Wednesday 28 September 2011

ဧရာဝတီ စကားဝိုင်း



ဧရာဝတီအကြောင်းရောက်လာတော့ ဆူညံနေသမျှ အည်းငယ်တိတ်ဆိတ်သွားသည်။ ဧရာဝတီဘာဖြစ်လို့လဲဟု တစ်ယောက်ကမေးသည်။ မိမိနိုင်ငံအကြောင်း အနည်းငယ်မျှ မလေ့လာ မကြားဖူးလေသလောဟု စိတ်၌ဖြစ်ရ၏။
သို့သော်လည်း အလုပ်တာဝန်ကိုယ်စီတွေနဲ့မို့ အပြစ်မတင်ရက်ပါ။ လေ့လာချင်စိတ်လေးမရှိကြခြင်းကိုသာ စိတ်ထဲဘဝင်မကျ။
 "ဧရာဝတီမြစ်ကို တရုတ်တွေဆီရောင်းလိုက်တယ်လို့ကြားတယ် ဟုတ်လား" ဟုတစ်ယောက်က ဝင်ပြောသည်။ ဟုတ်တယ် ဟု အမြန်အဖြေပေးလိုက်မိသည်။ မသိသေးသူ၊ စိတ်မဝင်စားသူတွေ စိတ်ဝင်စားစေလို့၍ဖြစ်သည်။

နိုင်ငံခြားတိုင်းပြည်မှာနေကြသူများကိုမပြောနဲ့၊ ပြည်တွင်းနေသူများပင် ဧရာဝတီမြစ်၌ဘာဖြစ်၍ ဘယ်လိုရှိမှန်းမသိကြသေးသူ ဒုနဲ့ဒေး ရှိနေသည်။ မသိကြခြင်းကို အပြစ်မတင်လို။
မသိချင်ခြင်းကိုသာ စိတ်မကောင်းဖြစ်မိမည်။ အခု သူတို့တစ်ထွေ သိချင်စိတ်ရှိကြသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လျှပ်စစ်ထုတ်ရန် ဆည်ကြီးများတည်၍ ရသည့်လျှပ်စစ်များအား တရုတ်ပြည်ထံရောင်းစားမည်။ ထိုဆည်ကြောင့် လူတွေဒုက္ခရောက်မည်။ မြစ်ကြောင်းခန်းလာမည်။ ဧရာဝတီသည် မြောင်းတစ်ခုသာသာသာကျန်လိမ့်မည်ဟု အကြမ်းဖျဉ်းပြောပြသည်၌

"ကွိုင်မရှိပါဘူး။ ကျွန်တော်တို့နေတာ ဧရာဝတီနဲ့အဝေးကြီး။ ဧရာဝတီမြစ်လဲမမြင်ဖူးဘူး၊ သွားလဲမသွားဘူး။ အေးဆေးပဲ" ဟုတစ်ယောက်ကဝင်ပြော၏။
 "ဟုတ်တယ်ဗျ ကျွန်တော်တို့နဲ့ဝေးတယ်။ တကယ်မသိဘူး" ဟု
တစ်ယောက်ကဝင်ထောက်ပြန်သည်။ ဤတွင် မြစ်ကြောင်းနဲ့နီးသောသူက ဝင်ပြောသေးသည်။
"ဆည်တွေဆောက်တော့ ပိုကောင်းလာတာပေါ့ဗျာ။ မီးရတာပေါ့။ တိုးတက်လာတာပေါ့ မဟုတ်ဘူးလား" ဟုသူ့ဘော်ဒါများထံမေးငေါပြောသည်။
သို့သော် အားလုံး၏တူညီချက်တစ်ခုမှာ ရွဲ့ပြောစောင်းပြောကြခြင်းမဟုတ်ပဲ သူတို့နားလည်သည်အတိုင်း ပြောကြခြင်းဖြစ်သည်ကို စကားဝိုင်း ကြာလာသည်နှင့်အမျှ ပိုသိလာရ၏။


လူကား ဆယ့်နှစ်ယောက်ရှိသည်။ နေရာကား စက်ရုံထဲရှိ ထမင်းစားဆောင်။ အကယ်၍ စက်ရုံအလုပ်သမားပေါင်း နှစ်ရာကျော်အား သိစေလိုလျှင် ဤအဖွဲ့အား သေချာသိစေခြင်းသည် အကျိုးရှိမည်ဟု ထင်မိသည်မို့ စိတ်ဝင်တစားရှိသူတို့နှင့် ဖိဖိစီးစီးဆွေးနွေးဖြစ်သည်။
ဧရဝတီမြစ်ကြီးရေခန်းပျက်စီးခြင်းသည် "ငါတို့နှင့်မဆိုင်၊ သိရန်မလို လုပ်ရန်လည်းမလို"ဟု ယူဆပါက မှားပေမည်။ သို့သော် သင့်၌ ထိုသို့နေပိုင်ခွင့်ရှိသည်။ ဘာမှ မပြောမလုပ်လျှင်တောင် အနည်းဆုံးသိနေသင့်သည်။ ထို့နောက်တွင်မှ အေးအေးဆေးဆေး တွေးယူဆုံးဖြတ်နိုင်သည်။ ဤသို့ခံယူမိသည်။

စကားဝိုင်းကား တွေးသူ၊ ချေပသူ၊ စိတ်အားထက်သန်သူ တို့ဖြင့် ပြီးဆုံးသွားခဲ့သည်။ အိပ်ချိန်အိပ်မက်၌ ဧရာဝတီ ဆိုသောမြစ်တစ်ခုကို အနည်းငယ်မြင်မက်ကြလိမ့်မည်ဟု မျှော်လင့်မိသည်။

မုတ်သုံမိုးဦး

No comments: