Monday 5 September 2011

မစ္စစ် ချိုပြုံးနဲ့ ကခုန်ခြင်း




တစ်နေ့သ၌ ကျွန်ုပ်သည် ခံစားချက်တို့ ပေါက်ပေါက်ရှိလေသဖြင့်
 Home Theater System ခေါ် အလွန်ကောင်းလှသည့်
စက်ကြီးများဖြင့် သီချင်းများကို ကျယ်လောင်စွာ ဖွင့်၍ နားထောင်နေမိ၏။ တစ်အုန်းအုန်းဖြင့် သီချင်းသံတို့သည်
အူကြွမြူးတူးစွာဖြင့် အိမ်ထဲဝယ် လွမ်းသွားသည့် သကာလ ကျွန်ုပ်၏ ခံစားချက်တို့သည် သီချင်း၏ ဆွဲဆောင်ရာသို့
တစ်လွင့်လွင့် မျောပါ သွားလေတော့၏။

သိရှိရသလောက်ဆိုလျှင် Davis Dead S , လမ်းပေါ်ရှိ
ပြောင်းရွေ့ မြန်မာလုပ်သားအများစုတို့ ကျယ်လောင်စွာ
ဖွင့်တတ်သည့် သီချင်းများမှာ ယခုခေတ်ပေါ် Hip Hop ဆိုလား၊ Rap ဆိုလား၊ Punk ဆိုလား သို့တည်းမဟုတ်
R&B ဆိုလား ဆန်းပြားသော သီချင်းများသာ ဖွင့်တတ်ကြ၏။ လှုပ်၍အလွန်ကောင်း၏။

ကျွန်ုပ်၏ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား သီချင်းကား ထိုသို့မဟုတ်ပါချေ။
မစ္စ ချိုပြုံးသီဆိုသော တက္ကသိုလ်ကျောင်းက
ငွေလမင်း သာဖြစ်ချေတော့၏။ ပထမဆုံး မစ္စချိုပြုံးသည် တမာလမ်းက ပြန်ခဲ့ပါ သီချင်းအား ဆွေးတမြည့်မြည့်
ဆိုညဉ်းလေ၏။ လွမ်းတသသ ဖြစ်ရ၏။ နှလုံးအိမ်တစ်နေရာ၌ လှပခနဲ လှစ်ခနဲ တစစ်စစ်ခစားရလေ၏။ သူမ၏အသံကား
ကွန်ုပ်အား ညွတ်ခွေကျသွားစေ လေသတည်း။

သီချင်းထဲ၌ မည်မျှမျောပါသွားသည် မသိလိုက်ချေ။ 
ဒုန်းဒုန်းဒုန်း  မြည်သော တံခါးခေါက်သံကြားမှ ဖျတ်ခနဲ
သတိလည် လာခဲ့တော့သည်။ သွားပြီ..ကွနုပ်စိတ်ထဲ ဘေးပတ်ဝန်းကျင်မှ 911 သို့ တိုင်လိုက်ပြီ ထင်၏။
 ဖွင့်ပေးလိုက်သောအခါ တွေ့ရသည်ကား ဝီလျံသိန်းခေါ် ဂျပန် ပြန်လည်နေရာချထားရေးမှ
လာသ၊ူ ဒေးဗစ် လျှံထန်း ခေါ် မလေးရှား မှလာသူ၊ တိုနီ ဆံမင်း ခေါ် ထိုင်း နိုင်ငံမှ လာသူနှင့် ဆံမင်း၏ မဟေသီမိဖုရား
စူစန်မို့မို့ တို့ပင်ဖြစ်၏။

သူတို့ကား ကျွန်ုပ်၏ ဘေးဘယ်ညာနေကြသည့်
ကွန်ုပ်၏ အထီးကျန်နေ့များအား တစ်ခါတစ်ရံ
ပြေစေတတ်ကြသူမျာပင်။ သို့ကြောင့် တံခါးနှင်တံခါးဘောင်၌ ချိတ်ဆွဲထားသည့် သံကြိုးတိုလေးအား ဖြုတ်ပေးလိုက်
လေရာ လျှင်မြန်လှသော အဟုန်ဖြင့် ဧည့်ခန်းရှိ ဆိုဖာခုံများထံ ပြေးထိုင်ကြလေ၏။ မည်သည့် စကားမျှမဆိုလေကြ။
မစ္စချိုပြုံး၏ သီချင်းသံကား တံခါးဖွင့်ထားသည်နှင့် အပြင်သို့ ပို၍လျှံထွက်လာခဲ့သည်။

ကျွန်ုပ်ကား တခါးပြင်သို့ အသာ ထွက်ကြည့်လိုက်သောခါ
ရှည်လျားသော စကြံင်္တလျှောက် ဆိုင်ရာဆိုင်ရာ အခန်းဝတို့၌
တစ်ယောက်စ နှစ်ယောက်စစီ တို့သည် ကွန်ုပ်ရှိရာဘက်ဆီ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြလေ၏။ ရပ်နေရ၏။
ဝရန်တာတန်းလျားကို မှီနေကြ၏။ အကြောလျှော့ အညောင်းဖြေ သကဲ့သို့ ရှိနေကြ၏။ တစ်ချို့ကား ဆေးလိပ်တစ်ဖွာဖွာဖြင့်
စည်းဝါးလိုက်နေပုံရသော လက်ချောင်းလေးများ၊ ခြေဖုဝါး ၊ ဦးခေါင်းစသည်တို့ အားလှုပ်ခတ်နေကြ၏။ တစ်ချို့ကား
ကျွန်ုပ် ဖွင့်နေသော သီချင်းအား လိုက်ညဉ်း နေကြလေဟနရှိ၏်။
ဤမျှသာလား။ မဟုတ်ချေသေး။
ဤနှစ်ထပ် တန်းလျား၏ ကျွန်ုပ်နေထိုင်ရာ အပေါ်ထပ်မှ ရှေ့တူရူ အောက်ဘက်ဆီ
ငေးကြည့်လိုက်လေရာ စိမ်းစိုသော မြက်ခင်းပြင် ကစားကွင်းလေးထဲမှ လူတစ်ချို့သည် ၎င်းတို့၏သားသမီးလေးများ
ဆော့ကစားနေသည် ကိုပင် သတိမထား နိုင်တော့ပါပဲ လည့်ကြည့် နေကြလေသည်တကား။

ထိုအခါမှ ကောင်းစွာသဘော ပေါက်ရလေသည်။
အိမ်ထဲရှိသုံးယောက်နှင့် ဤလူအားလုံးတို့ကား ကျွနုပ်၏
ကျယ်ကျယ်လောင်လောင် ကြောင်တောင်တောင် နိုင်လှသည့် အလွမ်းသီချင်းများကြောင့် လှောင်ပြောင်နေကြခြင်း
ဖြစ်လေမည်။ မတတ်နိုင်တော့ပါချေ။ ဘေးဘယ်ညာကိုကြည့်၍ ရီပင်ရီချင်လှသည်။ သို့သော်လည်း အလွန်တရာမှ
ခေါင်းမာလှသော ကျွန်ုပ်သည် ဂရုမထားသည့် ပုံ ဖြင့် ပခုံးနှစ်ဘက်ကိုပင့် လက်နှစ်ဘက်ကိုမြင့် ၍ ပြန်ဝင်ခဲ့၏။

ထိုနောက် မည်သည့်စကားများမှ ပြောဆိုခြင်းမရှိကြပါပဲ
ဆက်တီခုံပေါ်ခေါင်းလှန်မှီ၍တစ်မျိုး ၊
ခြေဆင်းပြေလျော့လျက်တစ်ဖုံ ကြုံသလို ထိုင်၍နေကြလေသည်။ မစ္စစ် ချိုပြုံးကား ပရိတ်သတ်များလာ၍ အားရှိသည်
အလား "....မောင့်အပါး... ခစားကာနေ...." ဟုညုတုတုလေးလုပ်ပြနေသည်။ ကောင်းလှသည့် စက်ကိရီယာ
အကူအညီဖြင့် ရင်တမမ တလှပ်လှပ် ခံရစေသည်။ တိုနီဆံမင်းတို့ သုံးယောက်ကား ဆေးမိထားသူများပမာ
မှိန်းနေကြလေသည်။

အခန်းထဲပြန်ရောက်၌ "က မစ္စတာ ကိုမိုး ...ထိုင်ပါဦး "  စူစန် ဆိုသည်။

မည်သို့မှ ပြန်မပြောဖြစ်ပါပဲ စက်ရှိရာသွားကာ အသံအား ဆုံးသည်ထိ လျော့ချလိုက်သည်။
"မသင့်တော်တာ သိပါတယ်ဗျာ စိတ်လွတ်မလားလို့ "  
"ဘယ်နှယ်..ကျွန်တော်တို့ ဘာမှမပြောရသေးပါလား "   
ဟု ဝီလျံ က ဆို၏။
ပစ်စလက်ခတ် ထိုင်မှေးနေရာမှ ထလာသည့် ဒေးဗစ် သည်လည်း
"နားထောင်ကောင်းလို့ လာနားထောင်တာပါ "ဟု ဗမာစကားမပီကလာဖြင့် ဆိုလေသည်။
ရီချင်သည်။ စူစန် ကလေးမသည်ပင် စက်ပိတ်သွား၍ ရှူးရှူးရှားရှားဖြစ်သွား လေ၏။
အားလုံးက သိပြီလားဟူသော သဘောဖြင့် မေးငေါ့ပြကြသည်မို့ သတိမေ့နေရာမှ ဖျတ်ခဲ့စိတ်လေလာသူပမာ
ကပြာကယာ အသံကိုမူလနေရာရအောင်ထိ တိုးတင်လိုက်၏။
ထိုစဉ်  
"..တစ်မြို့စီခြားပေ..မယ့်..  ငယ်ကချစ်သူ မောင့်ကိုသာလေ ...
ကျန်းမာတော်မူပါ..စ.. လေလှိုင်းကြားက ခွန်းဆက်ပါရဲ့လေ...."
"ချစ်သူမောင်ရေ  ချစ်သူမောင်ရေ " ..... ဟူသောနေရာ၌ကား စူစန်က ဝင်ဆိုလေ၏။
တိုနီ က သူ့မဟေသီအား မျက်စောင်းထိုးကြည့်၏။ စန္တယားသံများလှသော မစ္စစ်ချိုပြုံး၏ တေးသွားကား
ဆိုင်းသံ ဗုံသံ တစ်ငြိမ့်ငြိမ့်ဖြင့် လွမ်းဆွတ်ဖွယ်ဖြစ်နေခဲ့၏။
အားလုံးကား ခြေဖျားလက်ဖြားများလှုပ်ခတ်ကာ စည်းဝါးလိုက်ကြ၏။ ထိုမှအားမရသောအခါ ဆက်တီအား
တဘုတ်ဘုတ်ရိုက်၍ လိုက်ဆိုကြလေတော့၏။
အချိန်ကား စနေနေ့ ညမိုးချုပ်စ ပြုလေပြီတည်း။

ဒေးဗစ်လျှံထန်း က သီချင်းနားထောင်ရင်း ဂဏာမငြိမ်။
ခဏအကြာတွင် အပြင်သွားဦးမည်ဟုဆိုကာ ထွက်သွားသည်။ မိနစ်နှစ်ဆယ်ခန့်အကြာ၌
ဘီယာဖာကြီးထမ်း၍ ပြန်လာသည်။ လက်၌လည်း အရက်တစ်ပုလင်း တစ်ပုလင်းပါလာရာ
ဘာဘာညာညာပြောမနေကြပဲ သောက်ရန်နေရာထိုင်ခင်းပြင်သည်။

"စူစန် ရေ အမြီးလုပ်ဟာ..ရေခဲသေတ္တာထဲမှာ ငါးခြောက်အသေးကိုလှော်လိုက်..
ခရမ်းချည်သီးနဲ့ ဂေါ်ဖီနဲနဲလှီးထည့်..မြင်းခွာရွက်ပါထည့်သုပ်လိုက်..နင်ပဲတာဝန်ယူလိုက်တော့  အိုကေလား"

"အိုခေ...ဂွတ်အိုင်ဒီယာ ..ကဲစပြီရှင် " ဟုဆိုကာ မီးဖိုခန်းဘက်သွားလေ၏။
ထိုခဏ၌ စကားသံ၊ ဘီယာဗူးဖောက်သံ၊ ခွက်ချင်းထိခတ်သံ နှင့် စူစန် ၏ ချက်ပြုတ်ခန်းမှ အိုးခွက်ပန်းကန်သံတို့
ဆူညံသွားတော့သည်။ ဘီယာတစ်ဗူးစီခန့်ကုန်သောအခါ  အမြည်းပွဲရောက်လာသည်။
အားလုံးအမြည်းကို ဇွန်းကိုယ်စီဖြင့် ခပ်မြည်းလိုက်ကြပြီးသကာလ မျက်နှာများကား တပြုံးပြုံးဖြစ်ကုန်သည်။
"အာပါးပါး  ကောင်းလိုက်တာ မမိုးရာ "  ဒေးဗစ်လျံထန်းကပြောသောအခါ  
"မမိုး မဟုတ်ဘူး မမို့ မမို့  ဘယ်လောက်ပြောပြော ဒီနာမည်တစ်လုံးကို မတည့်နိုင်ဘူး 
မိုးမှန်းမသိ မို့မှန်းမသိ ဟွန်း"

ဟု ပြောနေကျအတိုင်း ကောတော့၏။ ဒေးဗစ်ကား ဘီယာတစ်ဗူးကုန်သည်နှင့် ဘီယာအား အရက်နှင့်
ရောလေတော့သည်။ သူကား ချင်းလူမျိုးပီပီ အသောက်အစားမပြတ်ပေ။ ကျောင်းလဲမနေဖူးလေရာ
စာလည်းမတတ်ရှာ။
အမေရိကန်ပြည်ထောင်စုသို့ရောက်လာသည်တွင်ကား ကွန်ုထက်စောသည်။ ကျွန်ုပ်အား အလွန်ခင်သည်။
အနဲဆုံး တစ်ပတ်တစ်ခါ  သူနဲ့တွဲသောက်ဖြစ်သည်။
"နောက်တစ်ခါ မမိုး လို့ထပ်ခေါ်ရင်တော့ အတွေ့ပဲ ဦးဒေးဗစ် ဒါပဲ"
"အေးပါ အေးပါ ..ငါလဲရောရောနေလို့ကွာ  မိုးနဲ့မို့ အတူတူပဲဟာကို ဘာကွာလို့လဲ  နော "
ဟု ဆံမင်းထံ မေးငေါပြောသည်။ 
"ဟေ့ဟေ့ ငါမသိဘူးနော်  မင်းတို့ဟာ မင်းတို့ရှင်းကြ  ဇိမ်ပျက်တယ်..လာ ကိုမိုးကြီး ချီးယား 'ဟုဆိုကာ
ကျွနုပ်ဘက်ခွက်လာတိုက်၏။ 
"ကဲချီးယား !!!!!!!!!!!'   အားလုံးမော့လိုက်ကြသည်။ 
ဆံမင်းကား ရှမ်းပြည်ပိုင်မှ လီရှူးလူမျိုးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၌ နှစ်နှစ်ခန့်ကျောင်းတက်ရာမှ
ရန်ကုန်သူ စူစန်နှင့် အိမ်ထောင်ကျသည်။ အိမ်ထောင်သက် ၅ နှစ်ထိ ခလေးမရှိကြသေးသည်မို့ ခလေးရူးရူး ရူးနေသည်။
ကျွန်ုပ်ကား အသက် ၃၅ နှစ်ဖြင့် အကြီးဆုံးနေရာ ယူထားလေတော့၏။
အိမ်ထောင်မရှိ လူပျိုလူလွတ်သမား။

စကားတပြောပြောဖြင့် ခရီးနှင်လာခဲ့လေရာ အချိန်သည် ညဥ့်နက်ထဲ ချဉ်းလာသကဲ့သို့
မစ္စစ်ချိုပြုံးကား ကုလားဖန်ထိုးနေတော့၏။ တချို့ကား ကခုန်နေကြလေပြီ။ များမကြာမီ အိမ်နီးနားချင်းတစ်ဖွဲ့ ရောက်လာကြပြန်၏။ ပွဲကား ပို၍ မြိုင်လေလပြီတည့်။ ထိုသူတို့ယူလာသည့် အရက်များ၊ ဘီယာများအား နေရာချ ဖောက်သောက်ကြသောအခါ လူကား ရှစ်ယောက်ရှိလေ၏။ အသံကား အလွန်ကျယ်၏။

မကြာမီ နောက်ဝင်လာသည့် သုံးယောက်၏ အတူနေကောင်မလေးများ၊
ဇနီးများရောက်လာသော အခါတွင်ကား အလွန့်အလွန်စည်းကားသွားလေ၏။
ဘီယာဗူးဖောက်သံ၊ ငရုပ်သီးထောင်းသံ ၊ ပုလင်းသံခွက်သံ၊ စကားသံတို့နဲ့အတူ ကျွန်ုပ်၏ ချိုပြုံးကား အောင်ပွဲခံလျှက်ရှိလေ၏။နောက်ဝင်လာသူအများစုအား နာမည်များမမှတ်မိပါ။ သို့သော် ဤရွှေ့ပြောင်းနေထိုင်ရာရပ်ကွက်လေး၏ မှီတင်းနေထိုင်သူ ရွှေမြန်မာများသာဖြစ်ကြ၏။

သို့ကြောင့် လူပျိုကြီး အကျွနုပ်အား အထူးခွင့်တောင်းစရာမလိုပါ၍ လွတ်ချင်တိုင်းလွတ်နေကြလေရာ အကျွနုပ်တို့တစ်သိုက် မိန်မိန်ကြီးပြုံး၍ လေပွားနေမိကြလေ၏။ မိမဲမိဖြူမိတုတ်တို့ လူငယ်တစ်သိုက်အဖို့တော့ သူတို့အမျိုးမျက်စိအောက်၌ စိတ်ချလက်ချသောက်ရ၍လား မပြောတတ်ပါချေ။ မကြာခင်ပင်မူးကြ၍ အသံပို၍ဆူလာကြ၏။

တွေ့ဆုံမှု အားကောင်းလှ၏။ ဆူညံမှုကား ပို၍ပင်အားကောင်း၏။
ထိုမှ မနက် နှစ်နာရီကျော်လောက်တွင် နောက်ထပ်တစ်သုတ်ဝင်လာ၏။ သို့သော် ခန္ဓာကိုယ်ကြီးမားလွန်းကာ အသားအလွန်မည်းကြ၏။ အဘယ်သူတံခါးဖွင့်ပေးသည် မသိလိုက်ရချေ။ ကိုယ်လူမည်းကြီးတစ်ဖွဲ့ကား လက်ပိုက်လျှက်မိန့်မိန့်ကြီးရပ်နေကြလေတော့၏။ ၉၁၁ မှ လွှတ်လိုက်သည့် ရဲများပင်ဖြစ်ချေတော့၏။ သို့တစေ သတိမမူမိသူများက အရှိန်မပျက် ဆက်ပွားနေကြသေးသည်မို့ မပြောအား။ ထိုသကာလ၌ ဝေးတစ်မြေ ခြားသူမောင်ရယ်..ဟုအသံထွက်လာလေရာ ကျွန်ုပ်ကား ငိုအားထက်ရီအားသန်ရ၏။ ထိုခဏ၌ ကောင်မလေးတစ်ချို့၏ ပျို့အန်သံ
ဝေါ့ အောခနဲ့ ထွက်လာသောအခါ မထိန်းနိုင်ပဲ ရယ်မိပါတော့၏။

 ................
ဆက်ပါဦးမည်။
လေးစားစွာဖြင့်
မုတ်သုံမိုးဦး

No comments: