Monday 19 September 2011

မိုးကောင်ကင် မြေပြင် နှင့် ဝိဥာဉ်လွင့်ကြည့်ခြင်း



"ညနေပိုင်းရဲ့လေပြေ အနေအထားအေးနေပေမယ့် ရှေ့ဆက်ရမယ့် မနက်ဖြန်အတွက် မရေရာသေး။ကုန်လွန်လေပြီသော လေများအားဟိုက်ထရိုဂျင်အဖြစ် ပြန်ထုတ်လွှတ်ရာမှာ အားအင်တွေ ပါဝင်ကုန်ပြီလား။ မပြောတတ်သေး။"

အဲဒါဆန်းတယ်လို့ပြောဦးမလား။ သဘောပါ။ မကန့်ကွက်ပါဘူး။ စိတ်ထားမခိုင်မာဘူးပြောလဲ ရနိုင်တယ်။ အဲဒါ သူများယူဆချက်ပဲလေ။ အဝေးကြီးမတွေးပေမယ့် ဝေးဝေးသွားတတ်တယ်။ အဲဒါလည်း ဆန်းတာမှမဟုတ်တာလေ။

လစာစားဆိုတဲ့ရသကို မုန်းနေတဲ့ကိုယ့်ကိုကိုယ် အပြစ်တင်ရမလား။တစ်ယောက်ယောက်က အဲဒါမှားတယ်ဆိုရင်လဲ ပြင်ဖို့ ဆန္ဒ္ဒမရှိဘူးဆိုရင်ကော မခက်ပေဘူးလား။ဟင့်အင့် မခက်ဘူး။
သူ့အတွက်မခက်ဘူး ။

သူက တဇွတ်ထိုးသမား မဟုတ်ပေမယ့် အင်မတန်ခေါင်းမာတတ်သူမျိုး။ တစ်ခါတစ်လေမှာပေါ့။ မိုးရွာရင် အရမ်းမုန်းတတ်တဲ့ သူဟာ စိတ်ပါလာရင် မိုးရေထဲပြေးဆင်းပြီး မိုးရေချိုးတတ်တယ်။
မိုးကောင်းကင်ဆီသို့ လူတိုင်းရည်မှန်းချက်ရှိကြတယ်။  ထားပါတော့ သူ့မှာလဲရှိတာပေါ့။ သူလဲ အမြင့်ဆုံးကို သွားချင်တာပဲလေ။ လူတွေပြောပြောနေကြတဲ့ မြင့်မားတဲ့ဘဝကိုရဖို့ ဆိုတာ လူတိုင်း သိချင်လိုချင်ကြတာ မဟုတ်လား။

သေချာတာကတော့ အားလုံးက မြေကြီးပေါ်မှာ ရှင်သန်ကြတာပဲလေ။ လူရော တိရစ္ဆာန်ရော အင်းဆက်တွေရော။ ပြောရရင် ဖုတ်၊ ပြိတ္တာ၊ နဲ့ သရဲတစ္ဆေတွေတောင်ပါသေး။
မြေပြင်ကို သူချစ်တယ်။ မြေပေါ်မှာနေရတာကိုလဲ ကျေနပ်တယ်။
အဲဒီမြေကြီး ဘယ်ကစဖြစ်လာလဲတော့မသိဘူး။ ရေရောလေရောအကုန်ရှိတယ်။ စားစရာလဲရှိတယ်။ သိတဲ့အတိုင်းပဲ။ မိန်းမလှလေးတွေလဲရှိတယ်။ မိုးကောင်းကင်မှာ နတ်သမီးလေးတွေရှိတယ်ဆိုတာ မသေချာပေမယ့် ဒီမှာတော့ သေချာတယ်။

ဘယ်လိုဖြစ်တယ် ဆိုတာတော့မပြောတတ်ဘူး။ ဒါပေမယ့် ကောင်းကင်နဲ့ မြေကြီးကို နှိုင်းပြချင်သေး။ ခုတော့မဟုတ်ဘူး။ အားတဲ့ခါ အတူသောက်ရင်းပေါ့။
သူက တည့်ပြောတတတ်သူလဲမဟုတ်ဘူး။ ဒါပေမယ့် ပြောလိုက် ပိဿလေးနဲ့ပစ်သလို တစ်တုးတစ်ခဲကြီး။ ဒေါသဖြစ်ရင်ပိုဆိုးတယ်။ ဒေါသဖြစ်တာလဲနည်းတယ်။

လူတွေအားလုံးစီမှာ မှတ်တမ်း မှတ်ရာ တွေရှိကြတယ်။ အဲဒါတွေနဲ့ ချည်နှောင်ထားခံရတယ်။ အဲဒါကောင်းတယ်။ သန်းပေါင်း ခုနှစ်ထောင်ထဲက တစ်ယောက်သေရင်လဲ သူဘယ်သူလဲဆိုတာ သိနိုင်တယ်။ မမိုက်ဘူးလား။ ဘာမှ အလဟဿ မရှိဘူး။ ဖြစ်ဖွဲ့နေတာအားလုံး ကောင်းပါတယ်။ လက္ခံတယ်။ တလွဲစီဖြစ်နေတဲ့ သူကတော့ မကောင်းဘူး။ အားလုံးတော့ မဟုတ်ဘူး။ နည်းနည်းစီလွဲကြတာပေါ့။

သူက နည်းနည်းလေးလွဲသမား။ စည်းမျဉ်းထဲကလူမဟုတ်ဘူး။ လူတိုင်းနဲ့တူတဲ့ အလွဲသမား။ ဘာမှပိုဆန်းတာမရှိ။
ရင်ခုန်စရာသိပ်မရှိဘူး။ တစ်ချို့မိန်းကလေးတွေ ရင်ခုန်တာကလွဲရင် အားလုံးအေးဆေးပဲ။

နေပြင်းပြင်းပူရင် ဝမ်းသာတယ်။ ဒါမှ အင်းဆက်တွေနဲ့ ပိုးမွှားနှံကောင်တွေ သေတယ်။ ပြီးတော့ နေရောင်ခြည်က အရိုးများကို ခိုင်မာစေတယ်မဟုတ်လား။
လွဲသွားလား။ လွဲရင်လွဲနိုင်တာပေါ့။ လူတိုင်းလိုပဲလေ။
လူတွေက လူတွေမို့လားမပြောတတ်။ သိပ်ခက်။ အရမ်းခက်။ သူ့လိုပဲ။ ပြောသာပြောရတယ်။ သူကဒီလောက်မခက်ဘူး။ တစ်ခါတစ်လေတော့ သူများထက်ခက်မလားပဲ။ သိပ်မသေချာဘူး။

အဲဒါ သူ့ဝိဥာဉ်ရေးရာပဲလေ။ လူ့ဝိဥာဉ်စီးမျောရာကို လိုက်နိုင်ဖို့ လွယ်တော့ဘယ်လွယ်ကူမလဲ။ မဟုတ်ဘူးလား။
ဘာပဲဖြစ်ဖြစ် သူကတော့ တွေးချင်တာတွေးးပြီး ဝိဥာဉ်စိတ်လေးလွင့်ရတာကို ကြိုက်တယ်။ စိတ်ဝင်စားရင် လွင့်မျောကြည့်ပေါ့။ တစ်ခုခုခံစားရလိမ့်မယ်။
အဲဒီမှာ မိုးကောင်းကင်၊ မြေကြီးနဲ့ ထွေရာလေးပါးကို တွေ့နိုင်တယ်။ ဆင်ခြင်နိုင်တယ်။ ခံစားနိုင်တယ်။ ကဲသွားကြည့်ရအောင်။ မိုးကိုမကြိုက်တဲ့သူ မိုးရေချိုးမိသလိုမျိုးပေါ့။

လင်းရောင် (ခေတ္တ ဥရောပ)
1:03 AM 9/12/2011

No comments: