ သွားရောက်ကြည့်ရှု့ခွင့်ပေးကာ  အခြေအနေတွေ တိုးတက်နေပါပြီဟု ပြောဆို
ပြသခဲ့သည်။

မြန်မာ့အလင်း သတင်းစာ၏ အဆိုအရ အစိုးရအနေဖြင့် အကျဉ်းသားအချို့ကို လွှတ်ပေးလိုစိတ်ရှိကြောင်း ကွင်တားနားကို ပြောကြားခဲ့သည်ဟုဆိုသည်။ သို့သော် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားဟူ၍ မရှိကြောင်း၊ ရာဇဝတ်မှု ကျူးလွန်သည့် အကျဉ်းသားများသာ ရှိကြောင်း ပြောဆိုခဲ့သည်။ အစိုးရထုတ် သတင်းစာက ကွင်တားနားနှင့် ဘာတွေ ဆွေးနွေးခဲ့သည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုတော့ အံ့အားသင့်စရာ
ကောင်းလောက်အောင်ပင် ပွင့်ပွင့်လင်းလင်း ရေးသား ဖော်ပြခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးချည်း တောင်းဆိုနေသည့်အတွက် ကွင်တားနားသည် မြန်မာ အာဏာပိုင်များအဖို့ စိတ်ညစ်ညူးစရာဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ ယခုတော့သူ့ကို အာဏာပိုင်များက အတင်းအကျပ် ဖိအားပေး၍ “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ” ဟူ၍ ခေါ်နေရပြီ ဖြစ်သည်။
မြန်မာပြည်ရှိ ထောင်များတွင် ထိုသို့သော အကျဉ်းသားများမှာ ၁၉၉၅ ဦး အထိ ရှိနေပြီ ဖြစ်သည်။

သူတို့ ကျူးလွန်ခဲ့သော ပြစ်မှုများဆိုသည်မှာလည်း တခုတည်းသာဖြစ်သည်။ ယင်းမှာ ကုလ သမဂ္ဂ လူ့အခွင့်အရေး
ကြေညာစာတမ်းပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းနှင့် လွတ်လပ်စွာ ယုံကြည် ယူဆခွင့်ကို စွဲကိုင်ခဲ့ကြ၍သာ
ဖြစ်သည်။ ယခုတော့သူတို့ကို ခေတ်နောက်ကျနေပြီဖြစ်သော ဥပဒေများဖြင့် ဖမ်းဆီးအရေးယူအပြစ်ပေးကာ
လူထုကို ပါးစပ်မဟရဲအောင် ခြိမ်းခြောက်ထားလိုက်ခြင်းပင် ဖြစ်သည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏အမှုကို စစ်ဆေးနေသည်မှာ ၄ လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည် စစ်ဆေးနေသော တရားသူကြီးမှာလည်း စိတ်သစ်လူသစ်နှင့် ပြောင်းလဲနေပါပြီဟု ကြော်ငြာလိုနေသော အစိုးရသစ်၏ မကြာသေးခင်က ချမှတ်လိုက်သော လက်တွေ့နိုင်ငံရေးကြောင့် ပြောင်းလဲသွားမည့် အလားအလာမရှိပါ။

မြန်မာအများစုက မျှတမှုမရှိဟု ယုံကြည်နေကြသော ဥပဒေများကို ချိုးဖောက်နေသည်ဟုဆိုပြီး ထိုသူများကို လိုက်လံဖမ်းဆီးနေသူ အစိုးရအရာရှိများနှင့် သူတို့ပုံရိပ်ကို ကမ္ဘာ့နိုင်ငံရေးစင်မြင့်တွင် အရောင်တင်ဆီသုတ်ကာ ပွဲထုတ်ချင်နေသည့် သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရသစ်၏ ထိပ်ပိုင်းခေါင်းဆောင်များအကြား အဆက်အစပ်မရှိ ဖြစ်နေသည်မှာ ထင်ရှားသည်။

အပေါ်ယံအားဖြင့်ကြည့်လျှင် အပြောင်းအလဲများ ပေါ်ထွက်လာတော့မယောင် ပင်ဖြစ်သည်။ မကြာသေးမီကပင် သမ္မတဦးသိန်းစိန်က မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် လက်ခံ
တွေ့ဆုံခဲ့သည်။ အစိုးရ၀န်ကြီး ဦးအောင်ကြည်ကလည်း အလားတူပင် လက်ခံတွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် အစိုးရက စာမျက်နှာသစ်ဖွင့်ကာ အမျိုးသား ရင်ကြားစေ့ရေးအတွက် စဉ်းစားမှုများပေါ် နေလေပြီလား
ဟု မျှော်လင့်ချက်များလည်း ထွက်ပေါ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါဆွေးနွေးမှုများကို အပြုသဘောဆောင်ပါသည်ဟု ပြောဆိုခဲ့သည်။ အာဏာပိုင်များက ဖျက်သိမ်းထားခဲ့ပြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကိုပင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်တင်ခွင့် ပေးမယောင် ပြောဆိုမှုများလည်း ပေါ်ထွက်လာခဲ့သည်။ ဤအရာများသည် အမှန်လော၊ ဗန်းပြလော။

သူမြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာစဉ် ထုတ်ပြန်ခဲ့သော ကြေငြာချက်၌ ကွင်တားနားက “မြန်မာအစိုးရသည် လူ့အခွင့်အရေးအခြေအနေများ တိုးတက်မှုဖြစ်ပေါ်လာနိုင်စေမည့် ခြေလှမ်းများကို လှမ်းခဲ့ပြီးဖြစ်သည်” ဟု ဆိုထားသည်။ ဤနေရာတွင် “ဖြစ်ပေါ်လာနိုင်စေမည့်” ဆိုသောစကားကို သတိပြုပါ။ ယခုထိမူ တိတိကျကျ လုပ်ဆောင်ချက်ဟူ၍ မတွေ့ရသေးပါ။

မြန်မာပြည်ရှိ အုပ်စိုးသူများအတွက် “အခြေအနေတွေဟာ ဒုံရင်း” ဆိုသည်ကို ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏အမှုက သတိပေးနေသည်။ လူပုဂ္ဂိုလ် တဦးတယောက်အဖို့ နှစ်ရှည်ပြစ်ဒဏ်ဆိုသည်မှာ ၀မ်းနည်းစရာကောင်းသည့် ကိစ္စပင်ဖြစ်သည်။ ဤစေတနာ့ဝန်ထမ်း သွေးလှူရှင်သည် ဒီမိုကရေစီအရေး တောင်းဆိုတိုက်ပွဲဝင်နေသူလည်း မဟုတ်ပါ။ သူအ ကျဉ်းထောင်ထဲတွင်ချော်ကျ၍ ခါးရိုးကျိုးသွားခဲ့သည်ဟု ဆိုသည်။ မတော်တဆဖြစ်မှု ဖြစ်နိုင်ပါသည်။

သို့သော် အင်းစိန်ထောင်တွင်း ရက်စက်ကြမ်းကြုတ်မှုများနှင့် ညှဉ်းပန်း နှိပ်စက်မှုများ ရှိနေခဲ့သည်ဟူသော အချက်များကို ထောက်ရှု့ကြည့်လျှင် သူထို သို့ချော်ကျခဲ့ခြင်းမှာ အမှန်တကယ် မတော်တဆမှုမှ ဟုတ်ပါရဲ့လား ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်နေသည်။ ပို၍အရေးကြီးသည့် အချက်မှာ သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာ ကိစ္စ ဖြစ်သည်။ ခါးအောက်ပိုင်း သူ၏ကျောရိုးမှာ ကျိုးသွားခဲ့သည်ဟု ဆိုသည်။ သေသေချာချာ မကုသနိုင်လျှင် သူ့တသက်လုံး ထိုသို့ ဘီးတပ်ကုလားထိုင်နှင့် နေသွားရတော့မည် ဖြစ်သည်။

ဒါဆိုရင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏အမှုက ဘာလဲ။ တပ်မတော်ကို ဝေဖန်ပြစ်တင်ထားသော၊ တခါက သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းများကို ဝေဖန်ပြစ်တင်ထားသော အီးမေးလ်တစောင်ကို သူ့ထံတွင် တွေ့ရှိရလို့ပဲလား။

မြန်မာအစိုးရသစ်ဆိုသည်ကို ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲဖြင့် တင်မြှောက် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။ ထိုဖွဲ့စည်းပုံအရ နေပြည်တော်မှ တံတိုင်းမြင့်မြင့် ခတ်ထားသော ခြံဝင်းကျယ်ကြီးများ အတွင်း နေထိုင်နေကြသည့် ဗိုလ်ချုပ်ကြီးများနှင့် သူတို့၏စစ်တပ်က သူတို့ဆန္ဒရှိသည့် အချိန် အာဏာသိမ်းခွင့်
ပေးထားသည်။ ထိုဗိုလ်ချုပ်ကြီးများသည် သူတို့အတွင်း သဘောထားကွဲသူများ ပေါ်ပေါက်လာမည့် အရေးကို
အလွန် ထိတ်လန့်ကြောက်ရွံ့ကြသူများ ဖြစ်သည်။ သူတို့တွင်လည်း အကြောင်းပြချက် ကောင်းကောင်းရှိပါသည်။

စစ်တပ်အတွင်း သဘောထားကွဲအောင် လှုံ့ဆော်သူများမည်သို့ ကြမ္မာဆိုးနှင့် ကြုံရနိုင်သည် ဆိုသည်ကို ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏အမှုဖြင့် နမူနာကောင်း ပေးလိုဟန်ရှိသည်။ ဒါကိုကြည့်လျှင် မကြာသေးမီက
ပေါ်ထွက်ခဲ့သော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ဓါတ်ပုံအတူ တွဲရိုက်ကြသည်များ ဆိုသည်မှာ မျက်လှည့်
ပြရန် သက်သက်လော ဆိုသည်ကို စဉ်းစားစရာပေါ်လာသည်။

ကုလအရာရှိတဦး မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း၊ သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခြင်း စသည်တို့
သည် ဗိုလ်ချုပ်ကြီးများ ဇိမ်ကျကျနေကာ သဘောထားကွဲသူများကို နှိပ်ကွပ်ထားသည့် စနစ်ကြီးတခုလုံး အဓိပ္ပါယ် ရှိရှိ ပြောင်းလဲသွားပြီ ဟူသော သဘော မသက်ရောက်ပါ။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏အမှုသည် လူထုကြီး တရပ်လုံးကို စည်းမကျော်နဲ့ နားရွက်မခတ်နဲ့ဟု ကျောချမ်းစရာ ကောင်းလောက်အောင် သတိပေးလိုက်ခြင်းပင်
ဖြစ်သည်။

ဘယ်လို လွတ်ငြိမ်းချမ်းသာခွင့်မျိုးလဲ
***************************
ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၁
(သမ္မတ အကြံပေး ဦးကိုကိုလှိုင်နှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။       ။ သမ္မတဦးသိန်းစိန်၏ ပြည်ပရောက်သူများ ပြန်လာရန် ပြောကြားပြီးနောက် မည်သို့သော လွတ်ငြိမ်းချမ်းသာခွင့် ပုံစံဖြစ်မှာလဲ ဆိုခြင်းအပေါ် သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်ကို မေးမြန်းထားသည်။

လက်နက်ကိုင် အဖွဲ့အစည်းဝင်များကို လက်နက်ချရန် ကန့်သတ်ထားဟန်ရှိသော လွတ်ငြိမ်းချမ်းသာခွင့်က လူတဦး တယောက်အပေါ် ကျူးလွန်ထားသော ပြစ်မှု ရှိသူကလွဲရင် အရေးယူဆောင်ရွက်မှာ မဟုတ်ကြောင်းနှင့် လွှတ်တော်
က ဥပဒေထုတ်ရန် ပြင်ဆင်မှာဖြစ်သည်ဟု ဦးကိုကိုလှိုင်က ပြောသည်။

အစိုးရကို အကြည်ညိုပျက်စေတဲ့ သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ သိရတယ်။ ဘယ်လို ပုံစံမျိုးပါလဲ။

“ကျနော်တို့ သိသလောက် ပြောတာပေါ့နော်။ ကျနော်တို့ သိသလောက် အနေနဲ့ကတော့ Personal Offense လို့
ခေါ်တဲ့ တဦးတယောက်ကို လုပ်တဲ့ ပြစ်မှုမျိုးကလွဲပြီးရင် ကျန်တာတွေကို အရေးမယူဘူးလို့ သိတယ်ပေါ့ နော်။ တဦးတယောက်ဆိုတာ လူတယောက်ကို သတ်တယ်ဗျာ၊ လူတယောက်ကို ဓားပြတိုက်တယ်ဗျာ၊ ရိုက်တယ်
နှက်တယ် စသဖြင့်ပေါ့နော်။ အဲဒါမျိုးတွေကလွဲပြီး တခြားတယောက်ကို ပြဿနာပေးတာမျိုးက လွဲပြီးရင် ကျန်တဲ့ ဥစ္စာတွေကိုတော့ ဘယ်လိုပြောမလဲ။ ခွင့်လွှတ်ပေးမယ့် သဘောမျိုး။ ဒါက အကြမ်းဖျဉ်း ကျနော် သိတာပေါ့။ ဒါပေမဲ့ အသေးစိတ်ကျတော့ စောစောက ပြောတဲ့ လွှတ်တော်ကထုတ်တဲ့ ဥပဒေကျရင် ပိုသိမှာပေါ့နော်။ တရားဝင်ဖြစ်မှပေါ့”

“ဒီဥစ္စာကို ဥပဒေနဲ့ ထုတ်ပြန်ဖို့ ဥပဒေကြမ်း တင်သွင်းဖို့ လုပ်နေကြတယ်ဗျ။ အဲဒီဥပဒေ ထွက်လာတဲ့အခါကျရင်
တော့ အသေးစိတ်သိလိမ့်မယ်ဗျ။ သူတို့ကတော့ ဆွေးနွေးကြဦးမှာပေါ့နော်။ ဆွေးနွေးကြမယ်၊ မဲခွဲကြမယ်ပေါ့။ အဲဒါမျိုးတွေတော့ လုပ်ဖို့ရှိပါလိမ့်မယ်”


ABSDF ကျောင်းသား အမှတ်တရ (ဓါတ်ပုံ မဇ္ဈိမ)

အရပ်သား ထိခိုက်တဲ့ ပြစ်မှုတွေ ကျမှသာ အရေးယူမယ် ဆိုတဲ့ သဘောမျိုးလား။

“မှန်တယ်ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက တယောက်ယောက်ကို ထိခိုက်တဲ့ဟာက နိုင်ငံတော်က တာဝန်ယူပေး
လို့ မရဘူးပေါ့နော်။ ဘာဖြစ်လို့ဆိုတော့ နစ်နာသူရှိသွားတာကိုး။ သီးခြားနစ်နာသူရှိသွားတာကိုး။ နိုင်ငံတော်က
အဲဒါကို တာဝန်ယူပေးလို့ မရဘူး။ နစ်နာတဲ့သူက နိုင်ငံတော်ဘက်က ဟိုဘက်က လူဘက်က ဘက်လိုက်တယ် ဆိုပြီး ပြောလာမှာပေါ့။ အဲဒါမျိုးတွေက ရှိတာကိုး”

“နိုင်ငံတော်နဲ့ ပတ်သက်ပြီးဖြစ်လာတဲ့ ဥစ္စာတွေ၊ တချို့ကလည်း မတရားအသင်းတွေထဲမှာ ပါဝင်ခဲ့တာတွေ ရှိတယ်။
သောင်းကျန်းသူနဲ့ ဆန့်ကျင်ခဲ့တာ ရှိတယ် စသဖြင့်ပေါ့ဗျာ။ နယ်စပ်မှာနေတဲ့အခါကျတော့ ဒါတွေက မလွဲမကင်း တာတွေ ဖြစ်ကြတာတွေ ရှိတာပေါ့။ အဲဒါမျိုးတွေက ဟိုတုန်း လွတ်ငြိမ်းချမ်းသာခွင့်တွေမှာလည်း အကုန်လုံး ခွင့်လွှတ်ပေးခဲ့တာပဲလေ”

“သောင်းကျန်းသူတွေတောင်မှ ခွင့်လွှတ်ပေးသေးတာဗျာ။ ကျန်တာ ဘာခွင့်လွှတ်မပေးနိုင်စရာ ဘာရှိလဲ။
သောင်းကျန်းသူ ဆိုတာ နိုင်ငံတော်ပုန်ကန်မှုလေ။ ဒီထက်ကြီးတဲ့အမှုမှ မရှိတော့တာ”

ဒါဆိုရင် ကျောင်းသား တပ်မတော်တို့၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ကကောဗျ။

“သူတို့အနေနဲ့ကလည်းပဲ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီးတော့မှ လာမယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်က အဆင်သင့်ကြိုပြီးသားပဲ။ အခုရှိနေလည်း၊ အခုချက်ချင်း ဥပဒေဘောင်ထဲ ဝင်ချင်တယ် ဆိုရင်လည်း လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီးတော့မှ လာမယ်ဆိုရင် တခါတည်း လက်ခံမှာပဲလေ”

“စစ်သားတွေကို ပစ်လို့ စစ်သားတွေ သေသွားတဲ့ ကိစ္စကတော့ ဒါ နှစ်ဘက်စစ်တိုက်ကြတာပဲ မဟုတ်လား။ စစ်တပ်ကလည်း သူပုန်တွေကို ပစ်တာပဲဗျာ။ သူပုန်ကလည်း စစ်တပ်ကို ပစ်တာပဲ။ အဲဒီလိုမျိုး ဘယ်နိုင်ငံမှာ မဆို ရှိတာပဲလေ”

“ဒါပေမဲ့ တခုတော့ ရှိတာပေါ့။ ဒီရွာကနေပြီးတော့ စစ်တပ်ကို ဟိုဒင်းဖြစ်တယ်၊ သတင်းပေးတယ် ဘာညာဆို ရွာသားတွေကို အကုန်သတ်တယ်တို့၊ အရင်တုန်းက ဆင်စွယ်ရွာ လူသတ်မှုတို့ ဖြစ်သလိုမျိုးတွေ ပေါ့ဗျာ။ ဒါမျိုးတွေ ဆိုရင် ဘယ်ခွင့်လွှတ်နိုင်မလဲ”

ဒါမျိုးတွေဆိုရင် တည်ဆဲ ဥပဒေအရ ဆောင်ရွက်သွားဖို့ ရှိတယ်ပေါ့။

“ရွာသားတွေကို လုပ်မယ်ဆိုရင်တော့ ရွာသားတွေက သီးခြား ဖြစ်သွားပြီပေါ့။ ဟိုဘက်ကလည်း လက်နက်ကိုင်
တယ်၊ ဒီဘက်ကလည်း လက်နက်ကိုင်တယ်။ နှစ်ယောက် ပစ်ကြခတ်ကြဆိုတော့ ဒီဥစ္စာကျတော့ တခြား
ဖြစ်သွားပြီလေ။

Read MORE...
http://www.mizzimaburmese.com/interview/8242-2011-08-31-11-49-16.html

No comments: