Sunday 25 December 2011

ဒီဇင်ဘာများ


    
 ဒီဇင်ဘာများ
ဒီဇင်ဘာညချမ်းလေးဟာ ခရစ်စမတ်ဆိုတဲ့နေ့နဲ့အတူ အေးချမ်းနေခဲ့တယ်။ ဒီနေ့ဟာ ကမ္ဘာတစ်ဝှမ်း လှုပ်လှုပ်ရှားဖြစ်ရတဲ့ ခရစ်စမတ်နေ့ ဖြစ်သလို ကရင်လူမျိုးများရဲ့ ၂၇၅၁ နှစ်မြောက် နှစ်သစ်ကူး အခါသမယလည်း ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာပြည်မှာတော့ အေးချမ်းလှတဲ့ဆောင်းကာလ ဖြစ်နေ
ပါလိမ့်မယ်။ မနက်ပိုင်းဆောင်းနှင်းတွေနဲ့ နိုးထလာကြမယ့် ဒီနေ့ဟာ အေးချမ်းနှစ်လိုဖွယ်ရာ ဖြစ်နေပါ လိမ့်မယ်။ သတိတရရှိနေပေမယ့် မြန်မာ့ဆောင်းကိုတွေ့ထိခွင့်ရဖို့ ကြာလွန်းပါဦးမယ်ဆိုတာ
သေချာပါတယ်။

မိုးရွာမလိုလို ရှိပေမယ့် မနက်ကနေခုထိ မရွာခဲ့ပြန်ဘူး။ အိမ်သူသက်ထားဖြစ်သူက တစ်နေရာရောက်နေ ခဲ့တဲ့ခါ ခံစားမှုဒီဇင်ဘာမှာ ကာလာစိုစိုလေးပိုသွားခဲ့တယ်။ ဝမ်းနည်းခြင်း ကာလာတွေ ပိုများသွားမယ် ထင်တယ်။ လူတွေအားလုံးပြုံးပျော်နေကြပေမယ့် ကိစ္စများမြောင် လူတို့ဘောင်ထဲမှာ လူးလွန့်နေရသေး သရွေ့ ပျော်ပို့မြူးဖို့ရာ မတတ်သာသေး။

ဒီဇင်ဘာဟာ တစ်ခြားလတွေလိုပဲ ပုံမှန်ဆိုက်ရောက်နေကျ။ ဒါပေမယ့် သူက မတူတဲ့ခံစားမှုကို အမြဲပေး တယ်။ အနည်းဆုံး နှုတ်ဆက်သွားတော့မယ့် နှစ်တစ်နှစ်အတွက် ဝမ်းနည်းစေတတ်တယ်။အလွမ်းနဲ့ ခံစား ရင်းတွေအတွက် ငိုချင်ရက် လက်တို့လုပ်တတ်လွန်းတယ်။ ဒါပေမယ့် သူဟာ နှုတ်ဆက်သူတွေကို
နှစ်သစ်တစ်ခုဆီသို့ အားအင်တွေ ၊ ပျော်ရွှင်မှုတွေနဲ့ နောက်ဆုံးစက္ကန့်ထိ တွန်းပို့ပေးတတ်ပြန်တယ်။

ဒီဇင်ဘာရေ ..အခုလည်း မင်းရဲ့အရိပ်ထဲရောက်နေပြန်ပါပြီ။ မင်းရင်ခွင်မှာ ဝမ်းသာဝမ်းနည်းခြင်းတွေခံစား ရင်း တစ်နှစ်မှာတစ်လ၊ တစ်လထဲက တဒင်္ဂစီတိုင်းကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် ဒီဇင်ဘာများမှာ
တဒင်္ဂစီတွေ ထပ်တွေ့ကြပါဦးမယ်။

No comments: