Wednesday 27 July 2011

အရှေ့ဘက် နှင်းတောင်တန်းတွေကို လွမ်းတဲ့အခါ( အပိုင်း-၂ ) (အောင်မိုးဝင်း)

by Maung Maung Wann on Wednesday, July 27, 2011 at 9:35am

အရှေ့ဘက် နှင်းတောင်တန်းတွေကို လွမ်းတဲ့အခါ (၂)

မကြာသေးမီက နိုင်ငံပေါင်း (၃၀) မှာရောက်ရှိနေတဲ့ တိဘက်လူမျိုးတွေဟာ သူတို့ရဲ့ခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြောက်လိုက်ကြတယ်။ ဒေါက်တာ လော့(ဘ)ဆန် ဆန်ဂေး ဟာ တိဘက်ဝန်ကြီးချုပ်သစ်တယောက်ဖြစ်လာတယ်။
ဒေါက်တာ ဆန်ဂေး ဟာ အိန္ဒိယနိုင်ငံရဲ့ ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့သူဖြစ်တယ်။ တချို့ကတော့ တိဘက်မြေကို ခြေမချခဲ့ဘူးတဲ့ ဒေါက်တာ ဆန်ဂေးဟာ ပီကင်းအစိုးရရဲ့ ယုံကြည်မှုကို ရနိုင်ပါ့မလား လို့ သံသယရှိခဲ့ကြတယ်။ ဒေါက်တာ ဆန်ဂေးဟာ တရုတ်ပညာရှင်တွေ၊ တိဘက်ပညာရှင်တွေ စုပေါင်းဆွေးနွေးကြတဲ့ ဖိုရမ်တွေကို ဦးဆောင်ကျင်းပလေ့ရှိသူဖြစ်တယ်။
တကယ်တော့ တရုတ်အစိုးရအဖွဲ့အတွင်းမှာ တိဘက်ပြဿနာနဲ့ ပတ်သက်ပြီး အမြင် နှစ်မျိုးကွဲနေတယ်။ မတူညီတဲ့ဖြေရှင်းမှုတွေနဲ့ ချည်းကပ်ချင်ကြတယ်။ ဒီမိုကရေစီနည်းကျကျ ပြုပြင်ပြောင်းလဲချင်တဲ့ အုပ်စုကတော့ “ တရုတ်အစိုးရဟာ တိဘက်လူမျိုးစုတွေအပေါ် ကြမ်းတမ်းတဲ့ ဖိနှိပ်မှုတွေကို ကျူးလွန်နေတယ်။ လူမျိုးစုပြဿနာတွေကို ပျော့ပြောင်းယဉ်ကျေးစွာဆွေးနွေးသင့်တယ်” လို့ ယုံကြည်ခဲ့ကြပေမဲ့၊ ခေါင်းမာဂိုဏ်းအဖွဲ့ဝင်တွေ ကတော့ နိုင်ငံတွင်းက ခွဲထွက်ဖို့ကြိုးစားနေတဲ့ တိဘက်လူမျိုးတွေကို ချေမှုန်းရမယ် လို့ ဆုံးဖြတ်ထားကြတယ်။
တကယ်တော့ တိဘက်လှုပ်ရှားမှုဟာ ၂၀၀၁ ခုနှစ်ကတည်းက စတင်ပြောင်းလဲလာခဲ့တယ်။ ဒလိုင်းလားမား က အရှေ့ဥရောပနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အရောင်တော်လှန်ရေးလိုမျိုး လှုပ်ရှားမှုတွေကို မလုပ်ချင်ဘူး။ လုံးဝခွဲထွက်ရေးနဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့တယ်။ ၂၀၀၁ ခုနှစ်ကစပြီး သူ့ရဲ့ခေါင်းဆောင်မှုအခန်းကဏ္ဍ ကို တဖြည်းဖြည်းဆုတ်ခွာလာခဲ့တယ်။ လူထုက တိုက်ရိုက်တင်မြှောက်မဲ့ ခေါင်းဆောင်သစ်ကို ရွေးချယ်ပြီး ဖွဲ့စည်းပုံကို ပြောင်းလဲပစ်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ တရုတ်ကွန်မြူနစ်အစိုးရရဲ့ အမြင်မှာတော့ တိဘက်လူငယ် ကွန်ဂယက် ဆိုတာ ခွဲထွက်ရေးသမားတွေ၊ အကြမ်းဖက်သမားတွေဖြစ်တယ် လို့ ရှုမြင်နေဆဲဖြစ်တယ်။
ဒီတပတ် လွတ်လပ်တဲ့အာရှအသံ ရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တိဘက်လှုပ်ရှားမှုအကြောင်းကို ဆက်လက်တင်ပြထားပါတယ်။

သောတရှင်များခင်ဗျား၊
တိဘက်ဒေသဆီက ရုန်းရင်းဆန်ခပ်ဖြစ်မှုတွေကို နိုင်ငံတကာ သတင်းမီဒီယာတွေက တဆင့် မြင်တွေ့နေခဲ့ကြရပါတယ်။  ဒလိုင်းလားမား အတွက်တော့ မီးတောင်နှစ်ခုကြားမှာ ထိုင်နေရတယ် လို့ခံစားရတယ်။ တိဘက်လူမျိုးတွေရဲ့အမျိုးသားရေးစိတ်ဓါတ်နဲ့ တရုတ်နိုင်ငံရဲ့အင်အား နှစ်ခုတို့ထိပ်တိုက်တွေ့ပေါက်ကွဲမှာကို မလိုလားဘူး။ သူ့ရေးသားထုတ်ဝေတဲ့ “ ငါ့နိုင်ငံတော်နဲ့ ငါ့ပြည်သူ” ဆိုတဲ့စာအုပ်မှာ “အဆိုးဆုံးကတော့ ကျနော့်ရဲ့ပြည်သူတွေကို ကျနော်ကိုယ်တိုင်လက်လွှတ်ဆုံးရှုံးနေရပြီ လို့ခံစားရတယ်။ အရှေ့ဘက်ခြမ်းမှာ သူတို့ဟာ အရိုင်းအစိုင်းလူသတ်သမားတွေဆီကို မောင်းထုတ်ခံနေရသလို၊ အလယ်ပိုင်းတိဘက်ဒေသဟာ အကြမ်းဖက်တိုက်ခိုက်မှုကို ပိုမိုတိမ်းညွှတ်တဲ့လှုပ်ရှားမှုတွေဆီကို ချည်းကပ်နေကြတယ်။ အကြမ်းဖက်ဖြေရှင်းမှုကို ကျနော့်အနေနဲ့ သဘောမတူခဲ့ဘူး။ အဲ့ဒီလို လုပ်ရပ်တွေဟာ ကျနော်တို့ရဲ့ ပြဿနာတွေကို ကူညီနိုင်မယ် လို့လည်း မထင်နိုင်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ဆန္ဒကိုလည်း တားဆီးနိုင်မယ် မထင်ဘူး” လို့ရေးခဲ့ပါတယ်။
တကယ်တော့ ဒလိုင်းလားမား ဟာ လက်နက်ကိုင်လမ်းစဉ်ကို ငြင်းဆိုရတဲ့ အဓိကအချက်နှစ်ချက်ရှိပါတယ်။  ဗုဒ္ဓအတွေးအခေါ်ကို စွဲကိုင်ထားသူဖြစ်တဲ့အပြင် အင်အားကြီးမားတဲ့ တရုတ်ပြည်သူ့တပ်မတော်ကို လက်နက်ကိုင်တုန့်ပြန်မယ်ဆိုရင် တိဘက်ပြည်သူတွေဟာ လူမျိုးစုလိုက် ကိုယ့်ဘာသာသတ်သေခြင်းဖြစ်တယ်။ ဒါ့အပြင် အရေးကြီးတဲ့အချက်ကတော့ တိဘက်လက်နက်ကိုင်လှုပ်ရှားမှုအတွက် မည်သည့်နိုင်ငံကမှ လက်နက်အကူအညီပေးမှာ မဟုတ်ဘူး ဆိုတဲ့အချက်ပဲဖြစ်တယ်။ ဒါကြောင့် သံတမန်ဆက်ဆံရေး၊ တွေ့ဆုံဆွေးနွေးရေးမှတဆင့် တရုတ်ပြည်ကွန်မြူနစ်ပါတီအနေနဲ့ ၁၉၆၅ မှာ ချုပ်ဆိုခဲ့တဲ့ သဘောတုညီမှုတွေကို လေးလေးစားစားပြန်လည်လိုက်နာလာနိုင်တယ် လို့ မျှော်လင့်ခဲ့ပါတယ်။ တိဘက်ပြဿနာကို စဉ်းစားတဲ့အခါတိုင်း တရုတ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ အကောင်းဆုံးရလဒ်ကို ရနိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်။
 “ ဒလိုင်းလားမားက ၁၉၈၇ မှာ သူ့ရဲ့ ငြိမ်းချမ်းရေးအစီအစဉ် အချက် (၅) ချက်ကို အမေရိကန်ကွန်ဂယက်မှာတင်ပြခဲ့တယ်။ တိဘက်ဒေသကို ငြိမ်းချမ်းရေးဇုံအဖြစ်ထားပေးဖို့၊ တိဘက်အနာဂတ်အရေး နဲ့ တိဘက်တရုတ်ပြည်သူတွေအကြားဆက်ဆံရေး ဆွေးနွေးပွဲတွေကို စတင်ကြဖို့ ကမ်းလှမ်းခဲ့သလို၊   တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်နဲ့ ဆက်နွယ်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမဲ့ ၊ ဒီမိုကရက်တစ်ဒေသတခုကိုတည်ဆောက်နိုင်ရေး အဆိုကိုလည်း  ဥရောပပါလီမန်မှာ ကမ်းလှမ်းခဲ့တယ်။ ”
တရုတ်ကွန်မြူနစ်တွေအတွက်တော့ တရုတ်ဒလိုင်းလားမားရဲ့အဆိုပြုချက်တွေကို ဆွေးနွေးစရာအကြောင်းမရှိဘူး လို့ ပယ်ချပစ်ခဲ့သလို၊ တိဘက်လူငယ်တွေကလည်း ဒလိုင်းလားမားအပေါ်စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။ တိဘက်နိုင်ငံရဲ့လွတ်လပ်ရေးကို ဘယ်သူကမှ အပေးအယူလုပ်ညှိနိုင်းပိုင်ခွင့်မရှိဘူး လို့ ဝေဖန်ခဲ့ကြပါတယ်။                                “ တရုတ်အစိုးရအတွင်းမှာလည်း ပျော့ပြောင်းငြင်သာတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေရှိနေတယ်လေ။ ၁၉၈၈ -၈၉ မှာ တရုတ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းဆီကိုရောက်လာမဲ့အရိပ်အရောင်တွေ သိသိသာသာတွေ့ခဲ့ရတယ်။ ဒါပေမဲ့ အဲ့ဒီမျှော်လင့်ချက်ရောင်ခြည်ဟာ ၁၉၈၉ တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှုဖြစ်ပွားလိုက်တဲ့အခါ ပျက်စီးသွားတော့တယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီအတွင်းမှာ ခေါင်းမာတဲ့အုပ်စုက လက်ဦးမှုရပြီး အာဏာချုပ်ကိုင်လာနိုင်ခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ ၊ တိဘက်ဒေသဆီက လွတ်မြောက်မှုအသံတွေနဲ့ တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှု မဆက်စပ်မိအောင် ဟန့်တားထိန်းချုပ်ချင်ခဲ့ပါတယ်။”
တိဘက်ဒေသ လာဆာမြို့မှာတော့ ဆန္ဒပြသူတွေဟာ ရဲစခန်းတွေ၊ ရဲကားတွေကို မီးတင်ရှို့ပစ်လိုက်ကြပါတယ်။ တရုတ်အစိုးရကလည်း လာဆာမြို့ကို စစ်အုပ်ချုပ်ရေးကြေငြာလိုက်ပြီး မငြိမ်သက်မှုတွေကို နှလုံးသားမဲ့စွာချေမှုန်းခဲ့ပါတယ်။
“ ပြည်ပကိုတိမ်းရှောင်ထွက်ပြေးသွားကြတဲ့ တိဘက်လူမျိုးတွေ၊ သူတို့ဘာသာ အစိုးရဖွဲ့ကြတဲ့အခါ၊ နိုင်ငံပေါင်း (၃၀) မှာ ပြန့်ကျဲရောက်ရှိနေတဲ့ တိဘက်ပြည်သူတွေကို သူတို့ရဲ့ ဒီမိုကရက်တစ်ရွေးကောက်ပွဲထဲမှာ ဝင်ရောက်ပါဝင်စေတယ်။ ခေါင်းဆောင်တွေကို ရွေးချယ်ကြတယ်။ အမျိုးသမီးကိုယ်စားလှယ်တွေပါဝင်နိုင်ခဲ့ကြတယ်။ ပါလီမန်ကို ဖွဲ့စည်းကြတယ်။  ရံပုံငွေလစဉ်ထည့်ဝင်ကြတယ်။ နိုင်ငံတကာ ပြည်ပနေလှုပ်ရှားမှာ တိဘက်လှုပ်ရှားမှု့ဟာ စံနစ်အကျတဲ့ လှုပ်ရှားမှု လို့ပြောလို့ရတယ်။ တချို့ဆို တိဘက်ဆိုတဲ့နိုင်ငံကို မမြင်ဘူးခဲ့ကြဘူး။ အိန္ဒိယနိုင်ငံရဲ့ ဒုက္ခသည်စခန်းတွေထဲမှာ မွေးခဲ့သူတွေဖြစ်တယ်။ ဒါပေမဲ့ မျိုးဆက်သစ်တွေက လှုပ်ရှားမှုကို ဆက်လက် ဦးဆောင်ကြပြန်တယ်။ သူတို့ရဲ့စာပေအနုပညာတွေကတဆင့် တိဘက်ဒေသတွင်းက လှုပ်ရှားမှုတွေကို အားကောင်းအောင်လုပ်နိုင်ခဲ့ကြတယ်။ တိဘက်ဒေသတွင်းမှာလည်း ဒလိုင်းလားမားရဲ့ဝိညာဉ်တော်နေ့ကို ရည်စူးပြီး “လာကာ” လို့ခေါ်တဲ့ အဖြူရောင် ဗုဒ္ဓဟူးနေ့ လှုပ်ရှားမှုကို အပတ်တိုင်းလုပ်ကြတယ်။ တိဘက်အမျိုးသားဝတ်စုံကိုဝတ်ကြတယ်။ တိဘက်စားသောက်ဆိုင်တွေမှာပဲ သတ်သတ်လွတ်စားကြတယ်။ ယဉ်ကျေးမှု ကပွဲတွေကို ပြုလုပ်ကြပြီး တိဘက်ပြည်သူတွေစုစည်းခိုင်မာလာအောင် ကြိုးစားကြတယ်။ တရုတ်ပစ္စည်းတွေကို သပိတ်မှောက်ကြတယ်။ ”
၂၀၀၁ ခုနှစ်မှာ အရှေ့ဥရောပရဲ့အရောင်တော်လှန်ရေးတွေ စတင်လာတဲ့အခါ ဒလိုင်းလားမားနဲ့ တိဘက်အရေးလှုပ်ရှားသူတွေဟာ သူတို့ရဲ့လှုပ်ရှားမှုကို သတိကြီးကြီးထား လှုပ်ရှားခဲ့ကြတယ်။ ဒလိုင်းလားမားဟာ ၂၀၀၁ ခုနှစ်ကတည်းက နိုင်ငံရေးခေါင်းဆောင်ကနေ တဖြည်းဖြည်းဆုတ်ခွာသွားတယ်။ တိဘက်ပြည်သူလူထုက တိုက်ရိုက်တင်မြောက်မဲ့ ဝန်ကြီးချုပ် နဲ့ ပါလီမန်စံနစ်ကို ဒီမိုကရေစီနည်းကျကျ အသက်သွင်းခဲ့တယ်။
တရုတ်အစိုးရကလည်း တိဘက်အမျိုးသားရေးလှုပ်ရှားမှုကို သွေးထိုးမြှောက်ပင့်ပေးနေသူတွေလို့ ထင်ရတဲ့ အရှေ့ဘက်နှင်းတောင်တန်း ဂျာနယ်ရဲ့အယ်ဒီတာ တာရှီရက်တန် အပါအဝင် စာပေအနုပညာရှင်တွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ အရှေ့ဘက်နှင်းတောင်တန်းအယ်ဒီတာကိုထောင်ချမှုနဲ့ တရုတ်စီးပွားရေးသမားတွေ တိဘက်ဒေသမှာ အလုံးအရင်းနေရာယူလာမှုတွေဟာ ၂၀၀၈ တိဘက်ဒေသမှာဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခပ်ဖြစ်ပွားမှုများရဲ့ အဓိကအကြောင်းရင်းဖြစ်လာပါတယ်။
သောတရှင်များခင်ဗျား
လွန်ခဲ့တဲ့ မတ်လတုံးက နိုင်ငံပေါင်း (၃၀) မှာရောက်နေတဲ့ တိဘက်လူမျိုးတွေဟာ  ဟားဗတ် ရှေ့နေကျောင်းမှာ စာသင်ကြားနေသူ ဒေါက်တာ လောဆန် ဆန်ဂေးကို သူတို့ရဲ့ဝန်ကြီးချုပ်အဖြစ်တင်မြှောက်လိုက်ပါတယ်။ ဒေါက်တာ ဆန်ဂေး ဆိုတာကလည်း တရုတ်ပညာရှင်တွေနဲ့အမြဲတမ်းတွေ့ဆုံပြီး တိဘက်ပြဿနာကို ဆွေးနွေးညှိနှိုင်းအဖြေရှာနေတဲ့သူ၊ အေးဆေးတည်ငြိမ်ထက်မြက်တဲ့ လူငယ်တယောက်ဖြစ်တယ်။
ဒေါက်တာ ဆန်ဂေး ကို တင်မြှောက်လိုက်ခြင်းဟာ ပီကင်းအစိုးရကို သတင်းစကားပါးလိုက်ခြင်းပဲဖြစ်တယ်။ ဒလိုင်းလားမား အပေါ်စွပ်စွဲနေတဲ့ အပြစ်တင်မှုကစားပွဲကို ရပ်လိုက်ပါ။ တိဘက်ပြည်သူတွေဟာ သူတို့ရဲ့မျိုးဆက်သစ်လူငယ်တွေကို ခေါင်းဆောင်တင်ရင်း သူတို့ရဲ့အမျိုးသားရေးလှုပ်ရှားမှုကို ဆက်လက်သယ်ဆောင်သွားကြမယ် ဆိုတဲ့ အချက်ပဲဖြစ်တယ်
“ကျနော့်ရဲ့တိဘက်နိုင်ငံကို ကျနော်မမြင်ဘူးခဲ့ပါဘူး။ ဒါပေမဲ့ တိဘက်လူမျိုးတယောက်ဖြစ်ရတာကို ကျနော်ဂုဏ်ယူနေမယ်။ တိဘက်လူမျိုးတယောက်အဖြစ် သေဆုံးသွားမယ် လို့ ကျနော်အမြဲပြောခဲ့တယ်။ ဒါပေမဲ့ အသက်ရှင်သန်နေသမျှတော့ တိဘက်နိုင်ငံအတွက် တိုက်ပွဲဝင်သွားမယ်” တဲ့
တိဘက်ဝန်ကြီးချုပ်အသစ် ဒေါက်တာ ဆန်ဂေးရဲ့စကားလိုပဲ သောတရှင်တို့လည်း ဖိနှိပ်မှုကို ဆန့်ကျင်တိုက်ပွဲဝင်သူများအဖြစ် ဂုဏ်ယူနေစေချင်ပါတယ်။


Taiwan Tibet China Carrying a portrait of the Dalai Lama, Tibetan supporters march the streets of Taipei, Taiwan, Saturday, March 14, 2009, in protest of the Chinese rule in Tibet. Saturday's march is to commemorate the 50th anniversary of a failed Tibetan uprising that sent the Dalai Lama into exile. (AP Photo/Wally Santana) The Associated Press

No comments: