Tuesday 26 July 2011

ဒီမိုကရေစီ ထူထောင်ရေးပြဿနာ

by Padauk Myay on Wednesday, July 27, 2011 at 2:21pm


(၂၀၁၁ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် မှာဖော်ပြထားတဲ့အယ်ဒီတာ့အာဘော်ကို မျှဝေပေးလိုက်ပါတယ်။)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ မိန့်ခွန်းတွင် အစိုးရ၏ လုပ်ငန်းစဉ်များနှင့် စပ်လျှဉ်း၍ ပြောကြား ရာ၌ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေးဟူသည်ကို တစ်ကဏ္ဍဖော်ပြခဲ့ပါသည်။
ဒီမိုကရေစီစနစ်ကို ကောင်းစွာကျင့်သုံးနိုင်ရန် အတွက်  အစိုးရအဖွဲ့ အတွင်း၌ လည်းကောင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၌ လည်းကောင်း၊ ပြည်သူလူထုအတွင်းမှာ ၄င်းဒီမိုကရေစီကျင့်စဉ်များ ထွန်းကားဖို့လိုကြောင်း ပြောဆိုပြီး၊
ပြည်သူများ အပိုင်းတွင် လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ကျင့်သုံးရာ၌ ဥပဒေနှင့်အညီ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ကျင့်ဝတ် များနှင့် အညီ ကျင့်သုံးရန် လိုအပ်သည်ဟူ၍လည်းကောင်း၊
အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ အပိုင်းတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြစ်စေ၊ ဥပဒေများ လုပ်ထုံး လုပ်နည်းများကို အကောင်အထည် ဖော်ရာမှာဖြစ်စေ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ဟန့်တားပိတ်ပင်သကဲ့သို့ မဖြစ်စေ ဘဲ အဆိုပါအခွင့်အရေးများကို နည်းမှန်လမ်းမှန်နှင့် ပြည်ထေင်စု၏ အကျိုးစီးပွား၊ လူမှုအဖွဲ့အစည်း၏ အကျိုးစီးပွားများကို မထိခိုက်စေဘဲ ကျင့်သုံးနိုင်အောင် ကူညီထိန်းကျောင်း ပေးဖို့အတွက်သာ ရည်ရွယ်လုပ်ဆောင်ဖို့ လိုအပ်သည်ဟူ၍ လည်းကောင်း၊ ပိုင်းခြား ပြောဆိုခဲ့ပါသည်။
ဤသည်က ဒီမိုကရေစီသို့ ကူးပြောင်းရာ၌ ပြဿနာ အခက်အခဲတွေ ကြုံတွေ့ရနိုင်ကြောင်း တစ်စွန်းတစ်စ လှစ်ဟ ဖော်ပြလိုက် ခြင်း ဖြစ်ပါသည်။ သည်တွင် ပြည်သူတို့အနေနှင့် ဦးစွာပထမ တိကျသေချာစွာ စဉ်စားထားစရာတစ်ခုက ဒီမိုကရေစီသို့ ရောက်မ ရောက်ကို ဘယ်ပေတံတွေနှင့် တိုင်းတာမည်နည်း၊ သို့မဟုတ် ဘယ်လက္ခဏာတွေနှင့် ပြည့်စုံသော် ဒီမိုကရေစီဟု ဆိုနိုင်မည်နည်း ဟူသောအချက် ဖြစ်သည်။
ဒီမိုကရေစီ၏ လက္ခဏာများ အနက်မှ အရေးကြီးသော အချက်တစ်ချို့ကို ချုပ်၍ပြောသော်၊
 ဒီမိုကရေစီဟူသည် အနှစ်သာရ သဘောအရ အများပြည်သူ ဆန္ဒဖြင့် အုပ်ချုပ်ခြင်း ဖြစ်သည်။ ယင်းကို လက်တွေ့ကျင့်သုံး သောအခါ ပုံမှန်ကျင်းပသည့် ရွေးကောက်ပွဲများတွင် ပြည်သူတို့ ရွေးကောက် တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များက ပြည်သူ့ကိုယ်စား တာဝန်ယူအုပ်စိုးကြသော အနေအထား ဖြစ်သွားပါသည်။
(ဤတွင် သတိပြုရန် တစ်ခုက ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ကိုင်ပုံအဆင့်ဆင့် တိကျမှန်ကန်မှသာ ပြည်သူ့ ကိုယ်စားလှယ်စစ်များ ရရှိနိုင်မည်ဟူသော အချက်ဖြစ်သည်။)
ဒုတိယအချက်မှာ ပြည်သူ့ရပိုင်ခွင့်များနှင့် ပတ်သက်သည်။ ပြည်သူများသည် ဆန္ဒမဲပေးခြင်းမှသည် ဝင်ရောက်အရွေးခံခြင်း၊ ပါတီ အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ စည်းရုံးဆော်သြခြင်း၊ မိမိသဘောဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခြင်း စသည့် အခွင့်အရေး များ ရရှိရပါမည်။
တတိယအချက်မှာ တရားဥပဒေ စိုးမိုးရေးဖြစ်သည်။ တရားဥပဒေစိုးမိုးမှု ဟူသည်၌ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းတန်း တူညီမျှမှုရှိခြင်း၊ အခြေခံဥပဒေပါ ရပိုင်ခွင့်များအား ပြည်သူတို့ ခံစားသုံးစွဲခြင်းကို အင်အားကြီးသူတို့ နှောက်ယှက် ဟန့်တားမှု မပြုနိုင်အောင် သီးခြားလွတ်လပ်သော တရားစီရင်ရေးစနစ်က ကာကွယ်စောင့်ရှောက်ခြင်း စသည်များပါဝင်သည်။
သည့်အပြင် လိုအပ်သည့် ပကတိ အခြေအနေတစ်ချို့ ရှိပါသေးသည်။
သည်အထဲတွင်၊ အစိုးရ၏ မူဝါဒများရော၊ ဦးဆောင် ပုဂ္ဂိုလ်များကိုပါ လွတ်လပ်စွာ ဝေဖန်ထောက်ပြနိုင်သည့် စာနယ်ဇင်းများ တည်ရှိဖို့၊ အစိုးရအာဏာ ရရှိနိုင်ရန်အတွက် လွတ်လပ်စွာ ရပ်တည်ယှဉ်ပြိုင် နေသည့် နိုင်ငံရေးပါတီ များတည်ရှိဖို့၊ ပုံမှန်ကျင်းပ သည့် ရွေးကောက်ပွဲများတွင် ပြည်သူ့ဆန္ဒမဲ အများဆုံးရရှိသူတို့ အာဏာရရှိကာ သိမ်မွေ့ညင်သာသော အစိုးရ အပြောင်းအလဲ များ ဖြစ်ပေါ်ဖို့၊ စသည်စသည်များ ဖြစ်ပါသည်။ သည်ဟာတွေ ပီသပြည့်စုံစွာ ဖြစ်ပေါ်လာသော်နိုင်ငံ၌ ဒီမိုကရေးစီ စနစ်ဖြစ်ထွန်းပြီ ဟု  ဆိုနိုင်ပါသည်။  ၄င်းအတိုင်း မဖြစ်သေးမီကာလကိုကား အကူးအပြောင်းကာလ သို့မဟုတ် မပီမသ ကာလဟု ဆိုရပါမည်။
မပီမသမှ ပီသလာအောင်၊ သို့မဟုတ် မပီမသမှ ပို၍မှေးမှန်သော အနေအထား ရောက်ရှိမသွားအောင် ဘာတွေလိုပါမည်နည်း။
လောလောဆယ် မိမိအနေအထားကို ပြန်စဉ်းစားကြည့်ပါ။
ကျွန်တော်တို့ ရောက်ရှိနေသည်က ယခင်အာဏာပိုင်စနစ်နှင့် ကာလရှည်ကြာ အုပ်ချုပ်လာခဲ့ရာမှ ပြည်သူလူထု၏ နှစ်ပေါင်း၂၀ ကျော် တောင်းဆိုမှုများအရ ဒီမိုကရေစီသို့ ကူပြောင်းရန် အစပြုသည့်အနေအထားဖြစ်သည်။
ထို့ကြောင့် အကူအပြောင်းကိစ္စတွင် ပါဝင်လုပ်ဆောင်ပေးရမည့် သူများထဲ၌ စိတ်အားထက်သန်သူများရော၊ မလိုလား မထက်သန် သူများပါ ရောနှောပါရှိ နေနိုင်သည်။ ဒီမိုကရေစီ လိုလားသော ပြည်သူများနှင့် ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ် ထက်သန်သော ပြည်သူ့ကိုယ်စားလှယ်များ အားထုတ် ကြိုးပမ်းမှသာလျှင် ဒီမိုကရေစီ ပီပြင်အောင် တဖြည်းဖြည်း တွန်းရွှေ့သွားနိုင်လိမ့်မည်။
သည်တွင် သမ္မတပြောခဲ့သော စကားတစ်ချို့ကို ပြန်ကောက်ချင်သည်။
သမ္မတက ပြည်သူများအနေနှင့် မိမိတို့၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ကျင့်သုံးရာတွင် ဥပဒေနှင့်အညီ ယဉ်ကျေးမှု ဓလေ့ ထုံးစံများ ကျင့်ဝတ်များနှင့်အညီ ကျင့်သုံးဖို့လိုအပ်ကြောင်း၊ ပြောဆိုပြီး၊ ယင်းအတွက်၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများက “ထိန်းကျောင်းပေးရန်” လည်း လမ်းညွှန်သွားခဲ့ရာ အဓိပ္ပါယ်သဘောအရမူ၊
ပြည်သူများသည် မူလအခွင့်အရေးများကို ခံစားရာ၌ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ခဲ့သော် ဟန့်တားခြင်း ပိတ်ပင်ခြင်း အရေးယူခြင်း ခံရလိမ့်မည်၊ ဟူ၍ သက်ရောက်သည်။
သို့သော်၊ ဒါလည်း နည်းလမ်းကျသည် ဟုဆိုရပါမည်။
တစ်ဖက်တွင်၊ အုပ်ချုပ်ရးပိုင်းဆိုင်ရာတို့၏ ဆောင်ရွက်ခြင်းများသည် နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို ဟန့်တားပိတ်ပင် သကဲ့သို့ မဖြစ်အောင် သတိပြုဖို့ လမ်းညွှန်ထားတာလည်း ရှိပါသည်။ ဒါသည်လည်း တန်ဖိုးရှိပါသည်။ ခေတ်ဟောင်း စနစ်ဟောင်း က စိတ်ဓာတ်ဟောင်းတွေကြောင့် ဒီမိုကရေစီ အခွင့်အရေးများကို မကြည်ဖြူနိုင်သူများ ရှိနေနိုင်သည့်အတွက် ၎င်းတို့အား သတိပေး လမ်းညွှန်သော သဘောဟု မြင်ပါသည်။ သို့သော် သည်အပိုင်းတွင် မှန်မှန်ကန်ကန် ဖြစ်ရန်အတွက် ပြည်သူတို့ဘက်က စောင်ကြပ် ကြည့်ရှုမှု ၊ နည်းလမ်းမကျဟု ယူဆသော် စောဒကတက်မှု ၊ ဝေဖန်ထောက်ပြမှုများ ပြုဖို့လည်း လိုပါလိမ့်မည်။
သည်အတွက်ပြည်သူတို့ အားကိုးပြုရမည့် သူများသည် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည်။
ထို့ကြောင့်၊ ပြန်စဉ်းစားသော်၊ ပြည်သူတို့အနေနှင့် အားကိုးလောက်သော ပြည်သူ့ကိုယ်စားလှယ်စ စ်စစ်များ ရရှိရေးသည်အထူး အရေးကြီးပြန်သည်။ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင်ကော ဘယ်နှစ်ယောက် မျှော်လင့်နိုင်ပါမည်နည်း။
ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသူတွေ များလာမှသာ ဒီမိုကရေစီစနစ် ပေါ်ထွန်းဖို့ အလားအလာရှိပေမည်။
သည်အတွက် ထပ်စဉ်းစားစရာက  ပြည်သူ့ကိုယ်စားလှယ်များ ထွက်ပေါ်ရာ နိုင်ငံရေးပါတီများ ဖြစ်သည်။
နိုင်ငံရေးပါတီတို့ မည်သည် အများပြည်သူကြားက နိုင်ငံရေးစိတ် ထက်သန်သူတွေ၊ ယင်းအနက်မှ အယူအဆချင်း နီးစပ်တူညီ သူတွေ စုစည်းတည်ထောင်ကာ၊ ပါတီဝင်ထုက သတ်မှတ်ကာလအလျှောက် ရွေးကောက်တင်မြှောက်သည့် ပုဂ္ဂိုလ်တို့ ဦးဆောင် လှုပ်ရှားသည့် အဖွဲ့အစည်းများ ဖြစ်ဖို့လိုသည်။ အဲဒါမှသာ စစ်မှန်သည်၊ သဘာဝ ကျသည်။ အဲဒါမှသာ သည်အထဲက ထွက်ပေါ် လာသည့် ပြည်သူ့ကိုယ်စားလှယ်လောင်းများသည် ဒီမိုကရေစီစိတ်ဓာတ်ပြည့်ဝသူ၊ ဒီမိုကရေစီ အလေ့အကျင့်ကို တန်ဖိုးထားသူ များ ဖြစ်လိမ့်မည်။
ထိုနည်းတူ အဲသည့်ပါတီတို့သည် ပြည်သူကို ကိုယ်စားပြုသော ပါတီများ ဒီမိုကရေစီ စနစ်ကို အမှန်တကယ် ထူထောင်မည့် ပါတီ များ ဖြစ်လိမ့်မည်။
စဉ်းစားကြည့်လျှင်၊ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ၊ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်တွေက များပြားလှပါသည်။
သို့သော် မိမိတို့ထက်ပင် ဖြစ်နိုင်ခြေ နည်းသေးသည်ဟု ထင်ရသည့် တိုင်းပြည်များတွင် ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ခဲ့သော သာဓကတွေ ကမ္ဘာ၌ များစွာရှိရာ စိတ်အားထက်သန်သော ပြည်သူတို့ အားထုတ်ကြိုးပမ်းလျှင် တစ်နေ့သောအခါ ဒီမိုကရေစီ ပန်းတိုင်သို့ မုချရောက်ရလိမ့်မည်ဟု မမှိတ်မသုံ ယုံကြည်ပါသည်။
ပြည်သူ့ခေတ်အယ်ဒီတာ၊ ၆-၇-၂၀၁၁

No comments: