Monday 19 September 2011

တိတ်ဆိတ်ခြင်း


7:05 PM 9/11/2011

အမြဲတိတ်ဆိတ်ခြင်းဆိုတာ မရှိပါဘူး။
ခဏတာ တိတ်ဆိတ်ခြင်းပဲရှိတတ်ပါတယ်။

ပထမဆုံးအကြိမ် သူမနဲ့ စတွေ့တော့ ရင်တစ်ခုလုံး တိတ်ဆိတ်သွားဖူးတယ်။
ပထမဦးဆုံးအကြိမ် သူမကို စတင်ထိတွေ့မိချိန်မှာ ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်အေးစက် သွားခဲ့တယ်။
ဒါပေမယ့် အဲဒါ တကယ်ထာဝရ တိတ်ဆိတ်သွားတာ မဟုတ်ခဲ့ဘူး။
မဟုတ်ဘူး။ ကိုယ့်ခံစားချက်တစ်ခုက ကိုယ့်ကို အဲလိုဖြစ်စေခဲ့ခြင်းရယ်ပါ။
အလုးံစုံ တိတ်ဆိတ်မှု ဆိုတာကို လက္မခံမိဖို့ ကိုယ့်နှလုံးခုန်သံကို သတိထားသိနေဖို့ လိုပါတယ်။

သူမဟာ တဒင်္ဂ ဆွံ့အစေတတ်သူ၊ ကျွန်တော့်လို ယောက်ျားသားတွေကို တိတ်ဆိတ်မှင်တက်မှုကို ခေတ္တပေးစွမ်းနိုင်သူပါ။
ဒီ့ထက်ဘာမှ မစွမ်းဆောင်နိုင်ဘူးလို့ ပြောရင် ယုံကြည်ပါမလား။ လွန်ခဲ့တဲ့ နှစ်ဆယ့်လေးနာရီ ကာလလေးမှာ သူမကို
ပစ်သတ်ခဲ့တဲ့ ဒီပစ္စတိုလေး အသက်ရှိရင် ပြောပြနိုင်မှာပါ။

ဒီသေနပ်လေးမှာ ရက်စက်ခြင်းမရှိပါဘူး။ သူ့မှာ သိပ်ကြင်နာတတ်တဲ့ နှလုံးသားပဲရှိတာပါ။
တစ်ခါတစ်ခါ လိုအပ်ရင် ကျွန်တော့်ကို ဒုက္ခရောက်ခြင်းကကယ်တင်မယ့် အိမ်မက်တွေတောင် ပေးတတ်သူပါ။
အိပ်တဲ့အခါတိုင်း အနားမှာရှိတတ်သလို အရက်သောက်ဖြစ်တဲ့အချိန်တိုင်းလည်း မခွဲမခွာပါပဲ။ ပြီးတော့
ကျွန်တော့်ကုတ်င်္အကျီထဲမှာနေရတာ ပိုကြိုက်တဲ့ သူတော်ကောင်းသေနပ်ကလေးပါ။

သူမဟာ အချစ်ဆိုတဲ့ အရာကို အမြဲတစေလိမ်ညာနေခဲ့သူတစ်ယောက်လို့ သေနတ်လေးက
သူဆီက ကျည်ဆံမထွက်ခင်လေး ပြောဖူးခဲ့တယ်။ ရမက်ကို အမြဲ ဆာလောင်နေတယ်တဲ့လေ။ အဲဒါ သူမရဲ့ အမှားပေါ့။
တိတ်တိတ်ဆိတ်ဆိတ်လှုပ်ရှားမှုဟာ အမြဲတမ်း မတိတ်ဆိတ်နိုင်ဘူးဆိုတာ သူမ မသိလိုက်တာ ဖြစ်ပါလိမ့်မယ်။

အဲဒီနေ့ မတိုင်ခင်တုန်းက သူမနဲ့ ကျွန်တော် ချစ်တင်းတွေနှောာပြီး အရူးအမူးပျော်ခဲ့ကြတယ်။ နှလုံးသားကိုယ်စီက
ရင်ခုန်သံတွေကို အတူတူကြားရအောင်ထိ ပွေ့ဖက်အိပ်ကြတယ်။ ခံစားရတာတွေ ဖလှယ်ကြတယ်။
သူမဟာ အချစ်ရေးရာမှာ သိပ်ကျွမ်းကျင်သလို အလွန်စကားပြောကောင်းတယ်။ သူစကားပြောတဲ့အခါ နားထောင်ရသူဟာ
တစ်ထောင့်တစ်ညပုံပြင်ထဲ ရောက်နေသလိုပဲလို့ ခံစားရတယ်။ သိပ်နုညံ့တယ်။ ညင်သာတယ်။ ဂရုဏာပါတယ်။

အရင်က မိန်းကလေးတွေလိုပါပဲ။
သူမနဲ့ စတွေ့ပြီး ချစ်သူဖြစ်ခဲ့တာ ၁၆၈ နာရီမှာပဲ သေနပ်လေးက သူမကို အဆုံးစီရင်လိုက်တယ်။ အဲဒါဟာ
သိပ်ကိုထူးခြားတဲ့ သူ့ရဲ့လုပ်ရပ်တွေ အတိုင်းပါပဲ။ ညင်ညင်သာလေး အဆုံးသတ်ပေးလိုက်ပါတယ်။
သူမနဲ့ သေနပ်ကလေးကြားမှာ ဘယ်လောက်ပဲ အမုန်းတရားရှိရှိ သူဟာ အာဃာတနဲ့ ကျည်ဆံမထွက်တတ်ပါဘူး။
သူဆီက ကျည်ဆံမထွက်ခင် အတည်ငြိမ်ဆုံးရှိနေတတ်ပြီး အသေချာဆုံးနေရာကိုမှ ပစ်တတ်တာလေ။ သူမကိုမပစ်ခင်
သူဟာ သိပ်ကို ခြောက်ခြားတုန်လှုပ်နေခဲ့တယ်။ ခံပြင်းခြင်းနဲ့ ဒေါသစိတ်တွေကို ကျွန်တော်မြင်ခဲ့တယ်။

သူမရဲ့ ဖောက်ပြန်မှုတွေကို သေနပ်လေး သည်းမခံနိုင်ခဲ့ဘူး။ ကျွန်တော်အတန်တန်တားပေမယ့် သူအတင်းပဲ
ဆွဲညှစ်ခဲ့တယ်။ ကျွန်တော့်လက်တစ်စုံဟာ သူ့ခလုပ်ကို အတင်းဆွဲညှစ်ဖို့ သူစေစားနိုင်ခဲ့တယ်။
ပြီးတော့ ကျွန်တော့်သူ့ကိုချစ်တယ်။ သူ့စကားနားထောင်ရတာကို သဘောကျတယ်။ သူ့ကို မလွန်ဆန်စေချင်ဘူးလေ။
သူနဲ့နေလာတာ ကြာလဲကြာခဲ့ပြီမဟုတ်လား။ သေနပ်လေးက ကျွန်တော့်ကိုယ့်ပွားဆိုလဲမမှားပါဘူး။

သူမရဲ့ တိတ်ဆိတ်ခြင်းဆိုတာ သူမမနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်မယ်။
ခဏလေးသာ ဆိတ်ကွယ်တိတိတ်ဆိတ်နိုင်ခဲ့တယ်လို့ ပြောရမလား။ သေနပ်လေးရဲ့ တိတ်ဆိတ်ခြင်းက
အတူနေစဉ်ကတည်းက ခုချိန်ထိ ကြာမြင့်အဓွန့်ရှည်ခဲ့တယ်။ သူများရဲ့တိတ်ဆိတ်မှုတွေကို ဖော်ထုတ်စီရင်တတ်တဲ့
ခဏတာ တိတ်ဆိတ်မှုလှလှလေးကို ပိုင်ဆိုင်ထားတဲ့ သေနပ်ကလေးဟာ ကျွန်တော်နှင့်သိပ်အတွဲညီလှတယ်။

သို့ပေမယ့် အချစ်ကိုကစားတတ်တဲ့ မိန်းကလေးတွေကို တိတ်ဆိတ်မှုထဲကထုတ်ပြီးချိန်မှာ အဲဒါဟာ
ကျွန်တော်နဲ့သေနပ်ကလေးဆီ တန်းတန်းမတ်မတ်ရောက်လာခဲ့တယ်။ တိတ်ဆိတ်ခြင်းပျောက်လေပြီလား။
သေနပ်ကလေးဟာ ကျွန်တော့်ကုတ်င်္အကျီရဲ့ ဘယ်ဘက်ဆီမှာ အေးစက်စက်ရှိနေခဲ့တယ်။ သိပ်မကြာတဲ့
မိနစ်ပိုင်းလေးမှာပဲပဲ။ သေနပ်ကလေး မထွက်လာနိုင်ခင်မှာ အေးစက်တဲ့ လက်ထိပ်တစ်စုံဟာ
လက်အစုံပေါ်ချည်နှောင်ခြင်းခံလိုက်ရတယ်။

သူနဲ့ကျွန်တော် တိတ်ဆိတ်နေဆဲပဲ။ တိတ်ဆိတ်မှုထဲက တစ်စုံတစ်ယောက်က အော်ခေါ်သံကြားလိုက်တယ်။
Serial Killer တဲ့။ ကျွန်တော်နဲ့ သေနပ်ကလေးကို ပြောကြတာတဲ့။ သေနပ်လေး သူသိပ်ခင်တွယ်တဲ့
ကုတ်အင်္ကျီထဲကနေ မလှမပအဆွဲထုတ်ခံရတယ်။ အမြဲတိတ်ဆိတ်နေခဲ့တဲ့နေရာလေးကနေ
သူ ထွက်ပေါ်သွားခဲ့သလို ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့နာရီများက ထာဝရတိတ်ဆိတ်ခွင့် အပေးခံရသူလေးပမာ
မတိတ်ဆိတ်နိုင်တော့တာ သေချာတယ်။

တိတ်ဆိတ်ခြင်းခဏတာသာရှိပြီး အမြဲတိတ်ဆိတ်မနေနိုင်ဘူးဆိုတာကို
တိတ်တဆိတ်လေးပဲ နားလည်လိုက်ပါတယ်။

မုတ်သုံမိုးဦး

No comments: