Wednesday 25 January 2012

တီယင်မင်ရင်ပြင် ကျောင်းသားမျိုးဆက်များ(အောင်မိုးဝင်း)


by Maung Maung Wann on Wednesday, January 25, 2012 at 2:27pm

၁၉၈၉ တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ကျောင်သားတွေအကြောင်းကို ကိုယ်ချင်းစာစိတ်နဲ့ လေ့လာဖတ်ရှု ကြည့်မိခဲ့တယ်။ တရုပ်ပြည်ကြီး စီးပွားရေးတိုးတက်လာပြီး အနာဂတ်အတွက်၊ကောင်းမွန်တဲ့ဟောကိန်းတွေ၊ မျှော်လင့်ချက်တွေနဲ့ ပြောဆိုနေကြပေမဲ့ တရုပ်ပြည်ရဲ့ အကျဉ်းထောင်ထဲမှာတော့ လူ့အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်သူတွေဟာ နည်းပေါင်းစုံ နှိပ်စက် ညှင်းပမ်းခံနေကြရတယ်။ တဘက်မှာတော့ တရုပ်ပြည်ကြီးရဲ့ ကျယ်ပြန့်တဲ့ဈေးကွက် နဲ့ လူသားအရင်းအမြစ်တွေကို ဈေးပေါပေါ အသုံးချနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မျက်နှာနှစ်ဖက်နဲ့ မေတ္တာမျှတဲ့ ရည်းစားစကားတွေကိုသာ တသွင်သွင်ပြောနေခဲ့တယ်။ တီယင်မင်ရင်ပြင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ကျောင်းသားတွေကလည်း သူတို့ရဲ့ဘဝတွေကို ပုံသဏ္ဍန်မျိုးစုံ မြှုပ်နှံလိုက်ကြတယ်။ တချို့က လယ်သမားတွေကြားထဲမှာ၊ တချို့က အလုပ်သမားထု ရဲ့ နစ်နာချက်တွေအတွက် တောင်းဆိုတိုက်ပွဲဝင်သံတွေကြားမှာ၊ တချို့က လူ့အခွင့်အရေးမြှင့်တင်ရေးကြွေးကြော်သံတွေကြားထဲမှာ---------
“ကမ္ဘာပျက်တဲ့နေ့မှာ ကျနော်တို့တတွေ လူပြန်ဖြစ်ခွင့်ရတယ်” တဲ့။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ရင်ဖွင့်သံကို ကျနော်ကိုယ်ချင်းစာနားလည်နေခဲ့မိတယ်။
တကယ်တော့ တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ကျနော်တို့နိုင်ငံက ကျောင်းသားမျိုးဆက်တွေရဲ့ ခံစားမှုတွေ၊ ရည်ရွယ်ချက်တွေက အတူတူပါပဲ။ တရားမျှတပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အစိုးရတရပ် ဖွဲ့ချင်တယ်။ ပြည်သူတွေရဲ့ဘဝကို လုံခြုံစေချင်ကြတယ်။
ဒီတပတ် လွတ်လပ်တဲ့အာရှအသံ ( RFA) ရဲ့ အင်္ဂါနေ့ညပိုင်း အစီအစဉ်မှာ တရုပ်ပြည် တီယင်မင်ရင်ပြင်ကျောင်းသားမျိုးဆက် များရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု အကြောင်းတွေကို တင်ပြထားပါတယ်။
“တရုတ်ပြည်သူအပေါင်းတို့   ---           ရင်ပြင်နီဟာ ငါတို့အတွက် ဖြစ်တယ်။                                                                          ငါတို့ခြေထောက်တွေဟာ ငါတို့အတွက်ဖြစ်တယ်။                                                                                                                
ငါ တို့ ခြေထောက်တွေကို အသုံးပြုပြီး ရင်ပြင်နီဆီကို ချီတက်ကြမယ်။      
                                                                                 (ကဗျာဆရာ ချူယူဖူ )                                                    
သောတရှင်များခင်ဗျား
ချာတာ ၂၀၀၈ လို့ ခေါ်တဲ့ ဒီမိုကရေစီကြေငြာစာတမ်းမှာ ပါဝင်ရေးသားလှုံ့ဆော်ခဲ့တဲ့ “လူရှောက်ဘို”  အပါအဝင် ပညာတတ် အများအပြားကို တရုတ်ကွန်မြူနစ်ပါတီဟာ ဖမ်းဆီးထောင်ချခဲ့ပေမဲ့ လူ့အခွင့်အရေးကြွေးကြော်သံတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု တွေက ရပ်တန့်မသွားခဲ့ပါဘူး။ ကဗျာဆရာ “ချူယူဖူ” က တရုပ်ပြည်သူတွေအနေနဲ့ ဒီမိုကရေစီ နဲ့ လွတ်လပ်မှုကို ကာကွယ်တားဆီး ဖို့အတွက် ရုန်းကြွချိန်တန်ပြီ ဆိုတဲ့ အထက်ပါကဗျာတပုဒ်ဟာ တရုပ်ပြည်ကွန်မြူနစ်ပါတီကို ဒေါသထွက်စေခဲ့ပါတယ်။  ဒါကြောင့်လည်း ကဗျာဆရာ “ချူယူဖူ” ကို ဖမ်းဆီး  ထိန်းသိမ်းလိုက်ပါတယ်။
“တကယ်တော့ တရုပ်ကွန်မြူနစ်ပါတီဟာ ၁၉၈၉ တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှု ကို သွေးထွက်သံယိုမှုတွေနဲ့ဖြိုခွဲနိုင်ခဲ့ပေမဲ့ သူတို့ရဲ့လွတ်မြောက်ရေးဝိညာဉ်တွေကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့ဘူး။ တီယင်မင် ရင်ပြင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေဟာ အကျဉ်းထောင်အသီးသီးက လွတ်မြောက်ပြီး သူတို့ရဲ့ ဒေသတွေဆီကို ပြန်ရောက်သွားတဲ့အခါ သူတို့ခါးခါးသီးသီး ခံစားခဲ့ကြရတဲ့ တရုတ်ပြည် အကျဉ်းထောင်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရုပ်ကွန်မြူနစ်ပါတီရဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေကို ဆက်လက်ဝေဖန်ရေးသားခဲ့ကြတယ်။
ကဗျာဆရာ ချူယူဖူ ဟာ ၁၉၉၉ မှာ “ အတိုက်အခံပါတီ” လို့ ခေါ်တဲ့ မြေအောက် ဒီမိုကရေစီပါတီကို ထူထောင်ဖွဲ့စည်းခဲ့၊ မဂ္ဂဇင်းထုတ်ဝေခဲ့တဲ့အတွက် ထောင်ဒဏ် (၇) နှစ် အပြစ်ပေးခြင်း  ခံရတယ်။ ထောင်ကလွတ်လာတော့ သူဟာ တရုပ်ပြည်အကျဉ်းထောင်တွေဆီက ဖမ်းဆီးနှိပ်စက်မှု၊ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖေါ်ပြောကြားခဲ့တဲ့အတွက် အာဏာပိုင်တွေနဲ့ ထိပ်တိုက် တွေ့ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာ ရဲအရာရှိတွေကို ဝတ္တရားနှောက်ရှက်မှု ဆိုတဲ့အကြောင်းပြချက်နဲ့  ထပ်မံထိန်းသိမ်းခဲ့တယ်။ သူ့ရဲ့ ကွန်ပြူတာတွေကို သိမ်းယူခဲ့တယ်။ အကြောင်းပြချက်ကတော့ ကဗျာဆရာ ချူယူဖူ ဟာ အင်တာနက် ကွန်ယက်တွေကနေ တရုပ်ပြည်ကြီးကို မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်ပေါ့။ သူပြန်လွတ်လာပြီး နောက်တနှစ်မှာ တရုပ်ပြည်ကြီးကို အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်နေတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ထပ်မံဖမ်းဆီးခဲ့ပြန်တယ်။”
ဆီချွမ်ပြည်နယ်က ထင်ရှားတဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင်တွေနဲ့ တရုပ်ကွန်မြူနစ်ပါတီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို  ဝေဖန်ခဲ့တဲ့  “လူရှင်ဘင်း” တို့ဆိုရင် တီယင်မင် ရင်ပြင် ကျောင်းသားလှုပ်ရှားမှုတုံးက ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံရတဲ့  သူတွေဖြစ်ပါတယ်။ ၁၉၉၁ မှာ ထောင်ကလွတ်မြောက်ခဲ့တဲ့ လူရှင်ဘင်းဟာ  သူ့မြို့လေးမှာ ပြန်ရောက်သွားတယ်။ တရုပ်ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုကို ဝေဖန်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြန်တယ်။ ထောင်ကပြန်လည် လွတ်မြောက်လာပြန်တော့လည်း ၁၉၉၅ မှာ ဝမ်ဒမ်း၊ လူလျှောက်ဘို တို့နဲ့အတူ၊ “ဒီမိုကရေစီ မြှင့်တင်ရေးနှင့် ဥပဒေစိုးမိုးမှု သွေးစက်ခြေရာများမှ သင်ခန်းစာများ” ဆိုတဲ့ စာတမ်းကို ရေးသားရာမှာ ဝင်ရောက်လက်မှတ်ရေးထိုးခဲ့တယ်။ တရုပ်အစိုးရက ဖမ်းဆီးပြန်တယ်။
၁၉၉၈ မှာ တရုပ်အမျိုးသားကွန်ဂယက်ကို အိပ်ဖွင့်ပေးစာတစောင်ပေးပို့ပြီး လူ့အခွင့်အရေးကို မြှင့်တင်ဖို့၊ လူ့အခွင့်အရေးညီလာခံမှာ သဘောတူလက်မှတ်ရေးထိုးဖို့ တိုက်တွန်းခဲ့တယ်။ ၁၉၉၀ နှစ်တလျှောက်လုံးမှာ လူရှင်ဘင်း ဟာ ချုံကင်းပြည်နယ်မှာ “ဒီမိုကရေစီပါတီ” ဋ္ဌာနခွဲတွေကို ဖွင့်လှစ်ဖို့အတွက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပူးပေါင်းပြီး မရပ်မနားဆောင်ရွက် ခဲ့တယ်။ ၁၉၉၉ ဒီမိုကရေစီ ပါတီကို တည်ထောင်ခဲ့တဲ့အတွက် ၁၃ နှစ်ကျတယ်
၂၀၀၈ မှာ လွှတ်ပေးခဲ့ပေမဲ့ သူဟာ လူလျှောက်ဘို နဲ့ အတူ ၂၀၀၈ ဒီမိုကရေစီကြေငြာစာတမ်းမှာ လက်မှတ်ရေးထိုးခဲ့ပြီး ဒီမိုကရေစီနည်းကျတဲ့ပြောင်းလဲမှုတွေကို လုပ်ဖို့ တရုပ်အစိုးရကို ဖိအားပေးခဲ့ပါတယ်။
“ဗက်ကလပ်ဇ် ဟာဗယ် ရဲ့ မျက်လုံးနဲ့ တရုပ်ပြည်ကို ရှုမြင်ကြည့်ခြင်း ” ၊
“ကျောက်ကျိယန်သေဆုံးပြီး ငါးနှစ်အကြာ”  “လမ်းပေါ်က လှုပ်ရှားမှုတွေဟာ တရုပ်ပြည် ဒီမိုကရက်တစ်လှုပ်ရှားမှုအတွက် အရေးပါတဲ့ နည်းဗျူဟာဖြစ်တယ်”   “ကိုယ်ပိုင်တဲ့ အိမ်မှာ ကိုယ်သာလျင် အရှင်သခင်ဖြစ်တယ်”                                                                  “ တရုပ်ဒီမိုကရေစီလှုပ်ရှားမှု အနှစ် (၂၀) အတွေ့အကြုံများ”  စတဲ့ဆောင်းပါးတွေကို တရုပ်ပြည် ပြည်ပ နဲ့ နယ်စပ်ဒေသ မှာ ထုတ်ဝေတဲ့စာစောင်တွေဖြစ်တဲ့  “ပီကင်းနွေဦး” “ ဒီမိုကရက်တစ်တရုပ်ပြည်၊ “ပြည်သူနှင့် လူ့အခွင့်အရေး” မဂ္ဂဇင်းတွေထဲမှာ  ရေးသားခဲ့တယ်။ ဆီချွင်းငလျင်ကြောင့် စာသင်ကျောင်းတွေပြိုကျ၊ ကျောင်းသားတွေ အမြောက်အမြားသေဆုံးခဲ့မှုဟာ တရုပ်အစိုးရရဲ့ တာဝန်ပေါ့လျှော့မှုကြောင့်ဖြစ်တယ် လို့ ဝေဖန်ခဲ့မှုကြောင့်  တရုပ်ကွန်မြူနစ်ပါတီက သူ့ကို တန်ပြန်တော်လှန်ရေးလှုံဆော်သူ အဖြစ်သတ်မှတ်ပြီး ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ပြန်တယ်။
လူလျှောက်ဘို နဲ့ လုပ်ဖေါ်ကိုင်ဘက်တွေဖြစ်ကြတဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင်တွေဖြစ်တဲ့ “ ချန်ရှီ” “ချန်ဝေ” တို့ဟာလည်း ၁၉၈၉ တီယင်မင် ရင်ပြင်ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရတယ်။ အကျဉ်းထောင်တွေဆီက လွတ်မြောက်လာတော့လည်း လွတ်မြောက်မှုနဲ့ဒီမိုကရေစီရေးအတွက် အင်တာနက် မှာ ဆောင်းပါးများစွာကို ရေးသားခဲ့ကြတယ်။  ဒါကြောင့်လည်း သူတို့တတွေဟာ အကြိမ်ကြိမ်အဖမ်းခံခဲ့ရပြန်တယ်။ ထုံးစံအတိုင်း  တန်ပြန်တော်လှန်ရေးသမားများလို့  စွပ်စွဲခံရပြီး  ထောင်ဒဏ် (၁၀) နှစ် နဲ့ (၉) နှစ်အသီးသီး  ချမှတ်ခဲ့တယ်။ ကွန်မြူနစ်ပါတီက ချုပ်ကိုင်ထားတဲ့ တရားရုံးမှာ ပြန်လည်လျှောက်လှဲခွင့် ဘာတခုမှ မရခဲ့ပေမဲ့ သူတို့ကတော့ “ ဒီမိုကရေစီစံနစ် ဟာ အောင်နိုင်လိမ့်မယ်။ အာဏာရှင် စံနစ် ကျဆုံးရမယ်” လို့ အော်ဟစ်ပြီး အကျဉ်းထောင်ထဲကို ဝင်သွားခဲ့တယ်။  “တကယ်တော့ Article (35) မှာ ပြည်သူတွေဟာ လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာ စုရုံးခွင့် နဲ့ လွပ်လပ်စွာ အဖွဲ့အစည်းထူထောင်ပိုင်ခွင့်ရရှိသည်” ဆိုတဲ့အချက်တွေ ပါဝင်တယ်။ ဒါပေမဲ့ တရုပ်ကွန်မြူနစ်ပါတီ ဟာ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီရေး မြှင့်တင်ရေး လှုံ့ဆော်သူ အားလုံးကို တိုင်းပြည်မတည်ငြိမ်အောင် အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်နေသူများအဖြစ် စွပ်စွဲဖမ်းဆီးထောင်ချခဲ့တယ်။ တရုပ်ကွန်မြူနစ်ပါတီဟာ တရုပ်ပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို သူကိုယ်တိုင် ချိုးဖောက်နေသူတွေဖြစ်တယ်။”

သောတရှင်များခင်ဗျား

တရုပ်ပြည်ကြီးဟာ (၂၁) ရာစုမှာ စီးပွားရေး၊ နိုင်ငံရေးအရ ဆူပါပါဝါနိုင်ငံတခုဖြစ်လာလိမ့်မယ် လို့ ဟောကိန်းထုတ်နေကြပေမဲ့၊ ၁၉၈၉ ခုနှစ်ကလည်းက ရုန်းကြွလှုပ်ရှားနေတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေဟာ၊ ဒဏ်ရာအနာတရတွေနဲ့ တလူးလူးတလိမ့်လိမ့် ဖြစ်နေခဲ့ရပါတယ်။ ဒီအချက်ဟာ တရုပ်ပြည်ကွန်မြူနစ်ပါတီရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်၊ သံသယဖြစ်စေတဲ့အရာ ဖြစ်နေပြန်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းက လွဲလို့ တခြားရွေးချယ်စရာ မရှိပါလို့ ပြောဆိုနေတဲ့ မြန်မာအစိုးရသစ်ဟာ အတိတ်တုံးက ကျူးလွန်ခဲ့တဲ့ ဖိနှိပ်ချုပ်ချယ်မှုနည်းလမ်းတွေကို ရှောင်ကျဉ်ဖို့လိုပါလိမ့်မယ်။ ပြည်သူတွေ ဒဏ်ရာအနာတရဖြစ်နေသရွေ့၊ အစိုးရတရပ်ရဲ့ ဂုဏ်သိက္ခာဆိုတာ အောက်ဆုံးအဆင့်မှာ ညစ်နွမ်းနေပါလိမ့်မယ်။
သောတရှင် မြန်မာပြည်သူများ- လွတ်လပ်မှုအစစ်အမှန် ထိတွေ့ခံစားနိုင်ကြပြီး၊ လုံခြုံငြိမ်းချမ်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ကြပါစေ။

No comments: