Sunday 5 April 2015

မာရီလင် မွန်ရိုး ဘ၀နိဂုံးမှ ရွှေရတုတိုင် ...........အပိုင်း ( ၂ )


 ရေးသူ (Spring Flowers)
  •               အမေရိကန်အစိုးက ယခင် ထိမ်ချန်လျို့ဝှက်ထားတဲ့သတင်းအချက်အလက်တွေကို ထုတ်ပေးရတဲ့ သတင်းလွတ်လပ်ခွင့် ဥပဒေ  Freedom of Information Act ဆိုတာ ၁၉၉၇ မှာ ပေါ်လာပါတယ် ။ ဒါကြောင့် FBI က ဟိုးအရင်က လျို့ဝှက် အမှုတွဲတွေကို ၂၀၀၆  မှာ ထုတ်ပေးခဲ့ရာမှာ မာရီလင်မွန်ရိုးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေလည်း ပါခဲ့တယ် ။ အဲဒီစာတွေမှာ သမ္မတရဲ့ ညီ Robert Kennedy နဲ့ မွန်ရိုးတို့ ဆက်ဆံရေးကို အသေးစိတ်ဖော်ပြထားတယ် ။ အဓိက လိုရင်းကို ပြောရရင် ရောဘတ်က သူ့မိန်းမကို ကွာရှင်းပြီး မွန်ရိုးကို ယူပါမယ်လို့ ကတိပေးခဲ့ဖူးသတဲ့ ။
မှတ်ချက် ။  ။  FBI = Federal Bureau of Investigation အမေရိကန် '' နိုင်ငံတွင်း '' ထောက်လှမ်းရေး
                     CIA =Central Intelligence Agency   အမေရိကန် '' နိုင်ငံအပြင်ဘက် '' ထောက်လှမ်းရေး

Robert Kennedy မင်္ဂလာပွဲRobert Kennedy မင်္ဂလာပွဲ
ရောဘတ်နဲ့ သူ့မိန်းမ Ethel Kennedyရောဘတ်နဲ့ သူ့မိန်းမ Ethel Kennedy

  •                           ဒါပေမယ့် အဲဒီကတိကို ရောဘတ်တစ်ယောက် ဘယ်တော့မှ အကောင်အထည်ဖော်မှာ မဟုတ်ဆိုတာ သဘောပေါက်သွားတဲ့ မွန်ရိုးဟာ သူတို့ရဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းကို မီဒီယာမှာ ထုတ်ပြောပစ်လိုက်မယ်လို့ ချိန်းခြောက်သတဲ့ ။ ဒီတော့ ဆီးနိတ်လွှတ်တော်အမတ်လည်း ဖြစ် ၊ အသားအရောင် မခွဲခြားရေး တက်ကြွစွာဆောင်ရွက်သူ civil rights activist လည်း ဖြစ်တဲ့ ရောဘတ်အတွက် မွန်ရိုးဟာ အနှောက်အယှက် ဖြစ်လာတယ်လို့ ဆိုတယ် ။  လုပ်ကြံသူများရဲ့ အကြံက '' မွန်ရိုးဟာ ခဏခဏ ဟန်ဆောင် သေကြောင်းကြံရင်း နာမည်ကြီးအောင် လုပ်တတ်တယ် ၊ ဒီတော့ ဒီတခါ အဲလို သေကြောင်းကြံအောင် အားပေးအားမြှောက် ပြုမယ် ၊ ဒါပေမယ့် အရင်ကလို ပြန်သတိရလာတာမျိုး ၊ အချိန်မီ ဆေးရုံရောက်တာမျိုး မရှိစေရ '' ။


  •                             အဲဒီ FBI စာရွက်စာတမ်း ( အစီရင်ခံစာတွေ  )  အရ မွန်ရိုးသေမှု မှာ ပါဝင်ပတ်သက်တဲ့ ကြံရာပါတွေကတော့  Robert Kennedy ( သမ္မတရဲ့ ညီ ) ၊ Peter Lawford ( ဟောလိဝုဒ် ရုပ်ရှင်မင်းသားလည်း ဖြစ် ၊ ကနေဒီညီအစ်ကိုရဲ့ ယောက်ဖလည်းဖြစ်သူ ) ၊ မွန်ရိုးရဲ့ စိတ်ကုဆရာဝန် Dr. Greenson ၊ မွန်ရိုးရဲ့ အိမ်ဖော် Eunice Murray ၊ မွန်ရိုးရဲ့ အတွင်းရေးမှုး  Pat Newcomb  တို့ ပါကြတယ် လို့ ဆိုတယ် ။  ဒါပေမယ့် ဒီ FBI အစီရင်ခံစာတွေ ရဲ့ အစမှာ '' ဒီသတင်းတွေရဲ့ အရင်းအမြစ်ကို သတင်းရေးတဲ့သူက မသိပါ ၊ ဒါကြောင့် မှန်၊ မမှန် အတည်မပြုနိုင်ပါ ''  လို့လည်း ပါတယ် ။ ( ရေးတုန်းက ရေးပြီး ....ဟွန်း )

ကနေဒီ ညီအစ်ကို သုံးယောက်ကနေဒီ ညီအစ်ကို သုံးယောက်

  •                         ဒီအစီရင်ခံစာမှာ ရေးထားတာနဲ့  မွန်ရိုးသေမှုမှာ စစ်ဆေးခြင်းခံရတဲ့ မျက်မြင်သက်သေတချို့ရဲ့ ထွက်ဆိုမှုနဲ့ ကိုက်ညီမှု ရှိပါတယ် ။ သေတဲ့နေ့မှာ ရောဘတ်ဟာ လူစိမ်းနှစ်ယောက်နဲ့ မွန်ရိုးအိမ်ကိုရောက်လာပြီး  လူစိမ်းတစ်ယောက်ရဲ့ လက်ထဲမှာ ဆေးသေတ္တာနက်ပုံစံတစ်ခုလည်း ပါတယ်လို့ ဆိုတယ် ။  မသေခင်တစ်ရက်အလိုမှာ မွန်ရိုးဆီကို  ရောဘတ်နဲ့ မပတ်သက်ဖို့ ဆဲရေးပြောဆိုတဲ့ ခြိမ်းခြောက်ဖုန်းတွေ ၀င်လာတယ် လို့လည်း နီးစပ်သူတစ်ယောက်က ထွက်ဆိုတယ် ။


  •                     နောက်ခန့်မှန်းချက်တစ်ခုကတော့ မာဖီးယားဂိုဏ်းက  သမ္မတနဲ့ သူ့ညီကို မကျေနပ်လို့ သူတို့ အချစ်တော် မွန်ရိုးကို ရှင်းပစ်ခြင်းအားဖြင့် လက်စားချေတာလို့ ဆိုတယ် ။


  •                   မွန်ရိုးဘယ်လိုပင်သေသေ သေချာတာတစ်ခုကတော့ သူနဲ့ ကနေဒီ ညီနောင်တို့ ပတ်သက်မှုဟာ တဖြည်းဖြည်းနဲ့ အန္တရာယ်ကို လက်ယပ်ခေါ်သလို ဖြစ်နေတာပါဘဲ ။ သာမန်မိန်းကလေးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်တာထက် ဟောလိဝုဒ်က အဖော်အချွတ်မင်းသမီးနဲ့ ဖောက်ပြန်မှုဟာ လူထုအမြင်စောင်းနိုင်ပြီး သမ္မတရဲ့ နောက်ထပ်ရွေးကောက်ပွဲကို ထိခိုက်နိုင်တယ်လို့  သမ္မတနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ထင်မြင်လာကြတယ်လို့ ဆိုပါတယ် ။



  •                     ဒီထက်မက ပြသာနာကတော့ မွန်ရိုးဟာ နိုင်ငံရေးကို အရမ်းစိတ်ဝင်စားပြီး အမေရိကန်ကွန်မြူနစ် ၊ ရုရှားကွန်မြူနစ်တွေနဲ့ မကြာခဏ  ဆွေးနွေးစကားပြောနေတာကို တွေ့ရတတ်တယ် ။ ဒီတော့ FBI ဟာ မွန်ရိုးကို မျက်စိဒေါက်ထောက်ကြည့်လာတာ မဆန်းပါဘူး ။ အချိန်ကလည်း အမေရိကန်နဲ့ သူနဲ့ ရန်သူတော် ဆိုဗီယက်တို့ စစ်မဖြစ်ရုံတမယ် တင်းမာတဲ့ စစ်အေးကာလ Cold War ရဲ့  အထွတ်အထိပ် အချိန် ဖြစ်ပါတယ်  ။


ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ်   Khrushchevဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ် Khrushchevခရူးရှက်ဗ် အတွက် ကျင်းပတဲ့ ပွဲတခုမှ မာရီလင်မွန်ရိုးခရူးရှက်ဗ် အတွက် ကျင်းပတဲ့ ပွဲတခုမှ မာရီလင်မွန်ရိုး





  •                  စစ်အေးကာလမှာ အမေရိကန်နဲ့ ဆိုဗီယက်အကြား တခြားတင်းမာမှုတွေရှိပေမယ့် မွန်ရိုးနဲ့ ကနေဒီညီအစ်ကိုတို့ တွဲနေတဲ့ ၁၉၆၂ ရဲ့ တင်းမာမှုကတော့ အဆိုးဆုံး ဖြစ်ပြီး   တတိယကမ္ဘာစစ် ဖြစ်ဖို့ တဲတဲလေးသာ လိုတဲ့ ကာလ လို့ ဆိုကြတယ်   ။ မွန်ရိုးကလည်း သေမယ့်နှစ်ကျမှ စစ်ထဲဝင် ဆိုသလို  အန္တရာယ်များတဲ့ အချိန်မှာ အန္တရာယ်များတဲ့ နိုင်ငံရေးသမားတွေနဲ့တွဲမိပြီး အန္တရာယ်များတဲ့ အကြောင်းတွေကိုမှ သွားပြောမိသတဲ့ ။ အဲဒီအကြောင်းကို တိုတိုနဲ့ လိုရင်း  ပြောပြချင်ပါတယ်  ။  


  •                 ကနေဒီ John F.Kennedy ဟာ ၁၉၆၁ မှာ သမ္မတရာထူးကို ရခဲ့တယ် ။ သမ္မတဖြစ်ပြီး သုံးလတောင်မကြာခင် အမေရိကန်အောက်နား ပင်လယ်ထဲက  ကျူးဘား ( Cuba ) ဆိုတဲ့  ကျွန်းနိုင်ငံသေးသေးလေးမှာရှိတဲ့ ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့ စစ်ဆင်ရေး ( ၂ ) ခု လုပ်ခဲ့တယ် ။ အဲဒီအချိန်မှာ ကျူးဘား ၀န်ကြီးချုပ်က ဖီဒယ်ကက်စထရို Fidel Castro ( ယနေ့ထိ အသက်ရှင်ဆဲ ) ပါ ။
ယခင်က ကျူးဘားခေါင်းဆောင် Fidel Castroယခင်က ကျူးဘားခေါင်းဆောင် Fidel Castroယခု Fidel Castro (  ကျူးဘားရဲ့ အခုလက်ရှိခေါင်းဆောင်ကလည်း Fidel Castro ရဲ့ ညီ Raul Castro ဖြစ်ပါတယ် ။ )ယခု Fidel Castro ( ကျူးဘားရဲ့ အခုလက်ရှိခေါင်းဆောင်ကလည်း Fidel Castro ရဲ့ ညီ Raul Castro ဖြစ်ပါတယ် ။ )
  •                   အဲဒီ ကက်စထရို  Fidel Castro   နဲ့ ဆိုဗီယက် ၀န်ကြီးချုပ် ခရူးရှက်ဗ်   Khrushchev  နဲ့ က ကွန်မြူနစ်အချင်းချင်းမို့  အလွမ်းသင့်တယ် တဲ့ ။ အမေရိကန်က ကျူးဘားမှာကျင့်သုံးနေတဲ့ ကွန်မြူနစ်ဝါဒဟာ တောင်အမေရိကတစ်ခုလုံးကို ပြန့်သွားမှာ အရမ်းစိုးရိမ်တယ် ။ ဒါကြောင့် ဖီဒယ် ကက်စထရိုကို ဖြုတ်ချပြီး သူတို့နဲ့ အလွမ်းသင့်မယ့် အစိုးရကို တင်ချင်တယ် ။ ဒါကြောင့်ဘဲ ကနေဒီ မတိုင်မီ သမ္မတ အိုင်ဆင်ဟောင်ဝါ လက်ထက်ကတည်းက အမေရိကန်ထောက်လှမ်းရေး CIA က ကျူးဘားအစိုးရကို ဖြုတ်ချဖို့ ကြိုးစားခဲ့တယ် ။ ကနေဒီလက်ထက်မှာ ဆက်ပြီး စစ်ဆင်ရေး ( ၂ ) ခု လုပ်တယ် ။ တစ်ခုက ကျူးဘားနိုင်ငံသား ပြည်ပြေးတွေကို CIA က လေ့ကျင့်ပေးပြီး ကျူးဘားနိုင်ငံတောင်ပိုင်းကို သိမ်းဖို့ အကူအညီပေးခဲ့တယ် ။ ဒါပေမယ့် ကျူးဘားကလည်း မခေပါဘူး တဲ့ ။  ဆိုဗီယက်အပါအ၀င် တခြား ကွန်မြူနစ်နိုင်ငံတွေက လက်နက်တပ်ဆင်ပေးပြီး လေ့ကျင့်ပေးထားတဲ့ ကျူးဘားစစ်တပ်က ကျူးကျော်သူတွေကို သုံးရက်နဲ့ အပြတ်ချေမှုန်းလိုက်နိုင်သတဲ့ ။  အဲဒီ အမေရိကန် ရှုံးတဲ့ စစ်ဆင်ရေးကို Bay of Pigs ဆိုတဲ့ ပင်လယ်အော်နားမှာ ဖြစ်လို့ Bay of Pigs Invasion လို့ ခေါ်ပြီး ၁၉၆၁  ဧပြီလမှာ ဖြစ်ခဲ့တာပါ ။



  •                        နောက် ( ၇ ) လအကြာ ၁၉၆၁ နိုဝင်ဘာမှာ တစ်ခါ  Mongoose Operation  ဆိုပြီး စစ်ဆင်ရေးတစ်ခု အမေရိကန်က လုပ်ပြန်တယ် ။ ဒီတခါတော့ ၀ါဒဖြန့်တာရော ၊ ရန်သူရဲ့ စိတ်ကို လွှမ်မိုးပြီးကိုယ်လိုချင်တာကို အကောင်အထည်ဖော်တဲ့ စိတ်ဓါတ်စစ်ဆင်ရေးတွေရော ၊ ရန်သူကို အင်အားနည်းလာအောင်လုပ်တဲ့ ဖောက်ခွဲဖျက်ဆီးနည်းတွေရော နည်းမျိုးစုံသုံးပါတယ် ။  ဒါပေမယ့် ဒီတခါလည်း မအောင်မြင် ။


  •                     အဲဒါတွေလည်း ပြီးရော  ကျူးဘားက စိတ်ဆိုးပြီး  ကွန်မြူနစ်ဘိုးအေ ဆိုဗီယက် အကူအညီနဲ့ ကျူးဘား နိုင်ငံတွင်းမှာ ဒုံးကျည်တွေ တည်ဆောက်ပါလေရော ။ CIA  ထောက်လှမ်းရေးသတင်းတွေအရ အဲဒီဒုံးကျည်တွေဟာ အမေရိကန်နိုင်ငံတစ်ခုလုံးနီးပါးကို ဖျက်ဆီးနိုင်လောက်အောင် အားကောင်းတယ်ဆိုတာ သိရတော့ အမေရိကန် မျက်လုံးပြူးသွားသတဲ့ ။ သူတို့ အလှည့်ကျ ပြူးတယ်နော် ။ အဲဒီမတိုင်ခင် အမေရိကန်က ဆိုဗီယက် ရန်ကို ကာကွယ်ဖို့ ဆိုပြီး ဒုံးချည် ၁၀၀ လောက်ဆောက်ပြီး အီတလီ ၊ အင်္ဂလန်နဲ့ တူရကီတွေမှာ ဖြန့်ကျက်တပ်ထားတာတော့ မပြောဘူး ။


  •                       တိုတိုပြောရရင် အခု ကျူးဘားမှာ လာတပ်တဲ့ ဆိုဗီယက် ဒုံးကျည်တွေကြောင့် အမေရိကန်နဲ့ ဆိုဗီယက်တို့ ကြား အခြေအနေအရမ်းအရမ်းကို တင်းမာလာပြီး အကိုင်အတွယ် မတတ်ရင်  နူးကလီးယားစစ် သို့မဟုတ် တတိယကမ္ဘာစစ်ထိ ဖြစ်သွားနိုင်တဲ့ အထိ ကြီးကျယ်သွားနိုင်တယ် ။ ဒီအရေးအခင်းကို ဖြေရှင်းဖို့ အစပိုင်းမှာ အမေရိကန်က လေကြောင်း ၊ ရေကြောင်းတွေနဲ့ ချမယ် ဆိုပြီး လုပ်ပါတယ် ။ ဒါပေမယ့် နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် ကျူးဘားကို စစ်ရေးအရ ပိတ်ဆို့ဖို့သာ ဆုံးဖြတ်လိုက်တယ် ။ ကျူးဘားထဲဝင်သမျ လမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး ကျူးဘားမှာ ဆောက်နေဆဲ နဲ့  ဆောက်ပြီး ဒုံးကျည်တွေကို ဖျက်သိမ်းပေးပါလို့ ဆိုဗီယက်ကို တောင်းဆိုပါတယ် ။

ကနေဒီ ( ဘယ်  ) နဲ့ ဦးသန့်ကနေဒီ ( ဘယ် ) နဲ့ ဦးသန့်

  •                      အဲဒီအချိန်က ကုလသမ္မက အထွေထွေအတွင်းရေးမှုးချုပ် က မြန်မာနိုင်ငံသား ဦးသန့် ပါ ။ ဒီအန္တရာယ်များလွန်းတဲ့ တင်းမာမှုကြီး လျော့ကျအောင် ကြိုးပမ်းရာမှာ ဦးသန့်ရဲ့ စွမ်းဆောင်ချက်တွေ အများကြီးပါခဲ့တယ် ။
                          ကုလသမ္မဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တောင်းဆိုမှုအရ ဦးသန့်ဟာ အမေရိကန်ကိုရော
ဆိုဗီယက်ကိုပါ အစွန်းရောက်တဲ့ ဆုံးဖြတ်ချက်တွေ မချမိအောင်
ဖြောင်းဖျတိုက်တွန်းနိုင်ခဲ့တယ် ။ တကယ်တော့ နှစ်ဖက်စလုံးဟာ သူတို့ ရောက်နေတဲ့
အခြေအနေ ဘယ်လောက် အန္တရာယ်ကြီးမှန်း သိပေမယ့် အလျှော့ပေးမယ့် အရေးကို ခက်နေကြတယ်
။ ဦးသန့်သာ ကြားထဲက လိမ္မာပါးနပ်စွာ ပါဝင်မှု မရှိခဲ့ရင်  နှစ်ဖက်စလုံးဟာ
ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေကနေ ဘယ်လို ဖြစ်ကြမယ် မသိ ။

ဦးသန့် ( တတိယမြောက် ကုလသမ္မဂ အထွေထွေ အတွင်းရေးမှုးချုပ် .... ၁၉၆၁ ကနေ ၁၉၇၁ ထိ ရာထူးသက်တမ်း နှစ်ကြိမ် တာဝန်ထမ်းခဲ့တယ် ။ဦးသန့် ( တတိယမြောက် ကုလသမ္မဂ အထွေထွေ အတွင်းရေးမှုးချုပ် .... ၁၉၆၁ ကနေ ၁၉၇၁ ထိ ရာထူးသက်တမ်း နှစ်ကြိမ် တာဝန်ထမ်းခဲ့တယ် ။
  •                     ဦးသန့် ဟာ ကနေဒီနဲ့ ပေါင်းပြီး ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ်ဆီက  သဘောတူညီချက်တွေ ရခဲ့တယ် ။ သဘောတူညီချက်က  လူသိရှင်ကြားနဲ့ လျို့ဝှက် ဆိုပြီး ပုံစံ နှစ်မျိုးနဲ့ ပါ ။ လူသိရှင်ကြား သဘောတူညီချက်အရ ဆိုဗီယက်က ကျူးဘားမှာ တပ်ထားတဲ့   ဒုံးကျည်တွကို ပြန်ဖြုတ်ပြီး ဆိုဗီယက်ကို ပြန်သယ်သွားခဲ့တယ် ၊ အဲဒီအတွက် အမေရိကန်က ကျူးဘားကို ဘယ်တော့မှ မကျူးကျော်ပါဘူး လို့ ကတိပေးရတယ် ။  လျှို့ဝှက်သဘောတူညီချက်ကတော့ အမေရိကန်က တူရကီနဲ့ အီတလီမှာ သွားတပ်ထားတဲ့ ဒုံးကျည်တွေကို ဖြုတ်ပေးရပါတယ် ။ ( အမေရိကန်က အထက်ကချည်း နေချင်ပုံဘဲနော် ....သူ့ကျတော့ လျှို့ဝှက်၊ သူများကျတော့ ပေါ်တင် )
  •                          အရေးအခင်းပြီးတော့ ကနေဒီ က ဆိုတယ် .....''  ဦးသန့်ရဲ့ ကျေးဇူးကြွေးတွေဟာ
ကမ္ဘာကြီးအပေါ် များစွာ တင်သွားပါပြီ  U Thant has put the world deeply in his
debt . ''   တဲ့ ။


ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ်နဲ့ အမေရိကန်သမ္မတ ကနေဒီဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ်နဲ့ အမေရိကန်သမ္မတ ကနေဒီ
ဦးသန့်နဲ့ ဆိုဗီယက်ခေါင်းဆောင် ခရူးယှက်င်္ဗ ( ယာ )ဦးသန့်နဲ့ ဆိုဗီယက်ခေါင်းဆောင် ခရူးယှက်င်္ဗ ( ယာ )




  •                 ဒီကျူးဘားအရေးအခင်းမှာ အဲဒီလို အမေရိကန်က လူပုံအလယ် မျက်နှာမပျက်ရဘဲ ရှင်းလိုက်နိုင်တာကြောင့် တဖက်မှာတော့ ဆိုဗီယက်က သူခင်းတဲ့ ဇာတ်ကို မနိုင်သူ အဖြစ် ကမ္ဘာ့အလယ်မှာ မျက်နှာပျက်ရတယ် ။ ၀န်ကြီးချုပ် ခရူးရှက်ဗ်လည်း ဒီကိစ္စကြောင့် သိက္ခာတွေ အကြီအကျယ်ကျရပြီး  နောက် ( ၂ )  နှစ်အကြာမှာ ၀န်ကြီးချုပ်ရာထူးက ပြုတ်ပါတယ် ။





  •                 ဒီအတိုချုပ်ကလေးကို ဖတ်ကြည့်ရင် သမ္မတကနေဒီဟာ မွန်ရိုးနဲ့ ဇာတ်လမ်းဖြစ်နေတဲ့ ၁၉၆၂ မှာ ဘယ်လောက်ခေါင်းစားနေမလဲ ဆိုတာ မှန်းလို့ ရပါပြီ ။ ဘာကြောင့် FBI က ကွန်မြူနစ်တွေနဲ့ တွဲနေတဲ့ မွန်ရိုး ၊ ကနေဒီနဲ့ အကျွမ်းဝင်နေတဲ့ မွန်ရိုးကို မျက်စိဒေါက်ထောက်ကြည့်နေရသလဲ ဆိုတာ မှန်းလို့ရပြီ ထင်ပါတယ် ။ FBI အစီရင်ခံစာတစ်ခုမှာ မွန်ရိုးဟာ ကနေဒီနဲ့ တွေ့စဉ် နူးကလီးယားစမ်းသပ်မှုရဲ့ ကောင်းကျိုး ဆိုးကျိုး တွေကို ဆွေးနွေးတယ် လို ဆိုတယ် ။  သမ္မတက မွန်ရိုး  သူ့ဆီကို လွတ်လွတ်လပ်လပ် ဆက်သွယ်လို့ ရအောင် အမေရိကန်တရားရေး ဌာန ကတဆင့် ခေါ်လို့ရတဲ့ ဖုန်းနံပါတ် အထိပါ  မွန်ရိုးကို  ပေးထားတယ်ဆိုတာကလည်း မွန်ရိုးနဲ့ ကနေဒီ ရင်းနှီးမှုအတိုင်းအတာကို ဖော်ပြနေပါတယ် ။  ဒီလိုနဲ့ မွန်ရိုးဟာ သမ္မတရဲ့ security risk  ဖြစ်လာတာကြောင့် နှုတ်ပိတ်ခံရတာ ၊ သို့မဟုတ် သမ္မတနဲ့ ရင်းနှီးရာက မသိသင့်တာတွေ သိလာတယ် ၊ သိလွန်းတာကြောင့်  နှုတ်ပိတ်ခံရတယ်ဆိုတဲ့ ကောက်ချက်ဟာ ယနေ့ထိ တိုင်ရှိနေတာလည်း ဖြစ်ပါတယ် ။
မွန်ရိုးနဲ့ ကနေဒီ ညီအစ်ကိုမွန်ရိုးနဲ့ ကနေဒီ ညီအစ်ကို

မွန်ရိုးရဲ့ နောက်ဆုံးခရီးမွန်ရိုးရဲ့ နောက်ဆုံးခရီး

မွန်ရိုးသေတဲ့ အိပ်ခန်းမွန်ရိုးသေတဲ့ အိပ်ခန်း


  •                   နိဂုံးချုပ်ရရင်တော့  (  သူနဲ့ ရင်းနှီးသူ တစ်ယောက် ပြောသလို )  မှားယွင်းစွာ မွေးလာတဲ့ မွန်ရိုး ၊ ငယ်စဉ်က မွေးစားအိမ်တွေ လှည့်နေခဲ့ရတဲ့ မွန်ရိုး ၊ အမြဲ အထီးကျန်ဆန်ခံစားနေရတတ်တဲ့ မွန်ရိုးဟာ ဘ၀အဓိပါယ်ကို မှားယွင်းတဲ့ နေရာတွေမှာ ရှာရင်း သေခဲ့တယ် ၊ လှပစွာ ၊ အထီးကျန်စွာ နဲ့ ပဟေဠိဆန်စွာ သေခဲ့ပါတယ် ။ အခု သြဂုတ်လ ၅ ရက်နေ့ ဆို မွန်ရိုး လောကကြီးထဲက ထွက်ခွာသွားတာ အနှစ် ( ၅၀ ) ပြည့်ခဲ့ပါပြီ ။ ဒါပေမယ့် ယနေ့တိုင် အမေရိကန်ရဲ့ Pop Culture မှာ မာရီလင်မွန်ရိုးဟာ ထိပ်ဆုံးက နေရာယူဆဲ ၊ အမေရိကန်ရဲ့ ရုပ်ရှင်သမိုင်းက အအောင်မြင်ဆုံးများထဲမှာ ပါဆဲပါ ။


ကနေဒီရဲ့ ၄၅ နှစ်မြောက်မွေးနေ့မှာ မွန်ရိုးက  Happy Birthday, Mr.President သီချင်းကို ဆိုစဉ် ။ ဒီအင်္ကျီကို ၁၉၉၉ မှာ လေလံပစ်တော့ ဒေါ်လာ  ၁.၂၆  သန်းရခဲ့တယ် ။ကနေဒီရဲ့ ၄၅ နှစ်မြောက်မွေးနေ့မှာ မွန်ရိုးက Happy Birthday, Mr.President သီချင်းကို ဆိုစဉ် ။ ဒီအင်္ကျီကို ၁၉၉၉ မှာ လေလံပစ်တော့ ဒေါ်လာ ၁.၂၆ သန်းရခဲ့တယ် ။










စံပြမိသားစုဆိုတာ ဂလိုကိုး ( ကနေဒီနဲ့ သူ့ First Lady ...)စံပြမိသားစုဆိုတာ ဂလိုကိုး ( ကနေဒီနဲ့ သူ့ First Lady ...)
ကနေဒီနဲ့ မွန်ရိုး အိမ်ဖြူတော်ထဲက Oval Office မှာ ( ရှားပါးပုံမို့ အပိုင်း  ၁ မှာ ရော  ၂ မှာရော ထည့်ထားတာပါ )ကနေဒီနဲ့ မွန်ရိုး အိမ်ဖြူတော်ထဲက Oval Office မှာ ( ရှားပါးပုံမို့ အပိုင်း ၁ မှာ ရော ၂ မှာရော ထည့်ထားတာပါ )
သမ္မတကနေဒီနဲ့ သူ့အမျိုးသမီး ဂျက်ကလင်း ကနေဒီ  Jacqueline Kennedyသမ္မတကနေဒီနဲ့ သူ့အမျိုးသမီး ဂျက်ကလင်း ကနေဒီ Jacqueline Kennedy



  •                     ချီဂါကိုမှ မာရီလင်မွန်ရိုး ရုပ်ထုကြီးတည်ဆောက်ပုံကို ဖော်ပြလိုက်ပါတယ် ။ ၂၆ ပေမြင့်ပြီး Stainless Steel နဲ့ ၂၀၁၁ မှာ ဆောက်ခဲ့တာပါ ။













http://www.cbsnews.com/stories/2006/04/20/48hours/main1524970.shtml
http://www.trutv.com/library/crime/notorious_murders/celebrity/marilyn_monroe/7.html
http://www.walterdorn.org/pub/8
http://en.wikipedia.org/wiki/Marilyn_monroe
http://en.wikipedia.org/wiki/Death_of_Marilyn_Monroe
http://en.wikipedia.org/wiki/Cuban_Missile_Crisis
http://en.wikipedia.org/wiki/Operation_Mongoose
http://en.wikipedia.org/wiki/Bay_of_Pigs_Invasion
http://en.wikipedia.org/wiki/James_Dougherty_%28police_officer%29
http://en.wikipedia.org/wiki/Joe_DiMaggio

 August 4, 2012 at 11:05pm
 https://www.facebook.com/notes/spring-flowers/%E1%80%99%E1%80%AC%E1%80%9B%E1%80%AE%E1%80%9C%E1%80%84%E1%80%B9-%E1%80%99%E1%80%BC%E1%80%94%E1%80%B9%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8-%E1%80%98%E1%81%80%E1%80%94%E1%80%AD%E1%80%82%E1%80%B6%E1%80%AF%E1%80%B8%E1%80%99%E1%80%BD-%E1%80%B1%E1%80%9B%E1%82%8A%E1%80%9B%E1%80%90%E1%80%AF%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%82-/371879152883995
မူရင်း

No comments: