Monday 19 September 2011

ဧရာဝတီနှင့် ရယ်ဒီကယ်၊ လွှတ်တော်၊ ဒီပလိုမေစီ



မြန်မာနိုင်ငံသားမှန်လျှင် ဧရာဝတီကိုချစ်ကြသည်။ ဧရာဝတီဆိုသည်က မြန်မာလူမျိုးကို မွေးဖွားပေးခဲ့သည့် မြစ်ကြီး၊ မြန်မာနိုင်ငံ၏ အသက် သွေးကြော၊ ဒီမြစ်ရိုးကြီးတစ်လျောက်မှာ လူသားယဉ်ကျေးမှုတွေ စတင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ခေါင်းမှ ခြေဖျားအဆုံး စီးဆင်းနေသောမြစ်ကြီး၊ တစ်နိုင်ငံလုံးကို စိုက်ပျိုးရေပေး၍ ရိက္ခာပေးနေသည့်မြစ်ကြီး၊ ထိုမြစ်ကြီးကို မှီခိုနေသော ဂေဟစနစ်တွေ၊ မျိုးစိတ်တွေ ထောင်သောင်းချီရှိ နေသည်။ မြန်မာသာမက ကမ္ဘာကျော်သည့် မြစ်ကြီးတစ်စင်း၊ ကဗျာတွေ၊ လင်္ကာတွေ၊ စာတွေဖွဲ့ကြသည်။ နိုင်ငံခြားသားများပင် ဧရာဝတီကို ဒဏ္ဍာရီလာ အမွန်မြတ် နေရာတစ်ခုကဲ့သို့ ပုံဖော်ကြသည်။ လာရောက် လည်ပတ် ကြသည်။ ဧရာဝတီမြစ်ကြီး၏ မူလဘူတ စတင်ရာ မြစ်ဆုံဒေသသည်ကား နေမင်းသားနှင့် နဂါးမင်းသမီးတို့ တွေ့ဆုံချစ်ကျွမ်းဝင်ရာမှ ကချင်လူမျိုးများ ပေါက်ဖွားလာသည်ဟု ယုံကြည် ကြသည့်နေရာ။




တရုတ်တွေမျက်စိကျကြသည်
ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံအဖြစ် ရည်မှန်းထားသော တရုတ်ပြည်ကြီးအတွက် ပထဝီနိုင်ငံရေးအရ အိမ်နီးချင်း မြန်မာနိုင်ငံလေးကို မြင်လာသည်။ မြန်မာနိုင်ငံကို ယူနန်ပြည်နယ်၏ ထွက်ပေါက်အဖြစ် သဘောထား၍ ဧရာဝတီမြစ်ကြီးကို ချဲ့ထွင်ကာ ထိုမှတဆင့် အိန္ဒိယ သမုဒ္ဒရာကြီးထဲသို့ တရုတ်သင်္ဘောများ တိုက်ရိုက်သွားလာနိုင်ရန် တရုတ်ခေါင်းဆောင်တွေ မျက်စိကျကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က တရုတ်သမ္မတကြီး ကျန်ဇီမင်းနှင့်  ဧရာဝတီမြစ်ကြီးကို ချဲ့ထွင်၍ တရုတ်ပြည်၏ ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုခွင့်ပေးရန် ဆွေးနွေးခဲ့ဖူးသည်။ ဆွေးနွေးပွဲ နောက်ဆုံး အချိန်မှ ဗိုလ်ချုပ်မှူးကြီး စိတ်ပြောင်းသွား၍ ကျန်ဇီမင်းကြီး ဒေါသပွား၍ ပြန်သွားခဲ့ရသည်။ ထိုစဉ်က တရုတ်တို့၏ တောင်းဆိုချက်မှာ ဧရာဝတီ မြစ်ကြောင်းကို ချဲ့ပေးမည်။ ဗန်းမော်တွင် ရေနက်ဆိပ်ကမ်းကြီးတစ်ခု ဆောက်ပေးမည်။ သို့ရာတွင် ဧရာဝတီမြစ်အတွင်း သွားလာနေသော တရုတ် အလံတင်သဘောင်္များကို စစ်ဆေးခြင်းမပြုရဆိုသည့်အချက် ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးက လုံခြုံရေးအမြင်အရကြည့်၍ သဘောမတူခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးကာ တရုတ်ကို မျက်နှာသာ ပေးဆက်ဆံသမျှ စစ်ရေးတွင် တတ်နိုင်သလောက် လွှမ်းမိုးခြင်းမခံရရန် ရှောင်တိမ်းခဲ့သည်ဟု တပ်မတော် အသိုင်းအဝိုင်းက ဆိုသည်။


တမျိုးကြံပြန်တဲ့တရုတ်

ကျန်ဇီမင်းကြီး ပြန်သွားပြီး မကြာပါ။ တရုတ်တို့က အဆိုတစ်ခု ပြုလာသည်။ မေခနှင့်မေလိခ မြစ်ဆုံပေါ်တွင် ရေကာတာကြီးတစ်ခု တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဖြစ်သည်။ ထုတ်လုပ်သမျှ လျှပ်စစ်အား ၉၀ ရာခိုင်နှုန်းကျော်မှာ တရုတ်ပြည်မှ စက်မှုလက်မှု လုပ်ငန်းများအတွက် သုံးရန်ဖြစ်သည။် သို့ရာတွင် မြန်မာနိုင်ငံအတွက် မက်လုံးတချို့လည်း ပေးထားသည်။ တစ်နှစ်လျှင် ဒေါ်လာသန်းငါးရာခန့် မြန်မာ အစိုးရက ရရှိနေမည့်အပြင် တည်ဆောက်ရေးတွင် ပါဝင်သည့် ကုမ္ပဏီများ၊ ဝန်ကြီးဋ္ဌာနများလည်း အကျိုးစီးပွားတစုံတရာ ဖြစ်ထွန်းကြမည်ဖြစ်သည်။ လုံခြုံရေးအရ တရုတ်စစ်တပ်၊ တရုတ်စစ်သင်္ဘော ဝင်မလာလျှင်ပြီးရောဟု တွက်လေသလားမသိ၊ ထိုစီမံကိန်းကို မြန်မာခေါင်းဆောင်တွေက သဘောတူညီ လိုက်သည်။ ထိုသို့ဖြင့် စစ်ဆေးတိုင်းတာမှုများ ပြုလုပ်ပြီးသောအခါ  ၂၀၀၉ ခုနှစ်ဒီဇင်ဘာ တွင် စီမံကိန်းစတင်ခဲ့သည်။ ထိုစဉ်တည်းက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၊ နိုင်ငံရေးအင်အားစုများနှင့် ဧရာဝတီချစ်သူများက အလန့်တကြားဖြစ်ခဲ့ရသည်။ သို့သော် စစ်အုပ်ချုပ်ရေး အောက်တွင် ရှိနေသေး၍ ယခုကဲ့သို့ အသံများ ကျယ်လောင်စွာ ထွက်ပေါ်မလာခဲ့ပေ။ ၂၀၁၀ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် မြစ်ဆုံကိစ္စကို နိုင်ငံရေးအရ အသုံးချလို၍ လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်မှ ရပ်တည်၍လည်းကောင်း အသံကျယ်ကျယ် ဝေဖန်ပြောဆိုလာကြသည်။ ထိုသို့ဖြင့် လျှပ်စစ်ဝန်ကြီး၏ မပါးနပ်မှု၊ မိုက်မဲမှုကြောင့် မီဒီယာများ၏ ထောင်ချောက်ထဲ ရောက်သွားပြီး မြစ်ဆုံကိစ္စကို ဆက်လုပ်မည်၊ မည်သူမျှ မတားဆီးနိုင်ဟု ဒေါနှင့်မောနှင့် ပြောတော့သည်။ ဤတွင် ပြည်သူလူထု၏ ဒေါသအထွဋ်အထိပ်ရောက်သွားပြီး ထိုအခြေအနေကို အသုံးချ၍ နိုင်ငံရေး သြဇာထူထောင်လို သူများ၊ နိုင်ငံရေးအာဏာရ ယူလိုသူများက ပြည်သူတွေ လမ်းပေါ်ထွက်လာစေရန် လှုံ့ဆော်စည်းရုံးကြသည်။  မည်သို့ပင်ဆိုစေကာမူ ပြည်သူတွေကတော့ နိုင်ငံ့အမွေအနှစ် မိခင်မြစ်ကြီးကို ကာကွယ်ရန် တက်ကြွနေကြပြီဖြစ်သည်။

အမှန်၊ အမှား မကွဲပြားသေး
ဧရာဝတီကိစ္စကို နည်းပညာရှုထောင့်က အငြင်းပွားခြင်းထက်၊ ဆောက်လုပ်သင့် မသင့်ဆိုသည်ကို ဆုံးဖြတ်ရာတွင် ပြည်သူ၏ သဘောထား မှတ်ချက်ကို ရယူသင့်လှသည်။ အစိုးရကလည်း ကောင်းပါသည်၊ မထိခိုက်ပါဟု တစ်ဖက်သတ်ဆိုသလို၊ ဧရာဝတီချစ်သူများကလည်း လုံးဝထိခိုက်သည် ချက်ချင်းရပ်ဟု ဆိုပြန်သည်။ ထိုနှစ်ဖက်ကြားတွင် ညီမျှခြင်းချ၍ မရကြသေး။ အစိုးရကလည်း တစ်ဖက်သတ်ရေးထားသော အစီရင်ခံစာကို ကိုးကား နေသလို၊ ဧရာဝတီကို ကယ်တင်လိုသည့် ပညာရှင်များဘက်ကလည်း တိတိကျကျ ရေးသားထားသော စာတမ်းတစ်စုံတစ်ရာမျှ အခိုင်အမာ တင်မပြ နိုင်သေးသည်ကို တွေ့ရသည်။

လိုရင်းကဘာလဲ
လိုရင်းက ထိုဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်တန့်ပေးရန်သာဖြစ်သည်။ နည်းပညာရှုထောင့်မှ အငြင်းမပွားလို လျှင်ပင် မြန်မာ့အမွေအနှစ်ကို တရုတ်တွေ အကျိုးစီးပွားအတွက် အသုံးချမခံနိုင်၍ဖြစ်သည်။ ယန်စီမြစ်ကြီး ပျက်စီးသည့် ဒဏ်ကို ခံထားရသော တရုတ်များသည် အဘယ့်ကြောင့်များ ဧရာဝတီမြစ်ကို မပျက်စီးနိုင်ပါဟု အာမခံနေကြသနည်း။ သေချာသည်မှာ ထိုရေကာတာရှိနေသမျှကာလပတ်လုံး မြန်မာနိုင်ငံသည် တရုတ်ထိန်းချုပ်သမျှ ခံနေရတော့မည် ဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော် မြန်မာတစ်မျိုးသားလုံး ရေနှစ်သတ်နိုင်မည့် စက်ခလုတ်ကို တရုတ်တွေလက်ထဲ အပ်လိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ဧရာဝတီကို တရုတ်တွေလက်ထဲ မရောက်အောင် တာဝန်သိနိုင်ငံသားများအနေဖြင့် ကြိုးပမ်းကြရတော့မည်ဖြစ်သည်။

 ရယ်ဒီကယ်
လမ်းပေါ်တက် ဆန္ဒတွေပြ၊ တရုတ်သံရုံးတွေကို မီးရှို့၊ မန္တလေးက တရုတ်နွယ်ဖွားတွေကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း သတ်၊ ထိုအခါ အရပ်သား အစိုးရ အမည်ခံထားသဖြင့် ပြည်သူ့ဆန္ဒကို လေးစားပါသည်ဆိုသော အစိုးရက တရုတ်ပြည်နှင့် ညှိနှိုင်း၍  လျှပ်စစ်ဝန်ကြီးကို ရာထူးမှ ဖြုတ်၍ စတေး လိုက်မည်၊ စီမံကိန်းကြီးကို ရပ်တန့်လိုက်မည်။ စိတ်ကူးယဉ်မှု သက်သက်သာဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုမျှလောက် နိုင်ငံရေးကစားကွက် အဆင့်မမြင့် သေးပေ။ လမ်းပေါ်တက်သည်နှင့် ပစ်ခတ်မှုတွေ ပြန်ဖြစ်မည်။ ဒုံရင်းအတိုင်း စစ်ဖိနပ်အောက် ပြန်ရောက်မည်၊ ထိုအခါ ယခုအချိန်မျှလောက်ပင် အစိုးရကို ဝေဖန်ခွင့်မရတော့သလို မြစ်ဆုံကိစ္စ ပြောဆိုခြင်းသည် နိုင်ငံတော် ပုန်ကန်မှု ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ရယ်ဒီကယ်နည်းမှာ အသုံးမဝင်ပေ။ အရှေ့အလယ်ပိုင်းက ပြည်သူတွေကို အားမကျကောင်းပေ။ သူတို့တွင် စစ်တပ်တဖွဲ့လုံးက ပြည်သူဘက်ပါသလို၊ တစ်တပ်လုံးမပါလျှင်ပင် တစ်စိတ် တစ်ဒေသ ပါသည်။ မြန်မာ့တပ်မတော်ကား ပြည်သူဘက်တွင် လုံးဝမရှိတော့ဆိုသည့် သင်ခန်းစာကို အကြိမ်ကြိမ်ပေးခဲ့ပြီးဖြစ်သည်။ ယခုမြစ်ဆုံကိစ္စကို အကြောင်းပြု၍ တရုတ်လူမျိုးတွေ အသတ်ခံရလျှင် တရုတ်အစိုးရက လက်ပိုက်ကြည့်နေမည်မဟုတ်၊ တရုတ်အစိုးရ အမုန်းဆုံးမှာ ဆန္ဒပြခြင်း၊ အကြမ်းဖက် ခြင်းပင် ဖြစ်သည်။ ထိုသို့သော ကိစ္စများကို ကိုင်တွယ်ရန် မြန်မာအစိုးရကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးမည်။ နိုင်ငံတကာတွင် မြန်မာအစိုးရကို အကာအကွယ် ပေးမည်ဖြစ်သည်။ ထို့ကြောင့် ရယ်ဒီကယ်နည်းလမ်းသည် အသုံးဝင်သော နည်းတော့မဟုတ်ပေ။

ဒီပလိုမေစီ
တရုတ်ခေါင်းဆောင်တွေက မြန်မာခေါင်းဆောင်တွေကို ပြောဖူးသည်။ မြန်မာပြည်ရှိ တရုတ်နွယ်ဖွားများကို စောင့်ရှာက်ပါရန် ဖြစ်သည်။ သံတမန် နည်းအရ စောင့်ရှောက်လိုက်ပါဟု ပြောဆိုခြင်းသည် မြန်မာပြည်ရှိ တရုတ်များကို  မထိပါနှင့်ဟု သတိပေးလိုက်ခြင်းဖြစ်သည်။ ဤတွင် မြန်မာ ခေါင်းဆောင်များ ပါးနပ်ရန်လိုသည်။ ဧရာဝတီသည် နည်းပညာအရ မည်သို့ပင် ကောင်းသည်ဖြစ်စေ၊ မြန်မာပြည်သူများအနေဖြင့် ထိုစီမံကိန်းကို ရပ်တန့်ရန်သာ ဆန္ဒရှိနေကြသည်။ ရပ်တန့်ခြင်းမပြုလျှင် မြန်မာပြည်သူတွေက တရုတ်နိုင်ငံကို အမုန်းပွားရာမှ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးတွေကိုပါ မုန်းကြ တော့မည်။ ထိုအမုန်းသည် သံသရာဆုံးမည် မဟုတ်တော့။ မြစ်ဆုံရေကာတာကြီးရှိနေသမျှ၊ ထိုရေကာတာကြီးကို မြင်နေရ သမျှ ကာလပတ်လုံး တရုတ် လူမျိုးတွေကို မုန်းတီးစိတ်ပိုမိုလာမည်။ တနေ့နေ့တချိန်ချိန်တွင် ထိုမုန်းတီးမှုများက သွေးချောင်းစီး အဓိကရုဏ်းတွေ ဖြစ်လာနိုင်သည်။ တရုတ်အစိုးရ၏ ထောက်ပံ့မှုဖြင့် မိမိတို့ နှိမ်နှင်းလျှင်လည်း မြန်မာနိုင်ငံအတွင်းရှိ တရုတ်လူမျိုးများကို မုန်းတီးရာမှ တရုတ်အစိုးရအပေါ် မြန်မာပြည်သူတွေ အမုန်းကြီး မုန်းလာနိုင်သည်။ ထို့ကြောင့် မြန်မာနှင့်တရုတ် သံသရာထိအောင် အမုန်းပွားရမည့် စီမံကိန်းကိုရပ်တန့်လိုက်ရန် တရုတ်ခေါင်းဆောင်တွေကို သံတမန် နည်းအရ ဖိအားပေးနိုင်ရန်လိုသည်။

လွှတ်တော်ကလဲအဖြေ
နေပြည်တော်တွင် မြစ်ဆုံနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲလုပ်သည်။ ဆွေးနွေးပဲတွင် လျှပ်စစ်ဝန်ကြီးမှာ ပြီးခဲ့သည့် တစ်ပတ်က သတင်းစာ ရှင်းလင်းပွဲလောက် လေသံမမာနိုင်တော့သော်လည်း ပြန်လည်သုံးသပ်ရပါတော့မည်ဟု တစ်ထစ်လျော့သွားသည်။ စက်မှုဝန်ကြီး ဦးစိုးသိန်း၏ ဦးဆောင်မှုဖြင့် မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်း၍ အစားထိုးနိုင်မည့် အခြေအနေများကို လေ့လာရန် တိုက်တွန်းသည်။ အခြားသော ဗိုလ်ချုပ်ဟောင်းများ ကလည်း  စီမံကိန်းဖျက်သိမ်းရေးကို အလေးကဲသော အကြံပြုချက်များကို တင်ပြကြသည်။ ထူးခြားချက်မှာ လွှတ်တော်မှ ပုဂ္ဂိုလ်အတော်များများ ထိုစီမံကိန်း ဖျက်သိမ်းရေးဘက်ကို အလေးသာနေကြခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ထိုကိစ္စကို လွှတ်တော်တွင် အဆုံးအဖြတ်ရယူရန် ဆုံးဖြတ်နိုင်ခဲ့သည်။ လွှတ်တော်တွင် ပြည်ခိုင်ဖြိုးတွေ အင်အားများ၍ ထိုအဆို မအောင်မြင်နိုင်ဟုဆိုလျှင် မှားပါလိမ့်မည်။ ပြည်ခိုင်ဖြိုးလည်း မြန်မာလူမျိုးဖြစ်၍ ဧရာဝတီကို ချစ်ကြပါလိမ့်မည်။ မည်မျှပင်အတိုက်အခံနှင့် အာဏာရ ဟုဆိုစေကာမူ တစ်မျိုးသားလုံး ခေတ်သစ်ကိုလိုနီ မဖြစ်ရေးအတွက် ယခုတစ်ကြိမ်တွင်တော့ သဘောထား တူညီကြပါလိမ့်မည်။
ဖြစ်နေသာ ပြဿနာလဲသိရပြီဖြစ်သလို ဖြစ်လိုသောဆန္ဒများကိုလည်း သိရပြီဖြစ်ရာ မည်သည့်နည်းက အကောင်းဆုံးဖြစ်မည်ဆိုသည်ကို ရွေးချယ် တတ်ရန်သာ လိုသည်။ ဖြစ်နိုင်သည်ကတော့ ရယ်ဒီကယ်နည်းလမ်းများသည် အကျိုးထက် အပြစ်ပိုများသည်။ လွှတ်တော်ထဲတွင် အဖြေရှာ၍ ဒီပလိုမေစီကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချခြင်းကသာ အကောင်းဆုံးအဖြေဖြစ်မည်ဟု ထင်မိသည်။


ဆောင်းပါးကဏ္ဍ



ပြည်တွင်းသတင်းများ

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုအား ပြင်ပပညာရှင်များဖြင့် စစ်ဆေးသွားမည်
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်တွင် ဆောက်လုပ်ရေး ကုမ္မဏီတို့မှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တည်ဆောက်နေခြင်း ရှိ/မရှိကို စစ်ဆေးရန် အင်ဂျင်နီယာပညာရှင်များ ပါဝင်သည့်အဖွဲ့ကို မကြာမီ ဖွဲ့စည်းသွားရန် ရှိကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။
နေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သော ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါစီမံကိန်းတွင် အဓိကပါဝင်သူဖြစ်သည့် China Power Investmsent (CPI)ကုမ္မဏီသည် မြစ်ဆုံစီမံကိန်း ဧရိယာတွင် ရစ်ချတ်တာ စကေး(၈)အထိ ပြင်းထန်သည့် ငလျင်ဒဏ်အား ခံနိုင်ရန်အဆောက်အဦးနှင့် တာတမံများကို တည်ဆောက်သွားမည်ဟု ကတိပြုထားသည့်အတွက် ယင်း စီမံကိန်းတည်ဆောက် နေစဉ်ကာလအတွင်း အရည်အသွေး ထိန်းသိမ်းရေးကိစ္စရပ်များကို မကြာမီဖွဲ့စည်းမည့် အင်ဂျင်နီယာအဖွဲ့များဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း ဦးဇော်မင်းက ဆက်လက်ပြောကြားသည်။
“စီမံကိန်းလုပ်ဆောင်နေချိန်မှာရယ်၊စီမံကိန်းပြီးစီးတဲ့ အချိန်မှာရယ်၊ ပြောင်းလဲလာတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သက်ရောက်မှုတွေကို လေ့လာ မှာပါ”ဟု ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ပြောကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း စဉ်ဆက်မပြတ် လေ့လာ သွားမည်ဖြစ်ကြောင်း ဆိုသည်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဖြစ်ပေါ်နေသည့် သဘာဝပတ်ဝန်းကျင်ယိုယွင်း ပျက်စီးနေမှုများကို ပညာရှင်များ၏ အကြံပြုချက်ဖြင့် အမျိုးသားအဆင့် Action Plan ရေးဆွဲကာဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။
YC(KS)

Yangon Chronicle

No comments: