Friday 30 September 2011

တုပ်နှောင်ခံ မြန်မာ့ စတုတ္ထမဏ္ဍိုင် လွတ်လပ်ခွင့် ရစေဖို့



ကျော်ခ | သောကြာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၁

အမည်ခံ အရပ်သား အစိုးရ တက်လာပြီး ခြောက်လ အကြာမှာ မဇ္ဈိမ အပါအဝင် ပြည်ပ အခြေစိုက် မြန်မာ သတင်း ဌာနတွေနဲ့ နိုင်ငံတကာ သတင်းဌာနကြီးတွေ ရဲ့ အင်တာနက် စာမျက်နှာတွေကို မြန်မာနိုင်ငံတွင်း ကနေ လွတ်လွတ် လပ်လပ် ကြည့်ရှုနိုင်အောင် ဖွင့်ပေးလိုက်ပြီဆိုတော့ မြန်မာ့မီဒီယာ လွတ်လပ်ခွင့် ပွင့်လန်း လာပြီလားလို့ တွေးတော စရာ ဖြစ်လာပါတယ်။ အင်တာနက် ချိတ်ဆက်နှုန်း နှေးကွေးဆဲ ဖြစ်ပေမယ့် ဖွင့်ပေးလိုက်တာကိုပဲ သတင်းကောင်း အဖြစ် ဖော်ပြနေကြရပါတယ်။

တချိန်ထဲမှာပဲ အငြင်းပွားစရာ ဖြစ်နေတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်း ဂျာနယ်တွေနဲ့ ဂျာနယ်တွေရဲ့ အင်တာနက် ဝက်ဘ်ဆိုက် တွေမှာ ကျယ်ကျယ်လောင်လောင် ဝေဖန်သံတွေ ထွက်ပေါ်တာကို အစိုးရက လွှတ်ပေးထားသလို အစိုးရ ဝန်ကြီးတွေ ကိုယ်တိုင် မီဒီယာရှေ့ထွက် ပြောဆို လာတာတွေဟာလည်း အရင်က မရှိဘူးတဲ့ တိုးတက်မှုတွေ လို့ဆိုနိုင်ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်း ဝန်ကြီးအချို့ ‘မီဒီယာပါး မဝ” လို့ အပြောအဆို မတတ်တာကိုလည်း အခုရလာတဲ့ မီဒီယာ လွတ်လပ်ခွင့် ကျေးဇူးနဲ့ တွေ့ခွင့်ရလာ ကြပါတယ်။


ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက “သတင်းမီဒီယာများ အပါအဝင် အများပြည်သူများနှင့် နိုင်ငံတကာမှ
ဝေဖန် အကြံပြုမှုများကိုလည်း မိမိတို့ ခံယူသွားရမှာ ဖြစ်ပါတယ်” ဆိုတဲ့စကားနဲ့ မီဒီယာအရေးကြီးတာ သူနားလည်တဲ့ အကြောင်း ပြသရင်းနဲ့ လွှတ်တော်တွေ အတွင်းကို ပြည်တွင်း သတင်းထောက်တွေနဲ့ အတူ VOA BBC သတင်းဌာန
ကြီးတွေရဲ့ မြန်မာသတင်းထောက်တွေ လာရောက် သတင်းရယူခွင့် ပေးခဲ့ပါတယ်။ ဒီ့မတိုင်မီ ရက်သတ္တပတ် အနည်းငယ်က အစိုးရ သတင်းစာတွေမှာ ပြည်ပ သတင်းဌာနတွေကို ထိုးနှက်တဲ့ စိတ်ဓါတ် စစ်ဆင်ရေး စကားလုံး
တွေကို ရုပ်သိမ်းခဲ့စဉ်ကတော့ ဒီလောက်အထိ ပြောလာမယ်လို့ ကြိုတင် မှန်းဆဖို့ ခက်ခဲခဲ့ပါတယ်။

ဒါပေမယ့် သေသေချာချာ ကြည့်လိုက်ရင် VOA BBC သတင်းထောက်တွေရဲ့ သတင်း ပေးပို့ချက်တွေမှာ အခုထိ
တွေ့ရသမျှ ပြည်သူလူထုနဲ့ တိုက်ရိုက် ထိတွေ့ မေးမြန်းတာထက် အစိုးရဝန်ကြီးတွေ ပြောသမျှကို အဓိက သတင်းပို့
နေရသလို ဖြစ်နေတာ တွေ့ရပါတယ်။ သတင်းရယူခွင့် လွတ်လပ်ပြီလို့ သတင်းသမားအများစုက မယူဆကြသေးပါ ဘူး။ နေပြည်တော်က လွှတ်တော် သတင်းတွေကို ပြည်တွင်းဂျာနယ် သတင်းထောက် အများကြီး လာယူကြပေမယ့် သတင်းဖော်ပြရာမှာ ပိတ်ပင်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အတွက် ပြည်တွင်း သတင်းထောက် အများစုကြီးက နေပြည်တော် ကနေ ပြန်ခဲ့ကြပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ၊ ပဲခူးခရီးစဉ်တွေ၊ အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေဆုံပွဲ
တွေ ကို ပြည်တွင်းဂျာနယ်တွေ သတင်းယူခွင့်ရတယ်၊ ရေးခွင့်လည်း ရှိတယ် ဆိုပေမယ့် ချုပ်ချယ်မှုတွေ ရှိနေဆဲပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးကို မျက်နှာဖုံး သတင်းအဖြစ် ဓါတ်ပုံဆိုက်ကြီးနဲ့ ဖေါ်ပြခဲ့တဲ့ မက်ဆင်ဂျာ ဂျာနယ်ကို အရေးယူခဲ့ပါတယ်။ တကယ်တော့ အဲဒီ့အင်တာဗျူးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ နိုဝင်ဘာလကတည်းက မေးမြန်းထားတဲ့ အင်တာဗျူးတခုသာ ဖြစ်ပါတယ်။ အလားတူ
မေးထားတဲ့ အခြားဂျာနယ် ကိုးခု လောက်ကတော့ မေးထားတာ ၁၀လ ရှိပြီဖြစ်ပေမယ့် စိတ်ရှည်ရှည်နဲ့ စောင့်နေရ ဆဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့ ဒီလို မပြတ်မသား ဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ လေ့လာသူတချို့က မြန်မာအစိုးရ
အနေနဲ့ လွတ်လပ်ခွင့်တွေ မပေးချင်ပေမယ့် ခေတ်နဲ့အညီ မဖွင့်ပေးလို့မရတော့တဲ့ အခြေအနေ ဖြစ်နေတာရယ်၊
၂ဝ၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဌ နေရာရရှိရေး အတွက် အပြောင်းအလဲလေးတွေ လုပ်ပြနေရတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါ့ကြောင့်လည်း အစိုးရသစ်ရဲ့ ရှေ့ထွက်မင်းသားလို့ လူအများ ထင်မြင်ခံနေရတဲ့ သမ္မတကြီး
ဦးသိန်းစိန် ရဲ့ ပထမဆုံး မိန့်ခွန်းမှာထဲက သတင်းမီဒီယာတွေကို နိုင်ငံတော်ရဲ့“စတုတ္တ မဏ္ဍိုင်” လို့ အသိအမှတ်
ပြုသွားပေမယ့် လက်တွေ့မှာ အနှစ်သာရရှိတဲ့ မဏ္ဍိုင် အဖြစ် လက္ခံနိုင်ခြင်း မရှိသေးဘူးလို့ ထောက်ပြကြပါတယ်။

စတုတ္ထ မဏ္ဍိုင်ဖြစ်ဖို့ ဆိုရင် မြန်မာနိုင်ငံ အတွင်းမှာ အမှန်တကယ် ဖြစ်ပွားနေတဲ့ အာဏာပိုင်တွေရဲ့ လာဘ်ပေး လာဘ်ယူမှုတွေ၊ ယခုနှစ် မိုးကာလ ဆည်တွေ ရေဖေါက်ချလို့ ကျေးရွာတွေ လယ်မြေတွေ ရေနစ်ကုန်ရတဲ့ အဖြစ်
တွေ၊ လယ်ယာမြေ စိုက်ပျိုးမြေ အသိမ်းခံရမှုတွေ၊ ကရင်၊ ရှမ်းနဲ့ ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်တွေနဲ့ အစိုးရတပ်တွေ အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်း အခြေအနေအမှန်တွေ၊ ဒုက္ခသည် သတင်းတွေ၊ တိုင်းရင်းသားတွေ ဘက်က လိုအပ်ချက်အသံတွေကို အစိုးရမီဒီယာ အပါအဝင် ပြည်တွင် သတင်း မီဒီယာတွေပေါ်မှာ ဖော်ပြနိုင်ရမှာ ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ ပြည်ပအခြေစိုက် DVB သတင်းဌာန အတွက် သတင်းယူပေးခဲ့တဲ့ သတင်းထောက် ကိုစည်သူဇေယျ ကို မူရင်းချမှတ်ထားတဲ့ ထောင်ဒဏ် ရှစ် နှစ်အပြင် ၁၀ ထပ်တိုးပြီး ထောင်ဒဏ် စုစုပေါင်း ၁၈ နှစ် တိုးချလိုက်ပါတယ်။ ဒါ့အပြင် အခြားသတင်းထောက် ၁၅ ယောက်ထက်မက အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲ
ဖြစ်သလို၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးတုန်းက ဖမ်းထားတဲ့ ဘလော့ဂ်ဂါတွေလည်း အကျဉ်းထောင်တွေထဲမှာပဲ ရှိပါသေးတယ်။ သူတို့အတွက်တော့ အစိုးရသစ်ရဲ့ မီဒီယာမူဝါဒဟာ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေပါတယ်။

အားကစား၊ ကျန်းမာရေး (သုတ၊ ရသ)၊ အနုပညာ၊ ကလေး၊ နည်းပညာတို့ အကြောင်း ရေးသား ထုတ်ဝေချက်တွေ မထုတ်ဝေခင် ဆင်ဆာတင်စရာ မလိုပဲဦးတည် ရေးသားပြီး ပုံနှိပ်ထုတ်ဝေပြီးမှ ဆင်ဆာဘုတ်ကို တင်ရတဲ့ ထုတ်တင် စနစ်ပြောင်းခဲ့ပေမယ့် သတင်းမီဒီယာရဲ့ အနှစ်အသားလို့ ဆိုနိုင်တဲ့ သတင်း၊ မှုခင်း၊ ပညာရေး၊ စီးပွားရေး နဲ့ ဘာသာ
ရေး သတင်းတွေတော့ ဆင်ဆာဘုတ်က လွှတ်ပေးမှသာ ထုတ်ဝေခွင့် ရရှိတဲ့ အခြေအနေ ဖြစ်နေဆဲပါ။

"စာပေကင်ပေတိုင်" လို့ စာပေလောကသားတွေကြားမှာ အသိများတဲ့ စစ်တပ်အရာရှိတွေ ဦးဆောင်တဲ့ စာပေ စိစစ်ရေးက ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ တော်လှန်ရေးကောင်စီ လက်ထက်ထဲက လက်စွဲ ဖြစ်ခဲ့တဲ့ ပုံနှိပ် ထုတ်ဝေခွင့် ဥပဒေ Printers and Publishers Registration Law ကို အခုထိ ကိုင်စွဲ နေဆဲ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ် အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ရာမှာ သတင်း
လွတ်လပ်ခွင့် အတွက် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနဲ့ သတင်းမီဒီယာတွေကို ကန့်သတ်ထားတဲ့ ဥပဒေ
တွေကိုပါ ဖျက်သိမ်းသင့်ကြောင်း စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က
တောင်းဆိုထားပါတယ်။ ပြည်တွင်းမှာလည်း မီဒီယာ လွတ်လပ်ခွင့်ပေးဖို့ မေးခွန်းထုတ်လာကြပါပြီ။

စက်တင်ဘာလ ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြန်ကြားရေး
ဝန်ကြီး ဦးကျော်ဆန်းက “စာပေ စိစစ်ရေး၏ အခန်းကဏ္ဍမှာ လိုအပ်နေဆဲ ဖြစ်ကြောင်း၊ တရားရုံးတွင် ဥပဒေအရ ရင်ဆိုင်ရမည်ဆိုပါက မီဒီယာသမားများတွက် ထိခိုက်နစ်နာမှု ပိုမိုကြီးမားနိုင်ကြောင်းနှင့် ယနေ့ စာပေစိစစ်ရေးက တိုင်းပြည်နှင့် လူမျိုး အကျိုးအတွက် မသင့်မလျော် ရေးသားမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းပေးနေခြင်းသည် စာပေလောကသားများ၏ အကျိုး၊ ပြည်သူအကျိုး အတွက် ဆောင်ရွက်ပေးနေခြင်းသာ ဖြစ်သည်ကို တွေ့နိုင်ပါကြောင်း” ပြောဆိုသွားခဲ့ပါတယ်။ ဆင်ဆာအဖွဲ့ ဆက်ထားဦးမယ်လို့ ပြောလိုက်တာပါပဲ။

ဒါ့ကြောင့် မြန်မာအစိုးရသစ် အနေနဲ့ ဒီမိုကရေစီနိုင်ငံ တကယ်တည်ဆောင်နေရင် သတင်းမီဒီယာကို စတုတ္ထမဏ္ဍိုင် အဖြစ် ပီပြင်စွာ ဖြစ်ပေါ်စေနိုင်ဖို့ ချုပ်နှောင်ထားတဲ့ ဆင်ဆာဘုတ်အဖွဲ့ကို ဖျက်သိမ်းပေးပြီး ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမယ်လို့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာသမားတွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ဒီလို မဖြစ်သေးသ၍ မြန်မာ့ သတင်းမီဒီယာလောကဟာ အတုပ်နှောင်ခံ ဘဝကနေ လွတ်ဦးမှာ မဟုတ်ကြောင်း ပြောရင် မှားမယ် မထင်ပါဘူး။


No comments: