Wednesday 27 July 2011

The Ladyရုပ်ရှင် ရုံတင်ပြသတော့မှာ& ကာတွန်းထဲကဦးသိန်းစိန်& မျောက်တကောင်ဖြစ်သည် & မီးဒုက္ခသည် & မဟာဂန္ဓ၀င် ရှစ်လေးလုံးအရေးတော်ပုံ

by စူ နာ မီ လှိုင်း on Tuesday, July 26, 2011 at 6:32pm

The Lady
...............
၂၀၁၁ အောက်တိုဘာလတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  သမိုင်းဘ၀ဇာတ်ကြောင်းကို The Lady ရုပ်ရှင်အဖြစ် ကမ္ဘာနဲ့အဝှမ်း ရုံတင်ပြသတော့မှာပါ။

ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသူကတော့ မလေးရှားနိုင်ငံဖွား နာမည်ကျော် မင်းသမီး မီရှယ်လ်ယိုး (Michelle Yeoh) ပါ။ ဒါရိုက်တာ ပြင်သစ်လူမျိုး Luc Besson က စီစဉ်ရိုက်ကူးပြီး Drama, Romance, ဘဝသရုပ်ဖော်မြောက်များစွာ သုံးထားတာကို တွေ့ ရမှာဖြစ်ပါတယ်။ EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။


The Lady ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းများကို ထိုင်း၊ အင်္ဂလန်၊ ပြင်သစ်နဲ့ မြန်မာနိုင်ငံတွေမှာ သွားရောက်ရိုက်ကူးခဲ့ပြီး မြန်မာပြည်ရဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံသို့ ခေတ္တလာရောက်ခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်း ဇာတ်ဝင်ခန်းတစ်ချို့ကို ရိုက်ကူးခဲ့ပါတယ်။ မင်းသမီး မီရှယ်လ်ယိုး ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ် ရောက်ရှိစဉ် ဒေါ်စုရဲ့စကားပြောပုံ မြန်မာဆန်ဆန် ၀တ်စားပုံများကို တနေကုန် သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဟောလိဝုဒ် နာမည်ကျော် မင်းသမီး Michelle Yeoh ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်တဲ့ အချိန်မှာတော့ ရန်ကုန်လေဆိပ်မှာ မြန်မာအာဏာပိုင်များက ပြည်ဝင်ခွင့် တားမြစ်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Michelle Yeoh ဟာ လူမှုရေးလုပ်ငန်းများနဲ့ ပရဟိတလုပ်ငန်းများကိုပါ လုပ်ဆောင်နေသူ တဦးအဖြစ် ထင်ရှားလျက်ရှိပါတယ်။
ထဝ
(http://michelleyeoh.info/Movie/thelady.html ) ကို မှီငြမ်းရေးသားထားတာပါ။




မင်းသမီး မီရှယ်လ်ယိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း၊ ကွယ်လွန်သူ ခင်ပွန်းမိုက်ကယ်အဲရစ်ရဲ့ အမွှာညီအစ်ကို အန်ထော်နီအဲရစ်တို့အား ပြီးခဲ့တဲ့ ၂၀၁၀ အောက်တိုဘာ လကုန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (Chanavorn) ၌ တွေ့ရစဉ် (အပေါ်ပုံ)

Myanmar Suu Kyi Hong Kong based Malaysian actress Michelle Yeoh, left, smiles to photographers along with members of Myanmar's pro-democracy leader Aung San Suu Kyi's National League for Democracy party as she departs from Yangon International Airport Tuesday, Dec. 7, 2010, in Yangon, Myanmar. Yeoh spent all day Monday with Suu Kyi as part of research for an upcoming film in which she will play the democracy leader, according to Suu Kyi's lawyer Nyan Win. (AP Photo) AP

























ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ပူးတွဲကြေညာချက်ထုတ်
************************************************
ရန်ပိုင် Monday, 25 July 2011
ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှစ်ဌာန ၀န်ကြီး ဦးအောင်ကြည်နှင့် ယနေ့နေ့လည် ၁ နာရီခန့်က စိမ်းလဲ့ကန်သာ အစိုးရဧည်ဂေဟာတွင် ၁ နာရီကျော်ကြာ တွေ့ဆုံသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး ပူးတွဲကြေညာချက်ကို ဦးအောင်ကြည်က ဖတ်ပြနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

၁ နာရီနှင့် ၁၀မိနစ်ကြာမြင့်သည့် ထိုဆွေးနွေးပွဲအပြီးတွင် နှစ်ဘက်တွေ့ဆုံမှုနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ကို ၀န်ကြီး ဦးအောင်ကြည်က ဖတ်ပြခဲ့ရာ ဆွေးနွေးပွဲကို နှစ်ဘက်စလုံးက အပြုသဘောရှုမြင်ပြီး အားရကျေနပ်ကြောင်း၊ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးကြကြောင်း၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စ၊ အများပြည်သူ အကျိုးဖြစ်ထွန်းရေး ကိစ္စများလည်းပါ ၀င်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ “ကျမတို့က တိုင်းပြည်နဲ့လူမျိုး အကျိုးရှိမယ်ဆိုရင် အဆင်သင့်ပါပဲ” ဟု ပြောဆိုကြောင်း ပြည်တွင်းအခြေစိုက် ဧရာဝတီသတင်းထောက်က ပြောသည်။

နှစ်ဘက်စလုံး၏ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ကောင်းမွန်သောရလဒ်ဖြစ်ကြောင်း ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် အကြား နွေးထွေးသော ဆက်ဆံရေးကို မတွေ့ရဘဲ နှစ်ဦးစလုံး၏ မျက်နှာမှာ အနည်းငယ်တင်းမာနေပြီး ပြုံးရွင်သည့် အမူအယာများ မတွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက်သည့် သတင်းထောက်များက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဆွေးနွေးပွဲ ရလဒ်ကို ကြိုဆိုကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် ဆွေးနွေးမှုများ ကို ဆက်လုပ်သွားမည်ဟု ပြောသည်။

ဝန်ကြီး ဦးအောင်ကြည်ကိုလည်း ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ယခုတွေ့ဆုံမှုမှာ ပူးပေါင်း ဆောင်ရွက်မှုအတွက် ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ယခုတကြိမ်တွေ့ဆုံမှုသည် ပိုမိုကောင်းမွန်သောရလဒ် ဖြစ်လာမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ ယခုတွေ့ဆုံမှုသည် အစိုးရသစ်လက်ထက် ပထမဆုံး တွေ့ဆုံမှုဖြစ်သည်။

ဦးအောင်ကြည်ကို ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေး ၀န်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။ ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၀၇ ခုနှစ်တွင် ၃ ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် ၃ ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် ၂ ကြိမ်နှင့် ၂၀၁၀ တွင် တကြိမ် တွေ့ဆုံခဲ့သော်လည်း မည်သည့် ရလဒ်မှာ ထွက်ပေါ်ခြင်း မရှိပေ။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်နေသည် အာဆီယံ-အမေရိကန် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန်လိုကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ကြောင်း ပြောဆိုသည်။

ထို့အပြင် လာမည့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးပေးရေး မဖြစ်သင့်ကြောင်းကိုလည်း ဟီလာရီ ကလင်တန်က အရိပ်အမြွက် ထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံရေးလေ့လာသူများကမူ  ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကို အကောင်းဘက်မှ ရှုမြင်သော်လည်း အစိုးရအနေဖြင့် လာမည့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးအတွက် ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ပြောဆိုကြသည်။

ပြီးခဲ့သည့် အာဇာနည်နေ့ကလည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား တရားဝင်ဖိတ်ကြားကာ အခမ်းအနားကို တက်ရောက် စေခဲ့သည့် အပြင် NLD ပါတီဝင်များနှင့် လူငယ်များကိုလည်း အာဇာနည် ဗိမာန်သို့ သွားရောက် ဂါရ၀ ပြုခွင့်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်သြဂုတ်လဆန်းတွင် ပဲခူးမြို့သို့ စတင်ခရီးထွက်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း၊ NLD မှ ဦးခွန်သာမြင့် အပါအ၀င် ၃ ဦးကိုပဲခူးမြို့သို့  နယ်မြေအခြေအနေများ လေ့လာရန် စေလွှတ်ခဲ့ကြောင်း NLD ပါတီဝင်တဦးက ပြောသည်။

ပဲခူးနှင့် သနပ်ပင်မြို့နယ်များသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် လုံခြုံရေးနှင့် အခမ်းအနား ပြင်ဆင်ရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပဲခူးမြို့ ပြည်သူ့လွှတ်တော်အမတ် ရှေ့နေဦးမြတ်လှကလည်း ဆိုသည်။

ပြီးခဲ့သည့် လဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် သားဖြစ်သူ ကိုထိန်လင်းနှင့် အတူ ပုဂံ ညောင်ဦးဒေသသို့ မိသားစု ခရီးစဉ်အဖြစ် သွားရောက်ခဲ့သေးသည်။

ချယ်ရီပြောတဲ့ ကာတွန်းထဲက ဦးသိန်းစိန်
*****************************

မချယ်ရီဇာဟောင်း (ဓာတ်ပုံ - www.nd-burma.org)

ထိုင်ခုံမြင်ရင် မနေနိုင်တဲ့ ဦးသိန်းစိန်ကို ကာတွန်းဟန်လေးက “ဒီခုံကို မောင်ထိုင်မယ်” ဆိုတဲ့သဘော ကာတွန်းဆွဲ ပုံဖော်ထားပါတယ်။ မနေ့ကပါ။ဒီကာတွန်းကို မချယ်ရီဇာဟောင်း က မှတ်ချက်ပေးထားပါတယ်။
ASEAN's another shame and failure to keep appeasing the covered-up
criminals. Another disappointment from the people of Burma ! တဲ့။
သူက HREIB လို့ ခေါ်တဲ့ လူ့အခွင့်အရေးပညာပေး ဌာန (မြန်မာနိုင်ငံ) ဆိုတဲ့အဖွဲ့ကပါ။
ဒီကာတွန်း စိတ်ဝင်စားတဲ့သူ့ကို ဧရာဝတီက မေးခွန်း သုံးလေးခု အခုလေးတင် မေးထားပါတယ်။


သမ္မတကြီး ဦးသိန်းစိန်က ပုဆိုးခါးတောင်းကျိုက်ပြီး အာဆီယံဥက္ကဋ္ဌထိုင်ခုံပေါ် တက်ဖို့ အပြတ် ကြိုးစားနေတယ်၊ တကယ်လို့ အောင်မြင်သွားရင် ဒါဟာ မြန်မာပြည်သားတွေအတွက် ဂုဏ်ယူစရာလို့ ပြောနိုင်တယ် မဟုတ်လား။
ဦးသိန်းစိန်က ဘယ်လိုလုပ်ပြီး သမ္မတဖြစ်သွားလဲ ဆိုတာ ပြန်ကြည့်ရမှာပေါ့။ သူက အင်မတန်မှ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ၊ စစ်တပ်ကလူတွေ အနိုင် မရရ ရအောင်ဖန်တီးခဲ့တဲ့ရွေးကောက်ပွဲကတဆင့် သမ္မတဖြစ်လာတယ်။ ပြည်သူလူထု ရွေးချယ်တဲ့ သမ္မတ ဟုတ်မဟုတ် ဆိုတာတော့ အားလုံး သိနေပြီးသား။ ဒီလိုလူက အာဆီယံထိုင်ခုံမှာ ထိုင်မယ် ဆိုရင် မြန်မာပြည်သူပြည်သားတွေ ၀င့်ကြွားနိုင်မယ် မထင်ဘူး။ မြန်မာပြည်သူပြည်သားတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒါမှမဟုတ် သူတို့ အင်မတန်မှ နှစ်သက်တဲ့ လေးစားတဲ့ ခေါင်းဆောင် ဆိုရင်တော့ ၀င့်ကြွားနိုင်မယ်။ ဦးသိန်းစိန်က ဒီလိုပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ ဘယ်သူကမှ ဒါကို လက်ခုပ်တီးပြီးကြိုဆိုလိမ့်မယ်လို့ ကျမ မထင်ဘူး။

ဒါဆို မြန်မာပြည်က ဥက္ကဋ္ဌထိုင်ခုံ ရသွားရင် အာဆီယံကရော ဂုဏ်မယူနိုင်ဘူးလား။ ကာတွန်းထဲမှာ ၀န်ကြီးကလင်တန်က ဦးသိန်းစိန်ကို တားနေတယ်၊ ခုံမှာ မထိုင်ဖို့။ အာဆီယံဆရာတွေရဲ့ ပုံစံကတော့ အေးအေးဆေးဆေးပဲ ဆိုတာ တွေ့ရတယ်။
ဦးသိန်းစိန်က ဒီထိုင်ခုံမှာ ထိုင်မယ် ဆိုရင် အာဆီယံရဲ့ ဂုဏ်သိက္ခာ တခုလုံး ပြုတ်ကျသွားမယ်။ ဘာဖြစ်လို့လဲဆို အာဆီယံက လူထုကို အခြေခံတဲ့အဖွဲ့ဖြစ်တယ်၊ ကျမတို့ မြန်မာပြည်သူလူထုအသံ နားမထောင်ဘဲ ဦးသိန်းစိန်နဲ့ သူ့လူတွေအသံကိုပဲ နားထောင်နေတယ်။
ဦးသိန်းစိန်ကို ဒီခုံမှာ ထိုင်ခိုင်းမယ် ဆိုရင် သန်း ၅၀ ကျော်ရဲ့ ဆန္ဒကို အာဆီယံက ငြင်းပယ်သလို ဖြစ်နေတယ်။

ဒီကာတွန်းနဲ့ ပတ်သက်ပြီး ဧရာဝတီကို ပို့ထားတဲ့ မချယ်ရီရဲ့ မှတ်ချက်မှာ ဦးသိန်းစိန်ကို Criminal ရာဇ၀တ်ကောင် ဆိုပြီး ဖော်ပြထားတယ်။ သမ္မတကြီး ဦးသိန်းစိန်က ဘာကြောင့် ရာဇ၀တ်ကောင် ဖြစ်နေရတာလဲ။
မြန်မာနိုင်ငံမှာ ကချင်ဒေသမှာ စစ်ပွဲတွေ ဖြစ်နေတယ်၊ တိုက်ပွဲတွေ ဖြစ်နေတယ်၊ ဒါကို မတားဘူး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတာကို လက်ပိုက်ကြည့်နေတဲ့ နိုင်ငံခေါင်းဆောင်ကို ဥပဒေအရ တရားစွဲဆိုသင့်တယ်။

ဘာကြောင့်လဲ။
ဘာလို့လဲဆို သူတို့ဆီမှာ တာဝန်ရှိနေတယ်။ တိုက်ပွဲဖြစ်နေတာကို ရပ်တန်းကနေရပ်ဖို့ သူတို့မှာ အာဏာလည်း ရှိတယ်၊ တာဝန်လည်း ရှိတယ်၊ ဒါကို မလုပ်တဲ့အတွက် ကျမက လူ့အခွင့်အရေးဥပဒေရှုဒေါင့်က ကြည့်ပြီးတော့ ဒီလို မှတ်ချက်ပေးလိုက်တာပါ။

ကျနော်သည် မျောက်တကောင်ဖြစ်သည်
*****************************

ဦးကျော်ဆန်း မိန့်ခွန်းခြွေနေပုံ။
တနင်္ဂနွေနေ့ သတင်းစာတွေမှာ ဖော်ပြထားတာပါ။မြန်မာပြည်သားတွေဟာ မျောက်ကနေ ဆင်းသက်လာတယ် ဆိုတဲ့သဘော အတည်ပေါက် ပြောကြားချက်ကို တနင်္ဂနွေ သတင်းစာတွေမှာ ဖတ်ရမှာပါ။ ၀ံကြီး အဲ - ၀န်ကြီးဦးကျော်ဆန်းက ပြောသွားတာပါ။ လူသားအစ မြန်မာက ဆိုပြီး "ကမ္ဘာကပင်အသိအမှတ်ပြုလက်ခံ"တယ် ဆိုပဲ။


ကိုယ်တိုင်လည်း မျောက်က ကပြီး သက်သေလည်း ပြခဲ့တဲ့ ဝန်ကြီး ဖြစ်ပါတယ်

လူဖြစ်ပေါ်ပုံနဲ့ ပတ်သက်ပြီး ကမ္ဘာမှာ ထင်ရှားတဲ့ အယူအဆ တမျိုး ရှိခဲ့တာ သူ ထည့်မပြောသွားပါ။ လူဆိုတာ မျောက်က ဆင်းသက်တယ် တဲ့။ ပညာရှင် ဒါဝင်ရဲ့ ကမ္ဘာကျော်အယူအဆပါ။ ဒီအယူအဆနဲ့ ၀န်ကြီးရဲ့ ပြောဆိုချက်တွေ ပေါင်းလိုက်ရင် ဘာရမလဲ။



ပညာရှင် ဒါဝင်ရဲ့ ကမ္ဘာကျော်အယူအဆပါ။
******************************
ချားရောဗတ် ဒါဝင် (ခရစ် ၁၈၀၉-၁၈၈၂)


ချားရောဗတ် ဒါဝင်

ချားရောဖတ်ဒါဝင်(Charles Robert Darwin) သည် အင်္ဂလိပ်လူမျိုး သဘာဝတ္ထ ပညာရှင်တစ်ဦးဖြစ်သည်။ အင်္ဂလန်ပြည် (England)၊ ရှရူးစဗာရီမြို့(Shrewsbury)၌၊ ၁၈၀၉ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ဖွားမြင်သည်။ သားသမီး (၆)ယောက်တွင် (၅)ယောက်မြောက် ဖြစ်သည်။ ဖခင်ဖြစ်သူ ရောဗတ်ဝဲရင်းဒါဝင်(Robert Darwin)မှာ ထင်ရှားသည့်ဆရာဝန်တဦးဖြစ်သည်။

ဒါဝင်သည်ရှာရူးစဗာရီကျောင်း(Shrewsbury School)၌ ပညာသင်ကြားခဲ့ပြီး၊ အီဒင်ဗီရာနှင့် ကိန်းဗရစ် တက္ကသိုလ်တို့တွင် ဆက်၍လေ့လာ ဆည်းပူးခဲ့သည်။ ဒါဝင်သည် ၀တ္ထဗေဒကို စိတ်ဝင်စား၍ အထူးလေ့လာလိုက်စားခဲ့သည်။ သဘာဝတ္ထပညာရှင်တစ်ဦး အဖြစ် ဗြိတိသျှစူးစမ်းရှာဖွေရေးအဖွဲ့နှင့်အတူ၊ ဗီးဂယ်အမည်ရှိသော သဘောင်္တွင်လိုက်ပါ၍ ကမ္ဘာလှည့်လည်ခဲ့သည်။ အရပ်ဒေသအသီးသီးကို ရောက်ရှိခဲ့ အပင်နှင့် တိရစ္ဆာန်အများအပြားကို လေ့လာခွင့်ရခဲ့သည်။ တိုအကိုးအကားများဖြင့် ဆင့်ကဲဖြစ်စဉ်သီအိုရီကို အထောက်အပံဖြစ်မည့် စာတမ်းများပြုစုခဲ့သည်။ ၁၈၅၉ ခုနှစ်တွင် “မျိုးစိတ်တို့အစ” ခေါ် စာအုပ်ကို ပထမအကြိမ်ထုပ်ဝေခဲ့သည်။ ထိုစာအုပ်ကြောင့်ပင် ဒါဝင်သည် ကမ္ဘာကျော် သဘာဝတ္ထသိပံ္ပပါရဂူတစ်ဦး ဖြစ် ခဲ့သည်။

“မျိုးစိတ်တို့အစ” စာအုပ်(On the Origin of Species)တွင် အပင်နှင့် တိရစ္ဆာန်တို့ တစတစ၊ တဆင့်တဆင့် အသွင်ပြောင်းလာပုံကို အထောက်အထားနှင့် ဖော်ပြထားသည်။ တချိန်ထည်း၌ အင်္ဂလိပ်သိပံ္ပပညာရှင် တစ်ယောက်ကလည်း ဒါဝင်သီအိုရီနှင့် ထူသော သုတေသနပြုချက်ကို ထုတ်ပြခဲ့သည်။ သို့သော် Theory Of Evolutionတွင် ဒါဝင်သည်သာ နာမည်အကျော်ကြားဆုံး ဖြစ်ခဲ့လေသည်။
ဒါဝင်၏ တိုးတက်ဆန်းသစ်သည့် သီအိုရီသည် ကမ္ဘာအ၀ှမ်းတွင် အငြင်းပွားမှုများဖြစ်ပွားစေခဲ့သည်။ လူအများက ဒါဝင်ကို ဘုရားတရား မယုံကြည်သူဟု စွပ်စွဲခဲ့ကြသည်။ သို့သော် ဒါဝင်သည် ဝေဖန်မှုများကို ဂရုမစိုက်ပဲ မိမိလုပ်ငန်းကိုသာ ဆက်လက်ကြိုးပမ်းခဲ့သည်။

အမှန်တရားကို ဖေါ်ထုတ်သည်ဟုသာ စွဲမြဲစွာမှတ်ယူထားသည်။ ၁၈၇၁ ခုနှစ်တွင် “လူတို့ဆင်းသက်ပေါက်ဖွားလာပုံ” (Human Evolution Or Anthropogenesis) စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထို့ကြောင့် အငြင်းပွားမှုများပိုမို ပြင်းထန်လာခဲ့သည်။ တိုစာအုပ်တွင် ရှေးနှစ်ပေါင်းများစွာက ကမ္ဘာပေါ်ရှိ မျောက်နှင့်တူသော သတ္တ၀ါတို့မှ လူနှင့်မျောက်တို့ ဆင်းသက်လာသည်ဟု ဖေါ်ပြထားသည်။ တို့ကြောင့် လူအများစုက ဒါဝင်အားပြင်းထန်စွာ အမျက်ထွက်ခဲ့ကြသည်။ သို့သော် သိပံ္ပပညာရှင်များက ဒါဝင် ကို ချီးကျူးခဲ့ကြသည်။
ယခုအခါတွင် ဒါဝင်၏ သီအိုရီများ၏ ယေဘုယျသဘောကို လက်ခံလာကြပြီး၊ ယခုထိတိုင်လည်း ငြင်းခုံနေကြတုန်းပင် ဖြစ်သည်။ သီအိုရီမှ အချို့အပိုင်းများကို ပယ်ပြီး အသစ်အစားထိုးထည့်ထားသည်လည်းရှိသည်။ အခြေခံ သဘောတရားများကိုတော့ သိပံ္ပပညာရှင်များက လက်ခံကြသည်။ဒါဝင်သည် ၁၈၈၂ ခုနှစ် ဧပြီ ၁၉ရက်နေ့တွင် ကွယ်လွန်၍၊ “၀က်စမင်တာ အက်ဗေး” ဘုရားကျောင်းတွင် သင်္ဂြိုဟ်လေသည်။

၈၈ - ၂၃ နှစ် အတွက်
****************

(အမှတ်တရ ဂရပ်ဖစ်ဒီဇိုင်း ၂၀၀၈။ ကိုဦး)   ဇူလိုင် ၂၅၊ ၂၀၁၁

နောက်ကြောင်း မပြန်ကြေး …
**********************

ကာတွန်း စောငို - နောက်ကြောင်း မပြန်ကြေး …   ဇူလိုင် ၂၄၊ ၂၀၁၁


မဟာဂန္ဓ၀င် ရှစ်လေးလုံးအရေးတော်ပုံ
***************************

မင်းကောင်းချစ်  -  ဇူလိုင် ၂၄၊ ၂၀၁၁


ရှစ်လေးလုံးဟာ အာဇာနည်တွေနေတဲ့တိုင်းပြည်က
အာဂ ရွှေဝါပြည်သားတွေရဲ့ မကြောက်တရားနဲ့
ထုဆစ်ထားတဲ့ သစ္စာမော်ကွန်းတိုင်လဲဖြစ်တယ်။

ရှစ်လေးလုံးမှာ သံမဏိဒေါင်းတအုပ်ဟာ
စစ်သံပချုပ်ကို ရိုက်ကန်ချိုးဖြုတ်ခဲ့
အလင်းတံခါးတွေ တွန်းဖွင့်ခဲ့ကြတယ်။

ရှစ်လေးလုံးမှာ ဧရာဝတီဟာ ဒေါသပုန်ထ
ရိုးမတွေ လက်ရုံးကြွ၊ ကစ္ဆပ္ပနဒီမှာ လှိုင်းမာန်ချီ
အောင်တေးသီ သလ္လာဝတီနဲ့
သံလွင်မြစ်ပြင်နီနီမှာ သွေးပန်းချီချယ်မှုန်း
လူလှိုင်းလုံးကြီး သိမ့်ထ
သမိုင်းဘီးကြီး ရုန်းကြွခဲ့တယ်။

ကိုင်းဘယ်သူပြောသလဲ ‘ရှစ်လေးလုံးဟာ ကျဆုံးခဲ့တယ်လို့’
သစ္စာကို မယုံကြည်သူတွေ ဘေးဖယ်လိုက်ကြ
နိုင်ငံရေးအမြင်တိမ်စွဲနေသူတွေ တိမ်ခွဲလိုက်ကြ
ရှစ်လေးလုံးဟာ ပြည်သူတွေရဲ့ အောင်ပွဲနိဒါန်းဖြစ်သလို
အာဏာရှင်တို့ရဲ့ နိဂုံးအစဖြစ်တယ်

ရှစ်လေးလုံးဟာ ဗိုလ်အောင်ဆန်းများစွာ၊ ကိုအောင်ကျော်များစွာ
ဦးဝိစာရများစွာ၊ အာဇာနည်အနန္တ၊ သွန်းလောင်းပုံတူ
သန္ဓေယူခဲ့တယ်။

ရှစ်လေးလုံးဟာ ဒီမိုကရေစီ ထီချက်စောင့်နတ်သမီး၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကို
ကြီးမြတ်စွာဖွားမြင်၊ သိန္ဓိတင်ခဲ့တယ်။

ရှစ်လေးလုံးဟာ စစ်ခွေးတအုပ်ကို အမြီးကုပ်စေခဲ့တယ်
ရှစ်လေးလုံးဟာ တပါတီစနစ်ကို ပါတီစုံဖြစ်စေခဲ့တယ်
ရှစ်လေးလုံးဟာ ယုံကြည်သူတို့ရဲ့ အောင်မြေဖြစ်တယ်
ရှစ်လေးလုံးဟာ အဓမ္မတရားကို တိုက်စားဖျက်ဆီး အားမာန်ကြီးတဲ့ မြစ်တစင်းဖြစ်တယ်။
ရှစ်လေးလုံးဟာ ၉၀ ရလဒ်၊ ရွှေဝါရောင်တော်လှန်ရေးနဲ့ ကွန်ယက်များစွာရဲ့ မွေးသမိခင်လဲဖြစ်တယ်
ရှစ်လေးလုံးကို သေးသိမ်အောင်လုပ်သူ၊ မယုံကြည်သူဟာ အမှန်တရားကို မယုံကြည်သူသာဖြစ်တယ်။

ဒီမှာမိတ်ဆွေ ရှစ်လေးလုံးဆိုတာ သစ္စာတရားနဲ့ လူ့အခွင့်အရေးကို ဌာပနာစီ
လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ အုတ်မြစ်တွေပေါ် အခိုင်အမာတည်
နိုင်ငံချစ်သူတိုင်း လက်အုပ်ချီ ပူဇော်ထိုက်တဲ့ တန်းခိုးကြီး သမိုင်းစေတီ မည်ပေသည်။

မီးဒုက္ခသည်
**********

မြဝတီမှာ ပေးတဲ့ မီးက ဘယ်ကမီးလဲ။ ထိုင်းပေးတဲ့ မီး။ ဒါကို လာတရက် မလာတစ်ရက် လုပ်နေပါတယ်။
ဖြစ်ပုံက လွန်ခဲ့တဲ့ တစ်လကျော်က မြဝတီမြို့သစ် (၄) ရပ်ကွက်မှာ ထွမ်စဖေါ်မာ လောင်သွားပါတယ်။
မီးရုံက လာပြင်တာ ၄ရက်လောက် ကြာတယ်။ ပြင်ပြီးတော့ မီးကို တစ်ရက်ခြား ပေးပါတယ်။

ထိုင်းမီးမှာ ပျက်ရက် မရှိဘာဘူး။ ထိုင်းမီး မြန်မာပြည် ရောက်တော့ ယ္ခုချိန်ထိ တစ်ရက်ခြားဖြစ်နေပါတယ်။
မီးရုံကို မေးတော့ ထွမ်စဖေါ်မာ မရောက်သေးဘူး တဲ့။ ကောင်းလိုက်တဲ့အဖြေ။

တစ်ညကို ကားအစီး ရာနဲချီပြီး သွင်းနေတယ်။ ကျွန်တော်တို့ ဘယ်သူ့ကို တိုင်ရမှန်းမသိ ဖြစ်နေတယ်။ နည်းနည်းဖြစ်တာနဲ့  ပိုက်ဆံကောက်
ဖို့ဘဲ စဉ်းစားနေကြတယ်။ မီးခလည်း ထိုင်းထက် ပိုယူထာတယ် ။
မသိလို့ နော်...နိုင်ငံတော် သမတ အာဏာဟာ နယ်စပ်ဒေသ မရောက်ဘူးလား။
၎ ရပ်ကွက်သားများ။

မျက်မှောက်ခေတ်က လူတွေ၊ အကြောင်းအရာတွေနဲ့ ဦးဝင်းတင် မျက်ခြေပြတ်နေပြီလား
**************************************************************

ဦးဝင်းတင်နဲ့ မေးခွန်းများ   -   မိုးမခ၊ ဇူလိုင် ၂၅၊ ၂၀၁၁
ဆရာဦးဝင်းတင်နဲ့ မိုးမခ အင်တာဗျူးမလုပ်ဖြစ်တာ အတော်ကြာသွားတယ်။ အဓိကပြသနာကတော့ တယ်လီဖုံးလိုင်းတွေကြောင့်ပါ။ ဖုံးဆက်လို့ မရတာရယ်၊ ဆေးရုံတက်နေရချိန်မှာ လူချင်းလွဲနေရတာတွေကြောင့်ပါ။ အင်တာဗျူးတွေ မဖတ်ကြရလို့ သတင်းမေးသူတွေရှိသလို အင်တာဗျူးတွေ ဆက်လုပ်မနေပါနဲ့ ဦးဝင်းတင်က ကျန်းမာရေးကလည်း မကောင်း၊ ပါတီနဲ့ ခေါင်းဆောင်တွေနဲ့ အဆက်ပြတ်၊ ခေတ်နဲ့ အဆက်ပြတ်နေတာကြောင့် သူ့အာဘော်တွေ ထည့်နေလဲ မထူးပါဘူးလို့ အားပေးသူလည်း အားပေးကြပါတယ်။ ဒါပေမယ့်လည်း မိုးမခမှာက မျက်မှောက်ရေးရာ မေးမြန်းစရာ ဦးဝင်းတင်ကိုပဲ ရှိတာမို့ သူ့ကိုပဲ ဖုံးလိုင်းကလေး သဘောကောင်းတုန်း မေးမြန်းလိုက်ပါတယ်။

ဆရာနဲ့ ကျနော်တို့ နောက်ဆုံး ဇူလိုင်လဆန်း အင်တာဗျူးမှာ ဆရာက ဥပဒေကြောင်းအရ ပါတီရပ်တည်ရေး၊ တရားဝင်ဖြစ်မြောက်ရေးတွေကို ရင်ဆိုင်သွားမယ်လို့ ပြောသွားတယ်။ ဦးဝင်းတင်က ပျော့သွားတာလားလို့ မေးကြတယ်။

ကျနော်တို့ပြောတာက ၁၉၈၈ အရေးတော်ပုံကြီးက မွေးဖွားလာတဲ့ ပြည်သူတွေဆီမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ဖြစ်တယ်။ အဲဒီတုန်းက ဥပဒေနဲ့အညီ ၁၉၈၈ စက်တင်ဘာ ၃၀ မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးမိုးသူတို့နဲ့ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခဲ့တာဖြစ်တယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားပြီးတော့ လက်ရှိအစိုးရတရပ်က နိုင်ငံရေးပါတီတရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးကို တရားမျှတတဲ့ ဥပဒေတွေနဲ့ ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် ကျနော်တို့က လက်ခံဆွေးနွေးနိုင်တယ်လို့ ပြောတာ ဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ ပွင့်လင်းတဲ့ ညှိနှိုင်း ဖြေရှင်းမှုတွေကို လက်ခံမယ်လို့ ပြောတာဖြစ်တယ်။

သူတို့တွေဆီက ဥပဒေနည်းလမ်းတွေအရ လက်မခံနိုင်ဘူးဆိုရင်ကော။

ဒါကတော့ ရှင်းနေပြီးသားပဲ။ ပြည်သူတွေအသိအမှတ်ပြုပြီးသား ပြည်သူ့ပါတီတရပ်အနေနဲ့ ကျနော်တို့က ဆက်လက်ရပ်တည်သွားရမှာပဲ။ ပြည်သူတွေတင်သာမက နိုင်ငံတကာကပါ အသိအမှတ်ပြု လက်ခံထားတဲ့ နိုင်ငံရေးပါတီတရပ်အဖြစ် ဖြတ်သန်းရပ်တည်ထားပြီးသားကို ကျနော်တို့ကိုယ်တိုင်က ငြင်းပယ်ပစ်လို့ မရဘူး။

ဆရာက ကျန်းမာရေးကလည်း မကောင်း၊ ဆေးရုံကလည်း တက်ရ၊ ရုံးလည်း မတက်နိုင်၊ အစည်းအဝေးတွေမှာလည်း မတွေ့ရဆိုတော့ အခုအချိန်မှာ ဆရာ့ကို ခေတ်နဲ့ လူတွေနဲ့ ပါတီနဲ့ အဆက်ပြတ်နေပြီ၊ ဆရာ မျက်ခြေပြတ်နေတာတွေ များနေပြီလို့ ပြောရင် ဘာပြောမလဲ။

ကျနော်က အခုချိန်မှာ နိုင်ငံ့အရေးဆိုတဲ့ စိတ်တခုတည်းပဲ ရှိတယ်။ တောက်လျောက် ကျနော့်ဆီမှာ ဧည့်သည်တွေ လာနေ၊ ဖုံးတွေ ပြောနေ၊ ဆွေးနွေး တိုင်ပင်နေတာတွေ အားလုံးက ဒီအရေးကိစ္စတွေချည်းပဲ။ ပြီးတော့ ကျနော့်ကို သတင်းလာမေးတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့က အစ သူတို့တတွေက “ဆရာနေကောင်းလား” ဆိုပြီး မေးပြီးတော့ ပြန်သွားကြတာ မဟုတ်ဘူး ဆိုတာတော့ သိစေချင်တယ်။ ကျနော်တို့တတွေ ပြောဆိုဆွေးနွေး တိုင်ပင်နေကြတာချည်းပဲ။ လူကြီးတွေကော လူငယ်တွေကော။ ကျနော့် ဖုံးတွေ၊ တံခါးတွေ၊ ဆေးရုံတံခါးက အစ ကျနော် ဖွင့်ထားတယ်။ ပိတ်ထားတာ တခုမှ မရှိပါဘူး။

ဒါဆိုရင် အာဇာနည်နေ့ကို ဆရာ ဒီတနှစ်မှာ ပထမဦးဆုံးအကြိမ် နိုင်ငံရေးခေါင်းဆောင်တွေ အစုံအလင်နဲ့ ဖြတ်သန်းရတာပဲ။ လွန်ခဲ့တဲ့ ၁၉၈၉  ဇူလိုင်တုန်းက အတားဆီးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ အတိုက်အခံအင်အားစုတွေ၊ လူကြီး လူငယ်တွေ ဒီနှစ် ၂၀၁၁ ဇူလိုင် ၁၉  မှာ ပြန်လည် ဖြတ်သန်း ရင်ဆိုင်ကြရတယ်။ ဘယ်လိုနေသလဲ။ ဘာတွေ ထူးခြားတာရှိသလဲ။ အဲသည်တုန်းကတော့ အာဏာဖီဆန်ရေးစိတ်ဓာတ်တွေနဲ့ ပြင်ဆင်ခဲ့ကြရတယ်။ အခု ၂၂ နှစ်အကြာမှာ ဆရာတို့ ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့ကြသလဲ။

ဒီနှစ်မှာ ကျနော်တို့က သဘောထားကြီးမှုတွေ၊ နားလည်မှုတွေ၊ ညှိနှိုင်းဆွေးနွေးလိုမှုတွေ၊ ပွင့်လင်းမြင်သာမှုတွေနဲ့ အာဇာနည်နေ့ကို ဖြတ်သန်းတယ်လို့ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်မိသားစုဝင်တဦးအဖြစ် ဖိတ်ခေါ်တာကို လက်ခံပြီး အခမ်းအနားကို တက်ရောက်သလို၊ အင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်တဦးအပါအ၀င်အဖြစ် အားလုံး စုဝေးကြပြီးတော့လည်း ပြည်သူလူထုနဲ့အတူ အာဇာနည်နေ့ အခမ်းအနားကို ချီတက်ဂါရ၀ပြုခဲ့ကြတာကို တွေ့ရမှာ ဖြစ်တယ်။ ပြောချင်တာက လက်ရှိအစိုးရရဲ့ ဥပဒေစည်းမျဉ်းတွေက မျှတညီညွတ်မှု ရှိရင် ရှိသလို ပျော့ပြောင်းညင်သာစွာ ရင်ဆိုင်မှု ရှိမှာ ဖြစ်တယ်။ ပြည်သူလူထုကလည်းပဲ စည်းကမ်းတကျ ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားနိုင်ကြတယ်ဆိုတာကိုလည်း တွေ့ရမှာ ဖြစ်တယ်။ အဲသည်မှာ အာဇာနည်နေ့အခမ်းအနားကို ၂ မျိုး ဆောင်ရွက်ခဲ့တာကို တွေ့ရမှာ ဖြစ်တယ်။

၁၉၈၉ ဇူလိုင်လ ၁၉  ရက်နေ့က ကြွေးကြော်သံဖြစ်တဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုတာက မလိုအပ်တော့ဘူးလား။

အစပိုင်းမှာ ကျနော်ဖြေကြားခဲ့သလိုပဲ ကျနော်တို့တတွေဟာ အရေးတော်ပုံက ပေါက်ဖွားလာတဲ့ ပြည်သူ့ပါတီဖြစ်တယ်။ မတရားတဲ့ အမိန့် အာဏာ ဥပဒေဆိုတာတွေကို ကျနော်တို့ ပြည်သူ့ပါတီက အမြဲ ရင်ဆိုင်ခဲ့ကြတာချည်းပဲ။ အခုအချိန်မှာ မတရားတဲ့ အမိန့်အာဏာဥပဒေတွေကို ဆန့်ကျင်ဖို့ ရင်ဆိုင်ဖို့ လိုအပ်လာရင်လည်း ကျနော်တို့ကတော့ ရင်ဆိုင်ရမှာပါပဲ။

ဇူလိုင်လ ၂၃ ရက်နေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကွယ်လွန်ခြင်း နှစ်ပတ်လည်ဆွမ်းကျွေး ကျင်းပတယ်။ အဲသည်မှာ ဆရာဒဂုန်တာရာရဲ့ ၉ ၃ ကြိမ်မြောက် ငြိမ်းချမ်းရေးပန်ကြားလွှာကိုလည်း ထပ်မံဖြန့်ဝေတယ်။ အဲသည် မေလဆရာဒဂုန်တာရာမွေးနေ့တုန်းကလည်း ဆရာကိုယ်တိုင် သွားရောက်ခဲ့တယ်လေ။အခုအချိန်မှာ ပေါ်ထွန်းလာတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအတွက် ဆရာဘာပြောချင်သလဲ။

အဲသည်မေလ ခရီးထွက်တုန်းက ဆရာဒဂုန်တာရာမွေးနေ့မှာ ကျနော်ပြောခဲ့ပါတယ်။ ၁၉ ၅၂/၅၃ ကနေ ၁၉ ၆၂ ကာလ ၁၀ နှစ်အတွင်းမှာ ပြည်တွင်းစစ်တွေ အကြောင်းပြုပြီး ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်ခဲ့တယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုယ်တိုင်က ဦးဆောင်တယ်။ ပြည်တွင်းစစ်ကို မဏ္ဍိုင်ပြုပြီး ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတယ်။ အခုအချိန်မှာ ဒါတွေလည်း ပြည်သူလူထုကြားမှာ ပေါ်ပေါက်လာသင့်တယ်။ အဲသည်မှာ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဆိုတာ၊ ဆွေးနွေးပွဲတွေ ဆိုတာ အင်န်အယ်ဒီပါတီကနေ ဦးဆောင်တာမျိုးမဟုတ်ဘဲ လက်ရှိ မျူိးဆက်ဟောင်း၊ မျိုးဆက်သစ်တွေ၊ လူကြီး လူငယ်တွေ လွတ်လွတ်လပ်လပ် အားလုံးပါဝင်တဲ့ အများပြည်သူလှုပ်ရှားမှုတွေအဖြစ် ဆောင်ရွက်ကြဖို့ ကျနော် တိုက်တွန်းခဲ့ပါတယ်။

အဲသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နှစ်လည်ကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်တာက ဒီအချက်ကို အားပေးတယ်၊ သဘောတူတယ်လို့ ပြောရင် ရမလား။

ဒါက အားလုံးက၊ တိုင်းရင်းသားတွေအပါအ၀င် အားပေးကြ၊ ၀ိုင်းဝန်းကြရမယ့် အရေးကြီးတဲ့ အရေးလို့ ထင်ပါတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သဘောပေါက်တယ်လို့ မြင်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကို တဖက်သတ်တောင်းဆိုနေတာမျိုးဆိုရင် နိုင်ငံတကာဖက်က အမြင်မှာ ဘယ်လိုတွေ ဖြစ်ကုန်မှာလဲ ဆရာ။ အခုချိန်မှာ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ရဲ့ နယ်မြေတွေမှာ ခုခံစစ်ကို ဆင်နွှဲနေရတယ်။ အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ တိုင်းရင်းသားပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်နေတယ်။ ဒုက္ခသည်တွေဟာ အမြောက်အများတိုးပွားလာနေတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာက နှစ်ဦး နှစ်ဖက် ငြိမ်းချမ်းရေးကို ရှေ့ရှုမှ ဖြစ်ပေါ် လာမှာ မဟုတ်လားဆရာ။

တလောက တရုတ်ပြည်အကြောင်းဆွေးနွေးပွဲ ဟောင်ကောင်မှာ လုပ်တယ် ကြားတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးတွေကို ပန်ကြားပေးကြဖို့ အကြံပေးကြတယ်ဆိုလား ပြောကြ၊ ဆွေးနွေးကြတယ် ပြောတယ်။ ဒါကြောင့် ကျနော်ပြောချင်တာက တဖက်သတ်တောင်းဆိုတာမျိုး မဟုတ်ရဘူး။ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအသွင်နဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက် ဦးတည်ဆောင်ရွက်မှုကို အားပေးသင့်တယ်လို့ ပြောချင်တယ်။ တဖက်ဖက်က ဒါကို အသုံးချဖို့ အဖြစ်မခံနိုင်ဘူး။ ၂ ဖက်စလုံးက နားထောင်မှ လိုက်နာမှ ဖြစ်ပေါ်လာမှာ ဖြစ်တယ်။ အဲဒါကိုတော့ နားလည်ရမယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေကလည်း မတရားတာကို မတရားဘူး၊ တရားတာကို တရားတယ်ဆိုတာကတော့ ထုတ်ဖော်ရပ်တည်ပေးဖို့လည်း လိုအပ်တယ်။

ကဲ ဒါဆိုရင် အခုပြောနေတဲ့ အချိန်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအစိုးရရဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က တွေ့ဆုံဖို့ စီစဉ်နေကြပြီ ဖြစ်တယ်။ အဲဒီအရေးကိုကော ဆရာက ဘယ်လိုမြင်ပါသလဲ။

ဦးအောင်ကြည်က အယင်စစ်အစိုးရလက်ထက်မှာကတည်းက စစ်တပ်စကားနဲ့ပြောရရင် ဆက်သားပဲ။ သူ့မှာ ဘာဆုံးဖြတ်ပိုင်ခွင့်မှ မရှိခဲ့ဘူး။ ဆက်သားဆိုတာက အထက်အရာရှိတွေရဲ့ စကားကို သယ်ဆောင်လာရတဲ့ အဆင့်ပဲ။ ဒါပေမယ့် အခုဒီတခါမှာကတော့ သူက လက်ရှိအစိုးရရဲ့ ၀န်ကြီးဖြစ်နေတယ်။ ဦးသန်းရွှေလက်ထက်က ၀န်ကြီးထက် အခု ဦးသိန်းစိန်လက်ထက်က ၀န်ကြီးအနေနဲ့ အယင်တုန်းထက်ကထက် ပိုပြီး ကောင်းမွန်ဖို့ အလားအလာ ရှိသင့်တယ်လို့ ပြောချင်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်။

Read MORE...
http://moemaka.com/index.php?option=com_content&task=view&id=9505&Itemid=1

ထိုင်းနိုင်ငံက တရုတ်မယ်ပြိုင်ပွဲ
**********************

photo by Thiti Wannamontha

Miss Thailand Chinese Cosmos Pageant 2011 လို့ နာမည်ပေးထားတဲ့ မယ်ပြိုင်ပွဲမှာ ပါဝင်သူတချို့ကို
ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေမြို့ ပတ္တရားမှာ တွေ့ရတာ ဖြစ်ပါတယ်။
ဒီနေ့တော့ ဗိုလ်လုပွဲ အခမ်းအနားကို ဘန်ကောက်မြို့Ramada Plaza Menam Riverside ဟိုတယ်မှာ ပြုလုပ်မယ်လို့ ဆိုပါတယ်။ ဒါက ဘန်ကောက်ပို့စ်မှာ ရေးထားတာပါ။

pattayapeople.com မှာ ရေးသားချက်အရ ဆိုရင် ပြိုင်ပွဲဝင် ၉၀ ထဲကနေ ၁၈ ယောက် ရွေးတယ်လို့ ဆိုတယ်။ ဒီနေ့ သူတို့ ဘန်ကောက်မှာ ပြိုင်နေပြီပေါ့။ ဒီပွဲမှာ အလှဆုံး အဖြစ် အရွေးခံရသူဟာ ဒီလကုန် မလေးရှားမှာ လုပ်မယ့် အရှေ့တောင်အာရှအဆင့် ပွဲတော်ကို ၀င်ခွင့်ရမှာပါ။

အဲဒီပွဲနာမည်ကို Miss Chinese Cosmo South East Asia 2011 လို့ ပေးထားပါတယ်။ ထိုင်း၊ အင်ဒို၊ ဖီလစ်ပိုင်၊ စင်ကာပူ၊ မလေး၊ ဗီယက်နမ်က အမျိုးသမီးတွေ ၀င်ပြိုင်ကြမှာပါ။

အရှေ့တောင်အာရှအဆင့်မှာ ဗိုလ်စွဲသူဟာ 2011 Miss Chinese Cosmos Pageant International World Final လို့ ခေါ်တဲ့ ပွဲကို ရောက်သွားမယ်လို့ sungeiwang.com က ဆိုပါတယ်။ တရုတ်နိုင်ငံ ဟောင်ကောင်မှာ လုပ်ပါမယ်။
နယ်စပ်မြို့ မြ၀တီမှာ တွေ့ရတဲ့ ခပ်မိုက်မိုက် အနီရောင် ကားတစီး။
ထိုင်းနိုင်ငံဘက်ကနေ ကားတွေ မှောင်ရိပ်ခို သွင်းတာ အလုပ်ဖြစ်နေပေမယ့် လျှပ်စစ်မီး ပုံမှန်မလာတာကိုတော့ ဖြေရှင်းမပေးကြဘူး ဆိုပြီး
ဧရာဝတီကို ရောက်လာတဲ့ စာတစောင်မှာ ရေးထားပါတယ်။ (ဓာတ်ပုံ - Monsoon Diaries)


No comments: