Wednesday 27 July 2011

စစ်တပ်၏ဗိုလ်ကျမူ ရခိုင်ပြည်နယ်& အိမ်ထောင်စု၂၀၀၀ခန့် ပြောင်းရွှေ့ခိုင်း&မြေကွက် ဗိုလ်ချုပ်များအပိုင်စီး& နေပြည်တော် ပြည့်တန်ဆာဈေ:

by စူ နာ မီ လှိုင်း on Wednesday, July 27, 2011 at 4:15pm

စစ်တပ်၏ ဗိုလ်ကျမူ ရခိုင်ပြည်နယ် အစိုးရ မတားဆီးနိုင်

အင်္ဂါနေ့၊ ဂျူလိုင်လ 26 ရက် 2011 - နိရဉ္စရာ သတင်းဌာန
ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ် တပ်ရင်း များမှ ရခိုင်ပြည်သူများ အပေါ်နည်းမျိုး စုံဖြင့် ဥပဒေမဲ့ ဗိုလ်ကျ ချယ်လှယ်နေ သော်လည်း ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် တစ်စုံတရာ ၀င်ရောက်တားဆီးနိုင်ခြင်း မရှိကြောင်း သိရသည်။
ထိုကဲ့သို့ တားဆီးနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်ကို ကျောက်ဖြူမြို့နယ် ပန်းတောပြင် ကျေးရွာမှ လူကြီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။



" ကျွန်တော်တို့ ကျောက်ဖြူမြို့ နယ် ပန်းတောပြင် ကျေးရွာ အုပ်စုမှာ ခလရ (၃၄) တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦး ဖြစ်တဲ့ ဦးသိန်းဟန်က ခညင်းကျွန်း ကာရီ (ပုစွန်ကန်) အနီးရှိ ချောင်းမှာ ငါးမဖမ်းရ ဆိုပြီး အမိန့် ထုတ်ထားပါတယ်။ အဲသလို ဗိုလ်ကျပြီး ဒေသခံ ပြည်သူတွေ ချောင်းထဲကို မဆင်းရတဲ့ အတွက် စားဝတ် နေရေး အခက်အခဲ ဖြစ်နေတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးက တဆင့် မြို့နယ် အဆင့်ထိ တိုင်ကြားပါတယ်။ ဒါပေမယ့် တပ်ကြပ်ကြီး ဦးသိန်းဟန်ရဲ့ အမိန့်ကို ဘယ်သူမှ မလွန်ဆန်ရဲဘဲ ဖြစ်နေပါတယ်" ဟု ပြောသည်။

တပ်ကြပ်ကြီး ဦးသိန်းဟန်အား ဥက္ကဌဖြစ်သော ဦးမောင်သန်းအောင်မှလည်း ထိုသို့ မပြုလုပ်ရန် ပြောကြား တောင်းပန် ထားသော်လည်း မရပဲ ချောင်းထဲ ဆင်းသူများကို ဖမ်းမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

" တပ်ကြပ်ကြီး ဦးသိန်းဟန်က ငါးလုပ်ငန်း ဦးစီးဌာနမှာ အဲဒီ ချောင်းငယ်မှာ စစ်တပ်က လုပ်ကိုင်ဖို့ လိုင်စင် ယူထားတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ဒေသ အတွင်းက တပိုင် တနိုင် လုပ်ကိုင်စားသောက်နေကြတဲ့ တံငါသည် တွေကို ချောင်းထဲမှာ ငါးဖမ်းရင် ပိုက်နဲ့ ငါးကို သိမ်းပြီး လူတွေကိုလည်း ထောင်ချမယ်ဆို ပြောဆို ခြိမ်းခြောက် ထားပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ ချောင်းအား ပိတ်ပင်လိုက်သဖြင့် အဆိုပါ ချောင်းကို မှီခို စားသောက်နေကြရသော အနီးအနား ကျေးရွာများမှ လူပေါင်း ၈၀၀ ကျော်ခန့် မှာ ၀မ်းရေး အတွက် အခက်ကြုံနေကြရကြောင်း သိရသည်။၎င်းပြင် ဦးသိန်းဟန် ဆိုသူသည် ထိုချောင်းငယ် အတွင်း သွားလာမူကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။ပန်းတောပြင် ကျေးရွာ အုပ်စုသည် ကျောက်ဖြူမြို့မှ ၁၂ မိုင်ကျော်ခန့် ကွာဝေးကာ ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် အရပ်တွင် တည်ရှိသည်။

၎င်းပြင် ကျောက်ဖြူ ရေတပ် သင်္ဘောများမှာ မီဒီယာများက သတင်းထွက်လာ သဖြင့် ယခင်ကကဲ့သို့ ကျောက်ဖြူ အနားတွင် ရပ်နားပြီး စက်လှေနှင့် မော်တော် ဘုတ်များမှ ငွေ မကောက်ခံတော့သော်လည်း အဝေးမှ နေ၍ လှမ်းပြီး အကောက် ကောက်နေကြောင်း သိရသည်။
ထိုသို့ လူထုဆီမှ မတရားသဖြင့် ငွေများ ဆက်လက်ကောက်ယူ နေသည်ကို ဒေသ အာဏာပိုင်များ သိသော်လည်း တစုံတရာ ဟန့်တားနိုင်ခြင်း မရှိကြောင်း သိရသည်။

အစိုးရတပ်က အိမ်ထောင်စု ၂၀၀၀ ခန့် ပြောင်းရွှေ့ခိုင်း
***************************************
အင်္ဂါနေ့၊ ဂျူလိုင်လ 26 ရက် 2011  ဇော်ကြီး - သတင်းနှင့်မီဒီယာကွန်ယက်
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားနှင့်ဗန်းမော် မြို့အကြား ကားလမ်းဘေးရှိ ကချင်ရွာသုံးရွာမှ အိမ်ထောင်စု (၂၀၀၀)ခန့်အား ယနေ့နောက်ဆုံး ထား ပြောင်းရွှေ့ရမည်ဟု အစိုးရတပ်က အမိန့် ထုတ်ထားသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ ဂါးရားယန်၊ ကဇူးနှင့် သဘတ် ကျေးရွာများကို ပြောင်းခိုင်းခြင်း ဖြစ်ကြောင်း ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရသူ ဦးလနန်က ယခုလိုပြောသည်။

“ဒီနေ့ (၂၅) ရက်နေ့ နောက်ဆုံးထားပြီးတော့ အဲဒီရွာတွေက ရွာသားတွေကို ရှောင်ခိုင်းတဲ့ သဘော ရှိတယ်။ အိမ်တွေ ဘာတွေ ဖျက်တာတော့ မဟုတ်ဖူးဗျ။ ရှောင်ခိုင်းတဲ့ သဘော ဖြစ်ပါလိမ့်မယ်။ လူဦးရေတော့ ခန့်မှန်းလို့ မရဘူး။ အိမ်ခြေကတော့ နှစ်ထောင်နီးပါးလောက် ရှိမယ်ထင်တယ်။ အဲဒီ ရွာတွေက ရွာကြီးတွေချည်းပဲလေ။ ရွာသုံးရွာ စလုံးက ဆက်တိုက်ကြီး ဖြစ်နေတယ်။”မည်သည့်အတွက်ကြောင့် တိမ်းရှောင်ခိုင်းသည်ကို မသိရသော်လည်း ၀ိုင်းမော်မြို့ဖက်သို့ အုပ်စုလိုက် ရှောင်တိမ်းလာ ကြသည်ကို တွေ့မြင်ခဲ့ကြောင်း နမ်ဆန်ယန် ကျေးရွာမှ ၀ိုင်းမော်သို့ ပြန်လာသည့် ၀ိုင်းမော်မြို့ခံတဦးက ယခုလိုပြောသည်။

“ဒီကနေ့ဆိုလို့ရှိရင် လူတွေက အရမ်းပဲ ပြေးပြေးလွားလွားနဲ့ ပြေးလာခဲ့ကြတာပေါ့နော်။ များသောအားဖြင့် တော့ ကချင်တွေပေါ့လေ။ အဖွဲ့လိုက်အသင်းလိုက်တွေပေါ့နော်။ အဲဒီဖက်က ရွာတွေအသီးသီးကနေပြီး တော့ ပြေးလွားခဲ့ကြတာလေ။ အဲဒီမှာ အလုအယက်နဲ့ ဖောင်စီးပြီးတော့ ကူးခဲ့ကြတာ။ခါတိုင်းထက် အများကြီး ထူးခြားပြီးတော့မှ ပြေးလွှားလာကြတာကို တွေ့ရတယ်။”အဆိုပါ ကျေးရွာ သုံးခုမှာ ၀ိုင်းမော်မြို့မှ (၂၁) မိုင်ခန့် အကွာတွင် တည်ရှိ၍ တရုတ်မြန်မာ နယ်စပ်နှင့် အလှမ်းကွာဝေးသည်။ ထို့အပြင် နမ်ဆန်ယန်ကျေးရွာသည် ၀ိုင်းမော်မြို့မှ လိုင်ဇာမြို့သို့သွားရာလမ်းကြောင်း ပေါ်ရှိ ကဇူးကျေးရွာ၏ အလွန်တွင် တည်ရှိသည်။

အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ်ကာလ၌ ဒေသတွင်းနေ့စဉ်နှင့် အမျှ ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေပြီး ယခုလ (၂၀) ရက်နေ့ည ကလည်း ဂါးရားယန် ကျေးရွာအနီးရှိ တံတား တစင်းအား KIA မှ မိုင်းခွဲဖျက်ဆီးခဲ့သည်။ ထို့အတွက် ထွက်ပြေးလာသူများအခက်အခဲဖြစ်ကြရ သည်ဟု ၀ိုင်းမော်မြို့ခံက ယခုလိုပြောသည်။

“ကျနော်တို့ ဂါးရားယန်နဲ့ ကဇူးကြားထဲမှာ တံတားက ပျက်ထားတယ်လေ။ အဲဒီတံတား ပျက်တဲ့ဆီမှာ ချောင်းကူးတာလေ။ ဟိုးဖက်ကနေပြီးတော့ ဒီချောင်းနားရောက်တဲ့ အထိကို ကားတွေနဲ့ ပို့လာကြတာ။ အဲဒီရောက်လာပြီးတော့ ချောင်းဒီဖက်ကို ၀ါးဖောင်နဲ့ ကူးလာကြတာ။”လောလောဆယ် KIO နှင့် အစိုးရတပ်ဖွဲ့များကြား ဖြစ်ပွားနေသည့် အခြေအနေများအား ဆွေးနွေး နိုင်ရန် ယခုလ (၂၂) ရက်နေ့က ပြည်နယ် တည်ငြိမ် အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့မှ KIO ထံ ဒုတိယ အကြိမ်မြောက် အကြောင်းကြားစာ တစောင်ပေးပို့ခဲ့ပြီး စာပါအကြောင်း အရာနှင့်ပတ်သက်၍ ဦးလနန်က ယခုလိုပြောသည်။

“သူတို့ပြောတာတော့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေ လယ်ယာ လုပ်ငန်းခွင်ကို လွတ်လွတ် လပ်လပ် ၀င်နိုင်ဖို့၊ နောက်တခုကတော့ ပြည်နယ်အတွင်းမှာ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေ သွားရေးလာရေး အဆင်ပြေ ချောမွေ့စေရေးအတွက် လုပ်ကြရအောင်ဆိုတဲ့ သဘော ပြောဆိုထားတာ ရှိတယ်။ အဲဒီထဲမှာသူတို့က နိုင်ငံရေးဆိုတဲ့ ဝေါဟာရ တလုံးတလေမှ မပါဘူး။ သူတို့ရဲ့ လိုချင်တဲ့ ဆန္ဒတွေက အဲဒီ အချက်တွေပဲ။”

ယင်းကိစ္စအပေါ် ပထမ အကြိမ် တွေ့ဆုံခဲ့စဉ်က တောင်းဆိုထားသည့်အတိုင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲပေးရန်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အပါအ၀င် အကယ်၍ထပ်မံတွေ့ ဆုံဆွေးနွေးမည်ဆိုပါက အစိုးရ ကိုယ်စားလှယ်အဖွဲ့မှဆုံးဖြတ်ပိုင်ခွင့် ရှိသူများ ပါဝင်လာရမည်ဟု ယနေ့ မွန်းလွဲပိုင်းက တုန့်ပြန်လိုက်ကြောင်း ဦးလနန်က ပြောသည်။

“နောက်တခုကတော့ အခုလာမယ့် တွေ့ဆုံမယ့် အဖွဲ့မှာ ဆုံးဖြတ်နိုင်တဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေပါလာ မလား ပေါ့နော်။ ဒါမှ မဟုတ်ရင်လည်း ဗိုလ်မှူးကြီး သန်းအောင်ကို သူတို့ကနေပြီးတော့ ဘယ်လောက်အထိ ဆုံးဖြတ်နိုင်ခွင့် ပေးမလဲ ဆိုတဲ့ မေးမြန်းချက်တွေ ပါတယ်။ နောက်တချက် ကတော့ တွေ့ဆုံမယ်ဆိုရင် ဘယ်ရက်မှာတွေ့ကြမလဲဆိုတဲ့ဟာမျိုး မေးခွန်းမေးထားတာမျိုး ကျနော်တို့ ရေးပြီးတော့ပြန်ပို့ထားလိုက် တယ်။ ဒီနေ့ပဲ ပို့လိုက်ပါတယ်။”

KIO သည် ယခင် စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးခံခဲ့ရသည်။ ယင်းနောက် နှစ်ဖက်စစ်ရေးပြင်ဆင် မှုများ ပြုလုပ်လာရာမှ ယခုနှစ် ဇွန်လ(၉) ရက်နေ့က စတင်၍ တာပိန်ရေအား လျှပ်စစ်စီမံကိန်း လုံခြုံရေး အကြောင်း ပြချက်ဖြင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည် စတင်ခဲ့သည်။တိုက်ပွဲများကြောင့် ဒေသခံ ၁၆,၀၀၀ ခန့်သည် KIO ဌာနချုပ် လိုင်ဇာမြို့ အပါအ၀င် တရုတ်မြန်မာနယ်စပ် တလျှောက်နှင့် မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊ ဗန်းမော် မြို့များသို့  ထွက်ပြေးခိုလှုံခဲ့ကြသည်။

တရုတ်ကုမ္ပဏီ ဓာတ်ငွေ့ပိုက်လိုင်းများ စချ
******************************
ရန်ပိုင် Tuesday, 26 July 2011
ရခိုင်ကမ်းလွန်မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို မကွေးတိုင်း အတွင်းတွင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ကုမ္ပဏီက လုပ်ငန်း စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။


မြန်မာပြည်ဘက်အခြမ်းသို့ ပို့မည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတင် ကားများကို ယူနန်ပြည်နယ် ကြယ်ဂေါင်ဘက်အခြမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို ဖြတ်သန်းမည့် အဆိုပါ စီမံကိန်းအတွက် ရေနံချောင်းမြို့နယ်အတွင်းရှိ ၀က်မစွတ်၊ ညောင်ညို၊ ရေနက်ချောင်း၊ အုတ်သျှစ်ကုန်း၊ ငါးလံတာ၊ ရှားတော စသည့် ကျေးရွာများ၌ ပိုက်လိုင်းများချကာ လုပ်ငန်းများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ရေနံချောင်းဒေသခံတဦးက ပြောသည်။

“၀က်မစွတ်မှာ တရုတ်ဝန်ထမ်းတွေနေဖို့ အိမ်တွေဆောက်နေပြီ။ ပိုက်တွေပုံထားပြီးပြီ။ စက်ယန္တရားတွေလည်း ရောက်နေပြီ” ဟု ၎င်းကဆိုသည်။အကျယ် ၃၀ လက်မ၊ ၁ လက်မ ထု ရှိသည့် ပိုက်များကို မြေအောက်အနက် ၆ ပေခန့်တွင် မြှုပ်နှံရန် စက်ယန္တရားများဖြင့် စတင်လုပ်ဆောင်နေကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများသည် ပွင့်ဖြူမြို့နယ်မှ ဧရာဝတီမြစ်ကို ဖြတ်သန်းကာ ရေနံချောင်းမြို့နယ်သို့ ၀င်ရောက်မည်ဖြစ်ရာ မြစ်ကို ဖြတ်သန်းသွယ်တန်းမည့် ၆ ပေ အမြင့်ရှိ ပိုက်လိုင်းများကို သံဂဟေဆက်ခြင်း လုပ်ငန်းများကိုလည်း စတင်လုပ်ဆောင်နေ ပြီဖြစ်သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ယခုပိုက်လိုင်း ဖြတ်သန်းသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသည် ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဒေသဖြစ်ပြီး ပိုက်လိုင်းချသည့် လုပ်ငန်းများ လုပ်ကိုင်နေစဉ်အတွင်း သီးနှံပျက်စီးမှုများနှင့် ထွန်ယက်စိုက်ပျိုးမှုများ ခေတ္တ ရပ်ဆိုင်းထားရသည့် တောင်သူများကို တရုတ်ကုမ္ပဏီက သီးနှံထွက်ရှိမှုအပေါ် မူတည်၍ ထိုက်တန်သည့် လျော်ကြေးပေးကြောင်း သိရသည်။
ပိုက်လိုင်းဖြတ်သန်းရာ ယင်းဒေသတလျှောက် မြေယာသိမ်းဆည်းမှုများ မရှိကြောင်း၊ သီးနှံပျက်စီးမှုအတွက် အများဆုံးလျော်ကြေး သိန်း ၁၅၀ ခန့်ရရှိသည့် တောင်သူများလည်းရှိသည်ဟု ၀က်မစွတ်ကျေးရွာမှ တောင်သူကြီးတဦးကလည်း ပြောသည်။

“ပိုက်လိုင်းပြီးသွားရင် သီးနှံပြန်စိုက်လို့ရတယ်။ ပိုက်လုံးတွေ ပုံထားဖို့ မြေငှားရင်လည်း ပိုက်ဆံရတယ်” ဟု အဆိုပါ တောင်သူကြီးက ပြောသည်။ယခုအခါ မြန်မာနိုင်ငံတ၀ှမ်း၌ တောင်သူလယ်သမားများထံမှ စစ်တပ်နှင့် ငွေကြေးချမ်းသာသည့် ကုမ္ပဏီကြီးများက မြေများ အဓမ္မ သိမ်းယူနေချိန်တွင် နိုင်ငံခြားကုမ္ပဏီတခုက ထိုက်တန်သည့် လျော်ကြေးပေး ငှားရမ်းလုပ်ကိုင်နေသည့်အတွက် တရားမျှတမှု ရှိသည်ဟု ထင်မြင်ကြောင်း ၎င်းတောင်သူကြီးက ဆက်လက်ပြောသည်။

အဆိုပါ စီမံကိန်းသည် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် စတင်ကာ အမ်းမြို့နယ်အတွင်းမှနေ၍ ရခိုင်ရိုးမကို ဖြတ်ကျော်မည်ဖြစ်ပြီး  ထို့နောက် မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းမှ ဧရာဝတီမြစ်ကို ဖြတ်သန်းပြီး ရေနံချောင်းမြို့နယ်အတွင်း ၀င်ရောက်မည်ဖြစ်သည်။ထိုမှတဆင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ထိုမှ ပုသိမ်ကြီးမြို့နယ်မှ မေမြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ လားရှိုးဒေသမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ကွမ်ကျိုးပြည်နယ် ချုံကင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်သည်။ယခုတည်ဆောင်နေသည့် ပိုက်လိုင်းသည် စုစုပေါင်း ၂၈ဝ၆ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း ကုမ္ပဏီက ၂၀၁၃ ခုနှစ်တွင် အပြီး တာဝန်ယူ တည်ဆောက်မည်ဖြစ်သည်။

ကျောက်ဖြူမြေကွက် ဗိုလ်ချုပ်များ အပိုင်စီး
*******************************
ခင်ဦးသာ Tuesday, 26 July 2011
တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ  ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မြေနေရာတချို့ကို စစ်ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးက ဒေ၀ူးကုမ္ပဏီသို့ ရောင်းချနေကြောင်း သိရသည်။ကျောက်ဖြူမြို့၊ ဂုံးချိန်ကျေးရွာ သမ၀ါယမပိုင် မြေကွက်လည်း ထိုသို့ ရောင်းချခံရသဖြင့် ဒေသခံများက တရားစွဲရန် ပြင်ဆင်နေကြောင်း ပြည်ပ အခြေစိုက် နိရဉ္စရာ သတင်းဌာန၏ သတင်းတပုဒ်တွင်လည်း  သောကြာနေ့က ရေးသားထားသည်။ကျောက်ဖြူမြို့ခံတဦးက “ဒေ၀ူးကုမ္ပဏီကို ကျပ် သိန်းတထောင်နဲ့ ရောင်းစားလိုက်ပါတယ်၊ နောက် ထပ်မြေဧက ရာချီပြီးတော့ သိမ်းယူထားတာ ရှိပါသေးတယ်” ဟု ဧရာဝတီကို ပြောသည်။

ဦးမောင်ဦးသည် ထိုဒေသတွင် စစ်တိုင်းမှူးအဖြစ် ၂၀၀၂ ခုနှစ်က ၃ နှစ်ကြာ တာဝန် ထမ်းဆောင်စဉ်က  ဂုံးချိန်ကျေးရွာ သမ၀ါယမ မြေကွက်ကို ၎င်း၏ဇနီး ဖြစ်သူ ဒေါက်တာဒေါ်ညွန့်ညွန့်ဦး ပိုင်ဆိုင်သည့် အနေအထားရောက်အောင် လုပ်ဆောင်ခဲ့ကြောင်း၊ ယခုနှစ်ဆန်းပိုင်းတွင်  ဒေ၀ူးသို့ ရောင်းလိုက်ကြောင်း ကျောက်ဖြူမြို့ခံ တဦးက ဆိုသည်။ဦးမောင်ဦးသည် ယခင် နအဖအစိုးရ လက်ထက်တွင် ပြည်ထဲရေးဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၏ ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်သည်။

ရခိုင်ဒေသတွင် တိုင်းမှူး တာဝန် ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်သောင်းအေး၊  ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေ တို့လည်း စီမံကိန်းတွင် ပါဝင်နေသည့် လယ်မြေ၊ နွားစားကျက် ဧက ရာပေါင်းများစွာကို ဦးမောင်ဦး နည်းတူ သိမ်းယူ ရောင်းချခဲ့ကြောင်း သိရသည်။ဤအတောအတွင်း စစ်တပ်အာဏာပိုင်တို့သည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဒေသ၊ ဂက်စ်ပိုက်လိုင်းလမ်းကြောင်းတလျှောက် နှင့်  ကျောက်ဖြူမြို့မင်းပြင်ရွာ အနီး လယ်မြေများကို သိမ်းယူနေဆဲဖြစ်သည်ဟု သတင်းရကြောင်း ဒေသခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

“မင်းပြင်ရွာ အနီးမှာ တည်ဆောက်မယ့် ဟိုတယ်စီမံကိန်းနဲ့ စက်မှုဇုံတွေ တည်ဆောက်မယ့် နေရာ တ၀ိုက်မှာလည်းပဲ စစ်တပ်က သိမ်းယူနေတယ်လို့ သိရပါတယ်၊ ကျနော်တို့ဆီကို ဒေသခံတွေက တိုင်ထားတဲ့ အချက်အလက်တွေ ခိုင်မာရင် ဥပဒေအရ ဆောင်ရွက်ပေးနိုင်အောင် လုပ်သွားဖို့ ရှိတယ်” ဟု သူက ရှင်းပြသည်။

ကျောက်ဖြူ၌ တည်ဆောက်နေသော ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်ရုံ စီမံကိန်း၊ ရေနံ သိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စီမံကိန်း တို့ကို တရုတ်နိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီ တခု ဖြစ်သော တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (China National Petroleum Corporation-CNPC) ကုမ္ပဏီ အပါအ၀င် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ အများအပြားက လုပ်ဆောင်နေကြသည်။
ရခိုင်ဒေသတွင် အစပြုသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်၍ တရုတ်နိုင်ငံ နန်နင်းမြို့၌ အဆုံးသတ်မည်ဖြစ်သည်။ဓာတ်ငွေ့ စတင် ပို့လွှတ်မည့် ကျောက်ဖြူတွင် ပိုက်လိုင်းတည်ဆောက်ရေး စတင်နေပြီ ဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

နေပြည်တော် ဈေးကြီးများတွင် ပြည့်တန်ဆာဈေးကွက် ကြီးထွားနေ
************************************************

နေပြည်တော်၏ အထင်ကရဈေးကြီးများဖြစ်သော နေပြည်တော် မြို့မဈေး၊ သပြေကုန်းဈေး၊ အာဟာရသုခ ကုန်စိမ်းဈေး၊ ယုဇနဈေး စသည်တို့တွင် ပြည့်တန်ဆာဈေးကွက် ကြီးထွားလာနေကြောင်း ဒေသခံများက ပြောကြသည်။ယင်းဈေးကွက် ကျယ်ပြန့်လာမှုသည် နေပြည်တော်တွင် ဇူလိုင်လ ၁ ရက်မှစတင်ကာ ပြုလုပ်ခဲ့သော အနှိပ်ခန်း၊ ကာရာအိုကေ အမည်ခံများနှင့် စင်တင်စားသောက်ဆိုင် တချို့ကို ဖမ်းဆီး နှိပ်ကွပ်ခဲ့ပြီးနောက်တွင် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ပြီးခဲ့တဲ့ အပတ်က သပြေကုန်းဈေးမှာ ကားစောင့်နေတုန်း အသက် ၂၀ ကျော် ကောင်မလေး တယောက်က အော်ဒါ ဆို ၂၀၀၀၀၊ တခါပျော်ရင် ၅၀၀၀ ဆိုပြီး လာပြောတယ်ဗျာ” ဟု နေပြည်တော်ရှိ ၀န်ထမ်းတဦးက ပြောသည်။ထိုကဲ့သို့ ကားစောင့်ရင်း ဈေးခေါ်ခံရမှုများသည် ယခင်ကတည်းက ရှိခဲ့သော်လည်း ယခုနောက်ပိုင်း ပိုများလာကြောင်း ပျဉ်းမနား
အာဟာရသုခ ဈေးအနီး နေထိုင်သူတဦးက ဆိုသည်။

“ကျမတို့ ကားစောင့်ရင်း တချို့က အဲဒီလို ကောင်မလေးတွေနဲ့ မှားပြီး အပြောအဆိုခံရတယ်။ မနေ့ညနေက ဆိုရင် မြို့မဈေးမှာ ဈေးဝယ်ပြီးပြန်လာတော့ လူတယောက်က အော်ဒါလိုက်မလားတဲ့ လာမေးတာ။ အရမ်းရှက်ဖို့ကောင်းတာပဲ” ဟု နေပြည်တော်ရှိ အမျိုးသမီး ၀န်ထမ်းတဦးက ပြောသည်။

နေပြည်တော်ရှိ အရပ်ဘက် အရာရှိကြီးတဦးက “မြန်မာပြည်က မြို့တိုင်းလိုလိုမှာ အနှိပ်ခန်း၊ စင်တင်၊ ကာရာအိုကေတွေမှာ အလုပ် လုပ်နေတဲ့ မိန်းကလေးတွေ အများကြီး။ သူတို့ကို မှီခိုနေရတဲ့ မိသားစုတွေလည်း မနည်းဘူး။ အလုပ်အကိုင် မဖန်တီးပေးဘဲနဲ့ ဖမ်းဆီးရုံဆို သူတို့ကို ပြည့်တန်ဆာဈေးကွက်ထဲ ရောက်ပြီး သွေးသားရောင်းစားရတဲ့ ဘ၀မျိုး မရောက် ရောက်အောင် တွန်းပို့တာနဲ့ တူနေတယ်” ဟု ဆိုသည်။

“ကျမက အရင်က ပေါင်းလောင်းက အနှိပ်ခန်းတခုမှာ လုပ်တယ်လေ။ တရက်ကို အနည်းဆုံး တသောင်းလောက်ဝင်ပါတယ်။ အိမ်ကိုလည်း တလ နှစ်သိန်းလောက် ပို့နိုင်တယ်။ ဆက်ရှင် ၀င်ချင်တဲ့သူများတော့ ကျမတို့က အပေါ်စီးကပေါ့။ အခုတော့ ကျမတို့က လမ်းဘေးမှာ သွေးသား ရောင်းစားရတဲ့ ဘ၀ရောက်သွားတာပေါ့” ဟု အာဟရသုခဈေး အနီးတွင် လိင်အလုပ်သမအဖြစ် လုပ်ကိုင်နေသူ
အမျိုးသမီးတဦးက ပြောသည်။
စည်သူ

အစိုးရအား ပြန်လည်တော်လှန်သည့် ခွဲထွက် နယ်ခြားစောင့်( BGF) တပ်ဖွဲ့ကို ဦးဆောင်သူ ဗိုလ်မှူးစောဘိနှင့် ကရင်သတင်းဌာန (ကေအိုင်စီ) တွေ့ဆုံမေးမြန်းခြင်း

အင်္ဂါနေ့၊ ဂျူလိုင်လ 26 ရက် 2011 အင်တာဗျူး - ကေအိုင်စီ
မေး- BGF ကနေပြီးမှ DKBA အဖြစ် ဘက်ပြောင်း လာရတဲ့ အကြောင်းရင်းကို ပြောပြပါလား။
ဖြေ - ဘာကြောင့် BGFကို ကျနော်တို့လက်မခံလဲဆိုတော့ ကျနော်တို့ပြန်တုန်းက DKBA အနေနဲ့ပဲရပ်တည် ချင်တယ်။ ဒါပေ မယ့် အခုက သူတို့ (အစိုးရ)က ကျနော်တို့ကို နယ်ခြားစောင့်တပ်အဖြစ် ပြန်လုပ်လိုက်တယ်။ သူတို့ကတော့ ကောင်းတဲ့ဘက် ကိုပဲ ပြောတာပေါ့။ ကျနော်တို့အမြင်က ဒီလုပ်ရပ်ဟာ ကျနော်တို့ ကရင် လူမျိုးကို ကြိုးကိုင်နိုင်မှာမဟုတ်ဘူး။ အစိုးရလူတွေ ဖြစ် လာပြီးဆိုတော့ အစိုးရရဲ့လုပ်ရပ်တွေဟာ ပြည်သူလူထုတွေ လက်ခံကြတာမှ မဟုတ်တာဆိုတော့ ကျနော်တို့တွေ BGF အလုပ်ကို တော်လှန်ပြီးတော့ ဒီကေဘီအေအနေနဲ့ပဲ ပြန်ပြီး ရပ်တည်မယ်။


နယ်ခြားစောင့်( BGF) တပ်ဖွဲ့ကို ဦးဆောင်သူ ဗိုလ်မှူးစောဘိ

ကျနော်တို့က ဟိုးအရင် ပြန်လာကတည်းကိုက ဒီကေဘီအေအနေနဲ့ပဲ ရပ်တည်ဖို့ပြန်လာတာပဲ။ တနေ့ကျ တော့ ကျနော်တို့ကို BGF အဖြစ် ပြန်ပြောင်းလာတဲ့ကိစ္စဟာ ကလေး(တပ်မှူးတပ်သား)တွေကလည်း တစ်ဦးတစ်ယောက်မှ သဘောတူကြတာ မဟုတ်ဘူး။ ခေါင်းဆောင်တွေကတော့ ကလေးတွေ သူတို့နောက် လိုက်ဖို့အတွက် အကောင်းဆုံးဖြစ်အောင်တော့ သူတို့ ပြော နေကြတယ်။ ကျနော်တို့ ဆန္ဒမရှိပေမယ့်လည်း စိတ်ထဲမှာအောင့်ထားပြီးတော့ ကောင်းမကောင်း ခဏတဖြုတ် လုပ်ကြည့် လိုက်အုံးမယ်။ အခုကျတော့ ကျနော်တို့ကို လက်မခံချင်တော့တဲ့ ကလေးတွေ ကြာလေများလာသလို ပြည်သူတွေကလည်း အလိုမရှိကြ ဘူး။ DKBA တခုတည်း မဟုတ်ဘူး။ ပြည်သူတွေကလည်း ဒီ BGF ကို အယုံအကြည်မရှိတော့ဘူး။ သူတို့တွေက (ပြည်သူ)သဘောမတူကြပေမယ့် သူတို့မှာ လက်နက်မှမရှိလို့ ကျနော်တို့ကို ဘယ်ပြောရဲမှာလဲ။ ကျနော်တို့က လက်နက်ရှိတာ ကိုး။ ကျနော်တို့အရိပ်အောက်မှာ နေလို့မရတော့ဘူးဆိုပြီးတော့ ပြောသံတွေ ကြားနေရတယ်။

DKBA အနေနဲ့ ရပ်တည်တုန်းကတော့ စီးပွားရေးသမားတွေအတွက် အတော်လေးကို အကျိုးရှိတယ်။ လွတ်လပ်ခွင့်လည်း ရှိတယ်။ ကျနော်တို့ BGF အလုပ်စလုပ်တဲ့နေ့ကစပြီး စီးပွားရေးသမားကိုယ်တိုင်တောင်မှ လုပ်ကိုင်စားသောက်လို့ မရတော့ ဘူး။ ဖမ်းဆီးအကြပ်ကိုင်မှုတွေလည်း များလာလေလေ ဖြစ်တယ်။ တချို့ကတော့ ခေါင်းဆောင်တွေနဲ့ ချည်းကပ်နိုင်တယ်။ ခေါင်းဆောင်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်လုပ်ပေးနိုင်တဲ့သူတွေကြတော့ အခွင့်အရေးရှိတာပေါ့။ ကျနော်တို့ကတော့ ခေါင်းဆောင်တွေရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်မလုပ်တော့ အခွင့်အရေး မရကြဘူးပေါ့။ ကျနော်တို့မရလည်း ကျနော် တို့ မလိုချင်ပါဘူး။ ဒါပေမယ့် အခွင့်အရေးကတော့ လိုချင်တယ်။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ လိုလား တောင်းတမှုနဲ့ ကျနော်တို့ ပြည်သူတရပ်လုံး လွတ်မြောက်ဖို့အတွက် ဒီကေဘီအေအနေနဲ့ပဲ ဆက်ပြီး ရပ်တည်သွားမှာပဲ။

မေး- အခုလို BGF ကနေ DKBA အဖြစ် ပြန်လည်ရပ်တည်တဲ့သူတွေက အင်အားဘယ်လောက်ရှိပါသလဲ။
ဖြေ - ကျနော် ဦးဆောင်ပြီးတော့ ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်လာတဲ့အချိန်မှာတော့ တပ်ရင်း(၁၀၁၁) (၁၀၁၂) (၁၀၁၃) (၁၀၁၄)တွေ ဖြစ်တယ်။ တပ်ရင်း ၁၀၁၂က ကျနော့်တပ်ရင်းပဲ။ အဲဒီတပ်ရင်းက အောက်ခြေတပ်မှူးတပ်သားတွေ အကုန်လုံး ပါတယ်။ မပါတာက တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတွေပဲ။ ခေါင်းဆောင်တွေပဲကျန်တယ်။ အောက်ခြေတပ်သားတွေ အကုန်လုံး ပါလာတယ်။ အရင်တုန်းက DKBA ဗဟိုတပ်ဖွဲ့က BGF ထဲ မ၀င်တဲ့သူတွေအားလုံး ပြန်လာပူးပေါင်း ရပ်တည်လာ ကြတယ်။ ပဋိပက္ခတွေ မဖြစ်လာခင်က တိုက်ခိုက်ရေးအတွက် ကျနော် လူ ၇၀၀ ရွေးထားတယ်။ တချို့ကျတော့ အသက် လည်းကြီးလာပြီး မသန်မစွမ်းတဲ့လူတွေ ရှိတယ်။ အားလုံးက ၁,၀၀၀ကျော်လောက် ရှိတယ်။

မေး- BGF ကနေ ဒီကေဘီအေကို ပြန်ပြောင်းလိုက်တဲ့အပေါ်မှာ မြိုင်ကြီးငူ ဆရာတော်က ဘာပြောပါသလဲ။
ဖြေ - ဆရာတော်က ၄နှစ်နဲ့ ၁လကနေစပြီးတော့ ဒီကေဘီအေနဲ့ ပတ်သက်မှုတွေ မလုပ်တော့ဘူး။ ကျနော်တို့ တွေ ကိုယ့်ဖာ သာကိုယ် ရပ်တည်နိုင်ပြီလို့ သူယုံကြည်တဲ့အတွက် အောက်ခြေကတဆင့်လွှဲပြောင်း လိုက်တယ်။ ဒါပေမယ့် စစ်အစိုးရအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် BGF တစ်ခုပဲ ရှိရမယ်။ စစ်တပ်ဆိုတာ နှစ်ခုမရှိရဘူး။ တစ်ခုပဲရှိရမယ်။ ကျနော်တို့ကတော့ ဒီကေဘီအေ အနေနဲ့ဆိုရင်တော့ လက်ခံလို့ရတယ်။ ဒါပေမယ့် BGF အနေနဲ့ကတော့ လက်ခံလို့မရတဲ့အတွက် ကျနော်တို့ ကိုယ့်ဖာသာ ကိုယ် ခွဲထွက်ပြီးတော့ DKBA အနေနဲ့ပဲ ရပ်တည်သွားမယ်။ ဦးစီးဦးဆောင်ကတော့ ကျနော်ပေါ့။

မေး- ဒီတော့ အခု အစိုးရကို ပြန်လည်ခုခံတော်လှန်တဲ့နေရာမှာ ဒီကေဘီအေ (ခွဲထွက်BGF) အနေနဲ့ ကေအဲန်ယူ- ကေအဲန် အယ်လ်အေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ - ကျနော်တို့တွေက ကရင်လူမျိုး အချင်းချင်းဖြစ်တဲ့အတွက် တစ်ယောက်နဲ့တယောက် ချစ်ခင်လေး စားကြတယ်။ ကျနော် ဒီကေဘီအေအနေနဲ့ရပ်တည်ပေမယ့်လည်း သူတို့(ကေအဲန်အယ်လ်အေ)ဘက်က အကူအညီတောင်းလာရင် ကျနော် သွား ကူညီရမယ်။ ကျနော့်ဘက်က အကူအညီ တောင်းလို့ရှိရင် သူတို့က လည်း ကျနော့်ကို ပြန်ပြီးတော့ ကူညီမှာပဲ။ ဒီအစိုးရတပ် တွေက ကျနော့်ကို တိုက်လာလို့ရှိရင် သူတို့တွေ ကျနော့်ကို လာကူညီရမှာပဲ။ အလားတူ စစ်အစိုးရ စစ်တပ်တွေက သူတို့ကို သွားတိုက်ရင်လည်း ကျနော် သွားပြီး ကူညီရမှာပဲ။ ဘာဖြစ်လည်းဆိုတော့ ကျနော်တို့တွေဟာ ကရင်လူမျိုးချင်းတူတဲ့အပြင်ရည်မှန်း ချက်ပန်းတိုင် တူညီတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ပစ်ထားလို့မရဘူး။

မေး- ဗိုလ်မှူးတို့အနေနဲ့ အစိုးရကို ပြန်တော်လှန်တာက အဓိက လိုအပ်ချက်က ဘာဖြစ်မလဲ။
ဖြေ - ကျနော်တို့ အဓိကလိုအပ်ချက်က ဘာလဲဆိုတော့ ကျနော်တို့ ပြန်လာတုန်းကတော့ DKBA နဲ့ပဲရပ်တည် တယ်။ ကျနော်တို့ရဲ့ နှစ်သစ်ကူးတွေ၊ ပွဲလမ်းသဘင်တွေလည်း လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ ဒီ BGF အလုပ်က လပိုင်း လောက်ပဲ ကြာသေးတယ်။ နှစ်သစ်ကူးလည်း လူတွေမရှိတော့ဘူး။ ကျနော်တို့ ကရင် အချင်းချင်း တွေ့ဆုံဖို့အတွက်လည်း တစ်ယောက်နဲ့တစ်ယောက် ပြန်ကြောက်နေရတယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် ဘာကိုလိုအပ်တာလဲဆိုတော့ ကျနော်တို့ ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ စည်းမျဉ်းစည်းကမ်းနဲ့ လွတ်လွတ်လပ်လပ် နေချင်လို့ပါ။

မေး- ပြည်တွင်းပြည်ပမှာရောက်နေတဲ့ ကျနော်တို့ရဲ့ လူမျိုးတွေကို ဘာပြောချင်ပါသလဲ။
ဖြေ - ပြည်တွင်းပြည်ပမှာ ရောက်နေကြပေမယ့် ကရင်လူမျိုးတွေပဲ ဖြစ်ကြတယ်။ ကျနော်တို့နိုင်ငံအတွင်းမှာ နေလို့မရတော့လို့ ပြည်ပမှာ သွားနေရတာကို ကျနော်တို့လည်း စိတ်မကောင်းဘူး။ ကျနော်တို့လိုချင်တာ ပြည်ပရောက် ကျနော်တို့လူမျိုးတွေ တနေ့ကျရင် ကိုယ့်နိုင်ငံထဲမှာ အတူတကွ ပြန်နေနိုင်ဖို့အတွက်စစ်အစိုးရ ကို နည်းမျိုးစုံနဲ့ ပြန်လည် ခုခံတော်လှန်ရမယ်။ ကျနော်တို့အားလုံး တကွဲတပြားဆီရောက်အောင် နည်းမျိုးစုံနဲ့ ကျနော်တို့ကို တိုက်ထုတ်နေကြတဲ့အတွက် အားလုံးက အစိုးရ ကို ဆန့်ကျင်ရမယ်။

မေး - ဘယ်လိုနည်းနဲ့ ရပ်တည်ပြီးတော့ အစိုးရစစ်တပ်ကို တော်လှန်သွားမှာပါသလဲ။
ဖြေ - ကျနော်တို့ ဘာဖြစ်လို့ BGF ကို ပြန်တော်လှန်သလဲဆိုရင် ပြန်ကြည့်မယ်ဆိုရင် DKBA အနေနဲ့ ၁၅နှစ်တာကာလအ တွင်းမှာ ကျနော်တို့ လူတွေ အကွဲအပြဲဖြစ်တာ နည်းတယ်။ DKBA စဖြစ်တာ ၉ လ လောက်ပဲ ကြာတယ်။ ဆရာတော် တည် ဆောက်ထားတဲ့ရွာတွေ စစ်အစိုးရ သွားရောက်ဖျက်ဆီး လိုက်တယ်။ ကျနော်တို့ပြန်လာတာက ဘာသာရေးအနေနဲ့ပဲ ရပ်တည် တယ်။ ကျနော်တို့ ကရင်တမျိုးသားလုံး လွပ်လွတ် လပ်လပ် နေနိုင်ဖို့အတွက်ပဲ ဖြစ်တယ်။ ကျနော် BGF ကို လက်မခံတော့ ဘူး။ဒီကေဘီအေအနေ နဲ့သာ ပြန်ရပ်တည်တဲ့အတွက် အစိုးရက ကျနော်တို့ကိုတိုက်ရင် ကျနော်တို့လည်း ပြန်တိုက်ရမှာပဲ။ လက်ချက်ချ အညံ့ခံဖို့ဆိုတာက ကျနော် လုံးဝ လက်မခံနိုင်တော့ဘူး။

မေး- နောက်ဆုံးအနေနဲ့ ဘာတွေ ထပ်ဖြည့်ပြောဆိုချင်ပါသေးလဲ။
ဖြေ - ကျနော်တို့ DKBA အနေနဲ့ ရပ်တည်လာတဲ့အပေါ်မှာ သူတို့က ကျနော့်ကို ရန်သူလို့ပဲ သတ်မှတ်တယ်။ ဘာသာရေး အနေနဲ့သာ ရပ်တည်တဲ့ ကျနော့်ကို ရန်သူလို့သတ်မှတ်တဲ့အတွက် ကျနော်လည်းပဲ ကျနော့် လူမျိုးအတွက် ဒီစစ်အစိုးရကို ပြန် ပြီး ခုခံတော်လှန်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ရန်သူလို့ သတ်မှတ်ရင် ကျနော်လည်း ရန်သူလို့ပြန်ပြီးတော့ သတ်မှတ် ရမှာပဲ။ ကျနော်ကတော့ ဒီကေဘီအေအနေနဲ့ ပြန်ရပ်တည်တာ အကောင်းဆုံးလို့ပဲ မြင်တယ်။ သူတို့က ဘာသာတရားကို မလို လားကြဘူး။ ငြိမ်းချမ်းမှု လည်း မလိုလားဘူး။ ကျနော်တို့ကို ရန်သူလိုသဘောထားတဲ့အတွက် ကျနော်တို့ကလည်း သူတို့ကို ရန်သူလို့ပဲ သတ်မှတ်ရမှာပေါ့။ အဲဒါကြောင့် တိုက်ရမှာပဲ။ ကျနော်တို့ မကြည်ဖြူတဲ့အပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ် ခင်ရင်းနှီးလို့ မရတော့ဘူး။ ကျနော်တို့ ပြန်ဆင်းအောင်လို့ နည်းလမ်းမျိုးစုံတော့သူတို့ကြိုး စား မှာပဲ။ လူတိုင်း ဆုံးဖြတ်ချက် ကိုယ်စီ ရှိကြတာချည်းပဲ။ ကျနော့်ရဲ့ဆုံးဖြတ်ချက်ကတော့ ဒီစစ်အစိုးရဟာ ဘုန်းကြီးတွေကို ပစ်သတ်တယ်။ နောက်ပြီး ဘုန်း ကြီးတွေကို ထောင်ထဲမှာ နှစ် ၄၀၊ နှစ် ၅၀ဖမ်းဆီး ချုပ်နှောင် တယ်။ ဒါကြောင့် အဲဒါတွေကို သိရက်နဲ့ ကိုယ့်ကိုယ်ကို ကရင်လို့ အသိတရားရှိရင်တော့ ဒီစစ်အစိုးရနဲ့ ပြန်ပြီးတော့ လက်တွဲဖို့ လုံးဝ မသင့်တော်ဘူးလို့ ကျနော် မြင်တယ်။

မြို့ပတ်ရထား ပုဂ္ဂလိကပိုင်ဖြစ်ရေး နေပြည်တော်တွင် ဆွေးနွေး
*********************************************
စည်သူ Tuesday, 26 July 2011
ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလုပ်ငန်းကို ပြည်တွင်းရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးရေး အတွက် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ဆွေးနွေးပွဲ တရပ်ကို နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ယနေ့  ကျင်ပသွားသည်။

Myanmar Privatization Passengers sit in a car of a circular train in Yangon, Myanmar, Thursday, July 21, 2011. The main commuter rail service circular train providing cheap transport in Myanmar's biggest city of Yangon is to be privatized, according to a notice in the state-run New Light of Myanmar newspaper published Thursday. The junta that took over Myanmar in 1988 liberalized its once-socialist economy, with privatization accelerating in recent years. (AP Photo/Khin Maung Win) AP
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အစိုးရပိုင် မြို့ပတ်ရထားတစင်း (ဓာတ်ပုံ - AP)

“အဓိက ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်မှာ ရန်ကုန် မြို့ပတ်ရထား တွေနဲ့ ပတ်သတ်ပြီး တင်ပြလာလို့ အခုလို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဖြစ်သွားတာပါ” ဟု ၀န်ကြီးက ဆိုသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စားလှယ် ၁ ဦး၊ ဦးအောင်သောင်၏သား ဦးနေအောင်ပိုင် အိုင်ဂျီအီး လုပ်ငန်း၊ ရွှေတောင်ဖွံ့ဖြိုးရေး စသည်တို့မှ လုပ်ငန်းရှင်များ  အပါအ၀င် လုပ်ငန်းရှင်ပေါင်း ၉၀ ခန့် တက်ရောက်သည့် ယင်း အစည်းအဝေးတွင် တိကျသည့် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း မရှိကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

“အခုတကြိမ်က ဆွေးနွေးတယ်ဆိုရုံပါပဲ။ နောက်တကြိမ် အစည်းအဝေး ထပ်ခေါ်ရင်တော့ ဒီထက်ပြတ်သားတဲ့ ဆုံးဖြတ်ချက် တွေ ထွက်ပေါ်လာမယ် ထင်ပါတယ်” ဟု အစည်းအဝေး တက်ရောက်လာသည့် လုပ်ငန်းရှင် တဦးက ပြောကြားသည်။ယင်းအစည်းအဝေးတွင် ရန်ကုန်မြို့ပတ်ရထား လုပ်ငန်းတခုလုံးအား ပုဂ္ဂလိကပိုင်လွှဲမည်လော၊ အပိုင်းလိုက် ခွဲကာ လွှဲမည် စသည်ဖြင့် မဆုံးဖြတ်နိုင်သကဲ့သို့ နှစ်မည်မျှကြာ ငှားရမ်းမည်၊ ငွေကြေးပမာဏ မည်မျှရှိမည် ဆိုသည်ကိုလည်း မဆုံးဖြတ် နိုင်သေးကြောင်း သိရသည်။

ပြည်တော်မပြန်နိုင်တဲ့ ဒုက္ခသည်အိမ်မက် မှတ်တမ်းရုပ်ရှင် ****************************************
Read MORE...
http://www.mizzimaburmese.com/news/inside-burma/8020-2011-07-26-08-57-32.html

Youtube:   http://www.youtube.com/watch?v=hk-l5mWc6vk&feature=player_embedded

ချင်းမိုင် (မဇ္ဈိမ) ။        ။ တချိန်တုန်းက မြန်မာနိုင်ငံမှာ ရရှိခဲ့တဲ့ ဘဝမျိုးကို စေးစေးလာ အနေနဲ့ အိပ်မက်တွေထဲမှာ သာ ပြန်လည် ရရှိနိုင်ပါတော့တယ်။ သူဟာ သူ့မိသားစု ပိုင်ဆိုင်ခဲ့တဲ့ လယ်ကွင်း၊ သူရဲ့ အချစ်ဆုံး ကျွဲ တွေကို အမှတ်တရ ဖြစ်နေသလို တဘက်မှာလည်း သူအသက် ငါးနှစ်အရွယ်မှာ မြန်မာအာဏာပိုင်တွေရဲ့ အဖမ်းခံရမှု၊ အာဏာပိုင်တွေက သူ့ရဲ့အဖေကို သတ်ခဲ့မှုတွစတဲ့ အကြောင်းအရာတွေကို ပြန်ပြောင်းပြီး အိပ်မက်ဆိုးတွေ မက်နေခဲ့ပါတယ်။

No comments: