Monday 19 September 2011

လူထုအုံကြွမှု နှင့် လွှတ်တော်တွင်းမှ ပြောင်းလဲမှုဆီသို့



       "နိုင်ငံ့အပြောင်းအလဲကို လိုလားနေသူတို့၏ စောင့်ကြည့် လုပ်ဆောင်ရမည့်ခရီးသည်
အလွန်ပင် မှုန်ဝါးလှကြောင်း သိသာထင်ရှားစေသည်ကား အမှန်"

        အခုတလောမကြာခဏ အမေးခံနေရသည့် အကြောင်းများရှိသည်။လူထုအုံကြွမှု မဖြစ်နိုင်တော့ပါ ဆိုသည့်စကားအား  "ဘာကြောင့် လူထုအုံကြွမှု မဖြစ်နိုင်သနည်း "
ဆိုသည့်မေးခွန်း။ ထပ်ဆင့် မေးလာတတ်သည့် နောက်တစ်ခုမှာ "လွှတ်တော်ထဲမှာ တဖြေးဖြေး ပြောင်းယူမည်ဆိုခြင်းသည် ဖြစ်လာနိုင်စရာ ရှိမရှိ" တို့ဖြစ်သည်။

        နိုင်ငံရေး လေ့လာသူများ၏ အဆိုအရ ဗမာပြည်မှာ လူထုအုံကြွမှု
ဖြစ်မလာနိုင်တော့ဘူးဆိုတာ သေချာနေသည်ဟုဆိုသည်။ အဘယ်ကြောင့်နည်းဟု မေးလျင် သေချာ မရှင်းပြတတ်ပါ။မဖြေတတ်ပါ။ နိုင်ငံ၏ အင်အားအကြီးဆုံး NLD ပါတီခေါင်းဆောင်များသည်ပင် အေးချမ်းစွာဖြေရှင်းခြင်းအား ပိုသဘောကျကြသည် မဟုတ်ပါလား။ လူထုအုံကြွမှုကား အစိုးရအမြင်၌ အကြမ်းဖက်ခြင်းဟုမြင်ပေရာ မလူးသာမလွန့်သာ ဖြစ်မည်။ သို့ကြောင့်လား။

        ထင်စရာတစ်ခုရှိသည်က လမ်းပေါ်ထွက်၍ ဆန္ဒသဘောကိုပြသခြင်းဖြင့် လူထု အသေမခံစေလိုသည့် သဘော ဖြစ်နိုင်သည်။ ဒီလိုလုပ်ခဲ့တဲ့ ရာဇဝင်တွေ ထဲမှာလည်း အသေအပျောက် အဆုံးအရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရသည့် သာဓကတွေချည်းပင်။
        ပြည်သူများ အမြင်မှာ လူထုအုံကြွမှုကြီး ဖြင့်အပြောင်းအလဲဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။သို့သော် မဖြစ်ခဲ့။ အကြမ်းဖက်မှုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းခံခဲ့ရသည်။ လူထုအုံကြွမှုသည် အမှားတစ်ခုမဟုတ်ပါ။ အကြမ်းဖက်နည်းမဟုတ်ပါ။ လူတစ်ယောက်ချင်းစီရဲ့ ခံစားချက်တို့ဖြင့် မှန်ကန်သော အုံကြွမှု ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။ ၁၉၈၈ ခုနှစ်တစ်ကြိမ်နှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော် လှန်ရေးကိုကြည့်ခြင်းအားဖြင့် အပြောင်းအလဲကို ဘယ်လောက်ထိ မျှော်လင်ကြ၍
ဘယ်လောက်ထိ ပြောင်းအလဲဖြစ်ဖို့ သင့်တော်နီးစပ်သည် ဆိုသည်ကား အားလုံးအသိပင်။ လူထုအုံကြွမှုကား မရှိမဖြစ်လိုအပ်ညည်ဟုဆိုလျှင်မငြင်းနိုင်ပါ။ ယခုတွင် ဖြစ်သင့်၊ မဖြစ်သင့်ကို ပြောင်းလဲချင့်ချိန်လာသည်။

        ထပ်ဖြစ်လျင် ထပ်သေကြမှာကို မကြည့်ရက် မမြင်ရက်တော့ပါ။ မတွေ့ချင် မမြင်ချင်တော့ပါ။ သည်ထက်နက်နဲသည့် တွေးစရာများရှိမည်။ သို့တစေ ဤအချက်လည်း မတွေးမဖြစ်တွေးယူရမည်။ဤကား လူထုအုံကြွမှု မဖြစ်နိုင်တော့ဟူသောအချက် မဟုတ်သည့်တိုင် အရေးပါသည့် တစ်ချက်ဟု ဆိုချင်သည်။

      သို့ပင်ဆိုစေ လွှတ်တော်၌ အရေးဆိုခြင်းသည် သာ၍ကောင်းသော အစီအစဉ်ဖြစ်သည်။ အကယ်၍ တကယ်ယုံကြည်စိတ်ချရပြီး အမှန်အရေးဆိုခွင့်ပေးခဲ့လျှင် ကောင်းသည်။ သို့သော် ထိုသို့ဖြစ်လာ လေမည်လား မဖြစ်လာနိုင်ဘူးလား သည် ယခုလက်ရှိတွင် ဖြည်းဖြည်း သိသာလာသည်။ တည်ဆဲ လွှတ်တော်လုပ်ဆောင်ချက်တွေအရ  အဆိုတင်သွင်း တောင်းယူမည် ဟူသော ကိစ္စသည် လုံးဝမဖြစ်နိုင် ဟုဆိုချင်သည်။ ပြည်တွင်းစစ်နှင့် လက်ရှိ အကြီးကျယ်ဆုံး ဧရာဝတီ ပြဿနာကို ကြည့်ခြင်းဖြင့် သိသာစေသည်။

        နိုင်ငံရေးတစ်ခုလုံး ပြောင်းလဲသွားဖို့ လွှတ်တော်ကို ဦးတည်ထား၍ ရလိမ့်မည်မဟုတ်။ လွှတ်တော် ထဲ၌လည်း အတိုက်အခံအင်အား အပြည့်ရှိသည်မဟုတ်။ သည့်အတွက် မဖြစ်လာနိုင်ဟုဆိုချင်သည်။
         သည်အတိုင်းဆိုလျှင် မည်သို့ လုပ်ကြမည်နည်း။
နိုင်ငံ့အပြောင်းအလဲကို လိုလားနေသူတို့၏ စောင့်ကြည့် လုပ်ဆောင်ရမည့်ခရီးသည် အလွန်ပင်
မှုန်ဝါးလှကြောင်း သိသာထင်ရှားစေသည်ကား အမှန်။

        ဆိုလျှင် လူထုအုံကြွမှု မဖြစ်နိုင်တော့သလို လွှတ်တော်၌ ပြောင်းလဲယူဦးမယ့်ကိစ္စသည်လည်း မှုန်ဝါးဝါးပင်ဖြစ်နေသေးသည့်နောက် မည်သို့ဆက်လုပ်ကြမည်နည်း။ အစိုးရ၌ အားနည်းချက် ပျော့ကွက်များရှိသည် ဆိုပါလျှင် ထိုအားနည်းချက်သည် အဘယ်အရာများဖြစ်၍ အဘယ်သို့
နေရာယူ ဆောင်ရွက်နိုင်ကြ မည်နည်းဟု ထပ်လောင်း မေးခွန်း ထုတ်မိပြန်ပါ၏။ သို့သော် အဖြေကား မှုန်ဝါးနေဆဲ။

       ပြောနိုင်တာ တစ်ခုရှိသေးသည်။
ရွေးကောက်ပွဲရှိ၍ လွှတ်တော်ရှိသော နိုင်ငံများတွင် လူ့ဆန္ဒထုတ်ဖော်ခွင့်ရှိသည်။ လမ်းပေါ်ထွက်အရေးဆို ဆန္ဒပြခွင့်ရှိသည်။ အေးချမ်းစွာ လှည့်လည် ခွင့်ရှိကြသည်။ ဖမ်းဆီးသတ်ဖြတ်ထောင်ချ၍မရ။ ဥပဒေရှိသည်။ ဒါဒီမိုကရေစီစနစ်၏ တစ်စိတ်တစ်ဒေသ။
ဆိုလျှင် အရပ်သားအစိုးရအုပ်ချုပ်နေသော ဤနိုင်ငံတွင် လမ်းပေါ်ထွက်လာကြသည့် လူထုအား အတင်းအဓမ္မ ပြု၍မရတော့။ ဖမ်းဆီးထောင်ချ၍မရတော့။ ပစ်သတ်၍မရတော့ဟု ပြောရမည်။

         သို့ကြောင့် အရင်စစ်အစိုးရနှင့်စာလျှင် လူထုအုံကြွမှု သို့မဟုတ် တစ်ယောက်ချင်းစီ၏ဆန္ဒအား ပို၍ပင် ထုတ်ဖော်ခွင့် ရမည်ဟု တွေးယူနိုင်ပြန်သည်။
ဆိုရလျှင် လွှတ်တော်ပေါ်လာ၍ လွှတ်တော်၌ အရေးဆိုလျှက်ပြောင်းလဲခြင်းဆီ သွားမည် ဆိုသည်အရာအပြင် လွှတ်တော်ရှိလာ၍ လူထုဆန္ဒထုတ်ဖော်ဖို့ရာ လမ်းပေါ်ထွက်ဆန္ဒပြရန်ပိုကောင်းလာသည် ဟု နှစ်မျိုးတွေးယူရသည်။ လက်ရှိတစ်ခုမှာ လူထုအုံကြွမှုဘက်၌လည်း အင်အားသာလျှက်ရှိသည်ဟုမြင်သည်။ သို့သော် အဖြေပေးခြင်းမဟုတ်။ အမြင်ပေးခြင်းပင်ဖြစ်သည်။

လွှတ်တော်သည် ပြည်သူ့ကိုယ်စားမပြုနိုင်မှန်း သိလာရသောအခါ ၊လွှတ်တော်ထဲ အပြောင်းအလဲလုပ်မည် ဆိုသောအခါ၊  အစိုးရအကြီးအကဲ၌ သေနပ်မချိတ်ထားသောအခါ ၊ လူထူအုံကြွမှု မဖြစ်နိုင်တော့ဟု ဆိုသောအခါတွေမှာ မနက်ဖြန်ခရီးကား ပြောရခက်သော ပုစ္ဆာတစ်ပုဒ်ပင်ဖြစ်လေတော့သည်။

သိုသော် စာရေးသူအဖို့ လူထုအုံကြွမှုကိုကား တောင့်တ စောင့်ဆိုင်းနေဆဲဖြစ်သည်။

Min Yar Zar
10.08.2011

No comments: