Friday 16 December 2011

မတူတာတွေဖယ်ပြီး တူတဲ့စစ်ဝတ်စုံတွေနဲ့ သွားတော့မှာလား

                       not same but together
  ဒီရက်ပိုင်းအတွင်း ဦးသိန်းစိန်အစိုးရက လူထုနဲ့အတူရှိပြီး လူထုညီညွတ်
 ချစ်ခင်ရေးတရားဟောပြောကြတဲ့  သံဃာတော်များဟာ အပိတ်အပင်ခံရ၊ အတားအဆီးခံနေရပါတယ်။
 ဒါ့အပြင် လူဝတ်လဲထောင်ချမယ့် အခြေအနေတွေဖြစ်လာလို့ ဒီဆောင်းပါးရေးဖြစ်ပါတယ်။
                 

ဒီမိုကရေစီအစိုးရ ဆိုတာ
တိုင်းပြည်တိုးတက်ဖို့ လုပ်နေပါတယ်၊ ဖွံ့ဖြိုးဖို့အတွက်ကြိုးစားနေပါတယ် ဆိုတယ်။ ပြည်သူတွေကလည်း ဝိုင်းဝန်းပါဝင်ကြပါ။ မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားရအောင်ဆိုတဲ့ ဦးသိန်းစိန်အစိုးရ။ သန့်ရှင်းသော အစိုးရဖြစ်စေရမယ်ဆိုတဲ့ လွှတ်တော်အစိုးရ။ အရင်က မသင့်မြတ်ခဲ့တာတွေခဝါချပြီး တိုးတက်ရေးဆီ သွားရအောင်။ ညီညွတ်ရေးဆီ သွားရအောင်လို့ပြောခဲ့တဲ့အစိုးရ။ အခု ဘာ့ကြောင့် စကားပြောခွင့်၊ တရားဟောခွင့်တွေကို ပိတ်ပင်ရတာလဲ။ ပွင့်လင်းခွင့်ပြုရမယ့်အစား ဘာလို့ ထပ်ဖမ်းဖို့ကြိုးစားနေရတာလဲ။ နိုင်ငံ့အကျိုးကိုချစ်ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်သေးတဲ့အပြင် နောက်ထပ်ထောင်ထဲ ထပ်ထည့်ဖို့ ကြိုးစားနေတယ်။

သိပ်ရုပ်ဆိုးပါတယ်။ သိပ်အကျဉ်းတန်တယ်။ အရမ်းကို အောက်တန်းကျပြီး ဒီမိုကရေစီမဆန်တဲ့ အစိုးရလုပ်ရပ်ဖြစ်တယ်။ ဒါကိုလက်မခံနိုင်ပါဘူး။ ဒီမိုကရေစီအစိုးရဆိုတာ ဒါလား။


ဘက်စုံယိုယွင်းဆဲ

အစိုးသစ် တစ်နှစ်ကျော်အတွင်းမှာ အစိုးရချည်းသီးသန့် လုပ်ခဲ့တာတွေ ဘာတွေရှိလဲ။ မတူတဲ့ ဆန့်ကျင်ဘက်နဲ့ပေါင်းပြီးမှ လူထုမြင်အောင် ပြနိုင်ခဲ့တာမဟုတ်လား။ ပြရုံပဲလား။ ပြထားတာတွေကို မလုပ်ပေးနိုင်တော့ဘူးလား။ လုပ်ပေးဖို့ သတ္တိမရှိတော့ဘူးလား။
အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်ပြီလား။ ဗီဇက တကယ်ပဲ ဖျောက်ဖို့ခက်ပြန်ပြီလား။

လူတိုင်းအလုပ်လုပ်ကြတာချည်းပါ။ တိုင်းပြည်တိုင်းလည်း အလုပ်လုပ်ကြရတာချည်းပါပဲ။ အလုပ်လုပ်တဲ့အခါမှာလည်း လူတိုင်းက မိမိဘဝတိုးတက်ရေး အတွက်အားသွန်ခွန်စိုက်လုပ်ကြသလို တိုင်းပြည်လည်းပဲ မိမိထီးထီး ရပ်တည်နိုင်ဖို့ အသည်းအသန်ကြိုးစားရမှာပဲ။ ဒါမှလူပီသမှာဖြစ်သလို တိုင်းပြည်ပီသမှာပဲ။ ကိုယ်သာမယ့်ဘက်ချည်းပဲလိုက်ချင်တဲ့ စစ်အုပ်ချုပ်ရေးထဲမှာ လည်ပတ်ချင်နေသရွေ့ တိုင်းပြည်က ယိုယွင်းမှုအမြဲရှိနေမှာပဲ။

အနိုင်ကျင့်ခြင်း

အခု လူထုဟာ အသိပညာပိုင်းတွေကို စဖြန့်ဝေကြဖို့ လုပ်ကြဆဲပဲရှိသေးတယ်။ ဘက်စုံယိုယွင်းနေမှု ကို အခုမှစပြုပြင်ဖို့ စတုန်းပဲ ရှိသေးတယ်။ အဖက်ဖက်က လိုအပ်မှုတွေကို ဖာထေးဖို့ အားယူရုံပဲရှိပါသေးတယ်။ ဒီအခြေအနေမျိုးမှာ ပိတ်ပင်မှုတွေ တားဆီးမှုတွေ တရစပ်ထပ်လုပ်နေတာတော့လုံးဝမဖြစ်သင့်ဘူး။ လုံးဝလက်မခံနိုင်ပါဘူး။ ဒါဟာ ဒီမိုကရေစီ ကိုဗန်းပြပြီး လူထုကို မတရား အနိုင်ကျင့်တာပဲဖြစ်တယ်။
 
တိုင်းပြည်အကျိုး ပြည်သူတွေအတွက်အလုပ်လုပ်ရာမှာ ခေါင်းဆောင်ကောင်းတိုင်းဟာ သိပ်အရေးကြီးတယ်။ အသုံးမကျတဲ့ ခေါင်းဆောင်တွေရှိနေသရွေ့ ဘယ်တိုင်းပြည်မှတိုးတက်မှာမဟုတ်ဘူး။ ကိုယ့်ဘက်သာကိုယ်ကြည့်တဲ့ ခေါင်းဆောင်တွေ ရှိနေသရွေ့ တိုင်းပြည်ချွတ်ခြုံကျနေမှာပဲ။

ဦးသန်းရွှေလို တစ်ကိုယ်ကောင်းသမားအုပ်ချုပ်ခဲ့လို့ တိုင်းပြည်ပျက်ခဲ့ပြီးပြီ။ သူ့လက်ထွက် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဘာတွေဖြစ်လာမလဲ။ အစမကောင်းခဲ့တဲ့ အစိုးရသစ်ဟာ အစဟောင်းတွေကို ကြိုကြားကြိုကြား ဆွဲထုတ်နေတယ်။ ဒီဆွဲထုတ်ပုံအတိုင်းဆိုရင် မကြာခင် တစ်ကိုယ်ကောင်းသမားဖြစ်ဦးမှာပဲ။ ဒီလိုဖြစ်သင့်သလား။ အစိုးရလုပ်သူတွေမှာ လူစိတ်ရှိကြရဲ့လား။ စာနာတတ်ကြရဲ့လား။ စေတနာဆိုတဲ့ အသိစိတ်လေးကော ရှိနေကြရဲ့လား။ ပြည်သူတွေဒီလိုမေးမယ်။ အဖြေရှိပါ့မလား။ ပြည်သူပြန်ဖြေရရင် အစိုးရမှာ အဲဒါတွေ ဘာမှမရှိဘူး။ အဖြေလည်းမရှိဘူး။ ဒါလူထုမျက်မြင်ကိုယ်တွေ့။ အနိုင်ကျင့်အုပ်ချုပ်တယ်ဆိုတာ ဒီမိုကရေစီးရေးမှာ မရှိဘူး။

မတူတာတာတွေ ဘေးဖယ်ထားရင်

မတူတာတွေ ဘေးဘယ်ထားတော့မှာလား။ တူတာတွေအချင်းချင်း ပြန်လုပ်စားကြတော့မှာလား။ ဒီလိုလုပ်ရပ်တွေကို သက်သေပြယူရမှာလား။ မတူတာတွေ ထားခဲ့စတမ်းဆိုရင် ပထမဆုံး မိမိလမ်းစဉ်မှန်နေသလား အရင်သိရမယ်။ မမှန်တဲ့လမ်းစဉ်နှင့် လှမ်းနေပြီးမှ ကိုယ်နဲ့မတူတာ ထားခဲ့ကြစတမ်းဆိုရင် သိပ်မှားသွားမယ်။ ဘယ်လိုမှ ကောင်းလာနိုင်မှာမဟုတ်ဘူး။

စဉ်းစားကြည့်လို့ရတယ်။ ဦးသိန်းစိန်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လမ်းစဉ်မတူပါဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တူသယောင်ပြုတယ်။ တွဲလုပ်ပြတယ်။ တကယ်လို့သာ တူတာတွေ တွဲလုပ်ကြစတမ်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတွဲလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးရမယ်။ ဒေါ်စုနဲ့ တူနေပြီပဲ။ ဒေါ်စုနဲ့ အမြင်တူသူတွေဟာ ရန်သူမဟုတ်တော့ဘူး။ မိတ်ဆွေဖြစ်သွားပြီ။ တစ်လမ်းတည်းသွားလို့ရပြီ။ ဒါပေမယ့် အဲလိုဖြစ်မလာခဲ့ဘူး။

ဒေါ်စုနဲ့တူတာတွဲလုပ်ခြင်း မဟုတ်ဘူးဆိုတာ သေချာမြင်နိုင်တယ်။ အဲတော့ သူတို့ဖမ်းဆီးထားသူတွေဟာ အမြင်မတူသူတွေဖြစ်တဲ့အတွက် ဒေါ်စုနဲ့လည်းမတူနိုင်ပါဘူး။ အဲလို မတူတာတွေဖယ်ထားမယ်ဆိုရင် ဒေါ်စုကိုလည်း ထပ်ဖယ်ထားဖို့ လိုမယ်။
တူတာတွေတွဲလုပ်ပြီး မတူတာတွေဖယ်ထားမယ်ဆိုရင် တကယ့်ကောင်းမွန်တဲ့ လူထုအကျိုးပြု လမ်းစဉ်တစ်ခု မဖြစ်မနေရှိနေရမယ်။ မရှိဘူးဆိုရင် အစိုးရမှားတယ်။ အဲဒီတော့ တိုင်းပြည် ဒုက္ခရောက်ခြင်းထဲက ရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။


အကုန်တက်ညီလက်ညီဖြစ်အောင် တတ်နိုင်သလောက် သယ်ယူရမယ်။ ဒါမှလူထုနဲ့ အစိုးရ ပြေလည်ပြီး တိုင်းပြည်တိုးတက်လာမှာဖြစ်တယ်။

မုတ်သုံမိုးဦး

No comments: