Sunday 4 December 2011

အမေရိကန်၊ ဗီယက်နမ်နဲ့ ရင်းနှီးလာတဲ့ မြန်မာကြောင့် တရုတ်အပေါ်ဘာများဖြစ်စေမလဲ

by Melven Than on Sunday, December 4, 2011 at 4:45pm
By Ei Aye
(Christian Science Monitor မှ 29 Nov 2011 ရက်စွဲပါ What will happen to China as Burma gets closer with Vietnam, US? ကို ဘာသာ ပြန်ဆိုသည်)

ဆယ်စုနှစ်များစွာကာလအတွင်း မြန်မာနိုင်ငံ၌ ကာကွယ်ရေးဦးစီးချုပ်သစ်တစ်ဦးတက်လာတိုင်း နာရီသံပတ်များ အလုပ်လုပ်သကဲ့သို့ပင် ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်လေ့ရှိသည့်နိုင်ငံမှာ တရုတ်နိုင်ငံပင်ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံ၏ အခိုင်မာဆုံးသော သံတမန်ရေးရာမဟာမိတ်ဖြစ်ပြီး စီးပွားရေး အရလည်း အကာအကွယ်ပေးနေသည့်နိုင်ငံ ဖြစ်သည်။



သို့သော် ယခုမြန်မာနိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ တစ်မူထူးခြားသည်။ ၎င်းသည် မြန်မာကာကွယ်ရေး ဦးစီး ချုပ်တို့ ဦးစွာသွားလေ့သွားထမရှိသောနိုင်ငံသို့ သွားရောက်ပြီးမှ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်သည်။ ယင်းနိုင်ငံမှာ ဗီယက်နမ်ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အစောပိုင်းတွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် အမေရိကန်ပြည်ထောင်စု အထူးသံတမန် ဒဲရက်မစ်ချဲလ်တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ်သွားရောက်ခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဆုံး လာရောက် လည်ပတ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် မြန်မာနိုင်ငံသို့ ဟီလာရီကလင်တန် ရောက်ရှိနေချိန်တွင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လည်း တရုတ်ပြည်မှပြန်လည် ရောက်ရှိမည်ဖြစ်သည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဗီယက်နမ်သို့ ဦးစွာပထမသွားရောက်ရန် ရွေးချယ်ရသည့် အကြောင်းမှာ ဗီယက်နမ်သည် ဝါရှင်တန်နှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများတည်ဆောက်လျက်ရှိပြီး တရုတ်နိုင်ငံ၏ ဒေသတွင်း ဦးတည်ချက်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုတစ်စုံတရာမျှ ဖုံးကွယ် ထားခြင်းမရှိသောကြောင့်ဖြစ်သည်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့သို့ ရောက်ရှိသွားချိန်တွင် ဒုတိယသမ္မတ Xi Jinping က ၎င်းအား လှိုက်လှဲစွာပင် ကြိုဆိုခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ခိုင်မာသော ဆက်ဆံရေးသည် နိုင်ငံတကာအသိုင်းအဝိုင်း၌ ဖြစ်ပေါ်လျက်ရှိသော အပြောင်းအလဲများကို ကြံ့ကြံ့ခံနိုင်ခဲ့ကြောင်း သတိတရဖြစ်စေရန် ပြောဆို ခဲ့သည်။ မြန်မာနိုင်ငံသည် ယခုအခါ ပြောင်းလဲမှုများ၏ အလယ်သို့ရောက်ရှိနေသည့်သဘောတွင် ရှိသည်။ စစ်အစိုးရထံမှ အာဏာလွှဲပြောင်းရယူခဲ့သော မြန်မာအစိုးရသစ်က နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခြင်း၊ ကာလကြာရှည်စွာဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် အကြမ်းဖမ်မှုများကို အဆုံးသတ်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပေါ်အလျှော့ပေးလာခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများပြုလုပ်ကာ နိုင်ငံရေးပွင့်လင်းမှုများရှိအောင် စမ်းသပ်လုပ်ကိုင်ခြင်း စသည်တို့ကိုပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံသည် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ်သို့ရောက်ရှိခဲ့သော မြန်မာနိုင်ငံအတွက် အသက်သွေးကြောသဖွယ် အရေးပါသည့်နိုင်ငံ ဖြစ်သည်။ အထူးသဖြင့် ၁၉၈၈ ခုနှစ် စစ်တပ်က ဒီမိုကရေစီ ဆန္ဒပြပွဲများ အပေါ် အင်အားသုံးဖြိုခွင်းခဲ့မှုကြောင့် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ အရေးယူခဲ့သည့် ကာလများတွင် တရုတ်၏ အခန်းကဏ္ဍကမြန်မာအတွက် အလွန်ပင်အရေးကြီးခဲ့သည်။

"အခု ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပုံမှန်ဆက်ဆံရေးထားရှိချင်ပါတယ်" ဟု လွှတ်တော် နိုင်ငံရေးတွင် သြဇာအာဏာကြီးမားသူ လည်းဖြစ်ပြီး ယခင်စစ်အစိုးရအဖွဲ့ဝင်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သူ သူရဦးရွှေမန်းက သတင်းထောက်များကိုပြောကြားသည်။ မြန်မာအစိုးရ၏ နိုင်ငံခြား ရေးမူဝါဒသည် နိုင်ငံများအားလုံးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဟူသည့် သဘောတရားတွင် အခြေခံထားခြင်းဖြစ်ကြောင်း၊ မြန်မာနှင့် အမေရိကန် ဆက်ဆံရေး ကောင်းမွန်လာချိန်တွင် တရုတ်နှင့် မြန်မာဆက်ဆံရေးဆိုးရွားလာနိုင်စရာအကြောင်း မရှိပါကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါ သဘောထားကိုကြည့်လျှင် ပထဝီအနေအထားအရ လွန်စွာအကဲဆတ်သည့် သဘောတွင်ရှိသည့် မြန်မာနိုင်ငံအနေဖြင့် အစဉ်အဆက်ကျင့် သုံးခဲ့သည့် ဘက်မလိုက်သော နိုင်ငံရေးမူဝါဒကို ပြန်လည်ကျင့်သုံးလာပြီဖြစ်သည်။ မြန်မာသည် အာရှအင်အားကြီး တရုတ်နှင့် အိန္ဒိယကြားတွင် ညပ်လျက် ရှိပြီး အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်ဖြစ်သည့် ထိုင်းနိုင်ငံကလည်း ဘေးဘက်တွင်ကပ်လျက်ရှိသည်။

နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ ပြုလုပ်လာ သည့် အချိန်မှစ၍ မြန်မာအနေဖြင့် တရုတ်နိုင်ငံမှတစ်ပါး တခြားမှီခိုအားထားစရာမရှိသည့် အနေအထားသို့ ရောက်လာခဲ့သည်။ ကုန်သွယ်ရေး၊ စစ်လက်နက် တပ်ဆင်ရေး၊ ကုလသမဂ္ဂ၌ သံတမန်ရေးရာအထောက်အပံ့ရရှိရေး အစရှိသည် တို့အတွက် တရုတ်နိုင်ငံကိုသာမှီခိုအားထားခဲ့ရသည်။

တရုတ်နိုင်ငံမှ ပုဂ္ဂလိကနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၂ ဒဿမ ၃ ဘီလီယံခန့်ရှိပြီး မြန်မာ နိုင်ငံတွင်း တရုတ်နိုင်ငံသားထောင်ပေါင်းများစွာ ဝင်ရောက်နေထိုင်လျက်ရှိသည်။ အဆိုပါအခြေအနေနှင့်ပတ်သက်၍ စစ်အစိုးရအာဏာ မလွှဲပြောင်း ပေးခင် အချိန်ကာလကတည်းကပင် မျိုးချစ်မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရသည့် အရိပ်လက္ခဏာများတွေ့မြင်ခဲ့ရသည်။

ယခု စစ်ယူနီဖောင်း ချွတ်ကာ အရပ်သားဝတ်စုံဝတ်ထားသည့် မြန်မာခေါင်းဆောင်သစ်များက သိသားထူးခြားသောနည်းလမ်းများကို သုံးကာ တရုတ်နိုင်ငံကို လုံးလုံးလျားလျား မှီခိုအားထားနေရမှုမှ ရုန်းထွက်ပြခဲ့သည်။ အထူးခြားဆုံးလုပ်ရပ်တစ်ခုမှာ တရုတ် ကျောထောက်နောက်ခံ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ကို ရပ်တန့်မည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်သည်။ ယင်းမြစ်ဆုံ စီမံကိန်းကို တရုတ်နိုင်ငံက ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ အကုန်အကျခံကာ တည်ဆောက် နေခြင်းဖြစ်ပြီး စီမံကိန်း ပြီးဆုံးပါက ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် သွယ်တန်းမည် ဖြစ်သည်။

No comments: