Saturday 31 December 2011

၂၀၁၁ အပြောင်းအလဲများ၊ အငြင်းပွားစရာများ

၂၀၁၁ အပြောင်းအလဲများ၊ အငြင်းပွားစရာများ

ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၁



 ယမန်နေ့က ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့စဉ်မှာ အဓိကမေးဖြစ်တာကတော့ ၂၀၁၂ နှစ်သစ်သို့ မကူးခင် ၂၀၁၁ နှစ်အတွင်း မြန်မာပြည်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို ပြန်ပြောင်းကြည့်ရှုတဲ့အခါမှာ တိုးတက်မှုတွေဆီ ဦးတည်နေပြီလား၊ ဘယ်လိုမျိုး သဘောထားပါသလဲ ဆိုတာ ဖြစ်ပါတယ်။ ဆရာက ပြန်လည်ဖြေကြားရာမှာ …

 ဖြေ။။ ၂၀၁၁ ခုနှစ်အတွင်းမှာ နိုင်ငံရေးအပြောင်းအလဲတွေ မြင်နေရတဲ့နှစ်ဖြစ်တယ်လို့ ဆိုကြတယ်။ တဖက်ကလည်း မပြောင်းလဲသေးတာတွေလည်း တွေ့ရှိနေရတုန်းပဲ။ ဒါကြောင့် ၂၀၁၁ ခုနှစ်ဟာ အပြောင်းအလဲတွေကြားထဲမှာ အငြင်းပွားစရာတွေ ရှိနေသေးတဲ့ နှစ်လို့ပဲ ပြောရမှာပဲ။

 မေး။။ ပထမအပြောင်းအလဲက ဘာလဲဆရာ။


ဖြေ။။ ပထမဆုံးကတော့ ၂၀၁၁ မတ်လမှာ ဦးသိန်းစိန်အစိုးရ တက်လာတယ်။ သန့်ရှင်းသော အစိုးရဖြစ်ရေးဆိုတာတွေ ပြောလာတယ်။ သန့်ရှင်းသောအစိုးရဖြစ်ရေးအတွက် မီဒီယာတွေကစတင်ပြီး အပြောင်းအလဲတွေ စတင်လုပ်ဆောင်မယ်လို့ ပြောလာတယ်။

 မေး။။ အဲသည်မှာ သမိုင်းစာမျက်နှာအသစ်ကို လှန်လိုက်ပြီလို့အထိ ပြောလာကြတယ်။ အဲသည်သမိုင်းစာမျက်နှာအသစ်ကနေပြီး အစကပြန်စကြရမယ်လို့လည်း ပြောလာကြတယ် မဟုတ်လား။

ဖြေ။။ ဒါက ဘာနဲ့တူသလဲဆိုတော့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ခေတ်ဦးပိုင်းမှာ သိန်းဖေမြင့်ရေးခဲ့တဲ့ ချင်းဝိသေသတိုင်းရဲ့ သမိုင်းအစဆိုတဲ့ စာအုပ်လိုပဲ၊ အစိုးရတခု စနစ်တခု အစပျိုးတယ်လို့ ပြောချင်တဲ့သဘောပဲ။ အရင်တုန်းက သမိုင်းမရှိဘူးလား ဆိုတာကို သူက မပြောဘူး။ မြန်မာဆိုရှယ်လစ်လမ်းစဉ် ပေါ်ပေါက်လာတဲ့ အချိန်ဟာ သမိုင်းရဲ့ အစပဲလို့ ပြောတဲ့ သဘောပဲ။ ဒါမျိုး လွန်ခဲ့တဲ့ ၁၀စုနှစ်လောက်တုန်းကလည်း သမိုင်းပညာရှင် ဖူကုယာမားက သမိုင်းနိဂုံးချုပ်ပြီလို့ ပြောတာမျိုးတွေ ရှိဘူးတာပဲ။ သမိုင်းဆုံးပြီ ဆိုတာ၊ သမိုင်းအသစ်စပြီ ဆိုတာမျိုးတွေ ဆိုလိုတာ မဟုတ်ဘူး။ အိုင်ဒီယိုလိုဂျီတွေ ၀ါဒတွေ ပြီးဆုံးပြီဆိုတာမျိုးကို ဆိုချင်တာဖြစ်တယ်။ အခု သမိုင်းအသစ်စပြီဆိုတာနဲ့ ဒီမိုကရေစီခေတ်ကြီး စပြီလို့ ဆိုတာနဲ့ ဟိုမကြာသေးမီအတိတ်က စစ်အာဏာရှင်ခေတ် အဖြစ်တွေ၊ သမိုင်းတွေကို မေ့ဖျောက်ပစ်ရတော့မှာလား၊ ပြီးဆုံးသွားခဲ့ပြီလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။ အခုသမ္မတကြီးက ကောင်းမွန်သော အစိုးရအဖြစ်ကို စတင်ပြီလို့ ဆိုလိုက်တာနဲ့ပဲ ယခင်တုန်းက မကောင်းမွန်သော အစိုးရရှိခဲ့တာတွေ ဖြစ်ခဲ့တာတွေကို နိဂုံးချုပ်ရတော့မှာလား၊ မေ့ပျောက်ပစ်ရတော့မှာလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။ ဟိုလွန်ခဲ့တဲ့ မကောင်းမွန်သောအစိုးရတွေ လုပ်ခဲ့တာတွေကို သင်ပုန်းချေရတော့မှာလားဆိုတဲ့ အမေးတွေ ပေါ်လာတယ်။ အငြင်းပွားစရာတွေ ရှိလာတယ်။

 မေး။။ ဒါဆိုရင် လက်ရှိ၂၀၁၁ နှစ်ကာလတခုအတွင်းမှာ ဘာတွေ လုပ်သလဲဆိုတာပဲ ကြည့်ပြီး ပြောင်းလဲတာလား၊ တိုးတက်မှုတွေလား၊ အငြင်းပွားစရာတွေလားကိုပဲ ကြည့်ကြမယ် ဆိုရင်ကော ဆရာရယ်။

ဖြေ။။ တခုကတော့ အောက်တိုဘာလမှာ နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးတာ ရှိခဲ့တယ်။ ဒါနဲ့ လုံလောက်ပြည့်စုံခြင်း မရှိဘူးလို့ ပြောရမယ်။ အကျဉ်းထောင်ထဲမှာ အများကြီး ကျန်ရစ်နေသေးတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိလာတယ်။ နိုင်ငံတကာက ပြောဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်နဲ့ ဦးသိန်းစိန်တို့ ပြောတဲ့ အရေအတွက် ကွာဟမှုတွေ ပေါ်လာတယ်။ အားလုံးက အကျဉ်းသား ၂ ထောင်လို့ ပြောနေချိန်မှာ ၄၊ ၅ ရာပဲ ရှိတယ်လို့ ပြောလာတာဟာလည်း အငြင်းပွားစရာဖြစ်လာတယ်။

 မေး။။ အရင်တုန်းက မရှိဖူးတဲ့ လွှတ်တော်တွေပေါ်ထွက်လာပြန်တယ် မဟုတ်လား ဆရာ။

ဖြေ။။ အဲသည်မှာလည်းပဲ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူလူထုကောင်းကျိုး ကိုယ်စားပြုတဲ့ ဖော်ဆောင်တဲ့ လှုပ်ရှားမှုတွေ၊ အလုပ်တွေ ဖြစ်ရမယ်လို့ ပြောဆိုသံတွေ၊ ကြွေးကြော်သံတွေ ပေါ်ထွက်လာပါတယ်။ ဒါပေမယ့် တကယ်တမ်း သူတို့တွေက ပြည်သူတွေ အကျိုးရှိစေတဲ့ အလုပ်တွေ လုပ်ဆောင်မှုတွေ တကယ်လုပ်ကိုင် ဖော်ဆောင်ခြင်း ရှိမရှိကလည်း အငြင်းပွားစရာ ဖြစ်လာပါတယ်။ အလုပ်သမားအရေးတွေ တောင်သူလယ်သမားအရေးတွေ အတွက် ဥပဒေတွေ ပေါ်ထွက်လာတယ်။ ဆွေးနွေးမှုတွေ ပေါ်ထွက်လာတယ်။ သမဂ္ဂတွေ ဖွဲ့စည်းခွင့်၊ ဆန္ဒပြခွင့်၊ ဒေသအလိုက် အုပ်ချုပ်မှုတွေ စတာတွေ ပေါ်ထွက်လာတာတွေ ရှိပါတယ်။ ဒါတွေဟာ လုံလောက်သလား၊ အာမခံချက် ရှိသလား၊ လွတ်လပ်မှု၊ မျှတမှုတွေ ရှိသလားဆိုတာတွေက မေးခွန်းထုတ်စရာတွေ ဆက်ပြီး ရှိနေတယ်။ နိုင်ငံတကာဆက်ဆံရေးတို့၊ စီးပွားရေးဆိုင်ရာ၊ ငွေကြေး ဘဏ္ဍာရေးဆိုင်ရာတွေမှာလည်း ထင်ထင်ရှားရှား သဘောထား ချမှတ်တာ၊ ထုတ်ပြန်တာတွေကိုလည်း မေးခွန်းထုတ်စရာတွေ ရှိနေတယ်။

 မေး။။ သို့သော် မြစ်ဆုံဆည် စီမံကိန်းဆိုင်ရာ သမ္မတကြီးရဲ့ မေတ္တာရပ်ခံချက်ကို လွှတ်တော်က တခဲနက် လက်ခံပေးခဲ့တာဟာ ပြည်သူလူထုရဲ့ အများဆန္ဒကို လိုက်လျောပေးတာ၊ ဖော်ဆောင်ပေးတာလို့ ပြောနိုင်တယ် မဟုတ်လား ဆရာ။

ဖြေ။။ ဒီအလုပ်ကတော့ ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုဘူးလို့ ပြောဆိုမှုတွေ၊ ထောက်ခံမှုတွေ ဖြစ်လာတယ်။ ဒါကို အမှတ်ပေးရမယ်လို့ ပြောနိုင်သော်လည်း ရေရှည်မှာ ဘယ်လောက် တည့်မတ်နေမလဲ၊ မှန်ကန်မလဲဆိုတာတွေကလည်း စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေတုန်းပဲ။

 မေး။။ လက်ရှိအစိုးရနဲ့ လွှတ်တော်အဆင့်ဆင့်က ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အာရုံစူးစိုက်ပြီး လုပ်ဆောင်လာတာတွေကော မရှိဘူးလား ဆရာ။

ဖြေ။။ နယ်စပ်ဒေသအနှံ့အပြားက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေကို သက်ဆိုင်ရာပြည်နယ်အလိုက် ညှိနှိုင်းဆွေးနွေးတာတွေ၊ ပြည်ထောင်စုအဆင့် တွေဆုံဆွေးနွေးတာတွေ ရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် လက်တွေ့လုပ်တဲ့နေရာမှာ ဘာတွေက အငြင်းပွားစရာတွေဖြစ်လာသလဲဆိုတော့ ယခင်အစိုးရလက်ထက်မှာကတည်းက သဘောထားတင်းမာတဲ့သူတွေဖြစ်တဲ့ ယခုလည်း ၀န်ကြီးတွေ၊ ကိုယ်စားလှယ်တွေဖြစ်နေတဲ့ လူကြီးတွေ ပေါ်ထွက်လာပြန်တယ်။ ဦးအောင်သောင်းတို့၊ ရထားဝန်ကြီးတို့တွေက ညှိနှိုင်းဆွေးနွေးမှုတွေလုပ်လာတာ ဖြစ်နေတယ်။ အဲသည်မှာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ဖို့က ချက်ခြင်း မလုပ်ဆောင်နိုင်ဘူး၊ ကာလအားဖြင့် ၃ နှစ် လောက် အချိန်ယူရမယ်လို့ အစိုးရပြောလိုက်တာကလည်း အငြင်းပွားစရာ၊ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

မေး။။ တိုင်းရင်းသားတွေက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပုံသဏ္ဍန်ကို ဘယ်လိုမျိုး ဖြေရှင်းတာမျိုး ရှိနေတယ်လို့ ထင်သလဲ။

ဖြေ။။ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းတွေက သူတို့ပြည်နယ်အလိုက် တဦးချင်း တဖွဲ့ချင်း ဆွေးနွေးကြတာတွေကို လက်ခံသလိုပဲ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနဲ့ ပြည်ထောင်စုအဆင့် အတူတကွ ဆွေးနွေးကြဖို့ကို သဘောထား ထုတ်ပြန်ထားတာတွေ ရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဆွေးနွေးတဲ့နေရာမှာလည်း ယခင်တုန်းကလို တဖွဲ့ချင်း အပစ်အခတ်ရပ်စဲရေး၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးကိုပဲ အဓိကထား သီးခြားဆွေးနွေးညှိနှိုင်းတာမျိုးကနေ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲအထိကို တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးက အတူတကွ ရပ်တည် တောင်းဆိုလာတာမျိုးတွေ ဖြစ်လာတာကို တွေ့ရတယ်လို့ ပြောချင်ပါတယ်။ အပစ်အခတ်ရပ်စဲရေးကိုပဲ ဆွေးနွေးရမှာမဟုတ်ဘူး၊ ငြိမ်းချမ်းရေးကို ဆွေးနွေးရမှာ၊ ငြိမ်းချမ်းရေးဆွေးနွေးရမှာတင် မဟုတ်ဘူး၊ ပြည်ထောင်စုကြီးတခုလုံးအတွက် နိုင်ငံရေးဆွေးနွေးရမှာလို့ ပြောဆိုလာကြတာတွေ တွေ့လာရတယ်။ ဒါတွေကို ပြည်သူတွေက အကောင်းမြင်ပြီး မျှော်လင့်ကြသော်လည်း အစိုးရဖက်က အချိန်အကန့်အသတ်တွေ သတ်မှတ်ပြီး တုန့်ပြန်တာကလည်း အငြင်းပွားစရာ၊ မေးခွန်းထုတ်စရာ ဖြစ်လာတယ် လို့ ပြောချင်တယ်။ အစိုးရဖက်က ၃ နှစ်အတွင်း ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ဆိုလိုတာလား၊ တိုင်းရင်းသားတွေက အမြန်ဆုံး အကောင်းဆုံး ငြိမ်းချမ်းရေးအတွက် စိတ်အားထက်သန်နေမှုကို ပယ်ချလိုက်တာလားဆိုတဲ့ မေးခွန်းတွေ အငြင်းပွားစရာတွေ ထွက်ပေါ်လာတယ်။

 မေး။။ ၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို အသိအမှတ်မပြုခဲ့တဲ့ နိုင်ငံရေးပါတီ ဖြစ်တဲ့၊ ပြီးတော့ တဆက်တည်းမှာပဲ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အင်န်အယ်ဒီပါတီက ၂၀၁၁ မှာ  ပြန်ပြီးတော့ မှတ်ပုံတင်မယ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်ြ့ပီး အရွေးခံမယ်အထိ ဖြစ်ပေါ်လာတာကလည်း အပြောင်းအလဲတခုပဲပေါ့ မဟုတ်လား ဆရာ။

ဖြေ။။ လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတယ်။ ပြည်သူတွေကိုလည်း တိုက်ရိုက် သတင်းစာရှင်းလင်း အသိပေးမှုတွေ ဖြစ်ထွန်းလာတယ်။ အဲသည်ကနေပြီးတော့ အစိုးရဖက်ကလည်း အသိအမှတ်ပြုမှုတွေ၊ ရွေးကောက်ပွဲ နည်းဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်ပြဋ္ဌာန်းမှုတွေ ပြုလုပ်ပေးလာတယ်။ အဲသည်အတွက် အင်န်အယ်ဒီပါတီက ဗဟိုကော်မီတီအစည်းအဝေးနဲ့ မှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့တို့ ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ အရေးပါတဲ့ အပြောင်းအလဲလို့ ပြောရင်ရပါတယ်။

 မေး။။ စာနယ်ဇင်းလွတ်လပ်မှုတွေ၊ ဖျော်ဖြေရေး အနုပညာလုပ်ငန်း လွတ်လပ်ခွင့်တွေ ပေါ်ထွန်းလာတာတွေကလည်း အပြောင်းအလဲတွေ မဟုတ်လား ဆရာ။

ဖြေ။။ စာနယ်ဇင်းလောကမှာ စာနယ်ဇင်းတွေ လွတ်လပ်စွာ ထုတ်ဝေခွင့်တွေ ရလာတယ်။ စာပေစိစစ်ရေး ဦးဆောင်သူကိုယ်တိုင်ကလည်း စာပေစိစစ်ရေးမလိုတော့ပါဘူးလို့ ပြောလာတယ်။ စာဖတ်ပရိသတ် လူထုကိုယ်တိုင်ကလည်း ဒေါ်စုတို့ ဗို်လ်ချုပ်အောင်ဆန်းတို့ ပုံတွေ စာတွေ ကို ဖတ်ရလို့ စာနယ်ဇင်းတွေမှာ စောင်ရေတွေ တိုးလာတယ်။ ဒါတွေကို အပြောင်းအလဲအဖြစ် မြင်ရမှာ ဖြစ်သလို ဘယ်လောက်အထိ အာမခံချက်ရှိမှာလဲ၊ လွတ်လပ်ခွင့်တွေ ရနေဦးမှာလည်း ဆိုတာကလည်း အငြင်းပွားစရာတွေ၊ မေးခွန်းထုတ်စရာတွေ ရှိနေဦးမှာ ဖြစ်တယ်။

 မေး။။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဟာ ခုချိန်အထိ အငြင်းပွားစရာ မေးခွန်းထုတ်စရာပဲ မဟုတ်လားဆရာ။

ဖြေ။။ ခုချိန်ထိ အတိုက်အခံတွေဖက်က ပြောဆို တင်ပြနေတဲ့ အကျဉ်းသားတွေ ဦးရေနဲ့ အစိုးရဖက်က ဦးရေကို  အငြင်းပွားနေရတုန်းပဲ၊ နိုင်ငံရေးအကျဉ်းသားလို့ အဓိပ္ဗါယ်သတ်မှတ်မှုကိုက သမ္မတကြီးဦးသိန်းစိန် သဘောထားထုတ်ဖော်တာနဲ့တင် အငြင်းပွားစရာတွေ ဖြစ်နေသေးတယ်။

 မေး။။ နိုင်ငံတကာဆက်ဆံရေးမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတယ် မဟုတ်လား ဆရာ။

ဖြေ။။ နှစ်ပေါင်း ၂၀ မကပါဘူး၊ နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးမှာ သူတို့ဆီက နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ရောက်ရှိလာတယ်။ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်တွေ့ရတယ်။ အားရကျေနပ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိလာတယ်။ ၂၀၁၄မှာ မြန်မာပြည်က အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ရွေးချယ်ခြင်းခံရတယ်။ အဲသည်အချက်တွေအပေါ်မှာမူတည်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အလားအလာတွေရှိလာတယ်။ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံမှာ ခရီးသွားအလုပ်တွေ၊ လုပ်ငန်းအသီးသီးတွေမှာ အဆင်သင့်ဖြစ်ပြီလား၊ ဘယ်လို လက်ခံနိုင်မလဲ။ စတဲ့ မေးခွန်းတွေ၊ ပြောဆိုမှုတွေ ပေါ်ပေါက်လာတယ်။ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာလည်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပြီးတဲ့နောက်ပိုင်းမှာ မေးခွန်းတွေ၊ စဉ်းစားစရာတွေ ပေါ်ပေါက်လာတယ်။ အများက စောင့်ကြည့်နေရတဲ့ အဆင့်ကို ရောက်လာတယ်။ ဒါပေမယ့် တရုတ်အစိုးရကိုယ်တိုင်ကလည်း မြန်မာပြည်နဲ့ ဆက်ဆံရေး ပြေလည်ချင်တယ်၊ ထိန်းထိန်းသိမ်းသိမ်းလုပ်နေတာကို တွေ့နေရပါတယ်။ ဒါကြောင့် ရှေ့ဆက်ပြီးတော့ မြန်မာအစိုးရက နိုင်ငံတကာနဲ့ ဘယ်လိုမျိုး ဆက်ဆံမှုတွေ လုပ်သွားမလဲဆိုတာကို လမ်းစတွေ ဘယ်လိုပေါ်မလဲဆိုတာတွေ မေးခွန်းဖြစ်လာတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုချုပ်ကိုင်ထားတဲ့ အိုင်အမ်အက်ဖ်တို့ ကမ္ဘာဘဏ်ကိစ္စတွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာတွေကလည်း စောင့်ကြည့်ရမယ့်၊ စဉ်းစားရမယ့် ကိစ္စတွေ ဖြစ်တယ်လို့ ထင်ပါတယ်။

 မေး။။ အပြောင်းအလဲတွေကတော့ ဟုတ်ပါပြီ။ တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲဖက်ကို ဦးတည်တာကော ဟုတ်ကဲ့လားဆိုတဲ့ မေးခွန်းကို အငြင်းပွားမှုတွေကို ဆရာက ဘယ်လို ဖြေမှာလဲ။

ဖြေ။။ အဲဒါနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေဟာ ဘယ်ကို ဦးတည်သလဲဆိုပြီး မေးခွန်းထုတ်ကြတယ်၊ အငြင်းပွားစရာတွေ ဖြစ်ကြတယ်။ အဲသည်မှာ အချက် ၂ ချက် ပေါ်လာတယ်။ တချက်က ဒီမိုကရေစီအင်အားစုဖက်က၊ ဒေါ်အောင်ဆန်းစုကြည်ဖက်က ပြောလာတဲ့ အချက်တချက်ဖြစ်တယ်။ သူကဘယ်လိုပြောသလဲဆိုတော့ အခု မှတ်ပုံတင်တယ်၊ ရွေးကောက်ပွဲဝင်တယ်ဆိုပြီး လုပ်ရတာဟာ ယုံကြည်မှုကို အခြေခံပြီး စွန့်စားမှုတွေ အများကြီး လုပ်ရတာ ဖြစ်တယ်လို့ ပြောသွားတယ်။ ယုံကြည်မှုဆိုတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပေါ်မှာ မူတည်ပြီးတော့ စွန့်စားရမှာ ဖြစ်တယ်လို့ ပြောသွားတယ်။ နောက်တချက်ကတော့ အစိုးရဖက်အပိုင်းက ပေါ်ထွက်လာတဲ့အချက်ဖြစ်တယ်။ နိုင်ငံရေးအပြောင်းအလဲတွေ ဘယ်လောက်ပဲ ပေါ်ပေါ်၊ ဘယ်လောက်ပဲ ပြောပြော၊ လက်မခံနိုင်သေးတဲ့ အစိတ်အပိုင်းတွေ ရှိနေသေးတယ်။ သူတို့တွေက ဒီမိုကရေစီဆိုတာ အသာထား၊ အရိပ်အယောင်တောင် မမြင်ရသေးဘူး။ ခေါင်းဆောင်ပိုင်းက ဘယ်လောက်ပြောပြော၊ အောက်ခြေအဆင့်ဆင့်မှာ အာဏာရှင် စရိုက်လက္ခဏာတွေဟာ အရင်တုန်းကအတိုင်းရှိသေးတယ်။ ကျင့်သုံး ဖိနှိပ်နေတုန်းပဲ ဖြစ်တယ်။

မေး။။ အဲဒါတွေက ဘာတွေလဲ ဆရာ။

ဖြေ။။ ပြည်သူတွေဆိုတဲ့ အောက်ခြေလူတန်းစားတွေနဲ့ အဆင့်ဆင့်သော အလွှာတွေမှာ လယ်တွေ အသိမ်းခံထားရတယ်။ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။ ပြည်တွင်းစစ်တွေ ဖြစ်နေတုန်း၊ ပိတ်ဆို့မှုတွေက အဆင့်ဆင့် ခံနေရတုန်း ဖြစ်တယ်။ အင်န်အယ်ဒီကိုယ်တိုင်က ရန်ပုံငွေပွဲလုပ်တာတောင်မှ ဟိုဒင်းနေရာမရ ဟိုရွှေ့ ဒီပြောင်း အလုပ်ခံနေရတယ်။ ပုဂ္ဂိုလ်ရေးအရ ပိတ်ဆို့မှုတွေ ရှိနေတုန်းပဲ။ လာမယ့် မေလ ၁ ရက်နေ့မှာ ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၁၀၀ ပြည့် အခမ်းအနားရှိတယ်။ စာပေဗိမာန်မှာ လုပ်မယ်။ ကျနော့်ကို စကားပြောဖို့ ဖိတ်ထားတာ နေပြည်တော်ကနေ လှမ်းပြီး ပိတ်လိုက်တယ်။ နိုင်ငံရေးသမားဖြစ်နေတယ်၊ စာပေဗိမာန်ဟာ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ ရှိနေတယ်။ ဒါကြောင့် ခွင့်မပြုဘူးလို့ ပြောကြတယ်။

 မေး။။ တချို့တွေမှာ ဒီမိုကရေစီ ရချင်ရမယ်၊ ဦးဝင်းတင်နားမှာတော့ ဒီမိုကရေစီအရိပ်အယောင် မရှိသေးဘူးပေါ့။

ဖြေ။။ ကျနော့်အိမ်နားမှာ စောင့်ကြည့်နေတယ် မော်တော်ဆိုင်ကယ်နဲ့ လုံခြုံရေးတွေက နေ့တိုင်း ရှိနေတုန်းပဲ။ အဲလိုဟာမျိုးတွေကို လူတွေက ပြောတဲ့အခါကျတော့ အောက်ခြေမှာ ဘာမှ အပြောင်းအလဲမရှိဘူးလို့ ပြောကြတဲ့အခါကျတော့ အစိုးရဖက်က ဘာပြန်ပြောသလဲဆိုတော့ သူတို့ရဲ့ နိုင်ငံရေးအပြောင်းအလဲဆိုတာ အပေါ်ဆုံးကနေ အောက်ဆုံးဆီကို စီးဆင်းရမယ့် top down အပြောင်းအလဲတွေ ဖြစ်ပါတယ်တဲ့။ အပေါ်မှာပဲ အပြောင်းအလဲတွေ လုပ်နေသေးတဲ့အတွက် အောက်ခြေကို မဆင်းသက်သေးတဲ့အတွက် လူတွေဟာ နိုင်ငံရေး အပြောင်းအလဲတွေကို မခံစားရခြင်း၊ မသုံးသပ်နိုင်ခြင်း၊ မတွေ့မြင်ရခြင်း ဖြစ်တယ်လို့ ပြောသွားတယ်။ ဒါကိုလည်း အစိုးရဘက်က ဘယ်တော့မှ အောက်ခြေဆီ ရောက်မှာလဲ ဆိုတာ မပြောနိုင်သေးဘူး၊ မေးခွန်းမေးစရာ၊ အငြင်းပွားစရာအဖြစ် ဆက်လက် တည်ရှိနေသေးတယ်။

မေး။။ တဦးချင်း ဒီမိုကရေစီကနေ အများစုဒီမိုကရေစီဆီသို့ ရရှိအောင် ဆက်လက် လုပ်ဆောင်သွားရမှာပေါ့ဆရာ။ အောက်ခြေအဆင့်ဆင့်မှာ အမြစ်တွယ်နေတဲ့ အာဏာရှင်အဆင့်ဆင့်တွေကို ဖယ်ရှားနိုင်အောင်လုပ်ဖို့ကလည်း အရေးကြီးတဲ့ အချက်ပဲလို့ ပြောရမှာပေါ့ ဆရာ။

ဖြေ။။ ဟုတ်ပါတယ်။ ဥပမာ ဘာသာရေးလွတ်လပ်ခွင့်အရကြည့်မယ်ဆိုရင် ရွှေည၀ါဆရာတော်နဲ့ အခြားဆရာတော်တချို့ကို တရားဟောခွင့်ပိတ်ထားတာတွေ ရှိနေတယ်။ ဒါတွေကိုလည်း အငြင်းပွားစရာဖြစ်နေတယ်။ ပြီးတော့ ပြည်တွင်းစစ်တွေ နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတာတွေကို ကြည့်ရင်လည်း တိုင်းရင်းသားဒေသတွေ၊ နယ်စပ်ဒေသတွေဆိုတာ တိုင်းပြည်ရဲ့ ရာခိုင်နှုန်း ၅၀ ကျော် ဆက်စပ်ပတ်သက်နေတယ်။ အဲဒီအခြေအနေတွေဟာ မြို့ပြဒေသတွေကို ရောင်ပြန်ဟတ်တဲ့ အနေနဲ့ ဗုံးပေါက်ကွဲမှုတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတယ်လို့ ပြောချင်တယ်။ ဒါတွေကိုလည်း မေးခွန်းထုတ်နေရမယ်လို့ ပြောချင်ပါတယ်။

 မေး။။ ဒီလို မေးခွန်းတွေ၊ အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့က ဘာတွေ ဆက်လုပ်နေမှ ပြေလည်နိုင်မှာလဲ ဆရာ။

ဖြေ။။ ကျနော်တို့တတွေက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာမှုတွေကို ဆက်လက်လုပ်ကိုင်နေရမယ်လို့ ပြောချင်တယ်။ ဒီလိုမျိုး တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာက အခုအချိန်ကတည်း ရှိနေတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်လုပ်သွားဖို့ကို ဆိုလိုတယ်။ လွှတ်တော်ထဲရောက်မှ တွေ့ဆုံဆွေးနွေးအဖြေရှာကြရမယ်လို့ ဆိုလိုတာမျိုး မဟုတ်ဘူး။ လွှတ်တော်ထဲ သွားတယ်ဆိုတာက ကိုယ့်ရဲ့ သဘောထားတွေ၊ အသံတွေကို ၀င်ရောက် ဖော်ထုတ်ခြင်းသာ ဖြစ်တယ်လို့ ပြောချင်တယ်။

ဥပမာတခုက ယခင်တုန်းက ရွှေဂုံတိုင်သဘောထားဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာကို လွှတ်တော်ပြင်ပကနေ ဖော်ဆောင်နေတဲ့အပြင် လွှတ်တော်ထဲကို ၀င်ရောက်ပြီး ပြင်ဆင်ရေးလုပ်ငန်းကို တိုးချဲု့ပြီး လုပ်ကိုင်တာဖြစ်တယ်လို့ ပြောချင်တယ်။ ဒေါ်စုက ပြောခဲ့တာ တချက်ဖြစ်တဲ့ ၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးကို တကယ်တမ်းပြင်ဆင်ပေးရမှာက လွှတ်တော်က ပြင်ဆင်ပေးမှသာဖြစ်တယ်။ ဒါကြောင့် သူများပြင်ပေးတာကို စောင့်နေ၊ တောင်းနေတာထက် ကိုယ်တိုင် လွှတ်တော်ထဲမှာ ၀င်ပြင်ဖို့ ဆောင်ရွက်ကြမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် လွှတ်တော်ထဲသွားရင် လုပ်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကိုတော့ ပါတီက ၊ ဒေါ်အောင်ဆန်းစုကြည်တို့က အများပြည်သူ သိရှိနားလည်စေရေး ထုတ်ပြန်ပေးဖို့လိုတယ်လို့ ကျနော်မြင်တယ်။

 မေး။။ ဆရာပြောတဲ့ လွှတ်တော်တွင်းလုပ်ငန်းစဉ်တွေက ဘာတွေဖြစ်မယ် ထင်သလဲ။

ဖြေ။။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ပြောသွားတာရှိပါတယ်။ ကျမတို့ လွှတ်တော်ထဲ ၀င်ရောက်ပြီး လုပ်မယ့် လုပ်ငန်းစဉ်တွေက အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ေ၇းတွေ ဖြစ်တယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာ ကျနော်တို့ လွှတ်တော်ပြင်ပမှာတောက်လျောက်လုပ်ကိုင်နေတဲ့ လုပ်ငန်းစဉ် ၃ ရပ်ကို လွှတ်တော်တွင်းမှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ဖော်ဆောင်လာရေး ဆောင်ရွက်ကြရမယ်လို့ ပြောချင်ပါတယ်။ ၁ က ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊ ၂ က ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုအရေးလို့ ပြောချင်လည်း ရတယ်။ ၃ က နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးတို့ကိုလည်း လွှတ်တော်အတွင်းမှာ ဖော်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအဖြစ် ချပြ ထုတ်ဖော်ဖို့ လိုမယ်လို့ ထင်ပါတယ်။

 မေး။။ ဒါဆိုရင် လွှတ်တော်ပြင်ပက နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လွှတ်တော်တွင်း ရောက်ရှိအောင် ဖော်ဆောင်ရေးဖြစ်တယ်ဆိုတော့ လက်ရှိ လွှတ်တော်ပြင်ပမှာ ဆက်လက်လုပ်ကိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီပါတီတို့နဲ့  လက်ရှိအစိုးရတို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ တိုင်းရင်းသားအင်အားစုတွေနဲ့ပါ အဖြေရှာရေးတွေကလည်း ဆက်လက်လုပ်ဆောင်နေရမယ့် အရေးတွေအဖြစ် ဆက်လက်တည်ရှိနေမှာပေါ့။

ဖြေ။။ ဆက်လက်ပြီး ဆွေးနွေးပွဲတွေ၊ နိုင်ငံရေးအရ အဖြေရှာရေးတွေ အောင်မြင်အောင် ဆောင်ရွက်သွားရမယ်လို့ ပြောချင်တယ်။ အဲသည်မှာလည်း မေးခွန်းတွေ၊ စဉ်းစားစရာတွေ ဆက်လက်ပြီး တည်ရှိနေမှာပဲလို့ ပြောချင်တယ်။

 မေး။။ ပြည်သူလူထုတွေနဲ့ နိုင်ငံရေးပုံသဏ္ဍန်တွေက ဘယ်လိုမျိုး ဆက်လက်ပြီး ၀န်းရံခြင်း၊ ပံ့ပိုးခြင်း၊ လက်တွဲဆောင်ရွက်ခြင်းတွေ လုပ်ဆောင်ရမလဲ ဆရာ။

ဖြေ။။ ကျနော်ကတော့ လူထုရဲ့အသံနဲ့ အခန်းကဏ္ဍကို တိုးချဲ့ရမယ်လို့ ပြောချင်တယ်။ အမေရိကန်အစိုးရက မြန်မာပြည်နိုင်ငံရေးလင်းရောင်ခြည် မြင်ရပြီလို့ ဘယ်လောက်ပဲ ပြောပြော၊ အခုဟာက ပြည်သူလူထု အားလုံးက မှောင်ထဲမှာပဲ ရှိသေးတယ်။ ဂူပေါက်ဝကလို့ပဲပြောပြော၊ ထွက်ပေါက်လို့ပဲ ပြောပြော အလင်းရောင်အစ၊ကို လှမ်းမြင်ကြရတဲ့ အဆင့်ပဲ ရှိတယ်။ ဒါက အချိန်မရွေး နောက်ပြန်လှည့်ပြီး အမှောင်ကျသွားနိုင်တဲ့ အခြေအနေရှိတယ်လို့ သဘောထားပြီးတော့ ပြည်သူလူထုက သူတို့တတွေဟာ အမှောင်ထဲမှာပဲ ရှိနေသေးတယ်။ လူထုဟာ အမှောင်ထုကနေ ဆက်လက်ပြီး မိမိတို့ ရည်မှန်းချက်တွေ၊ လိုအပ်ချက်တွေ၊ လုပ်ဆောင်ရမယ့်ဟာတွေကို ဆက်လက်ပြီး ထုတ်ဖော် ပြောဆို တင်ပြနေကြရမယ် လို့ ပြောချင်တယ်။ ဒီနေရာမှာ အားလျော့သွားတာ၊ အားနည်းသွားတာတွေ ဖြစ်ပေါ်လို့ မရဘူး။ အနည်းဆုံးတော့ ငါတို့က အမှောင်ထဲမှာပဲ ရှိသေးတယ်ဆိုတာကိုတော့ ထုတ်ဖော်နေရမယ်။

မေး။။ ဟုတ်ပါပြီ။ နောင် အသစ်ထူထောင်မယ့် အင်န်အယ်ဒီရဲ့ ပါတီဖွဲ့စည်းပုံအသစ်ကိုလည်း ပြောနိုင်ရင် ပြောပါဦးဆရာ။

ဖြေ။။ လူကြီးတွေက ကျနော်အပါအ၀င် သဘာပတိအဖွဲ့လိုမျိုး၊ နာယကအဖွဲ့လိုမျိုးမှာ ပါဝင်ကြမယ်။ သဘာပတိအဖွဲ့က အစည်းအဝေးတွေ၊ ဗဟိုကော်မီတီအစည်းအဝေးတွေမှာ တက်ရောက်မယ်၊ အကြံဥာဏ်ပေးမယ်။ မဲပေးတာမျိုးတော့ မလုပ်နိုင်ဘူး။ အဲဒါပြီးတော့ ပါတီမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖွဲ့ ဆိုပြီး ထားရှိမယ်။ ဥက္ကဋ္ဌ ဆိုတာကလည်း ဟန်ပြမဟုတ်ဘဲ တကယ်ကို ပါတီကို ဦးဆောင်မှုပေးတဲ့ ခေါင်းဆောင်ကို တာဝန်ပေးတာမျိုးဖြစ်မယ်။ ပြီးတော့ အတွင်းရေးမှူးအဖွဲ့ဆိုတာကလည်း ပါတီရဲ့ အဓိက ဗဟိုလုပ်ငန်းအဖွဲ့တွေဖြစ်တဲ့ ဥပမာ ပြန်ကြားရေးအဖွဲ့၊ စည်းရုံးရေးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့ အစရှိသဖြင့် အဲသည်အဖွဲ့တွေကို တာဝန်ခံတဲ့ သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အတွင်းရေးမှူးအဖွဲ့တွေ ဖြစ်လာမယ်၊ အတွင်းရေးမှူးတယောက်ချင်းဆီဟာ သူကိုယ်တိုင်ခေါင်းဆောင်ရတဲ့ အလုပ်အဖွဲ့တွေ ရှိလာမယ်။ အထွေထွေအတွင်းရေးမှူးဆိုတာမျိုး မထားတော့ဘူး။ အဲဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းကလို အထွေထွေအတွင်းရေးမှူးအနေနဲ့ မဟုတ်ဘဲနဲ့ ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှုပေးလာမယ်။

 မေး။။ အရင်တုန်းကလို ဥက္ကဋ္ဌတွေ ဒုဥက္ကဋ္ဌတွေ တင်မြှောက်ထားပြီး၊ အထွေထွေအတွင်းရေးမှူးနဲ့ စီအီးစီအဖွဲ့ဝင်တွေလိုမျိုး ဖွဲစည်းပုံကနေ၊ သဘာပတိအဖွဲ့၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ဆိုပြီး ဖြစ်လာမယ်ပေါ့ဆရာ။ အတွင်းရေးမှူးအဖွဲ့မှာ သက်ဆိုင်ရာ ကော်မီတီဝင်တွေက ပါဝင်ကြမှာပေါ့။

ဖြေ။။ ဟုတ်ပါတယ်။

 မေး။။ ၂၀၁၂ နှစ်ဆန်းထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာဦးမှာလား ဆရာ။

ဖြေ။။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုနေတဲ့ကြားထဲက နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်လွတ်မြောက်လာခြင်း မရှိတဲ့အတွက် ဒီကိစ္စကလည်း လာမယ့်နှစ်မှာ မေးခွန်းထုတ်စရာ၊ အငြင်းပွားစရာအဖြစ် ဆက်လက်ရှိနေမယ်လို့ပဲ ပြောချင်ပါတယ်။

No comments: