Friday 13 January 2012

တွေ့ရခြင်း မြင်ရခြင်းနှင့် မနက်ဖြန်တွေအတွက် အတွေး

by Melven Than on Saturday, January 14, 2012 at 4:43am

၁၃.၀၁ .၂၀၁၂
လွတ်ငြိမ်းချမ်းသာခွင့်ကို မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်သလို ကြေငြာလိုက်တယ်။ မထင်မှတ်ပဲ
ရက်ကပ်ရက်လွှတ်ပေးလိုက်တယ်။ လူထု အံ့အားသင့်သွားတယ်။ ဒါပေမယ့် အကြာကြီးအံ့သြချိန်
မရလိုက်ကြပါဘူး။ လွတ်လာသူတွေကိုကြိုဖို့ ဆိုင်ရာမိသားစုတွေ၊ သတင်းဌာနတွေ နှင့် စိတ်ဝင်စားသူ
လူထုအများအပြား အလုပ်တွေရှုပ်ကုန်ပါတယ်။ သို့ပေမယ့် သုတ်သုတ်သုတ်သုတ်နဲ့ပင် အေးအေးချမ်းချမ်း
ပြီးဆုံးသွားခဲ့တယ်။

ကြေညာတဲ့ညတုန်းက ''ခင်ဗျားတို့လိုချင်သူတွေ အကုန်ပါတယ်'' လို့ ဆိုင်ရာတစ်ချို့ကပြောထား
ပေမယ့် တကယ်လွတ်လာကြပါစေလို့ တိတ်တဆိတ်ရော ဖွင့်ဟပြီးရောဆုတောင်းခဲ့တယ်။ ဒီနေ့တော့
တကယ်ဖြစ်လာခဲ့တယ်။ တကယ်ပဲ လိုချင်နေတဲ့သူတွေ လွတ်မြောက်လာခဲ့ကြတယ်။

ဘာကြောင့်လွှတ်ပေးသလဲ
သိပ်အံ့သြစရာကောင်းသလို ၀မ်းသာစရာလည်း သိပ်ကောင်းပါတယ်။ ရင်ထဲမှာ တစိမ့်စိမ့်တွေးပြီး
ကျေနပ်ပီတိဖြစ်ရတယ်။ တွေးတယ်ဆိုတာထဲမှာ တွေးမိရာကတော့ အစုံပါပဲ။ ဦးသိန်းစိန်အစိုးရက
ဘယ်လိုလဲ ၊ ဘာကြောင့်ဒီလိုလွှတ်ပေးသလဲ ။ ပြည်သူတွေရဲ့ အသံကိုနားထောင်လိုက်ခြင်းလား
။ သူတို့အေ၇းအတွက်သူတို့ လုပ်လိုက်ခြင်းလားစသည်ဖြင့်ပေါ့လေ။
အစိုးရအဖွဲ့မှာ
စီးပွားရေးသမားတွေက စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းအောင်လုပ်ပေးဖို့ သမ္မတကိုဖိအားပေး
ခံနေရတယ်။ ပြီးတော့ အာစီယံဥက္ကဌရာထူးရထားပေမယ့် ဒေသတွင်းမှာ လောလောဆယ်
ဆက်ဆံရေးပြေပြစ်နေဖို့လည်း လိုအပ်နေတယ်။ အနောက်နိုင်ငံ တွေရဲ့ဖိအားပေးမှုကလည်း
များနေတယ်။ ဒါတွေကြောင့်လား။ ပြီးတော့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ
အတွက် ကြိုတင်မဲဆွယ်ခြင်းလား။ သို့မဟုတ် ဒီမိုကရေစီရေးကို လက်တွေ့အကောင်အထည်ဖော်တော့
မှာမို့လို့လား။ လားပေါင်းများစွာပါပဲ။ ဖြေတော့မဖြေတတ်သေးဘူး။ ပြောရရင်အဖြေရှိမနေဘူး။

တိုက်ဆိုင်မှုများစွာ
တစ်ဖက်မှာလည်း
မနေ့တစ်နေ့ကပဲ နှစ်ပေါင်း ၆၀ ကျော်အတွင်းသေချာတဲ့ ငြိမ်းချမ်းရေးမလုပ်နိုင်ခဲ့တဲ့ အတိုက်အခံ
လက်နက်ကိုင်အဖွဲ့KNU နှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ခဲ့ကြတယ်လို့ဆိုတယ်။
တဆက်တည်းမှာပဲ လက်ရှိ စစ်ဖြစ်နေကြတဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIO နှင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆင်ပြေပြီးဆုံးဖို့ရှိတယ်လို့ သတင်းရနေပြန်တယ်။
ပြီးခဲ့တဲ့ ၀၆.၀၁.၂၀၁၂နေ့ကလည်း ချင်းလက်နက်ကိုင်အဖွဲ့CNF နှင့် ငြိမ်းချမ်းရေးလုပ်နိုင်
ခဲ့သေးတယ်။
ငွေရှင်ကြေးရှင်ကြီး ဂျော့ဆိုရို့စ် လာရောက်လည်ပတ် ပြီးတဲ့နောက် ကမ္ဘာ့ဒုတိယ
အချမ်းသာဆုံးဆိုတဲ့ မစ္စတာ ဘီလ်ဂိတ် ကိုလည်း လက်ခံကြိုဆိုကြဖို့ အသင့်ဖြစ်နေကြတယ်။
မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ သတင်းစုံတွေကို ဒီရက်သတ္တပတ်အတွင်း အကြောင်းအရာ
မျိုးစုံနဲ့ မိတ်ဆက်ဖွပြပြန်တယ်။ အစိုးတစ်ခုအဖို့ ကာလတိုလေးမှာ ဒီလောက်အလုပ်ရှုပ်ပြဖို့ရာ
မလွယ်လောက်ပါဘူး။ ဒါကြောင့် နိုင်ငံရေးသဘောအရ 'တိုက်ဆိုင်မှုရှိမှ မြင်သာထင်
သာတယ်'ဆိုတဲ့ နည်းလမ်းကိုသုံးသွားတာဖြစ်မယ်လို့ မှတ်ချက်ချထားလိုက်တယ်။

အာရုံလွှဲခြင်းတစ်ခုလေလား
ပြီးတော့ လွတ်လာကြသူအားလုံး ၆၅၁ ယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၉၁ ယောက်
ပါဝင်ပြီး ကျန် ၆၀ ယောက်ဟာ စစ်ထောက်လှမ်းရေးဟောင်းနဲ့ အကောက်ခွန်ဌာနက
အပြစ်ဒဏ်ကျသူတွေလို့ သိရတယ်။ ဒီ ၆၀ ထဲမှာ အကြီးဆုံးရာထူးနှင့် အထင်ရှားဆုံးကတော့
ထောက်လှမ်းရေးဥလျှောင်ကြီး ဦးခင်ညွန့်ပါပဲ။
မြန်မာတစ်ပြည်လုံးက ချစ်ခင်ကြပြီး လွှတ်ပေးပါလို့တောင်းဆိုနေကြတဲ့ ကျောင်းသားခေါင်း
ဆောင်တွေနဲ့ ရောသမမွှေပြီး လွှတ်ပေးလိုက်တာဟာလည်း ထောက်လှမ်းရေးဟာင်းအပေါ်
အာရုံစိုက်မှုလျော့အောင် လုပ်ပေးလိုက်တာနဲ့တူနေတယ်။ သူ့နောက်လိုက်တွေနဲ့
သူ့အပေါ်စိတ်ဝင် တစားရှိနေသူတွေကို Heavy Weight တွေယှဉ်လွှတ်ပြီး အာရုံလွှဲပေးလိုက်
တာဖြစ်မယ်လို့ စဉ်းစားမိပြန်တယ်။ပြောကြစတမ်းဆိုရင် ဦးခင်ညွန့်အရေးလည်း ပေါ့သေးသေး
မဟုတ်ဘူးမဟုတ်လား။

နောက်တစ်ခုက အာဏာရှင်ကြီး ဦးနေ၀င်းရဲ့သားမက်နဲ့ မြေး သုံးယောက် ထဲက
မြေးဖြစ်သူ ကိုဇွဲနေဝင်းနဲ့ သားမက် ဦးအေးဇော်ဝင်း တို့ကို လည်း အခု လွတ်ငြိမ်း
ချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တယ်လို့ သိရတယ်။ ပြောမယ်ဆိုရင် အာဏာရှင်တွေကြီးစိုးတဲ့
အသိုက်အ၀န်းမှာ ဦးနေ၀င်းအဆွေအပွားတွေဟာလည်း HeavyWeight တွေပါပဲ။
အဲလိုလူတွေကို Highlights အဖြစ်ဆုံး လူထုခေါင်းဆောင်တွေနဲ့ ရောလွှတ်ပစ်တာကို
သူတို့လုပ်တာတွေ ဗျူဟာလှတယ်ပြောရမလားပဲ။ လူထုအာရုံရှုပ်ကုန်တာတော့
ငြင်းမရနိုင်ဘူး။


အင်အားတွေလာပြီ
ထားပါတော့။
လောလောဆယ်တော့ ဘယ်အမှုဘယ်လိုပဲရှုပ်ရှုပ် တိုင်းပြည်နှင့်လူထုအတွက်
လိုချင်တဲ့သူတွေ လိုအပ်နေတဲ့သူတွေ ရောက်လာကြပြီ။ အားအင်တွေဖြစ်လာကြပြီ။
ဒီကိစ္စမှာ အရေအတွက်နဲ့ အင်အားကို အတူတူပဲလို့တင်စားပြောချင်တယ်။ အရေအတွက်လည်း
လုံလောက်နေပြီ။ ဒီအ ရေအတွက်ကိုပဲ အင်အားတွေလို့ အားလုံးလက်ခံနေကြပြီ။
မနက်ဖြန်တွေမှာ တစ်စည်းတစ်လုံးနဲ့ ရှေ့သို့ချီတက်ကြရန်သာကျန်ပါတော့တယ်။
နေလည်းသာမယ် အခွင့်အခါလည်းကောင်း မယ်ဆိုရင် ဒီမိုကရေစီလမ်းကတော့ ဝေးတော့
မယ်မထင်ပါဘူး။ လူတိုင်းရဲ့စိတ်ခွန်အားတွေရယ် ဒီလူဒီလူတွေရယ် ပေါင်းလိုက်ရင်
တိုင်းပြည်ရဲ့အင်အားကြီးတစ်ရပ်မို့ အင်အားတွေလာပြီ အင်အားတွေလာပြီလို့ ဆိုချင်တယ်။

မနက်ဖြန်တွေ
ရရှိနေပြီဖြစ်တဲ့ ခေါင်းဆောင်အင်အား လူထုအင်အားတွေကို စွမ်းအင်မီးဇာအဖြစ်
အသုံးချပြီး မနက်ဖြန်တွေကို ခရီးဆက်ရတော့မယ်။ အဲဒီခရီး ဖြောင့်တန်းနိုင်မလား
မဖြောင့်တန်းနိုင်ဘူးလားဆိုတာ ဘယ်သူမှဒက်ထိမပြောနိုင်သေးပါဘူး။ စိုးရိမ်စိတ်တွေ
စွန်းပေနေတဲ့ ယုံကြည်မှုတွေဟာ မနက်ဖြန်ခရီးတွေကို သဲထိတ်ရင်ဖိုဖြစ်စေသေးတယ်။ ဒီတော့
လွတ်မြောက်လာကြလို့ ပျော်ရွှင်ပီတိဂွမ်းဆီထိ ဖြစ်ရပေမယ့် ဆက်ကကြမယ့်မနက်ဖြန်တွေကို
အတွေးဖြန့်ကျက်နေမိတယ်။

တွေ့နေရခြင်း မြင်နေရခြင်းတွေဟာ အားရစရာ ကြည်နူးစရာ ကြေကွဲစရာ
စိုးရိမ်ဖွယ်ရာစတဲ့ ချိန်ခွင်လျှာမျှနေကြတဲ့ခါ သို့မဟုတ် တိုက်စစ်ကိုယ်စီ ဆင်ကြတော့မယ့်ခါမှာ
မနက်ဖြန်အတွက်အတွေးတွေဟာ မရှင်းလင်းသေးပါလားလို့ သိလိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အတွေးရှင်းရင်အလုပ်ရှင်းတယ် ဆိုတာလေးကိုသတိကပ်ထားပြီး အတွေးရှင်းရှင်းလေး ရအောင် ကြိုးစားကြည့်ရဦးမယ်။






ကဲ ..!
နည်းပြ တိုက်စစ်မှူး
အလယ်တန်း နောက်တန်း
ဂိုးသမား စုံပြီ ..!
ပရိတ်သတ်လည်း ရုံပြည့်ပြီ...
တစ်ဖက်အသင်းလည်းအသင့်ရှိနေပြီ။

တောက်လျှောက်အနိုင်ယူသိမ်းပိုက်ထားတဲ့
ဆုဖုလားကိုအရယူဖို့
လက်ရှိချန်ပီယံအသင်းကို
မဖြစ်မနေအနိုင်ကန်ပြီးဖြုတ်ချကြစို့ရဲ့။
(Melven Than)_

No comments: